(Balkan Peninsula)
.....................................
ကျွန်တော်တို့ သမိုင်းဆရာက နယ်နယ်ရရလူ မဟုတ်ဘူး။ သူဟာ ဆာဗီးယား (Serbia) လူမျိုးဖြစ်တယ်။ သူ Ph.D (ဒေါက်တာဘွဲ့) တက်နေ ကတည်းက Osmaniye က Balkan Peninsula ကို ၀င်ရောက် ကျူးကျော်တာကို စိတ်ဝင်စားခဲ့တယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တော်တော်များများကို သူရေးသားခဲ့တယ်။
Yugoslavia (ယူဂိုစလားဗီးယား) ပြိုကွဲပြီးတဲ့နောက် ဆရာက ပညာရပ်နဲ့ဆိုင်ပြီး လက်တွေ့နဲ့ အလှမ်းဝေးတဲ့ စာတွေကို မရေးတော့ဘဲ သွေးထိုး လှုပ်ဆော်တဲ့ စာတွေကို ပြောင်းရေးခဲ့တယ်။ ရေးတဲ့ အကြောင်းအရာတွေက တူရကီ မွတ်ဆလင်တွေက ဆာဗီးယား လူမျိုးတွေကို ဘယ်လို ရက်ရက်စက်စက် သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေဖြစ်တယ်။ သူရေးတဲ့ အကြောင်းအရာတွေက ခိုင်လုံပြီး အတွင်းကျတဲ့ ဆန်းစစ်မှုတွေကြောင့် သူရဲ့ စာအုပ်က စာဖတ်သူအများကို ဆွဲဆောင်နိုင်ခဲ့တယ်။
ဆာဗီးယား အစိုးရက သူ့ကို ပိုစိတ်ဝင်စားလာခဲ့တယ်။ သူရေးတဲ့ အထောက်အထားတွေကို သူတို့ရဲ့ အခြေခံ မူဝါဒအဖြစ် သတ်မှတ်ပြီး ဘော်စနီးယား (Bosnia) နိုင်ငံက ဆာဗီးယားတွေကို မွတ်ဆလင်နဲ့ စစ်ဖြစ်စေဖို့ အားပေးခဲ့တယ်။ သမိုင်းဆရာက လွယ်လွယ်ကူကူပဲ ဆာဗီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု ၀န်ကြီးငှာနရဲ့ ငှာနမှူး ဖြစ်လာခဲ့တယ်။ ယဉ်ကျေးမှု ၀န်ကြီးငှာနရဲ့ ငှာနမှူးလို့သာ ပြောတယ် တကယ်ဆို သူက စည်းရုံးရေးမှူး ပါပဲ။ နယ်တကာလှည့်ပြီး သူ ဟောပြောခဲ့တယ်။ ဟောပြောတဲ့ အကြောင်းအရာတွေက ဆာဗီးယား ယဉ်ကျေးမှုတွေ ဘယ်လောက် မြင့်မြတ်တယ်ဆိုတဲ့အကြောင်းတွေ ဖြစ်ပေမဲ့ မွတ်ဆလင် ယဉ်ကျေးမှုကို တိုက်ခိုက်ဖို့ သူလုံးဝ မမေ့ခဲ့ဘူး။
သမိုင်းဆရာက မွတ်ဆလင် ဘာသာဝင်တွေကို အရိုးထိစွဲအောင် မုန်းတီးခဲ့တယ်။ မွတ်ဆလင်တွေ ဥရောပကို ရောက်မလာသင့်ဘူးလို့ သူထင်ခဲ့တယ်။ တကယ်လို့ သူသာ အာဏာရှိခဲ့ရင် Balkan Peninsula က မွတ်ဆလင်တွေကို တူရကီပြန်ဖို့ မောင်းထုတ်ပစ်နိုင်တယ်။
