သမ္မာကျမ်းစာထဲက အာဒမ်နဲ့ဧ၀ကို ကူလီကူမာစိတ်တွေ ပေါ်လာအောင် ပြောင်းလဲပေးတဲ့ ပန်းသီးကလေးကိုပဲ ဖြစ်ဖြစ်၊ နရသီဟပတေ့မင်းကြီး အိပ်ယာကလန့်နိုးလာတဲ့အခါ သလွန်ဘေး ခြင်းတောင်းကြီးထဲကနေ ကောက်ကောက်ပစ်လိုက်လို့
မောင်းမလေးတွေ ခါးကြီးရမ်းရမ်းသွားစေတဲ့ ခရမ်းသီးကလေးကိုပဲဖြစ်ဖြစ် ဘာကြောင့် ဘယ်လို ဘယ်လောက်ထိ အဲလိုဖြစ်နေရသလဲဆိုတာကို သိချင်ရင်တော့ ဆရာဝန်တွေအားလုံး ဓါတ်ခွဲခန်းကိုပဲ ပို့စစ်ကြတာပါပဲ။ ရောဂါဗေဒဆရာဝန်တွေက အဖြေပေးရမှာပေါ့။ လေးနှစ်တာကာလပတ်လုံး ကျောင်းဆရာပေါက်စဘ၀နဲ့ အဲဒီဌာနမှာ အလုပ်လုပ်လာရတဲ့အခါ လူနာတွေနဲ့ လူနာရှင်တွေဘက်ကရော၊ဆရာဝန်အချင်းချင်းတွေပါ နားလည်စာနာပေးနိုင်ဖို့ ဒီတခေါက်တော့ ရောဂါဗေဒဆရာဝန်တွေ
ဘက်ကနေ ရှေ့နေလိုက်ရပါဦးမယ်။ အတူတူအလုပ်လုပ်ခဲ့တဲ့ ဆရာမကြီးနဲ့တကွ အကိုကြီးအမကြီး သူငယ်ချင်းများကို သတိရစွာဖြင့်ပေါ့။
တခါက ဆရာဝန်သုံးယောက် ငှက်ပစ်ထွက်ကြပါသတဲ့။ ငှက်တွေလာတဲ့ ရေအိုင်အစပ်ရောက်တော့ ပထမဆရာဝန်က
“ဒီငှက်ကလေးက အသံဒီလိုမြည်တယ်။ ပျံတဲ့အခါ ဒီလိုပုံကလေး၊ ရေထဲဆင်းပုံကလေးက ဘယ်လိုထူးခြားတယ်။ ဘဲငန်းလေးများ ဖြစ်နေမလားပဲ”လို့ပြောပြီး ခဲလုံးလေးတွေနဲ့ ကောက်ကောက်ပေါက်တယ်။ အဲဒါသမားတော်တဲ့။ ဒုတိယဆရာဝန်ကတော့ မှန်ပြောင်းကြီးနဲ့ထုတ်ကြည့်ပြီး “ဒီငှက်က နှုတ်သီးအ၀ါ၊ ခြေထောက်မှာ အရေပြားလေးတွေဆက်လို့၊ အမွှေးအရောင်ကဘယ်လို၊ အရွယ်အစားက ဘယ်ချမ်းသာ” နဲ့ ဓါတ်ပုံစာအုပ်ကြီးထုတ်ကြည့်ပြီး “ဟုတ်တယ်။ ဘဲ မှ ဘဲအစစ်” လို့ ထောက်ခံပေးသတဲ့။ သူကရောဂါဗေဒဆရာဝန်လေ။ တတိယဆရာဝန်ကတော့ မည်းမည်းမြင်လိုက်တာနဲ့
သေချာတောင်မကြည့်တော့ပဲ ဒိုင်းကနဲ ပစ်ချလိုက်တယ်။ လက်ကလည်း ဖြောင့်ပါ့။ ပြီးမှ ဒုတိယဆရာဝန်ကို “ ရော့ အဲဒါ ဘဲငန်းဟုတ်သလား မဟုတ်ဘူးလား စစ်လိုက်” လို့ ပြောပါသတဲ့။ ဆာဂျင်လေ။ သဘောပေါက်။ ဒီပုံပြင်ကလေးကိုဖတ်နေရင်း နေ့လည်ပိုင်းတွေမှာ မိုက်ကရိုစကုပ်တစ်လုံးစီ ဆလိုက်ပြားတွေ တစ်ထပ်ကြိးနဲ့ အဖြေထုတ်ဖို့ ကြီုးစားနေကြတဲ့ ဘွဲ့လွန်သူငယ်ချင်းတွေကို သတိရမိပါတယ်။ အဲဒီတုန်းကတော့ ကျီစယ်တဲ့သဘောနဲ့ မျက်မမြင်ပုဏ္ဏေးမလေးတွေ ဆင်စမ်းနေကြပြီလို့ နောက်ပြောင်ပြောခဲ့ပေမယ့် တကယ့်တကယ် လွယ်တဲ့အလုပ်မဟုတ်မှန်းသိပါတယ်။
