`အဲဒီနေ့ညကပေါ့....။ မိုးတွေတအားရွာနေတာလေ...`
ခဏခဏ ညည်းနေတဲ့ ဒီစကားလုံးတွေကိုကြားရပြန်တော့ မိုးသက်ပြင်းလေးကို ချမိသည်။ ဒီစကားရဲ့ နောက်ကွယ်မှာ ဘာအဖြစ်များရှိနေမလဲလို့ မိုးပိုလို့ သိချင်နေမိသည်။ သပ်သပ်ရပ်ရပ်လေးနေလိုက်ပါက ချောမောလွန်းမည့်သူ့ရုပ်သွင်လေးက စိတ္တဇအကျဉ်းသားတစ်ယောက်လို့ မိုးလက်မခံချင်...။ ဒါကြောင့် မိုးဒီဆေးရုံမှာ တာဝန်စကျကတည်းက သူ့ကို ပိုလို့ဂရုတစိုက် ဆက်ဆံမိခဲ့သည်။
`အားးးးးးးးးးးးးးးးးးးးးးးးး.... ကြောက်တယ်.. ကြောက်တယ်.... `
ညနက်သန်းခေါင်အချိန်မှာ ထအော်လိုက်တဲ့အသံကြောင့် မှေးကနဲဖြစ်လုဆဲ မိုးလန့်နိုးလာသည်။ သူ့ဆီက အသံမို့လို့ အပြေးအလွှား သွားကြည့်မိသည်။ အိပ်ရာထက်မှာ ငုတ်တုတ်ထိုင်လျက်..။ ကြောက်လန့်လွန်းအားကြီးနေသော သူ၏ ရုပ်သွင်မှာ အလွန်ကို သနားဖွယ်ရာကောင်းလှသည်။ သူ့မျက်နှာတို့က သွေးမရှိတော့လောက်အောင်ကို ဖြူရော်နေသည်။ မိုးသူ့ဘေးနားမှာ ထိုင်လျက် လေသံအေးအေးလေးဖြင့် ဖျောင်းဖျနေမိသည်။ သူ၏ ရှိုက်၍ရှိုက်၍ ငိုနေသော အသံတို့ကြောင့် မိုးလည်း ငိုချင်စိတ်တွေပေါက်လာသည်။
..........................................
`အငယ်ကောင်.. စာကျက်သံမကြားပါလား..။ ဆော်ခံချင်နေပြီထင်တယ်...။ `
တံခါးဝမှ ရုတ်တရက်ထွက်လာသည့် အဖေ့အသံကြောင့် ရေးလက်စ ကဗျာကို ကမန်းကတန်းဖွက်ရင်း ၀သန် စောတကတက်မိသည်။
`အဖေကလည်းဗျာ...။ အသံမထွက်တိုင်း စာမကျက်တာမှ မဟုတ်တာ..။ သားသင်္ချာတွက်နေတယ်.. `
မကျေမချမ်းရေရွတ်ရင်း အဖေပြန်ထွက်သွားတော့မှ လှစ်ကနဲပြုံးလိုက်မိသည်။ အခြေအနေကို အကဲခပ်လိုက်ရင်း ကဗျာစာအုပ်ကို ပြန်ထုတ်လိုက်သည်။ နေရာတကာ စာကျက်အလွန်ပျင်းသော ၀သန်ဦးတစ်ယောက် ကဗျာဥာဏ်ကတော့ အလွန်ထက်သန်လွန်းလှသည်။ ကဗျာကိုရေးရင်း စိတ်က နစ်ဝင်သွားခဲ့သည်။ ခပ်ပြင်းပြင်းလေး ခေါင်းကို နားပန်အုပ်ခံလိုက်ရတော့ ၀သန်လည်ထွက်သွားသည်။ လှည့်ကြည့်လိုက်တော့ တင်းမာခက်ထန်သော မျက်နှာဖြင့် အဖေ...။
`ခွေးမြီးကောက် ချည်ထောက်စွပ်အကောင်။ သောက်သုံးမကျတဲ့အကောင်။ မင်းကို မွေးထားကျွေးထားတာ ဒီလိုအရေမရ အဖတ်မရလုပ်ခိုင်းနေတာမဟုတ်ဘူး။ စာကျက်ဆိုမကျက်...။ မင်းဒီနှစ် ဆယ်တန်းကော အောင်ဦးမှာလား..။ ဟမ်...။ ဆယ်တန်းဖြေနေတာလည်း သုံးခါရှိပြီ။ ေ-ာက္ရွက္ကို မရွိဘူး...။`
အဖေ့ရဲ့ လက်သံက တအားပြင်းလှသည်။ ၀သန်ခေါင်းတွေချာချာလည်နေပြီး ပါးရိုးတစ်ခုလုံး စုတ်ပြတ်သတ်သွားသလို နာကျင်လွန်းလှသည်။
