" ဟာ .. ဒီကောင်က ဘာကောင်လဲ"
" ရင့် လှ ချီ လား "
" ဒါ ... ကျောတာကွ "
" ဘလိုင်းကြီး လာဖိုက်သွားတာ"
" ဘယ်လိုလဲ . .. ဖြဲလိုက်ရမလား "
" ဗျင်း ကွာ .. "
" မ ကျေ နပ် ဘူး ကွာ "
သူငယ်ချင်းများ ၏ မကျေ မနပ် စကားသံများဖြစ်သည် ။
ကျွန်တော်နှင့် သူငယ်ချင်းများ လဘက်ရည်ဆိုင်တွင် ၀ိုင်းဖွဲ့ ထိုင်နေကြသည်။
ပါဂျဲရို ကားတစ်စင်းက လဘက်ရည်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။
ကား ပေါ် မှ လူ (၃) ယောက် က ကျွန်တော်တို့ လက် ဘက် ရည် ၀ိုင်း သို့
ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာသည်။
" အောင်မြင် ပြည့်စုံ ဆိုတာ ဘယ်သူလဲ "
" ကျွန်တော်ပါ "
" အေး ဒါဆို မင်းကို သတိပေးမယ် မင်း ... ငါ့တူမနဲ့ လုံးဝ မပါတ်သက်ပါနဲ့ "
" ငါ တို့ သဘောမတူဘူး ... ဘာလို့ သဘောမတူတာလဲလို့လဲ မမေးနဲ့ "
" သဘော မတူချင်လို့ကို မတူတာကွာ . . ."
" ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း သိတယ်နော် ... "
" ပြီးတော့မှ ... ငါတို့ကို အဆိုး မဆိုနဲ့ ..."
" ဘာလဲကွာ နာမည်က အောင်မြင်ပြည့်စုံ ... ကုန်းကောက်စရာ မရှိပဲနဲ့များ "
သူတို့ ပြောချင်ရာကို ပြစ်တင်ပြောဆိုရင်း .....
ကျွန်တော်ကို ကြိမ်းမောင်း၍ ချက်ခြင်း ပြန်ထွက်သွားကြသည်။
ဘေးမှ လက်ဘက်ရည်ဝိုင်းများကလည်း သို့လော .. သို့လော ...
ကျွန်တော် ဘာပြောရမှန်းမသိ၍ ဘာမှ မပြောဖြစ်ခဲ့ပါ...
သူငယ်ချင်းများ အားလုံးကတော့ မကျေနပ်ကြပါ ...
ကျွန်တော်၏ မိသားစုတွင် သုံးယောက် ရှိသည် ။ အမေ၊ အမ နှင့် ကျွန် တော် ....
ကျွန်တော်က တက္ကသိုလ် ကျောင်းသား . . . အမ က အပျိုကြီး ... အမေက ဈေးရောင်း ...
အစ်မသည် ကျွန်တော်ကို ငှဲ့၍ ကျောင်းဆက် မတက်ခဲ့ခြင်း ဖြစ်သည် ။ အိမ်ထောင် ပြုရန်
အခွင့်အလမ်း ရှိခဲ့ပါလျှက် မိသားစုဘ၀အတွက် ငှဲ့ကွက်ကာ အပျိုကြီးဘ၀ နေခြင်း ဖြစ်သည်။
အမေသည် ဈေးရောင်း၍ ရသည့် ၀င်ငွေဖြင့် ကျွန်တော်တို့ မိသားစုဘ၀ကို ဖြေရှင်း ဖြတ်သန်းရသည်။
ကျွန်တော့တွင် သိပ်ချစ်ရတဲ့ ချစ်သူ ရှိသည်ဆိုသည်ကိုတော့ အမေ နှင့် အမကို အသိပေးထားပါသည်။
ရိုးသားစွာ ၀န်ခံရလျှင် . . . ကျွန်တော်သည် ဆင်းရဲသည့် မိသားစုဘ၀မှ ဖြစ်သည် ဆိုသော်ငြား
ကျွန် တော့် တွင် ကိုယ် ကျင့် တ ရား တွေ ၊ စာ ရိ တ္တတွေ တော့ မ ဆင်း ရဲ ပါ ။