အမေးနွားကျောင်းသား အဖြေဘုရားအလောင်းဆိုသလို တိကျတဲ့အဖြေတစ်ခုခုလိုချင်လို့ စစ်ဆေးရာမှ မေးကြည့်ဖြေကြည့် ပဟေဠိအခန်းမဟုတ်လို့ လုံလောက်တဲ့ ရောဂါရာဇ၀င် အချက်အလက်အကြောင်းအရာတွေပါ စုံစုံလင်လင်ရေးပေးနိုင်မှ အဖြေမှန်နဲ့ နီးစပ်ပါလိမ့်မယ်။ ဒါဟာ ပေါ့ပေါ့လေးပြောလိုက်တဲ့စကားပေမယ့် ရောဂါဗေဒဆရာဝန်တွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲပါ။ တခါတခါမှာ ဘာကိုစစ်ချင်ပါတယ်ဆိုတာတောင် ရေးဖို့မေ့နေလို့ ပြန်ပြန်မေးရတာ ငိုအားထက် ရယ်အားသန်ပါ။ အသားစစ်ဖို့ပေးလိုက်တဲ့ ပစ္စည်းဟာ ဘယ်နေရာက ယူထားတာပါလို့တောင် မပါလာတဲ့အခါ ပညာစမ်းတာလို့ပဲ မှတ်ရတော့မလိုလို။ စစ်တုန်းကစစ်ပြိး အဖြေလာမယူတော့တာ၊ ( လူနာသေသွားလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ) အဖြေကို လူနာဆောင်ထဲ ပို့လိုက်ပြီး တော်တော်ကြာမှ ခုထိအဖြေမရသေးဘူးလားဆိုပြီး ရန်လာတွေ့တာလည်း ရိုးနေပါပြီ။ တခါတုန်းက စအိုဝကနေ အသားတစ်ကြီးထွက်နေပြီး နာလွန်းလို့ အော်ငိုနေရတဲ့ အသက်၂၀ အရွယ် လူနာလေးတစ်ယောက်ရှိပါတယ်။ အသားစနမူနာလေးယူပြီး ဓါတ်ခွဲစစ်ဆေးကြည့်တဲ့အခါ ဘယ်လိုကနေဘယ်လိုအဆင့်မှာ ပျောက်နေမှန်းမသိပါဘူး။ နှစ်ပါတ်လောက်ကြာတာတောင် အဖြေထွက်မလာဘူး။ လိုက်မေးလို့လည်း မရဘူး။ ကောင်လေးခမျာ ပိုက်ဆံကလည်းကုန်၊ ငိုလို့ချည့်နေတာနဲ့ လိုတဲ့ပိုက်ဆံစိုက်ပေးပြီး ဆရာကြီးတွေခွဲမယ့်နေ့ကို မီအောင်ကူညီလိုက်မိပါတယ်။ စအိုဝနဲ့မစင်အိမ်ပါဖြတ်ထုတ်ပြီး ၀မ်းဗိုက်ပေါ်မှာ အူအပေါက်ဖောက်လို့ ၀မ်းသွားနိုင်အောင် ခွဲစိတ်ပေးလိုက်ကြပါတယ်။ အဲဒီအလုံးကြီးကို ဓါတ်ခွဲခန်းပို့လိုက်တော့မှ ရလာတဲ့အဖြေက ရင်နာစရာ။ ကင်ဆာမဟုတ်ဘူး။ ၀မ်းကိုက်ပိုးကြောင့်ဖြစ်တာတဲ့။ ပြောပြောကစောရမယ့်အဖြေက ဘယ်မှာပျောက်မှန်းမသိ၊ မပို့တာလိုလို၊ မရောက်တာလိုလို။ ဒါကြောင့်မို့လို့ ဓါတ်ခွဲစစ်ဆေးမယ့် နမူနာပစ္စည်း စာရွက်စာတမ်းတွေကို တလေးတစား ရေးကြမှတ်ကြ
စေချင်တာပါပဲ။