`အစ်ကိုရယ်..။ တော်ပါတော့...။ ကလေးကို အဲလောက်မလုပ်ပါနဲ့....။ ကျွန်မတောင်းပန်ပါတယ်.... `
ငိုယိုရင်း ၀င်တောင်းပန်သူက အမေ...။ အဖေနဲ့ အမေအပြန်ပြန်အလှန်လှန် စကားဆက်များကြသည်။ ၀သန်ဘာမှ မသိတော့ပဲ ချုံးပွဲချငိုကြွေးနေမိသည်။ ရန်ပွဲတွေ စဲသွားတော့မှ အမေက ဆေးထည့်ပေးသည်။ ၀မ်းနည်းကြေကွဲစွာ ၀သန်ငိုကြွေးနေခဲ့မိသည်။ အဲဒီနောက် အပေါ်ဆုံးထပ်မှ ထပ်ခိုးလေးထဲမှာ တိတ်တိတ်ကလေး ဆက်ငိုနေမိသည်။ ဒီနေရာလေးက ငယ်ငယ်ကတည်းက အရိုက်ခံရတိုင်း တိတ်တဆိတ်ငိုကြွေးရာနေရာလေး...။ ငိုနေရင်း အဖေ့မျက်နှာကို မြင်ယောင်မိကာ တအားမုန်းလာသည်။ `အဖေ အသေဆိုးနဲ့သေပါစေ` လို့စိတ်ဆိုးစွာ ကျိန်ဆိုရင်း ၀သန်မောပန်းစွာ အိပ်ပျော်သွားခဲ့သည်။ အဲဒီနေ့က အပြင်ဘက်မှာ မိုးတွေတအားကို သည်းထန်စွာရွာသွန်းနေခဲ့သည်။
`ဒုန်း... ဒိုင်း...`
ဆူညံသံများကြောင့် ၀သန်လန့်နိုးလာခဲ့သည်။ အော်ဟစ်ကြိမ်မောင်းမှုတွေနဲ့ ထုသံရိုက်သံတွေ...။ အဖေ့ရဲ့ ပြန်အော်သောအသံ၊ အမေ့ရဲ့ ငိုကြွေးသံတို့ရဲ့ အဆုံးမှာ...
`ဒိုင်း... ဒိုင်း....`
သေနတ်နှစ်ချက်ပစ်သံနဲ့အတူ အားလုံးငြိမ်ကျသွားခဲ့သည်။ ၀သန်မှင်သက်နေမိသည်။ အဲဒီနောက် အိမ်ပေါ်ထပ်သို့ တက်လာသောအသံများကို ကြားလိုက်ရသည်။ သူ့အခန်းကို ၀င်ရှာနေပုံပင်...။ အတန်ကြာမှ အားလုံးပြန်ထွက်သွားကြသည်။ ၀သန်ကြက်သေသေနေမိသည်။ ဘာတွေဖြစ်ကုန်ပြီလဲ....။ ကြပ်ခိုးထက်မှ ဆင်းလာခဲ့မိသည်။ အိမ်အောက်ထပ်ကိုရောက်တော့..... သွေးအိုင်ထဲလဲကျနေသော အဖေနဲ့ အမေ...။ ရွှေငွေပစ္စည်းတွေ အကုန်ယူသွားကြသည်။ ဓါးပြတွေ...။ သွေးအိုင်ထဲမှ အဖေနှင့် အမေကိုကြည့်ရင်း ၀သန်အော်ဖို့ ဆွံ့အနေမိသည်။
`အဖေ အသေဆိုးနဲ့သေပါစေ...` သူရေရွတ်မိသောအသံများက နားထဲမှာ ပဲ့တင်ထပ်နေမိသည်။ သူ့စကားတွေက ကျိန်လိုက်သလိုများလား...။ သူ့စကားကြောင့် အဖေသေခဲ့ရတာလား...။ အဖေ့လက်ကို ဆုပ်ကိုင်လိုက်ရင်း သူ့ခေါင်းကို နားပန်အုပ်ခိုင်းသည်။ အဖေကတော့ တုပ်တုပ်မျှမလှုပ်တော့...။ အဲဒီနေ့က မိုးတွေတအားကို ရွာနေလေသည်။
..........................
မိုးရွာတဲ့နေ့ရောက်တိုင်း စိတ္တဇဆေးရုံလေးပေါ်မှာ သူအမြဲအော်ဟစ်နေလေသည်။ အိပ်မက်ဆိုးပေါင်းများစွာနဲ့ ခံစားနေရသော သူ့ကိုကြည့်ရင်း ဆရာဝန်မလေးမိုးတစ်ယောက် သက်ပြင်းလေးသာ တိုးတိုးချနေမိသည်။
**ရေးသားသူ- နေ၀သန်**

No comments:
Post a Comment