**(နိုဝင်ဘာ ၂ ၊ မြတ်ညို-အလွတ်သတင်းထောက်)**
နေရပ်ပြန် မြန်မာ အလုပ်သမားများထံမှ ကြေးကောက်ခံနေသည့် BGFကိုးသုံးလုံးဂိတ်တွင် နေပြည်တော်မှ
အဖွဲ့ပေါင်းစုံ လာရောက် ရုံးထိုင်ပြီးနောက်ပိုင်း မဟာချိုင်ရဲနှင့်နယ်စပ်မှ ပွဲစားတို့က
တစ်ဂိတ်နှင့် သုညဂိတ်ကြားနေရာတွင် အချိန်ပြောင်းပြီး ငွေကြေး ကောက်ခံနေကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ရေဘေးသင့် ပြီး နေရပ်ရင်းသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား
BGFကိုးသုံးလုံးဂိတ်တွင် ဘတ်ငွေ နှစ်ထောင်ကျော်စီ ကောက်ခံနေသဖြင့် ပြည်ပသတင်း ဌာနအချို့နှင့် ကာယကရှင် အလုပ်သမားများတို့ တင်ပြချက်များကြောင့် အောက်တိုဘာလ နောက် ဆုံးအပတ်က နေပြည်တော်မှ အဖွဲ့ပေါင်းစုံတို့ လာရောက် ရှင်းလင်း လုပ်ကိုင်နေခြင်းဖြစ်သည်။
ယမန်နေ့ က မဟာချိုင် လူဝင်မှုကြီးကြပ်ရေး ရုံးက ထရပ်ကား၆စီးဖြင့် လူပေါင်း ၃၀၀ ကျော်တို့ကို
တင်ဆောင်ပြီး နယ်စပ်သို့ ပို့ ဆောင်ပေးခဲ့သည်။
နေရပ်ပြန်အလုပ်သမား မချိုက“ သမီးတို့က မဟာချိုင် အိုင်ဒီစီ ရုံးမှာ အဖမ်းစါရင်းပြပြီးဘတ်ငွေ ၂၂၀၀ ပေး
ရတယ်။ နယ်စပ်ကို ပို့တဲ့အခါ သမီးတို့ မဲဆောက်မြ၀တီ ချစ်ကြည်ရေးတံတား အောက်ကို နေ့လည်
၃နာရီလောက် ကတည်းက ရောက်ပေမယ့် မပို့ပဲ ထားတယ်။ ညနေ ၇နာရီထိုးခါနီးမှ မြန်မာပြည်ဘက်
ကိုပြန်ပို့တယ်။ ဒီမှာ တစ်ယောက်ကို ဘတ်ငွေ ၅၀၀စီပေးရတယ် ” ဟုပြောသည်။
နေရပ်ပြန် မြန်မာ အလုပ်သမားများအား ညနေ၆နာရီ နောက်ပိုင်း မြန်မာအရာရှိများ အိမ်သို့ပြန်ချိန် ကို ပို့
ဆောင်ပေးရန်အတွက် မဟာချိုင် အိုင်ဒီစီ ရုံးနှင့် မဲဆောက်မှ ကုလား- အာလီ(ခေါ်)မောင်မောင် က
မဟာချိုင်ရဲနှင့် BGFဘက်အခြမ်းတို့ ပူးပေါင်း စီစဉ်ကြခြင်း ဖြစ်ကြောင်း ယမန်နေ့က ပြန်ဆင်း
သွားသည့် မြ၀တီမှ ကိုမောင်လုံး က ပြောသည်။
မဟာချိုင်မှ ပြန်နေကြသည့် မြန်မာ အလုပ်သမားများအား သုညဂိတ်နှင့် တစ် ဂိတ်တို့အကြားသို့
ပို့ ဆောင်စေလျှက် BGFဂိတ် နှင့်ပတ်ဝန်းကျင်တို့တွင် လှုပ်ရှားသော မွန်အမျိုးသမီး မမော်ဆန်းနှင့် မယဉ်အေးတို့က ငွေကြေးကောက်ခံ နေကြောင်း သူက ဆက်ပြောပြသည်။
ယနေ့တွင်လည်း မဟာချိုင် အိုင်ဒီစီ (လူဝင်မှုကြီးကြပ်ရေးရုံး)မှ ကား၆စီ မြ၀တီ မဲဆောက် နယ်စပ်
သို့ရောက်ရှိမည်ဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်နေ့ ညနေက BGFကိုးသုံးလုံးဂိတ်သို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမား ၅၀၀
ကျော် တို့အား နယ်ခြားစောင့်တပ် တံဆိပ် တပ်ဆင်ထားသူများက
နေရပ်ပြန် အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၂၅၀၀ စီကောက်ခံခဲ့ကြောင်း မြ၀တီမြို့က ကိုမောင်ကပြောသည်။
ထိုအထဲ ငွေပေးနိုင်သူ ၃၀၀ ကျော်ခန့် တို့ ဂိတ်ထဲမှ ထွက်ခွာနိုင်ခဲ့သော်လည်း လူတစ်ရာကျော်မှာ
ငွေမတတ်နိုင်သဖြင့် သံဇကာခြံဝင်းအထဲနေရသည်။ ယမန်နေ့ နံနက်ပိုင်းက ထိုင်းဘက် မှပြန်လာသည့် နောက်ထပ် လူပေါင်းသုံးရာကျော်ရောက်ရှိလာခဲ့သည်။ ထိုစဉ် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (BAT )သို့ ဆက်သွယ် အကူအညီတောင်းခံလာခဲ့သည်။
“ ရေကြီးလို့ ဘန်ကောက်က ပြန်လာတာ ဒီရောက်တော့ ဘတ်၂၅၀၀ ပေးရမယ်တဲ့၊ မပေးနိုင်လို့ကျနော်တို့ကို
မြ၀တီမြို့အတွက် သံတံတား အနီးက ဖါးခြောက်ကောင် ဘုန်းတော်ကြီးကျောင်းကို ရောက်သွားတယ်။ BAT ကို အကူညီတောင်းတယ်၊ ကံကောင်းလို့ မြန်မာအရာရှိ တွေလာပြောလို့
ငွေမပေးပဲ အိမ်ကိုလာခဲ့ရတာ’’ ဟု ကိုမောင်က ပြောသည်။
BAT အဖွဲ့ ကလည်းချက်ခြင်း နယ်စပ်အခြေစိုက် မြန်မာအရာရှိ တစ်ဦးအား ဆက်သွယ် အကူအညီတောင်း
ခံခဲ့သည်။
နယ်စပ်အခြေစိုက် မြန်မာ အရာရှိကလည်း တိကျသော သတင်း အချက်အလက်များကို ပေးပို့ကြလျှက်
မြန်မာ အလုပ်သမား အကျိုးအတွက်ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း၊ ချက်ခြင်း အရေးယူ ဆောင်
ရွက်ပေးနေကြောင်း ပြောသည်။
သို့ရာတွင် အမိမြေ ရောက်ပြီးမှ မဟာချိုင်ရဲနှင့် နယ်စပ်ပွဲစားများ လှည့်စားမှုများအား မြန်မာနယ်စပ် အရာရှိများ လိုက်မမီသေးဟု ယူဆကြောင်း နေရပ်ပြန် အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားသိန်းချီပြန်သွားခဲ့ပြီးဖြစ်သဖြင့် ရေပြန်ကျပြီးနောက်ပိုင်း
ထိုင်းနိုင်ငံတွင် အလုပ်သမားလိုအပ်ချက် ရှိမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

No comments:
Post a Comment