ဘော်စနီးယားမှာ ရှိနေတဲ့ ဆာဗီးယားခေါင်းဆောင်က ကျွန်တော်တို့ သမိုင်းဆရာကို ချီးမွမ်းထောမနာပြုတယ်။ ဘော်စနီးယားမှာ နှစ်အကြာကြီး စစ်ဖြစ်ပွားခဲ့ရတာဟာ သူ့ရဲ့ စည်းရုံး နှိုးဆော်မှုကြောင့်ပဲဖြစ်တယ်။ သူ့ရဲ့ အမုန်းရန်ငြိုး ၀ါဒဖြန့်မှုက အတော်လေး ထိရောက်ခဲ့လို့ နောက်ဆုံး ကုလသမ္မက က သူ့ကို စစ်ရဲ့တရားခံ အဖြင့် ကြော်ညာလိုက်တယ်။ ဆာဗီးယားအစိုးရက သူ့အတွက် ကိုယ်ရံတော် နှစ်ဦးထားပေးတယ်။ တစ်ဦးက သူ့ရဲ့ ဒါရိုက်ဘာဖြစ်တယ်။
ဘော်စနီးယားကို သူရောက်နေတုန်း သူစီးတဲ့ကား မိုင်း နင်းမိလိမ့်မယ်လို့ သူအိပ်မက်တောင် မက်ခဲ့ဖူးဟန် မတူဘူး။ သူတို့အချင်းချင်းကပဲ အဲဒီမိုင်းကို ထောင်ခဲ့တာဖြစ်တယ်။ မိုင်းတွေ နေရာအနှံ့ မြုပ်ထားတာကြောင့် အမေရိကားက ရောက်လာတဲ့ ကိုယ်စားလှယ် သေခဲ့ရပြီး နောက်တစ်ရက်မှာ ကျွန်တော်တို့ သမိုင်းဆရာလည်း မိုင်းထိသွားခဲ့တယ်။
သူစီးလာတဲ့ကား မိုင်းနင်းမိပြီး ပေါက်ကွဲသွားတဲ့ တခဏမှာ သူဟာ အသက်ရှင်နေဆဲပဲ။ သူမသေခင် နောက်ဆုံး မေးခွန်းတစ်ခုက.. အကယ်၍များ ငရဲဆိုတာ ရှိခဲ့ရင် ဘယ်လိုလုပ်မလဲ?
သီးခြားကမ္ဘာတစ်ခုထဲ သမိုင်းဆရာ ရောက်သွားခဲ့တယ်။ သူ့အပြင် တစ်ခြားလူတွေလည်းပါပြီး အားလုံးက အမျိုးသမီးတစ်ဦးဆီမှာ စာရင်း ပေးနေကြတယ်။ သူ့အလှည့်ရောက်လို့ သူ့နာမည်ကို ပြောပြလိုက်တာနဲ့ အမျိုးသမီးက ကွန်ပျူတာ စခရင်ကိုကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ “ရှင်က စစ်ရဲ့ တရားခံပဲ” ပြောပြောဆိုဆို လက်ကို ဝှေ့ရမ်းပြီး ခန္ဓာတောင့်တင်းတဲ့ အမျိုးသားတစ်ယောက်ကို ခေါ်လိုက်ပြီး ကွန်ပျူတာထဲက စာရွက်စာတမ်း တစ်ချို့ကို ပေးလိုက်တယ်။ ပြီးတော့ သမိုင်းဆရာကို သူ့နောက် လိုက်သွားဖို့ ပြောလိုက်တယ်။
သမိုင်းဆရာက ပါးနပ်တဲ့ လူတစ်ဦးပါ။ ခုခံလို့ ရမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ အမျိုးသားက သန်မာတယ်ဆိုပေမဲ့ တရိုတသေပါပဲ။ စာရွက်တွေကို တစ်ချက်ကြည့်ပြီး သူ့ကို တံခါးတစ်ခုဆီ ခေါ်သွားခဲ့တယ်။ တံခါးဝရောက်တော့ ၀င်ပါဆိုတဲ့ ပုံစံကို လုပ်ပြလိုက်ပြီး “ဆရာ... မ၀င်ခင် မျှော်လင့်ချက် အားလုံးကို ချန်ထားခဲ့ပါ” လို့ ပြောလိုက်တယ်။ အဲဒီစကားက Dante (ဓမ္မတေး) ထဲက စကားဆိုတာ သူသိလိုက်တယ်။ သဘောက ငရဲပြည်မှာ မျှော်လင့်ချက်ဆိုတာ မရှိဘူး။ သူ ငရဲပြည်ကို သွားရတော့မှာပါ။
သမိုင်းဆရာက တံခါးဖွင့် မ၀င်ခင် ခေါ်ဆောင်လာသူကို မေးလိုက်တယ်။