ကျွန်တော်တို့ မိသားစုသည် ငွေ ကြေး မ ပြည့် စုံ ပေ မယ့် အေး ချမ်း တည် ငြိမ် သော
ပျော် ရွှင် စ ရာ ကောင်း သော မိ သား စု ဘ ၀ လေး ဖြစ် သည် ဟု ဆိုချင်ပါသည်။
ရှုပ်ထွေးသည့် အတွေးစိတ်များစွာကို ရင်ဝယ်ပိုက်လျှက် အိမ်သို့ ပြန်ခဲ့သည်။
အိမ်ရောက်ရောက်ချင်း ငိုထားသည့် အမေမျက်ဝန်း ကို တွေ့လိုက်ရသည်။
သုန်မှုန်နေသော အစ်မ ၏ မျက်နှာကို မြင်လိုက်သည်။
" သူ တို့ လာ သွား တယ် " ဟု အစ်မကပြောသည်။
" သူ တို့ စော် ကား သွား တယ် " ဟု အမေကပြောရင်း ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။
" ငါ့သား အ ဖေ သာရှိရင် ဒီလိုစော်ကားခံရမှာ မဟုတ်ဘူး " ဟုလည်းဆိုသည် ။
ကျွန်တော် စိတ်မကောင်းဖြစ်ရပါသည် ။ ကျွန်တော့ အတွက်နဲ့ အမေ မျက်ရည်ကျရပါသည် ။
စီးကျလာသည့် အမေ မျက်ရည်စများကို သုပ်ပေးရင်း ...
" သား ကတိပေးတယ် အမေ... အမေ ဘယ်တော့မှ အစော်ကားမခံစေရဘူး" ဟု ကတိပြုလိုက်ပါသည်။
ချစ်သူ၏ ရုပ်ပုံလွှာကို သတိရမိသည်။ စိတ်ရင်းအမှန်ပြောရလျှင် ချစ်သူကို စိတ်မဆိုးမိတာတော့
အမှန်ပါ ။ သို့သော် . . . မောက်မာလှသော ချစ်သူ ၏ အသိုင်း အ၀ိုင်းကိုတော့ စိတ်နာမိပါသည် ။
ကျွန်တော်နှင့် ချစ်သူသည် တစ်မြို့တည်းဖြစ်သော်လည်း (၁၀)တန်းကျောင်းသားဘ၀က မရင်းနှီးပါ။
တက္ကသိုလ်ရောက်မှ မေဂျာတူ အတန်းတူ တစ်မြို့တည်းသားများဖြစ်၍ ရင်းနှီးခွင့် ရ ခဲ့ ပါသည် ။
တကယ်တန်းပြောရလျှင် ချစ်သူသည် ငွေကြေးချမ်းသာသူဖြစ်သော်လည်း ငွေကြေးဂုဏ် မမောက် ၊
သဘောကောင်း၊ မနောကောင်း စိတ်ထားဖြူစင်၍လားတော့ မသိ ၊ ခင်ချင်စရာ ကောင်းသည် ။
ကျွန်တော် သည် ဘ၀သမားဖြစ်၍ အတန်းမပျက် ၊ စာမှန်မှန် ကျက်ခဲ့ပါသည်။ ငွေကြေး ပြည့်စုံမှု
ကျွန်တော် နောက်ဆုံးက ဖြစ်ချင် ဖြစ်ပါလိမ့်မည် ။ စာတွင်တော့ ကျွန်တော် ရှေ့ဆုံးက ဟု ပြောလျှင်
ရနိုင်ပါသည် ။ ချစ်သူ နားမလည်သည့် စာများကို ပြပေးရင်း ၊ ချစ်သူ ၏ လိုအပ်ချက်များကို ကူညီ
ပေးရင်း တစ်ယောက် နှင့် တစ်ယောက် စိတ်ဓာတ်ချင်း တူမျှ၍ ချစ်သူ ဘ၀ ရောက်ခဲ့ ကြပါသည် ။
သန့် ရှင်း ဖြူ စင် စွာ ချစ်ခဲ့ ကြ သည့် ချစ် သူ နှစ် ဦး ဖြစ် သည် ဟု ဆိုခဲ့လျှင် လွန်မည် မထင်ပါ ။
" သူ့မိဘတွေက တခြားတစ်ယောက်နဲ့ ပေးစားတော့မယ်တဲ့ ..."
