ထောပတ်သီးရဲ့ နဂိုမူလ ပေါက်ရောက်ရာနေရာက အမေရိကန်အလယ်ပိုင်းနဲ့ မက်ဆီကိုနိုင်ငံကဖြစ်ပြီး ထောပတ်ပင်တစ်ပင်မှာ မီတာ၂ဝထိ မြင့်မားနိုင်ပါတယ်။ ထောပတ်ပင်ရဲ့ အရွက်က ၁၂~၂၅ စင်တီမီတာထိ ရှိနိုင်ပြီး စိမ်းဝါရောင် ပန်းပွင့်လေးတွေ ပွင့်ပါတယ်။ ပန်းပွင့်တွေက အလွန်သေးငယ်ပြီး ဝ.၅~ ၁ စင်တီမီတာလောက်ပဲ ရှိပါတယ်။ အရွယ်ရောက် ထောပတ်ပင်တစ်ပင်က တစ်နှစ်မှာ ထောပတ်သီးအလုံးရေ ၁၂ဝထိ သီးနိုင်ပါတယ်။
ရင့်မှည့်ပြီဖြစ်တဲ့ ထောပတ်သီးတစ်လုံးရဲ့အသားဟာ နူးညံ့ပြီး အနံ့အရသာနဲ့ ပြည့်စုံပါတယ်။ ထောပတ်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အဆီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ အဆီဓာတ်တွေများလွန်းတဲ့အတွက် တချို့က ထောပတ်သီးကို မကြိုက်ကြပါဘူး။ ထောပတ်သီးထဲမှာ တစ်ခြားပါဝင်တဲ့ (Fiber,Folate,Magnesium,Acid)တွေက ခန္ဓာကိုယ်မှာရှိတဲ့ ပိုလျှံ ကိုလက်စထရောတွေကို ဖယ်ရှားပေးသလို နှလုံးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ Fiber(အမျှင်)ကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
အပေါ်က စာတွေက အင်တာနက်မှာဖတ်ရတဲ့ ထောပတ်သီးအကြောင်းလေးပါ။ ဒီလိုဆောင်းရာသီ ရောက်ပြီဆိုရင် ကျွန်မတို့တောင်ကြီးမှာ ထောပတ်သီး လှိုင်လှိုင်ထွက်ပါပြီ။ ထောပတ်သီးက အမျိုးအစားများတယ်ဆိုပေမယ့် တောင်ကြီးမှာ အခွံအညိုရောင်နဲ့ အစိမ်းရောင်ကို အများဆုံး တွေ့ရလေ့ရှိတယ်။ အစိမ်းရောင်မှာ ဘဲဥပုံနဲ့ ရှည်မျှောမျှောပုံဆိုပြီး ရှိပါသေးတယ်။ တောတောင်ရေမြေ ရာသီဥတုနဲ့လိုက်ပြီး အမျိုးအစားတွေ ကွဲပြားသွားတယ်လို့ထင်ပါတယ်။
ထောပတ်သီးတိုင်းက စားလို့ကောင်းတာ မဟုတ်ပါဘူး။ တချို့က အမျှင်များပြီး တချို့က အသားမစီးဘဲ ပေါ့ရွတ်ရွတ်ဖြစ်တတ်ပါတယ်။
အရင်က ကျွန်မတို့တောင်ကြီးအိမ်မှာ ထောပတ်သီးပင်သုံးပင်ရှိပြီး အမျှင်များတဲ့ ထောပတ်သီးကို ကျွန်မတို့က ခြေလက်လိမ်းကြပါတယ်။ ထောပတ်သီးမှာ အဆီဓာတ်များတဲ့အတွက် ဆောင်းတွင်းအသားပတ်ချိန်မှာ အလှဆီအစား လိမ်းကြတာဖြစ်တယ်။ အမျိုးမကောင်းတဲ့ တချို့ထောပတ်သီးက မှည့်တာနဲ့ အထဲကအသားတွေ ညိုမည်းသွားတတ်တယ်။ ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီးရင် မညိုမည်းအောင် သံပရာသီး သုတ်လိမ်းပေးနိုင်တယ်လို့ ဖတ်ရဖူးပါတယ်။
ထောပတ်သီးကို သကြား ဒါမှမဟုတ် နို့ဆီနဲ့ပေါက်ပြီး စားနိုင်သလို ဖျော်ရည်အနေနဲ့ ဖျော်သောက်နိုင်ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ အနောက်တိုင်း အစားအစာတစ်ချို့မှာတော့(salad) ထောပတ်သီးမမှည့်တမှည့်ကို ထည့်သုပ်စားကြပါတယ်။ တချို့ထောပတ်သီးက သကြားတွေ ထည့်စရာမလိုအောင် ချိုစိမ့်နေတတ်တယ်။ အင်္ဂလန်မှာ ကျွန်မဝယ်စားဖူးတဲ့ ထောပတ်သီးက ကြက်ဥလုံးလောက်ပဲရှိပြီး သကြားတွေ ထည့်စားစရာမလိုပါဘူး။ ထောပတ်သီးခွံကို ခွါပြီး ဒီအတိုင်း ကိုက်ကိုက်စားတတ်တဲ့ ကျွန်မကို အခန်းဖော်ရန်ကုန်သူက အံ့သြခဲ့တယ်။ အဲဒီလောက်ထိ ကျွန်မထောပတ်သီး ကြိုက်ပါတယ်။
**နိုင်းနိုင်းစနေ**

No comments:
Post a Comment