မှောင်ရီသန်းစပြုပြီ။ သဲဖြူဖြူတွေနှင့် သောင်ကမ်းက ခပ်ပြေပြေ။ အုန်းပင်တွေကတော့ သိပ်မများပါ။ သဘာဝထက် တကူးတက စိုက်ထားသည်ဟု ထင်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ရေပြင် သဲသောင်နှင့် လွတ်လပ်နေသော ကောင်းကင်ကျယ်ကို တွေ့ရလျှင် ကိုယ်က၀မ်းသာလှပြီ။
ကမ်းခြေတွေမှာ စိတ်ကိုလွှတ်ကာ ငေးရတာကို ၀ါသနာပါသည်။ ရေပြင်အကျယ်ကြီးကို ကြည့်ရလျှင် ဘယ်နှစ်ခါကြည့်ကြည့် မ၀နိုင်။ သည်လို နှစ်သက်တတ်တာကို ကိုယ့်ကိုယ်ကို သဘောပေါက် လာခဲ့တာလည်း တကယ်တော့ သိပ်မကြာလှသေး။ ကိုယ်ဘာကြိုက်သလဲ ဆိုတာ မိမိဘာသာ သိမြင်လာဖို့ တခါတလေတော့ အချိန် တော်တော်ကြာကြာ ယူတတ်သည်လေ။
သည်လို ရေပြင် မျိုးစုံကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့ပြီ။ ရွှံ့လတာပြင် ရေစပ်စပ်နှင့် ချောင်းကျဉ်းကျဉ်းများ၊ တာဘောင်မို့မို့ ၀န်းရံကာ တည်ငြိမ်နေသည့် ရေကန်များ၊ လှမ်းမြင်နေရသည့် ကမ်းနှစ်ဘက်ကြားမှာ စီးဆင်းနေသော မြစ်ကြောင်းရှည်ရှည်များ၊ အဆုံးကို မမြင်ရသော ကျယ်ပြောသည့် ပင်လယ်များ။ ဒါတွေကြားမှာ ယဉ်ပါးကြီးပြင်းခဲ့ရသည်။ ဒါတွေနှင့် ပတ်သက်သည့် ချရေးမိသောစာများနှင့် ဖမ်းယူခဲ့သော ပုံရိပ်များလည်း များလှပြီ။
ပင်လယ်ကမ်းခြေလှလှသည် တချို့လူများအတွက် ဇိမ်ခံစရာဖြစ်သည်။ တချို့အတွက် မရှိမဖြစ် ၀မ်းစာရှာရာ ဖြစ်သည်။ ကျေနပ်စရာဖြစ်သည်။ ချစ်စရာဖြစ်သည်။ ကြောက်စရာလည်းဖြစ်သည်။ ရေပြင် မြေပြင်နှင့် လေထုတို့၏ ပေါင်းဆုံမှုသည် အံ့သြဖွယ် အလှတရားကို ဖန်တီးနိုင်သလို ပြင်းထန်သော အင်အားကိုလည်း ဖွဲ့စည်းဖြစ်ပေါ်စေတတ်သည်။ ကောင်းကင် တိမ် ရေပြင် သဲသောင်တို့၏ ဆည်းဆာအလှတွင် နစ်မျောနေသူ ကိုယ်တိုင်ပင် မကြာခင်ကာလတခုက ထိုအရာများ စုပေါင်းကာ ကြမ်းတမ်းသွားသော ဆိုးကျိုးများဝယ် နာကျင် ပူလောင်ခဲ့ရသေးသည် မဟုတ်ပါလား။ အခုတော့လည်း သူတို့ အလှတရားကပင် ပူလောင်မှုကို တဒင်္ဂဖြစ်စေ အေးချမ်းသွားစေခဲ့ပြန်ပြီ။
သို့သော် အရင်းစစ်လိုက်လျှင် သဘာဝကို ပြုပြင်မွမ်းမံသူ သို့မဟုတ် ဖျက်ဆီးသူ ကိုယ်တိုင်ကိုက လူတို့ပင် ဖြစ်နေပြန်သည်။ ရေမြေတောတောင် သဘာဝကို မုန်းတီး အပြစ်တင်ရမည့်အစား လူတို့ကိုယ်တိုင်ကိုသာ အပြစ်ပုံရတော့မည်လား။ သို့ပေမယ့် လူဆိုသည်ကလည်း လူ့သဘာဝနှင့်ပင်။ လောဘ၊ ဒေါသ၊ တကိုယ်ကောင်းဆန်မှု၊ ရက်စက်မှု၊ မိုက်မဲမှု စသည်တို့ကို အသိဥာဏ်၊ ချစ်ချင်းမေတ္တာ၊ စာနာမှု၊ စွန့်လွှတ်တတ်မှု တို့နှင့် ပူးတွဲ ပိုင်ဆိုင်ခဲ့ကြသည်။ ပြီးတော့ အချိုးမညီ အသီးသီး ကွဲပြားခဲ့ကြသည်။ သက်မဲ့လောက ရေမြေတောတောင် သဘာဝကို အပြစ်မယူလျှင် လူ့သဘာဝကြောင့် အမှားများကိုရော မည်သည့် အတိုင်းအတာအထိ ခွင့်လွှတ်နိုင်ကြမှာလဲ။ လူလုပ်အမှားများက အမှားလုပ်ခဲ့သူများအပေါ် တိုက်ရိုက် ထိခိုက်လာသောအခါ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်သည့် အဘိဓမ္မာတရပ်ကို သဘာဝကပင် ပြန်လည် သင်ပြပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။
ရေပြင်ကို စိုက်ကြည့်လိုက်လျှင် ရေလှိုင်းတွေ တလိမ့်လိမ့်ကြားမှာ ကောင်းကင်၏ အရိပ်ကို မြင်ရသည်။ ကောင်းကင်ထဲမှာရော လှိုင်းတွေ ရောင်ပြန်လှုပ်ခတ် နေလေမလား။ ငေးမောနေခိုက်မှာပင် နေလုံးကြီးက တရွေ့ရွေ့ဝင်စပြုပြီ။ အေးမြနေဆဲ ပင်လယ်လေကလေး တသုတ်ကတော့ ကိုယ့်ပါးပြင်ပေါ် တွန်းတိုက် ဖြတ်ကျော်ပြီး ဆက်လက် ထွက်ခွာသွားလေသည်။ လေပြည်ကလေးသည် ကိုယ့်ဆီမှာ တခုခုကို ချန်ထားခဲ့သလား။ ကိုယ့်ထံက တခုခုကို ယူကာ တနေရာရာသို့ သယ်ဆောင်သွားလေသလား။ ကိုယ်သေသေချာချာ ဆက်တွေးမကြည့်ခဲ့တော့ပါ။
**ပန်ဒိုရာ**

No comments:
Post a Comment