" သူ့ကို ... မင်း ... ချစ်တယ် မဟုတ်လား"
" ဒီလောက်ဖြစ်လှတာ... ခိုးပြေးကွာ"
" ငါတို့ သူငယ်ချင်းတွေအားလုံး မင်းကို ကူမယ်ကွာ "
" ငါတို့ ရအောင် ဖန်တီးပေးမယ် "
" မိန်းကလေးသူငယ်ချင်းတွေကလည်း ကူမယ်လို့ပြောတယ်ကွ"
" မင်းဘယ်လိုလဲ "
" လုပ်လိုက်လေ ကြာသလားလို့ "
သူငယ်ချင်းများက ၀ိုင်းဝန်း အားပေးကြသည် ။ ကျွန်တော် အားတက်မိပါသည် ။
အရေးကြီးလျှင် သွေးစည်းကြသည့် ကျွန်တော်၏ သူငယ်ချင်များ အများအပြားရှိနေသည် ။
ဝမ်းသာလွန်း ၍ မျက်ရည်များပင် ကျမိပါသည်။
မခံချင်စိတ်ကြောင့်လား ... ဆုံးရှုံးမှာကို ကြောက်၍လား ... သိပ်ချစ်၍လားတော့ မသိ ...
" အေး... ခိုးပြေးမယ်ကွာ" ဟု သူငယ်ချင်းများနှင့် တိုင်ပင်ကြပါတော့သည်။ အစီအစဉ်များ ဆွဲကြပါတော့သည် ။
တစ်နေ့ . . . . သူငယ်ချင်များ အုပ်လိုက် အိမ်သို့ ရောက်လာကြသည်။
" ရှူး တိုးတိုး ဒီကနေ့မှ အမေ နှလုံးရောဂါ ပြန်ဖောက်နေတယ် ... မောနေတယ်ကွ"
" ဒါဆို မင်း ဘယ်လိုလုပ်မလဲ ... ငါတို့က စီစဉ်ပြီးသွားပြီ . . ."
" ဟင် ... ဟုတ်လား.. ဘယ်နေ့လဲ"
" မနက်ဖြန် မနက် (၄)နာရီ .... မြို့အရှေ့ထိပ်က ဘုရားကုန်းတော်"
" ဟာကွာ ငါ့တော့ ကြိုပြီး မတိုင်ပင်ဘူး"
" မင်းအဘလား .... မင်းကို ငါတို့ ကြိုပြောပြီးသားပဲ ..."
" ကောင်မလေးဘက်က ....ဒီလောက် ခက်ခဲနေတဲ့ ဥစ္စာ .."
" မင်းဘက်က အဆင်သင့် ဖြစ်ရမှာပေါ့..."
" မင်းက ever ပဲဟာ ... သူက ဂွင်လွတ်မှ ဆွဲစိလို့ ရမှာ ...နက်ဖြန် O.K ..."
" မင်း အစ်မကိုကော ပြောပြီးပြီလား"
" အေး ငါတော့ ကြိုပြောထားတာရှိတယ်"
" အစ်မက ဘာပြောလဲ "
" မင်း သေချာ စဉ်းစားပြီးမှ လုပ်လို့တော့ ပြောတယ် ..."
" မင်း အမေက နေသိပ်ကောင်းတာ မဟုတ်ဘူးနော် ... ဖြစ်ပါ့မလား ..."
ပလက်ကုထိုင်ပေါ်တွင် အသာအယာ မိန်းနေသော အမေမျက်နှာကို ကြည့်လိုက်ရင်း
" အမေက ဖြစ်နေကျပါကွာ .... တော်ကြာ သက်သာလာမှာပါ ....."
