" သာဓု ...သာဓု ...သာဓု ..."
အမေ့အား ရိုကျိုးစွာ ရှိခိုး ကန်တော့လိုက်ပြီး . . .
အမေ့ မျက်နှာကို ကြည့်လိုက်တော့ ၀မ်းသာပီတိ ဖြစ်နေပုံရသည်။ ကျွန်မ အမေ
နှင့် ခွဲခွာရသည်မှာ ဒီတစ်ကြိမ် မကတော့ပါ ....
ပထမ တစ်ကြိမ် ဆရာ ဖြစ်သင်တန်း တက်ရစဉ်က
ကျောင်းတက်ရမည် ဆိုသော အသိစိတ်ကြောင့်လား မသိ ...
အမေကို ကန်တော့ရင်း ကျွန်မ ၀မ်းသာ ပီတိ ဖြစ်နေမိသည်။
အဲသည်အချိန်တုန်းက အမေ့မျက်ဝန်းတွင်မျက်ရည်ဝဲနေသည်ကို
ကျွန်မ သိသည်။ သို့ပေမယ့် ယခု အချိန်တွင်တော့ ကျွန်မ မျက်ရည်ဝဲရပါသည်။
ဒီတခါ ခွဲခါမှုက ဆရာမ တာဝန် ၀တ္တရား နှင့် အလုပ်တာဝန် ထမ်းဆောင်ရမည်ဆိုသော
စိတ်ကြောင့်လည်း
ဖြစ်နိုင်သည်။ အမေကတော့ ၀မ်းသာပီတိ ဖြစ်နေပုံ ရသည်။
ကျွန်မစိတ်ထဲတွင်တော့ ဒီတစ်ကြိမ် အမေ နှင့် ခွဲခွာရမည်ကို ၀မ်းနည်းနေမိပါသည်။
" သမီး... ဆရာမ တာဝန်ဆိုတာ... တာဝန်သိပ်ကြီးတယ် သမီး .. အမှားပါလို့ မရနိုင်ဘူး ...
ဆရာဝန်တစ်ယောက် ဆုံးဖြတ်ချက် မှားသွားခဲ့ရင် လူနာတစ်ယောက်ပဲ နစ်နာဆုံးရှုံးမှာ
ဆရာမတွေ ဆုံးဖြတ်ချက် မှားခဲ့ရင် တပည့်ပေါင်း မြောက်များစွာ နစ်နာဆုံးရှုံးမယ် ...
နောင် အနာဂါတ်... မျိုးဆက် .. တိုင်းပြည် နိုင်ငံ အထိပါ
ဆုံးရှုံးသွားနိုင်တယ် သမီး ....
သိပ်ပြီး ကျယ်ဝန်း နက်ရှိုင်းတယ် . . . .သမီး အစစ အရာရာ ..ဂရုစိုက်ပါ ...
အမှား မပါစေနဲ့ ...
တာဝန်သိသိ စေတနာထား အလုပ်လုပ်ပါသမီး ...."
" အမေ့ သမီးလေး တိုင်းပြည်နဲ့ လူမျိုးအကျိုး ... အမျိုးဘာသာ သာသနာအကျိုး
သယ်ပိုးထမ်းရွက်နိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေသမီး ...."
" ဟုတ်ကဲ့ပါ မေမေ ... သမီးကြိုးစားပြီး တာဝန်ကျေပြွန်အောင် ထမ်းဆောင်ပါ့မယ် ...."