အမည်၊ အသက်၊ နေရပ်လိပ်စာနဲ့ ကုသတဲ့ဆရာဝန်သာ အမှတ်တမဲ့နဲ့မရေးမိ မမေးမိတာရှိချင်ရှိမယ်။ သိချင်လွန်းလို့ မပျက်မကွက်မေးကြတာကတော့ “ဘယ်လောက်ကျသလဲ။ ဘယ်တော့ရမလဲ” ဆိုတာပါ။ ပြဿနာရှိတာကတော့ နယ်ဆေးရုံကလေးတွေမှာ ဆေးဖိုးတောင် အနိုင်နိုင် ခြစ်ခြစ်ခြုတ်ခြုတ် ခွဲစိတ်ပြီး ၂ပိဿာခွဲလောက် အလုံးကြီးထွက်လာတဲ့အခါမှာပေါ့။ အဲဒါကြီးကို မပုပ်မသိုးအောင် စိမ်ဖို့ဆေးရည်ဖိုး၊ မဖိတ်မစင်အောင် သယ်ပေးရမယ့်ကားခ၊ ဓါတ်ခွဲခန်းကို အရောက်သွားပို့ပေးမယ့် လူကြုံစားရိတ်တွေအပြီးမှာ ဓါတ်ခွဲစစ်ဆေးခပေးစရာမကျန်တော့ပါဘူး။ ဒီအခါမှာ ဆာဂျင်က စားရိတ်တွေ ကျုံ့သွားအောင် အလုံးကြီးဆီက လက်သည်းခွံလောက်ကလေးဖဲ့ယူလို့ ပို့စေပါတယ်။ သူလည်းသက်သာ ကိုယ်လည်းသက်သာပါစေတော့လို့။ ဒါပေမယ့် အဲဒါအမှားကြီးမှားတာပါပဲ။ ကျွမ်းကျင်တဲ့ ရောဂါဗေဒဆရာဝန်တောင်မှ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ယူမှသိရတဲ့ရောဂါကို အပေါ်ယံကနေ သည်နားလောက်ဖြစ်မယ်လို့ မှန်းဆလှီးဖဲ့ယူထားတဲ့ အပိုင်းလေးထဲမှာ အကုန်အစင်မြင်နိုင်ခဲပါတယ်။ မြင်တယ်ထားဦး နံဘေးတစ်ဘက်တစ်ချက်ကို ပြန့်နေပြီလား။ အရေပြားကို ဖောက်လာပြီလား။ အနီးအနားက အကျိတ်ကလေးတွေဆီများ
ရောက်သွားပလား။ အဲဒါတွေအားလုံးသိတော့မှ အဖြေထုတ်လို့ရမယ့် ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ မသိပဲနဲ့ ဘယ်လိုဆက်ကုကြမှာတုန်း။ ဒါကြောင့် ရောဂါဗေဒဆရာဝန်ဆိုတာ တစ်သျှူးဗေဒနဲ့ ပတ်သက်လာရင် အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူးဆိုတဲ့အထဲမှာပါပါတယ်။ တကယ်တော့ ဈေးထဲမှာ အမဲသားဝယ်သလို အချိန်နဲ့ဈေးနဲ့ ချိန်ကိုက်ပြိး ၀ယ်ရေ၇ာင်းရတဲ့ကိစ္စမဟုတ်ပါဘူး။ အဖြေထုတ်ဖို့ မှန်ချပ်ပေါ်တင်တဲ့အခါ သင့်တော်ရာ နေရာစုံ ထောင့်စုံအေင် နမူနာယူပြီး စစ်ရတာမို့ ဒီပုပ်ကြိးတစ်လုံးလုံးသိချင်ရင် ဒီပဲလေးတစ်စေ့တည်း လာမစစ်ခိုင်းသင့်ဘူးပေါ့။