" အေး ဒါဆို နက်ဖြန် .. မနက် ... ငါတို့ လမ်းထိပ်ကစောင့်မယ် ... "
" မင်း (၃)နာရီထိုးရင် ထွက်ခဲ့ ..."
" ငါတို့ ပြန်တော့မယ် .... တော်ကြာ မင်းအမေ ရိပ်မိနေလိမ့်မယ် ...."
သူငယ်ချင်းများအားလုံးပြန်သွားတော့ ကျွန်တော့ရင်တွေ တုန်နေပါသည် ။
တကယ် ခိုးပြေးရမည်ဆိုတော့ ချေတုန်ချတုန် ဖြစ်မိသည်။ အမေ့ကိုလည်းချစ်သည်။
ချစ်သူကိုလည်းချစ်သည်။ ဘာမျှ စဉ်းစား၍ မရနိုင်လောက်အောင်ပင် ပူထူနေပါတော့သည် ။
အမေ ၏ ချောင်း ဟတ်သံကို ကြားလိုက်ရသည် ။ အမေ့နားစီသို့ ပြေးလွှားရင်း ...
" အမေ သား ဘာလုပ်ပေးရမလဲ အ မေ.... ဘာလိုချင်လဲ အမေ ..."
" သား သူငယ်ချင်းတွေ ပြန်သွားကြပြီလား"
" ဗျာ .. အမေ အိပ်နေတာ မဟုတ်ဘူးလား .."
အမေက ခေါင်းကို ခါရမ်းရင်း
" အမေ အိပ် မပျော်ပါဘူး သားရယ် ... ရင်ထဲက တင်းကြပ်နေတယ် .... ငါ့သား ..."
" အိမ်ထောင်တစ်ခု ပြုတယ်ဆိုတာ တာဝန်ယူမှု တစ်ခုပဲ ငါ့သား"
" ငါသားမှာက ဘာမှ အဆင့်သင့် မဖြစ်သေးဘူးလေ ... ပညာလည်း မစုံသေးဘူး .."
" ဥစ္စာလည်း မရှာနိုင်သေးဘူး .. ပြီးတော့ ကောင်မလေးရဲ့ အသိုင်းအ၀ိုင်း ..."
" ငယ်ငယ်ရွယ်ရွယ် ချစ်တာ တစ်ခုတည်းနဲ့ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ခဲ့ရင် ...."
" သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ခက်ခဲလိမ့်မယ်..ငါ့သား .. ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး ..."
" သား အသက် ငယ်ပါသေးတယ်ကွာ .... အချိန်တွေ အများကြီး ရှိပါသေးတယ် ..."
" ငါ့သား သူတို့လို အသိုင်းအ၀ိုင်းမျိုးကို ၀င်ဆန့်နိုင်အောင် ကြိုးစားပါ ... "
" ကြိုးစားမှု ၊ ရိုးသားမှု နဲ့ စိတ်စေတနာ မှန်ရင် တနေ့ ဖြစ်ရမှာပေါ့ကွာ ...."
" ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို စဉ်းစားပါ .. . ငါ့သား " ....ဟုပြောရင်း အမေ မျက်ရည်ကျနေသည်။
ရှည်လျား စို့နင့်သည့် အမေ ဆုံးမစကားကို နားထောင်ရင်း ကျွန်တော် တွေဝေနေမိပါသည် ။
ကျွန်တော် မျက်ဝန်းအိမ်မှ မျက်ရည်စများလည်း စီးကျလာပါသည် ။ အ မေ ကို ဘာ စ ကား မှပြန် မပြောပဲ
အမေ့မျက်နှာကို တစ်ချက်ငဲ့ကြည့်လိုက်ရင်း လှည့်ထွက်လိုက်သည်။
ကျွန်တော် ၏ အတွေး ပုံရိပ်များက ... ဗျာများနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
အမေ့မျက်ရည် ချစ်သူ၏ အပြုံး ကျွန်တော်၏ နှလုံးသား ..
တစ်ညလုံး အိပ် မ ပျော် ပဲ လူး လွန့် နေ သည်။ အတွေး အာရုံထဲ တွင်တော့ ...
