(၁) အမေပင်ပင်ပန်းပန်း လုပ်နေရတာကို မကြည့်ရက်လို့ အမေနဲ့အတူ ပင်ပန်းဆင်းရဲခံပြီး အမေကို ၀ိုင်းကူလုပ်နေတဲ့အတွက်ကြောင့် တခါတလေ သီတင်းကျွတ် မိဘကို ကန်တော့ရမယ့်အချိန်တောင် မအားမလပ်ဖြစ်နေရတဲ့ သားမျိုး။
(၂) အမေပင်ပင်ပန်းပန်း လုပ်နေရတာကို ၀ိုင်းမကူဘဲထိုင်ကြည့်၊ တနှစ်ပတ်လုံး ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်စီးပွားကိုယ်ရှာပြီး ...သီတင်းကျွတ် ရောက်တဲ့အချိန်ရောက်မှ အမေ့အတွက်ဆိုပြီး တန်ဖိုးကြီးပစ္စည်းတခုနဲ့ အမြဲလာကန်တော့တတ်တဲ့ သားမျိုး။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တော့ တနှစ်ပြီးသွားပြန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား လူကြီး၊ လူငယ်၊ ပျိုပျို အိုအို၊ မှန်သမျှ (နွားတွေမပါပါ) တိုင်းပြည်ရဲ့မိခင်၊ လူထုခေါင်းဆောင် အဖြစ် အမေသဖွယ် ရိုသေလေးစားကြပါတယ်။ အမေစုရဲ့မွေးနေ့ပွဲကိုလည်း နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ စည်စည်ကားကား ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတာ၊ ကဗျာတွေ၊ စာတွေရေးပြီး ဂုဏ်ပြုကြတာ အားရစရာကောင်းပါတယ်။
ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ဂုဏ်ပြုကြတာလဲ။ သူမရဲ့ မြန်မာလူထုအတွက် အပင်ပန်း အဆင်းရဲခံပြီး လုပ်နေတဲ့လုပ်ရပ်တွေ၊ စွန်လွှတ်အနစ်ခံမှုတွေ ပေးဆပ်မှုတွေ ဒါတွေကိုလေးစားကြလို့ သူမကိုဂုဏ်ပြုကြတာပါ။
၆၆-နှစ်ဆိုတာ ဇရာတပိုင်းဖြစ်နေပါပြီ။ ကျနော်တို့ချစ်ကြတဲ့ ဒီအမေအိုကြီးကို “အမေလုပ်ပါ။ အမေအများကြီးလုပ်နိုင်ပါတယ်။ အမေ့ကိုသားတို့ တနှစ်တခါ ဂုဏ်ပြုပါ့မယ်” ဆိုပြီး တနှစ်တခါ ချစ်ပြကြမှာလား။
ခုတနှစ်ဂုဏ်ပြုပြီးသွားတော့ ကိုယ့်စီးပွားကိုယ်ရှာ ကိုယ့်မိသားစုကိုယ်ထောက်ပံ့ အမေလုပ်နေတဲ့နိုင်ငံရေးကို မသိသလိုနေ၊ နောက်တနှစ်ဒီလိုအချိန်ရောက်တဲ့အခါမှသာ ကဗျာတွေစာတွေ ပြန်ရေး၊ မွေးနေ့ပွဲတွေ အကြီးအကျယ်လုပ်ပြီး အမေစုကို ဂုဏ်ပြုကြအုံးမှာလား။
အမေစုကို တနှစ်ပတ်လုံး ချစ်ကြမှာလား။
အမေစုကို တနှစ်တခါ ချစ်ပြမှာလား။
အပေါ်မှာ ကျနော်ရေးထားတဲ့သားနှစ်မျိုးမှာ မိတ်ဆွေဘယ်လို သားမျိုးလဲဆိုတာ စဉ်းစားပြီးရင် ဘာလုပ်ရမယ်ဆိုတာ အဖြေထွက်လာနိုင်မယ်ထင်ပါတယ်။
**မောင်ပါလ**
၂၀.၆.၂၀၁၁
--
Posted By မောင်ပါလ to မောင်ပါလ at 6/21/2011 02:00:00 AM

No comments:
Post a Comment