ဒီ့ထက်ဆိုးတဲ့အလုပ်ကကို လုပ်နေကြတာရှိပါသေးတယ်။ ထွက်လာတဲ့အလုံးကြီးကို အမွေခွဲသလို မန်ကျည်းစေ့ထက်ခြမ်းခြမ်းပြီး ဟိုဆရာဝန်ဆီတစ်ပိုင်း၊ ဒီဆရာဝန်ဆီတစ်ပိုင်းပို့လို့ စစ်ဆေးကြပါလေရော။ ဆရာဝန်ချင်း ရန်တိုက်ပေးတာလား။ ဘယ်သူက ပိုမှန်သလဲလို့သိချင်တာလား။ တစ်ယောက်ယောက်ကို မယုံကြည်ဘူးဆိုတဲ့သဘောလား။ တကယ်လို့များ တစ်ယောက်ကအဖြူ တစ်ယောက်ကအမည်းထွက်လာရင်ဘယ်သူ့ကိုယုံမှာလဲ။ တစ်ယောက်ယောက်တော့ မှားမှာပေါ့လို့ ပြောလို့မရပါဘူး။ အဖြူတစ်ခြမ်း အမည်းတစ်ခြမ်းကြီးဆို ဘယ့်နှယ်လုပ်မလဲ။ အဖြေကိုသိချင်လို့စစ်ဆေးတာလား။ ငါထင်တာမှန်တယ်လို့ သက်သေပြချင်တာလား ကိုယ့်ဘာသာ စဉ်းစားသင့်ပါတယ်။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့ ဆိုတဲ့စကားမျိုး မပြောရဘူးလေ။ မယုံရင် အစကတည်းက မစစ်နဲ့။ ယုံတဲ့ဆီမှာစစ်။ စစ်ပြိးရင်တော့ ယုံသာယုံလိုက်ပါ။ မှားတာမှန်တာ သူ့တာဝန်လေ။ (ငါ့နှယ် စွာလိုက်လေ။ သူတို့လည်း ဒါကြောင့်စွာတာနေမှာ။)
ဆရာဝန်အချင်းချင်းကိစ္စရှင်းပြီးတဲ့အခါမှာတော့ လူနာတွေနဲ့ ကိစ္စလည်းရှင်းရပါဦးမယ်။ ခေါင်းကိုက်ဗိုက်နာဖြစ်လို့ အထူးကုဆေးခန်းကြီးဝင်ပြတဲ့အခါ ရှိသမျှ ဆီးဝမ်းသွေားလေ ဤလေးထွေ အကုန်စစ်ခိုင်းလိုက်လို့ ကိုသိန်းကျော်တောင် အိမ်ပြန်ပိုက်ဆံယူရပါသော်ကော ဆိုတာတွေပါ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးက ဓါတ်ခွဲစစ်ဆေးချက်တွေဟာ စက်ဖိုးတစ်သိန်းဆို လူခ ခြောက်ပြားလောက်တော့ ရပါတယ်။ ဆရာဝန်ကိုယ်တိုင် တနေကုန် တငုတ်တုတ်တုတ်ထိုင်ကြည့်ပြိး လက်ရေးနဲ့ထုတ်တဲ့အဖြေတွေထက်တိကျအောင် အမေကြီးကား အဖေကြီးကားက ကွန်ပြူတာနဲ့ ထွက်လာတဲ့အဖြေကို လိုချင်သူများအတွက် တစ်ဆံခြည်မလွဲတဲ့အဖြေထုတ်စက်များဟာ ဘောက်ချာထွက်လာတဲ့အခါ မျက်ကလူးဆန်ပြာဖြစ်ရလောက်အောင် ဈေးကြီးပါတယ်။ အဲဒါရောဂါဗေဒဆရာဝန် အမြတ်ကြီးစားလို့မဟုတ်ပါဘူး။ အသည်းရောင်အသားဝါဘီပိုးတွေ့ပါတယ်လို့ ဖြေထုတ်ပေးပြိးတဲ့နောက် အဲဒီဘီပိုးလေးတွေ ဘယ်နှစ်ကောင်တောင် ရှိပါလိမ့်လို့သိချင်လာရင် မြန်မာပြည်မှာ မစစ်နိုင်လို့ စင်္ကာပူကို ပို့စစ်ရပါတယ်။ ကုန်ကျစရိတ်တွက်ကြည့်ပါလေ။ တကယ်တော့ ရောဂါဗေဒဆရာဝန်အငယ်တော်တော်များများဟာ ညနေညနေဆို ကိုယ့်ဂျီပီလေးကိုယ်ဖွင့်ပြီး ရုန်းကန်နေကြရဆဲပါ လို့ပြောရင် ယုံကြပါ့မလားသိ။