အမေ့မျက်ရည် ချစ်သူ၏ အပြုံး ကျွန်တော်၏ နှလုံးသား ..အားပြိုင်နေပါသည် ။
လက်က လက်ပတ်နာရီကို ကြည့်လိုက်တော့ နံနက်(၃)နာရီထိုးပြီဖြစ်သည်။ အိပ်ယာထက်မှ လူးလွန့်ထလိုက်ပြီး
အိမ်ရှေ့ ၀န်းတံခါးသို့ ထွက်လိုက်သည်။ ၀န်းတံခါးဝ ရောက်မှ အမေ မျက်နှာကို မြင်လိုက်၍ အိမ်ထဲသို့ ပြန်လာ
မိသည်။ အိမ်ထဲရောက်ပြန်တော့လဲ ချစ်သူ၏ အပြုံးကို တွေ့ရပြန်သည် ။ ခေါက်တုပ် ခေါက်ပြန် နှင့် လူးလာ
ဆန်ခတ် လမ်းလျှောက်နေမိတော့သည် ။ ကျွန်တော်၏ နှလုံးသားသည်လည်း လူးလာဆန်ခတ်ဖြစ်နေပါသည်။
ဝန်းတံခါးဝတွင်ပင် ခြေပြစ်လက်ပြစ် ငုတ်တုတ်ထိုင်လိုက်မိသည်။ မည်မျှ ကြာသွားသည်ကိုတော့ မသိလိုက် ။
နံနက်(၄)နာရီ ထိုးတော့ သူငယ်ချင်းများ အိမ်ရှေ့သို့ ရောက်လာကြသည် ။
မစဉ်းစားပဲနှင့် ပြောလိုက်မိသည့်စကားလုံးများ ... နှုတ် မှ အလိုလို ထွက်သွားသည့် စကားလုံးများ ....
မျက်ရည်များ ကြားကပင် ကြေကွဲ စို့နင့် စွာ ပြောလိုက်မိပါသည် ။
ကျွန်တော်၏ နှလုံးသားတွင်တော့ အမေ မျက်နှာကို မြင်ယောင်နေသည်ကတော့ အမှန်....
" သူငယ်ချင်းတို့ အားလုံးကို ကျေးဇူးတင်တယ်ကွာ ... ငါ ရင်ဘတ်ထဲမှာ မင်းတို့ကို မှတ်တမ်းတင်ထားပါ့မယ်"
" ငါ့ကို တစ်ခုလောက်တော့ ထပ်ပြီး အကူအညီပေးကြပါကွာ ... ချစ်သူကို သူ့အိမ်ပြန်ပို့ ပေးလိုက်ကြပါတော့ကွာ "
သူငယ်ချင်းများ၏ မှင်သက်သော အကြည့် ၊ မကြည်သော အကြည့် ၊ မုန်းတီးသော အကြည့် ၊ ရွံမုန်းသောအကြည့်
စိမ်းကားသော အကြည့် ၊ အံ့သြသောအကြည့် ၊ တုန်လှုပ်သောအကြည့် ၊ တွေဝေသော အကြည့် များ စွာ နှင့် .....
အ မုန်း မျက် လုံး များ အောက် မှာ . . . .
" အ မေ့ မျက် ရည် ... ချစ် သူ အ ပြုံး .... ကြွေလွင့် နှလုံးသား နှင့် ကျွန်တော် ...."
မှန် သ လား .. မှား သ လား ...
ပြစ် တင် ပြော ဆို ကြ မယ် ဆို ရင် ဖြင့် .. ကျွန် တော့ ကို သာ ပြစ် တင် ပြော ဆို ကြ ဖို့ တောင်း ပန် ရင်း .....
ေ လး စား စွာ ဖြ င့် . . . . . .
( တကယ်လို့များ စာဖတ်သူသည် ကျွန်တော့နေရာမှာ ဆိုရင် ဘယ်လို ဆုံးဖြတ်မိမလဲ
သိချင် မိပါသည် )
**ကိုတင့်**
(မျှဝေပေးလိုက်ပါသည်)
--

No comments:
Post a Comment