**အတိတ် ကံကြမ္မာက တရားသူကြီးဆိုရင်တောင်မှ
စိတ်ဒဏ်ရာများကို ဘုရားမှာ မလှူခဲ့ကြဘူး...။
**လောဘတက်သူများကြောင့်
သောကတွေ တွယ်ဖက်ပြီး
ဒေါသများထွက်မယ်ဆိုရင်တောင်
ထွက်ပေါက်ရှာတဲ့အနေနဲ့
မတရား အကြောင်းအကျိုးတွေ ကြာကြာမဆိုးရအောင်
ဘုရား ခေါင်းလောင်းကိုပဲ နာနာထိုးနေကြတယ်...။
**သစ္စာတရားက ဓားသွားလိုထက်မယ်ဆိုရင်လည်း
အပြစ်အနာများကို မခုတ်ထစ်ပဲ
အမှန်တရားအား တူးဖော်ခဲ့ကြတယ်....။
**ပင်လယ် မရှိရင်တောင်မှ ကမ်းတက်တိုက်ပွဲ လေ့ကျင့်ရသလိုမျိုး
ရင်ဝယ် မချိရင်လည်း ၊ လက်တဖက်က မျက်ရည်သုတ်ပြီး
တခြားလက်တဖက်နဲ့ ခွင့်လွှတ် ဆုတောင်းတတ်တဲ့ လူမျိုးကိုမှ
ကြမ္မာဆိုးက တည့်တည့်လာတိုးပြီး....
အဖြစ်ဆိုးများ မဖိတ်ခေါ်ပဲ ဧည့်စာရင်း လာလာစစ်တယ်....။
**နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ ငါးများလွှတ်ပေမဲ့
ရိက္ခာပြတ် စစ်သားတွေက စစ်ပိုက်ကွန်နဲ့ ငါးဖမ်းနေကြတယ်...။
**မေတ္တာတရား အရာအားလုံးနဲ့ ရှတတ ငြိမ်းချမ်းရေးစကားလုံးတွေဟာ
လှလှပပ သံစဉ်တခုဖြစ်မလာပဲ
မမျှမတ ဆင်ဆာထိမှန်ပြီး ပွဲချင်းပြီး ကျဆုံးခဲ့ကြတယ်...။
**ဖိနှိပ်ခြင်း အရိပ်မိုးလို့
အနာဂတ်ပန်းပွင့်များ ညှိုးခဲ့ရတယ်....။
**အကြင်နာ ချစ်သူ ပခုံးကိုကိုင်ပြီး အပြုံးတွေ လှိုင်ရမဲ့အစား
မိဘမဲ့ ရင်နာကမ္ဘာက လက်နက်ကိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျနေတယ်.....။
**ဒုက္ခတွေ တံခါးမရှိ ဓားမရှိ ၀င်ထွက်နေတဲ့ခေတ်မှာ
ရင့်ကျက်လာခဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုက
တဆင့်တက်ပြီး ပေါက်ကွဲ ထွက်ဖို့ ခြေလှမ်း အစပဲ ..။
**အဆင်းအလှ အပြည့်နဲ့ချစ်မေတ္တာတရားတွေ ပွင့်လန်းတဲ့မြေမှာ
အတင်းအဓမ္မ ဓလေ့နဲ့ စစ်ဝါဒများထွန်းကားနေတယ်....။
**အောင်ခိုင်မြင့် **

No comments:
Post a Comment