အမေ့ကို ကတိစကားဆိုရင်း အမေ နှင့် ကျွန်မ ခွဲခွါခဲ့ရပါသည်။
ကျွန်မတာဝန်ထမ်းဆောင်ရသည်မှာ ရွာလေး တစ်ရွာတွင်ရှိ မူလတန်းကျောင်းကလေးပင် ဖြစ်သည်။
ရွာတွင်အိမ်ခြေ နှစ်ရာဝန်းကျင် ရှိသည်။ တောင်သူ လုပ်ငန်းကို အဓိကထား
လုပ်ကိုင်ကြသည်။

ရွာအရှေ့ဘက်တွင် မှိုင်းပြပြ ရိုးမတောင်တန်းကြီးကို တွေ့မြင်နိုင်သည်။
သစ်ပင် သစ်တော အုပ်အုပ် စိုင်းစိုင်းနှင့်မို့ အမြင်တစ်မျိုး ဖြစ်ရသည်။
သန့်ရှင်းလတ်ဆတ်သည့်လေကို နေ့စဉ်ရှုရှိုက်ရသည့် အတွက် ကျွန်မ၏ စိတ်ကို
လန်းဆန်း တက်ကြွစေသည်။ ရွာသူ ရွာသားများက ရိုးသားကြသည်။ စိတ်ကောင်း
စေတနာကောင်းရှိကြသည်။
မြို့ပေါ် ကလူတွေလိုတော့မဟုတ် ။ ခြားနားသည်ကတော့ အမှန်ပင်ဖြစ်သည်။
ဝတ်စားဆင်ယင်မှု ၊ နေပုံ ထိုင်ပုံ ၊ ပြောပုံ ဆိုပုံ ၊ ပညာရေး အသိ၊
ကျန်းမာရေး အသိကွာခြားလှသည်။
ကျောင်းရောက်တော့ ကျောင်းသား/သူက (၅၀)ပင်မပြည့် ရွာလူကြီးကို
မေးမြန်းကြည့်တော့ (၃-၄)တန်း
အရွယ်ရောက်လျင်ပင် စာမသင်ကြတော့ .. နွားကျောင်း ရေခပ် အိမ်မှု
ကိစ္စမှန်သမျှ လုပ်ကြရရှာသည် ။
ဒီလိုမဖြစ်သေး ... ကျွန်မ ရွာလူကြီးများ နှင့် ညှိနှိုင်း တိုင်ပင်ပြီး
ကျောင်းနေအရွယ် ကလေးငယ်များ
ကျောင်းနေရေးအတွက် ဆွေးနွေးခဲ့ရသည်။ တစ်အိမ်ဝင် တစ်အိမ်ထွက် နားဝင်အောင်
မနဲ ပြောခဲ့ရသည် ။
ကျွန်မ ပင်ပန်းရကျိုး နပ်ခဲ့ပါသည်။ ယခု ကျွန်မ၏ ကျောင်းလေးတွင်
ကလေးငယ်(၁၀၀)နီးပါး ခန့်ပင် ရှိပြီ ဖြစ်သည်။
ကျွန်မ ကျောင်းရောက်စက အမိုးက ဓနိသက်ကယ်မိုး .... ဘေးအကာအရံ မရှိ ..
မိုးရွာလျှင် ကျောင်း ဖျက်ရသည်။
မိုး မှ မလုံပဲကိုး ။ မိုးတွင်းရောက် မှာ ကျွန်မ အလွန်စိုးရွံ့သည်။
ကျွန်မ၏ ကျောင်းတွင် ကျောင်းသား/သူ (၃၀)ခန့်မှာ
အခြားရွာမှ လာတက်ကြရသည်။ ကျောင်း နှင့် (၃)မိုင် ခန့် ဝေးသည်။
ချောင်းရိုး တစ်ခုကို ဖြတ်ရသည်။ မိုးညှိုလျှင် ရိုးထဲတွင် ရေအလုံးအရင်း
လာတတ်သည်။ မိုးအုပ် ညိုမှိုင်း ၍ ရွာမလို ဟန်ပြင်နေလျှင် တဘက်ရွာမှ
ကလေးငယ်များကို အရင်ပြန်လွှတ်ရသည်။ အုပ်စုလေးတွေ
ဖွဲ့ပေးပြီး အိမ်တန်းတန်းမတ်မတ် ပြန်ကြဖို့ အတန်တန်မှာရသည် ။
မိုးများလျှင် စိတ်ထင့် ရသည်။ "ကလေးတွေ သူတို့ရွာကိုမှ ချောချောချူချူ
ပြန်ရောက်ကြရဲ့လား ...."

