**ဒုက္ခတွေ တောင်လိုပုံတဲ့ လောကထဲ
ဘုရားသခင်က လူကြုံနဲ့ ပို့လိုက်လို့
အမေနဲ့ သားသမီးများ မရေရာတဲ့ ဘ၀မှာ တွေ့ဆုံခဲ့ကြတာများလား...။
**ကောင်းကင်ထက်က လောကဓံတရားရဲ့ ရိုက်ချက်
မြေပြင်အောက် စနစ်တကျပျက်နေတဲ့ စနစ်ပျက်
ဘ၀လမ်းမှာ အတ္တများ မှိုတက်
အမေ့အပြုံးတွေ ပြိုပျက် နေတာ ကြာပြီ....။
**အမှောင်တွေကို အဆိုးအမှားများကျောပိုးရင်း
ရွေးချယ်တင်မြောက်မထားတဲ့ ကံတရားက ကြုံရာမှာ ထိုးအိပ်နေရော့သလား..၊
ဗလောင်းဗလဲမြန်တဲ့ ဥပဒေများ စိတ်ဖောက်
ဗလောင်ဆူစဲ အဆွေးစိတ်တွေနဲ့ အမေ တစ်ယောက်
ဖောက်ပြန်တတ်တဲ့စစ်လေရူး မွှေနှောက်လို့
အဝေးရောက် သားသမီးများ အိမ်တံခါးလာခေါက်မှာကို
နေ့စဉ်နေ့တိုင်း စောင့်ကြို မျက်ရည်စို နေတဲ့ အမေ....။
**တိုက်ပွဲဝင်အလွမ်းတွေ အပြည့်အမောက်နဲ့
တောက်ခေါက် အံကြိတ် သောကများမြိုသိပ်
ကမ္ဘာ့ရွာမှာ အမေ့မြေကိုမှ ရွေးပြီးတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြား
ရင်တထိတ်ထိတ်နဲ့အရိပ်လိုချင်လို့ နေပူထဲ
ငြိမ်းချမ်းရေးကို ဘ၀တခုလုံးပေးဆပ်ဝယ်နေတဲ့ အမေ....။
**အမှန်တရားဆိုတာ
စက်ပျက်နေတဲ့ ရထားလို
လိုရာခရီးကို အခက်အခဲကြားမှာ အနှေးနဲ့အမြန်ရောက်ရမယ်လို့ ယုံကြည်တဲ့အမေ..။
**မပြိုလဲတဲ့ သစ်ပင်လို အရိပ်တွေဖြာကျ ၊
မီးအိမ်လို အလင်းတွေ မျှဝေ ၊
စစ်မီးလောင်နေတဲ့ခေတ်ထဲမှာ
စမ်းရေလို အေးမြစေတဲ့ အမေ......။
**အောင်ခိုင်မြင့်**
( အမေများနေ့အထိမ်းအမှတ် )

No comments:
Post a Comment