ရောဂါဗေဒဆရာဝန်များရဲ့တာဝန်ဟာ ဓါတ်ခွဲခန်းတစ်ခုတည်းမဟုတ်ပါဘူး။ ရောဂါဇစ်ဖြစ်မသိပဲ ရုတ်တရက်သေဆုံးသွားတဲ့လူနာတွေကို ရင်ခွဲစစ်ဆေးဖို့နဲ့ သွေးလှူဘဏ်ကို တာဝန်ယူ စီမံခန့်ခွဲဖို့လည်း ပါပါတယ်။ အဲဒါလည်း တကယ့်မီးခဲပါပဲ။
လူဆိုတာ ကိုယ့်ခန္ဒာကိုယ်ထဲကသွေးကို တော်ရုံတန်ရုံစေတနာ သဒ္ဓါတရားနဲ့ သူများအတွက် ထုတ်ပေးလေ့မရှိပါဘူး။ သူတို့သွေးဟာ တခြားလူရဲ့အသက်ကို ကယ်နိုင်မယ်လို့ ယုံကြည်လို့လှူဒါန်းကြပါတယ်။ မြန်မာပြည်မှာ အိန္ဒိယမှာလို သွေးရောင်းစားတဲ့သူ မရှိသလောက် နည်းပါတယ်။ (မရှိလို့မပြော) လှူကိုလှူချင်ကြတာပါ။ ဒါပေမယ့် အဲဒီလှူမယ့်လူဆီကသွေးတွေဟာ အသက်အန္တရာယ်အတွက် လိုအပ်လို့ ယူမယ့်လူလည်းရှိပါလျက် အလွယ်တကူ စီးဆင်းမသွားပါဘူး။ ရောဂါပိုးမွှားကင်းစင်ကြောင်းစိတ်ချရဖို့ စစ်ဆေးရန်လိုပါတယ်။ မပျက်မစီးထိန်းသိမ်းထားရန်စီမံထားတဲ့ သွေးခံအိပ်တွေလိုပါတယ်။ အဲဒီနှစ်ခုရဲ့တန်ဖိုးက မသေးပါဘူး။ နိုင်ငံတော်က ဆေးရုံတိုင်းကို လောက်ငှအောင် မပေးနိုင်ပါဘူး။ ဒီအခါမှာ အလကားပေးတဲ့သူနဲ့ အလကားယူတဲ့သူတွေကြားမှာ ငွေကြေးပြဿနာပေါ်လာပါတော့တယ်။ မသမာသူတွေ ၀င်လာပါတော့တယ်။ လူတွေအထင်လွဲကြတာကတော့ သွေးဘဏ်ကဆရာဝန်တွေက သူများလှူထားတဲ့သွေးတွေ ရောင်းစားတယ်ဆိုတာပါ။ ဘယ်သူမှ ဒါမျိုးမလုပ်ဘူးလို့တော့ မျက်စိမှိတ်ပြိး မငြင်းချင်ပါဘူး။ သို့သော် သူများလှူထားတဲ့ပစ္စည်းတွေကို ကိုယ်ကျိုးစီးပွားအတွက် လူနာတွေကို မပေးပဲ ရောင်းစားတဲ့အလုပ်မျိုးကို တို့ဆရာဝန်တွေ မလုပ်ကြသေးဘူးလို့တထစ်ချယုံကြည်ထားမိပါတယ်။ (မှားချင်လည်း မှားပါစေတော့လေ)
နောက်ဆုံးပြောချင်တာကတော့ ဓါတ်ခွဲခန်းထဲကဆရာဝန်နဲ့ လူနာဆောင်ထဲကဆရာဝန်တို့ဟာ ပုံစံစာရွက်ပေါ်မှာ ရေးသားမေးဖြေ ဆက်သွယ်ရုံသက်သက် မဟုတ်ပဲ စည်းတွေဘောင်တွေကို နည်းနည်းစီ လျှော့တင်းညှိနှုင်းဖို့လိုတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဆရာဝန်ဖြစ်စက မြန်မာပြည်မှာ အသည်းကို ဖြတ်တောက်ခွဲစိတ်နိုင်တဲ့ ဆရာဝန် အင်မတန်ရှားပါတယ်။ ခုခေတ်လို ခေတ်မီစက်ကိရိယာတွေလည်း မရောက်သေးပါဘူး။ အဲဒီအချိန်တုန်းက အလွန်တော်သောဆရာကြီးတစ်ယောက်ဟာ အသည်းကင်ဆာတွေကို ဖြတ်တောက်ကုသပေးနိုင်ပါတယ်။ အဲဒီခွဲစိတ်မှုအတွက် မလိုဘူးဆိုရင် သွေးလေးငါးခြောက်လုံးလောက် လိုတတ်ပါတယ်။ ဆေးရုံကသွေးလှူဘဏ်မှာ သွေးတစ်မျိုးတည်းကို အဲသလောက် သိုမှီးမထားပါဘူး။ ဗဟိုအမျိုးသားသွေးလှူဘဏ်ကို အလုပ်သမားလွှတ်ပြိးတောင်းခိုင်းရင် အနည်းဆုံးနာရီဝက်ကြာပါတယ်။ ခွဲခုံပေါ်က ဝေါကနဲသွေးတွေထွက်နေတဲ့လူနာက အဲသလောက် မစောင့်နိုင်ပါဘူး။ ဒီအခါ ကျွန်တော်တို့က မခွဲခင် ကြိုကြိုတင်တင် တစ်ရက် နှစ်လုံးစီ အရေးပေါ်တောင်းထားပြီး ခွဲမယ့်နေ့မနက် လူနာနဲ့အတူ သွေးအပြည့်အစုံနဲ့ ခွဲခန်းဝင်ပါတယ်။ ဒီနည်းနဲ့ အသက်ကယ်နိုင်ခဲ့တဲ့လူနာ အတော်များပါတယ်။ ဒါပေမယ့် တခါတခါမှာ လူနာရဲ့ ရောဂါအခြေအနေဟာ ခွဲစိတ်ကုသလို့မရနိုင်တော့တဲ့အဆင့်ကိုရောက်နေမှန်း ခွဲကြည့်တော့မှ သိရပါတယ်။ ဒီအခါ အသည်းကြီးလည်း ထက်ခြမ်းခြမ်းစရာမလိုတော့၊ သွေးလည်းမထွက်တော့၊ သွေးသွင်းစရာလည်း မလိုတော့ပါဘူး။
ပြဿနာက စောစောကယူထားတဲ့သွေးပုလင်းတွေဟာ လူနာကိုမသွင်းဖြစ်တော့ပေမယ့် လွန်ခဲ့တဲ့နှစ်ရက်ကတည်းက အထုတ်ပြထားပြီးမို့ ပြန်ပေးလို့လည်း မရတော့ပါဘူး။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ အဲဒီသုံးမရ ပြန်ပေးမရတဲ့သွေးတွေက
ရေခဲသေတ္တာကြီးနဲ့ မဆန့်တော့ဘူး။ အားလုံး သူ့ဘက်နဲ့သူတော့ မှန်ကြတာပါပဲ။ အမှန်အမှန်ချင်းညှိလို့ရရင် ဘယ်လောက်ကောင်းမလဲ။
ဒါပေမယ့်လည်း ဦးရယ်။ လူဆိုတာဟာခက်တယ်။ ဆရာဝန်တွေကြားထဲမှာ “တို့လူကလေးများ ဆိုသလေး” လို့တိုင်ကြည့်ပါလား။ ဘယ်သူမှ ဝေလေလေ အစားထဲက မဟုတ်ဘူး။ ဆိုချင်ဆို မဆိုချင်နေ။ ငါလည်းအားလို့ ဆိုချင်ဆိုမယ်။ မဆိုချင် မဆိုဘူး။ မင်းဆိုခိုင်းတိုင်း ဆိုရမှာလား .. နဲ့ မူဟန်သွယ်သွယ် ဆိုကြလိမ့်မယ်။ ငယ်ချစ်ချင်းယူထားတဲ့ လင်မယားချင်းတောင် ဆေးရုံရောက်ရင် ကိုယ့်ဌာနနဲ့ကိုယ် စာနဲ့ရေးစကားပြောတာ။ အခုလည်း ပြေလည်မလားလို့ ကြားကငထွားဝင်လုပ်တာပါကွယ်။ မရမှန်းတော့ သိသားပဲ။ ခါးနာတာပဲ အဖတ်တင်မယ်။ ဘယ်သူပို့ပို့ မပို့ပို့ တို့ကတော့ ဘဲတစ်ကောင်လုံး ပို့လိုက်ပါ့မယ်လေ။ ညနေကျရင်တော့ ဘဲကင်ပြန်ကျွေးရမယ်နော်။
http://www.facebook.com/note.php?note_id=101503348697539
**Soe Min**

No comments:
Post a Comment