“အထဲမှာ အရမ်း ကြောက်ဖို့ ကောင်းလား”
လာပို့တဲ့လူက တိုက်ရိုက်အဖြေမပေးဘဲ “၀င်သွားတာနဲ့ သိမှာပါ။ ၀င်သွားပြီးတဲ့နောက် ကျွန်တော့်ကို ခင်ဗျား ထပ်တွေ့ချင်လိုက်မယ်။ ဒါ ကျွန်တော်ရဲ့ လိပ်စာကတ်ပါ။ မေးစရာရှိရင် ကျွန်တော့်ကို ဖုန်းဆက်နိုင်ပါတယ်” ပြောလိုက်တယ်။ သမိုင်းဆရာက မလွန်ဆန်နိုင်တဲ့ ပုံစံနဲ့ တံခါးဖွင့် ၀င်လိုက်တယ်။
ဝင်ဝင်ချင်းပဲ အထဲမှာ ပြုံးပျော်ကြည်နှုးနေတဲ့ မြင်ကွင်းတွေက သူ့ကို အံသြသွားစေခဲ့တယ်။ သူ့အတွက် ကိုယ့်အိမ်ကို ပြန်ရောက်သွားသလိုပဲ။ ဒီက ရှုခင်းတွေက ယူဂိုစလားဗီးယားနဲ့ တပုံစံထဲ.. လူအတော်များများကလည်း ဆာဗီးယားစကားကို ပြောနေကြတာကို ကြားတော့ သူအရမ်းဝမ်းသာမိတယ်။
ဒါပေမဲ့ တဖြေးဖြေးနဲ့ မှုမမှန်မှန်း သူသတိထားလိုက်မိတယ်။ မွတ်ဆလင်တွေကိုလည်း သူတွေ့လိုက်မိတယ်။ မွတ်ဆလင်တွေကို တွေ့တာ အထူးအဆန်းတော့ မဟုတ်ပေမဲ့ မွတ်ဆလင်တွေဟာ ဆာဗီးယားလူတွေနဲ့ ရင်းနှီးဆက်ဆံနေတာကို သူတွေ့လိုက်တယ်။ ဥပမာ... သူတို့ဟာ ကော်ဖီဆိုင်တစ်ခုမှာ တူရကီစတိုင်လ် ကော်ဖီကို သောက်နေကြတယ်။ သောက်နေကြတဲ့ အထဲမှာ မွတ်ဆလင်လည်း ပါတယ်။ ဆာဗီးယားလည်း ပါတယ်။ အားလုံးက ပျော်ပျော်ရွှင်ရွှင် သောက်စားနေကြတယ်။
ဒီလို မြင်ကွင်းကို သူလုံးဝ ကြည့်လို့ မရခဲ့ဘူး။ ဒါပေမဲ့ သူဘာမှ မလုပ်နိုင်ခဲ့ဘူး။ လူတစ်ချို့နဲ့ သူစကားပြောကြည့်တော့ သူတို့ဟာ သမိုင်းကို နားမလည်ကြလို့ မဟုတ်ဘူးဆိုတာ သူသတိပြုမိတယ်။ တကယ်တော့ သမိုင်းရဲ့ အကျိုးတွေက သူတို့ကို မသက်ရောက်မိတာပါ။ မွတ်ဆလင်တစ်ဦးနဲ့ စကားလက်ဆုံကျနေတဲ့ ဆာဗီးယား လူငယ်တစ်ဦးနဲ့ သူတွေ့တော့ လူငယ်ဟာ လွန်ခဲ့တဲ့ နှစ်များစွာက သေဆုံးသွားခဲ့တဲ့လူ ဖြစ်တယ်။ လူငယ်က လွန်ခဲ့တဲ့ နှစ်များစွာတုန်းက သူဟာ Osmaniye က Balkan Peninsula ကို ၀င်ရောက် ကျူးကျော်ချိန်မှာ စစ်တပ်ထဲ ၀င်ရောက်ခဲ့ရပြီး အသက်၂၀ အရွယ်မှာ တူရကီရဲ့ အသတ်ကို ခံခဲ့ရတယ်။ သူနဲ့ စကားလက်ဆုံကျနေတဲ့ မွတ်ဆလင်ကလည်း အဲဒီစစ်ပွဲမှာ သေဆုံးခဲ့ရသူဖြစ်တယ်လို့ ပြောပြတယ်။