ကျွန်မ တွေး၍ ပူမိပါသည်။ နောက်တစ်ရက် ကျောင်းပြန်တက်မှ ကလေးတွေ
အားလုံးကို တွေ့လိုက်ရမှ
ကျွန်မ စိတ်သက်သာရာ ရတော့သည်။ ကျောင်းစာသင်ဖို့ အမိုး မလုံ၍ မဖြစ် ၊
သွပ်မိုးလေး မိုးနိုင်ဖို့အရေး ဆော်သြရသည်။
စည်းရုံး ရသည်။ ရပ်ရွာဇာတိ ဖြစ်ပြီး ရပ်ခြား မြေခြားတွင် ကြီးပွား
ချမ်းသာကြသူများနှင့် ဆက်သွယ် အလှူခံခဲ့ရသည် ။ ကိုယ်ရပ်ရွာ ဒေသကို
ပြန်ကြည့်သူများ ရှိသလို ... မသိကျိုးနွံ ပြုကြသူများကိုလည်း
တွေ့ခဲ့ရသည်။
ရွာဦး ဘုန်းတော်ကြီးကျောင်း ဆရာတော်မှလည်း အကူအညီပေးသည်။ ရပ်ရွာမှလည်း
ဝိုင်းကြ ၀န်းကြမို့ အခုတော့ ကျွန်မ ကျောင်းကလေး သွပ်မိုးလေး နှင့်
သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။
ကျွန်မ မြို့ပေါ်တွင် ငယ်စဉ်ဘ၀ ကျောင်းတက်ခဲ့ရသည်ကို တွေးမိတိုင်း
ရွာကျောင်းမှ ကလေးများကို စာနာမိသည်။
" အော် သူတို့ဘ၀လေးတွေ ပညာသင်ကြားရတာ တော်တော်လေး ခက်ခဲ ပင်ပမ်း ဆင်းရဲ
နွမ်းပါးကြပါလား ....."
ကျွန်မကျောင်းမှ ကလေးငယ်များ မူလတန်းပြီးလျှင် အခြားတစ်ရွာရှိ
အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ သင်ကြားရမည်။ ကျွန်မကျောင်းမှ
ထွက်သောကလေး၏ အရည်အချင်း ကျွန်မ နှင့် သက်ဆိုင်သည်ဟု ခံယူထားသည်။
" ဘာစာမှ မတတ်ပဲ (၄)တန်း အောင်လာတာလား " ဆိုတာမျိုး မဖြစ်ရလေအောင်
ဂရုတစိုက် စေတနာထား
သင်ကြားခဲ့သည်။ ကလေးများလည်း တော်ကြပါသည်။ စာလိုက်နိုင်အောင် ကြိုးစားခဲ့ကြသည်။
ချော့တခါ ချောက်တလှည့် နှင့် စာသင်ကြား နေရသည်ကိုပင် ကျွန်မပျော်မွေ့လို့
ပင် နေပါသည်။
ကလေးများ နှင့် ကျွန်မ မိသားစုဝင်တွေလိုပင် ဖြစ်နေပါသည်။
တစ်နေ့ ....
"မြို့ပေါ်မှ ပညာရေးမှူးနှင့်အဖွဲ့ ကျောင်းစစ်ဆေးရေး လာရောက်ကြမည်" ဟု
ရွာလူကြီးကပြောသည်။
ကျောင်းလိုအပ်ချက်များကို စဉ်းစားမိသည်။ ကျောင်း နံရံ အကာ က အခြေတွင်သာ
ရှိနေသေးသည်။
ကာရံဖို့ လိုအပ်မည်။ ပြူတင်းပေါက် ၊ တံခါးပေါက် ၊ စာရေးကရိယာ၊
ပြဌာန်းစာအုပ် ၊ စသည်တို့ကို
လိုအပ်သည်များ တွေးနေရင်းမှ ဖျတ်ကနဲ့ အတွေးတစ်ခု ၀င်လာသည်။
ဒုက္ခပါဘဲ ကျွန်မကျောင်းတွင် " အိမ်သာကောင်းကောင်း" မရှိ ။ မြို့ပေါ်မှ
လူကြီးများ လာကြမည် ။
အကယ်၍များ အိမ်သာတက်ချင်ပါသည် ဟု ဆိုခဲ့လျှင်.... ကျွန်မ ဘယ်လို လုပ်ရမည်နည်း .....
မတွေးတတ်အောင်ပင် ဖြစ်ရပါသည်။
တစ်ရွာလုံးတွင်ပင် ရေလောင်းအိမ်သာဆို၍ ရွာဦးဘုန်းတော်ကြီး
ကျောင်းတွင်သာရှိသည်။ ရွာထဲတွင် တွင်းအိမ်သာပင် မရှိ ။ ကျွန်မနေသော
ရွာတောင်ပိုင်းတွင်တော့ တွင်းအိမ်သာ တစ်လုံးရှိသည်။ ဒါတောင် ကျွန်မ
ရွာကို ရောက်မှ လုပ်ထားခြင်း ဖြစ်သည်။
တွေး ရင်း တွေး ရင်း စိတ် ရှုတ် မိပါသည်။
လူကြီးတွေ အိမ်သာ မတက်ပါစေနှင့် ဟု ဆုတောင်းရုံမှ တပါး အခြား မရှိနိုင်တော့ပြီ။
" ဆရာမ မြို့ပေါ်က လူကြီးတွေ လာမယ်ဆို .."
" ကျွန်မက ခြံထွက် ငှက်ပျောသီးတွေ လာပို့တာ ..."
" ကျွန်မက လဘက် နဲ့ ရေနွေးကြမ်းလာပို့ပေးမယ်..."
" ကျွန်မက လိုရမယ်ရ ကော်ဖီမစ်ထုတ်တွေ ယူလာခဲ့မယ် ...."
" ကျွန်တော် ကြက်ကာလသားချက်လေး လာပို့ပေးမယ် ဆရာမ ..."
" ကျွန်တော် လက်ရာ ၀က်သားဆီပြန်လေး မြို့ပေါ်ကလူကြီးတွေကို မြီးခိုင်းလိုက်မယ်..."
" ငပိချက်ကလေး နဲ့ လတ်ဆတ်တဲ့ တို့စရာ မြုပ်စရာတွေ ကျွန်တော် စဉ်လိုက်မယ် ...."
" အအီပြေ ချဉ်ပေါင်ဟင်းရည်လေး လဲ လုပ်လိုက်မယ် ....."
ရွာသူ ရွာသားများ၏ စေတနာစကား ကျွန်မကြားနေရသော်လည်း ကျွန်မ မပျော်နိုင်ပါ ...
ကျွန်မ အတွေး အာရုံထဲတွင် လူကြီးတွေ " အိမ်သာ မတက်ပါစေနှင့်" ဟု သာ
ဆုတောင်းနေမိပါသည်။
မြို့ပေါ် မှ ပညာရေးမှူးနှင့်တကွ လူကြီးများ ရွာကျောင်းသို့ရောက်လာကြပါသည်။
ဧည့်ခံရေးမှ အစ ...အစစ အရာရာ အားလုံး အဆင်ပြေခဲ့ပါသည် ။
သို့ သော် ... ကျွန်မ ဆုတောင်း မပြည့်ခဲ့ပါ ....
ပညာရေးမှူးက " အိမ်သာတက်ချင်သည် " ဟု ဆိုခြင်းကြောင့် ဖြစ်သည်။
အိမ်သာမရှိသော ကျွန်မ၏ ကျောင်းကလေး ...
ကျွန်မ .... ကျွန်မ ....
တစ် ယောက် ယောက်မှ စကား ပြောသံကို မပြီ ၀ိုးတ၀ါးကြားလိုက်ရသည်။
မျက်လုံးကို ဇွတ်ဖွင့်ကြည့်လိုက်တော့အမြင်များပင်ေ၀၀ါးနေသည်။
အမေ ... အမေ ... ဟုတ်တယ်... အဲဒါ ..အမေ့အသံ....
" ဟဲ့ ... သမီး .. အိပ်ယာထတော့လေ....."
" ခဏနေ ကားအကြိုလာတော့မှာ ......"
" ဒီနေ့ .. သမီးရွာ သွားရမှာလေ.... အလုပ်ဝင်ရမှာလေ....."
" သမီးလေး ..... ဆရာမကြီး .... အပျင်းကြီးမနေနဲ့ ...ထတော့ ...."
အမေက တတွတ်တွတ်ပြောရင်း ကျွန်မ၏ ခြုံစောင်ကို ဆွဲရင်း အိပ်ယာမှ နိုးထစေပါသည်....
ကျွန်မ အမေကို ပွေ့ဖက်ရင်း .... မျက်နှာတွင် .... မျက်ရည်စများစွာနှင့်....
တင်းရင်းစွာ ပွေ့ဖက်ထားလိုက်မိပါသည်။ အတွေးအာရုံထဲတွင်တော့ ....
ရွာ ကျောင်း ရောက် လို့ .... အိပ် မက် ထဲ က လို များ ... ဖြစ် နေ ခဲ့ ရင် ဖြင့် ...
အိပ် မက် လေး ပဲ ဖြစ် ပါ စေ လို့ သာ . . .
လေးစားစွာဖြင့် . . . .
**ဥယျာဉ်ထဲက ပန်းတစ်ပွင့် **
**tint soe**

No comments:
Post a Comment