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကျနေတာကို ကြည့်ပြီး သမိုင်းဆရာက မခံမရပ်နိုင် ဖြစ်နေတယ်။ “မင်းတို့အချင်းချင်း အမုန်းရန်ငြိုးတွေ မရှိကြဘူးလား” လို့ သူထပ်မေးလိုက်တော့ ဆာဗီးယား လူငယ်က သူ့အမေးကို ဂရုမစိုက်ဟန် ပြုလိုက်တယ်။ ဒါကို သမိုင်းဆရာက ထပ်ခါတလဲလဲ ထပ်မေးနေတော့ လူငယ်က သူတို့အချင်းချင်း မရင်းနှီးကြဘဲ ဘယ်ကလာတဲ့ အမုန်းရန်ငြိုးဆိုတာ ရှိမလဲလို့ ပြောလိုက်တယ်။ သာမန်ပြည်သူတွေ ကြားမှာလည်း အမုန်းရန်ငြိုးတွေ မရှိတဲ့အကြောင်း၊ ရန်ငြိုးဆိုတာ ခေါင်းဆောင်လုပ်သူမှာသာ ရှိတဲ့အကြောင်း၊ ခေါင်းဆောင်တွေက အမုန်းရန်ငြိုး ၀ါဒတွေဖြန့် စစ်ခင်းကြပြီး ပြည်သူတွေကိုလည်း စစ်တိုက်ဖို့ ဆော်သြခဲ့ကြတဲ့အကြောင်း ပြောလိုက်တယ်။
သမိုင်းဆရာက ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်နေမိတယ်။ နောက် သူ့ကို သိတဲ့ လူတစ်ချို့နဲ့ တခါတရံမှာ ဆုံဖြစ်ကြတယ်။ အများက မွတ်ဆလင်တွေဖြစ်ပြီး မကြာမီက သူသွေးထိုး လှုပ်ဆော်ပေးလိုက်တဲ့ လူမျိုးခြား စစ်ပွဲမှာ ကျဆုံးသွားကြတဲ့ သူတွေဖြစ်တယ်။ သူတို့ကို တွေ့တော့ သမိုင်းဆရာက သူ့ကို ရန်လုပ်မလားလို့ တွေးပြီး ကြောက်လန့်နေမိသေးတယ်။ ဒါပေမဲ့ မွတ်ဆလင်တွေက ယောက်ျား မိန်းမ လူကြီး လူငယ်မရွေးဘူး အားလုံး ချစ်ချစ်ခင်ခင် နေကြတာကို တွေ့လိုက်တယ်။
သိချင်တာကို မြိုသိပ်မထားနိုင်တဲ့ သမိုင်းဆရာက လူငယ်တစ်ဦးကို ခေါ်ပြီး “ ငါကြောင့်ဖြစ်တဲ့ စစ်ပွဲမှာ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတယ်၊ မသေခင်မှာလဲ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားခဲ့ရတယ်ဆိုတာကို သိရက်နဲ့ ဘာဖြစ်လို့ ငါ့အပေါ် အမုန်း ရန်ငြိုးတွေ မထားရသလဲ” လို့ မေးလိုက်တယ်။ လူငယ်က သူ့ကို တစ်ချက်ကြည့်ပြီး “ခင်ဗျား မှားနေပြီထင်တယ်၊ တကယ်လို့ ကျွန်တော်သာ အမုန်းရန်ငြိုးတွေ ထားရင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံ ရောက်နေမလဲ”
သူ့စကားကြားတော့ သမိုင်းဆရာ တွေဝေသွားတယ်။ သူ ငရဲပြည် ရောက်နေတာ မဟုတ်ဘူးလား။ ဘယ်နှယ့် ကောင်းကင်ဘုံပြန်ရောက် နေရတာလဲ...
ဖုန်းဆက်ပြီး မေးမြန်းလို့ ရတဲ့အကြောင်းကို သူသတိရမိတော့ ချက်ချင်း ဖုန်းဆက် မေးတော့တယ်။
“လူတစ်ယောက်နဲ့ ကျုပ်စကားပြောတော့ သူက ကောင်းကင်ဘုံ ရောက်နေတဲ့ အကြောင်းပြောတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲ..”
“သူက တကယ်ပဲ ကောင်းကင်ဘုံ ရောက်နေတယ်လေ”
“ဒါဆို ကျုပ်ကရော... ကျုပ်ဘယ်မှာလဲ”
“ခင်ဗျားက ငရဲပြည်မှာ။ ခင်ဗျားသိထားဖို့က ကောင်းကင်ဘုံနဲ့ ငရဲဆိုတာ စိတ်ကြောင့်ဖြစ်လာတယ် ဆိုတာကိုပဲ။ စိတ်ထဲမှာ အကြင်နာ မေတ္တာတွေ ရှိတယ်ဆိုရင် ဒါဟာ ကောင်းကင်ဘုံပဲ။ စိတ်ထဲမှာ အမုန်းရန်ငြိုးတွေ ရှိနေရင် ဒါ ငရဲပြည်ပဲ။ ခင်ဗျားရဲ့ စိတ်ထဲမှာ အမုန်းတွေနဲ့ အမြဲပြည့်နေခဲ့တယ်။ ခင်ဗျား အသက်ရှင်နေ ကတည်းက ငရဲရောက်နေခဲ့တာပဲ။ ဒီတစ်ခေါက် ခင်ဗျား ငရဲပြည်ရောက်လာတာ ဘယ်သူ့ကိုမှ အဆိုးဆိုလို့ မရဘူး။ ဒါဟာ ခင်ဗျားရဲ့ အလိုကို ကျွန်တော်တို့ လိုက်လျောခဲ့တာပဲ”
“သူတို့တွေ ချစ်ချစ်ခင်ခင် နေနေတာကို ကျုပ်က တစ်သက်လုံး စိတ်ထိခိုက်ပြီး ကြည့်နေရတော့မလား”
“ဟုတ်တယ်။ ခင်ဗျား တစ်သက်လုံး စိတ်ထိခိုက် နေရလိမ့်မယ်။ လူတွေ ချစ်ချစ်ခင်ခင် ဖြစ်နေတာကို ခင်ဗျား ကြည့်လို့ မရခဲ့ဘူး။ လူလူချင်း အမုန်းတွေ ရန်ငြိုးတွေ ကြီးအောင်ပဲ ခင်ဗျား မျှော်လင့်ခဲ့တယ်။ အခုတော့ ခင်ဗျားရဲ့ မျှော်လင့်ချက်တွေက သူတို့ကို မကိုင်လှုပ်နိုင်တော့ဘူး။ ခင်ဗျားရဲ့ စိတ်ကို ပြည့်ပြည့်၀၀ ထားဖို့ ကျွန်တော် တိုက်တွန်းချင်တယ်။ ခင်ဗျားထက် ဆိုးတဲ့ လူတွေ ရှိသေးတယ်။ ဟစ်တလာဆိုရင် အခု ဂျူးလူမျိုးကြားမှာ နေနေရတယ်။ သူ့ကြောင့် သေခဲ့ကြရတဲ့ ဂျူးတွေက သူ့ကို ခွင့်လွတ်ကြတယ်။ ဂျူးလူမျိုးတွေ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကို ကြည့်ပြီး ဟစ်တလာလည်း စိတ်ထိခိုက်နေရတယ်။ သွေးတွေ ထက်နေတယ်။ သူနာမကျန်းတော့ သူ့ကို သွားကြည့်တဲ့ ဆရာဝန်ကလည်း ဂျူးလူမျိုးပဲ။ ဂျူးတွေ မကောင်းကြောင်းကို နေရာအနှံ့လိုက်ဟောပေမဲ့ ဘယ်သူ့မှ သူ့ကို ဂရုမစိုက်ကြဘူး။ သူ့ကို စိတ်မနှံ့တဲ့ အဘိုးအိုလို့ပဲ လူတွေက ထင်နေကြတယ်။ သူကမှ ခင်ဗျားထက် ပိုသနားစရာကောင်းသေးတယ်။ ဟုတ်တယ် မဟုတ်လား”
ဖုန်းကို ချလိုက်ပြီး သမိုင်းဆရာက စားပွဲခုံကို လက်နဲ့ပုတ်ပြီး အော်ငိုပါတော့တယ်။
“ငါ့ကို တကယ့်ငရဲပြည် ပို့ကြပါ။ ဒီနေရာမှာ ငါလုံးဝ မခံနိုင်တော့ဘူး”
လမ်းသွားလမ်းလာတွေက သူ့ကို ကြည့်ပြီး ခေါင်းခါကြတယ်။ ရေခဲမုန့်စားနေတဲ့ ကလေးငယ်တစ်ယောက်က အော်ငိုနေတဲ့ သမိုင်းဆရာကို တွေ့တော့ သူ့မိခင်ကို “သူ ဘာလို့ ဒီလောက် ၀မ်းနည်း ကြေကွဲနေရတာလဲ” လို့ မေးတော့ မိခင်က “ အရင်တုန်းက သူ့မှာ ဘာမဆို ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ သူ့မှာ တစ်ခုပဲ မပြည့်စုံခဲ့ဘူး။ အဲဒါက အကြင်နာ မေတ္တာတရားပဲ။ ဒါကြောင့် သူ ဒီလောက် ၀မ်းနည်း ကြေကွဲနေရတာ.. ဘယ်လောက် သနားစရာ ကောင်းလိုက်သလဲ”
၁၉၈၄ နိုဝင်ဘာလ ၁၈ ရက်
မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment