Photo: Myat Shu's Collection
တစ်လောက စမ်းချောင်းမှာ မိတ်ဆွေစာရေးဆရာ တစ်ယောက်ရဲ့အိမ်ကို ရောက်ခဲ့တယ်။ သူဟာ စာရေးခြင်းဖြင့်သာလျှင် အသက်မွေးသူတစ်ယောက် ဖြေပေမယ့် ကြိုးစားမှု အ၀၀ကြောင့် တိုက်ကလေးတစ်လုံး ဆောက်ပြီး နေနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ဆိုတာကတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ရှုမ၀မှာ စာရေးကြကတည်းက ခင်မင်ခဲ့ကြသူများပါ။ ကျွန်တော် မဂ္ဂဇင်းပိုင်ရှင်၊ အယ်ဒီတာ တစ်ယောက် ဖြစ်လာတော့လည်း ကျွန်တော့် မဂ္ဂဇင်းမှာ ယနေ့အထိ ကလောင်အမည် အမျိုးမျိုးနဲ့ စာမူများ ရေးပေးနေဆဲပါပဲ။ အဲဒီတော့ အချိန်အားရရင် ရသလို သူ့ဆီကိုယ်ရောက်၊ ကိုယ့်ဆီ သူရောက်ပေါ့။ ရောက်တော့လည်း စကားလမ်းသင့်ရာ စကားတွေ ဖောင်ဖွဲ့တတ်ကြပါတယ်။ ကျွန်တော်တို့ ပြောတဲ့ အကြောင်းအရာတွေကလည်း တော်တော်များများ တူတတ်ပါတယ်။ အများအားဖြင့်တော့ စာပေရေးရာပါပဲ။ တစ်ခါတစ်လေမှ ဂီတတို့၊ ရုပ်ရှင်တို့အကြောင်းတွေ ပြောဖြစ်ကြတယ်။ ကိုယ်ရေးကိုယ်တာ ဗြုတ်စဗြင်းတောင်းကလေးတွေလည်း ပါသပေါ့လေ။
ဒီတစ်ခါတော့ ရောက်ရောက်ချင်း သူက ကျွန်တော့် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ စကားတံတား ခင်းတယ်။
“ခင်ဗျား ရှစ်မိုင်မှာ အိမ်ငှားနေတော့မယ်ဆို”
ကျွန်တော် အံ့အားသင့်သွားပြီး ဘယ်က ကြားလာပြန်တာတုန်းလို့ မေးလိုက်မိတယ်။
“ကျွန်တော့်သားက အိမ်ရှင့်သားနဲ့ ရင်းနှီးသတဲ့ဗျ။ စပေါ်က တစ်သိန်း၊ အိမ်လခက တစ်ထောင့်ငါးရာတဲ့”
ကျွန်တော်က ရယ်လိုက်ပြီး…
“စကားတွေကလဲ တယ်မြန်သကိုးဗျ၊ ၀င်းကလေး ခြံကလေးနဲ့ နေချင်စိတ်ပေါက်လာတာနဲ့ ဟိုမေးသည်မေး လုပ်မိတာပါဗျာ။ သူပြောတဲ့ စပေါ်လည်း မပေးနိုင်ပါဘူး။ သူတောင်းတဲ့ အိမ်လခလည်း မတတ်နိုင်ပါဘူး” လို့ အမှန်တရားကို ပြန်ပြောလိုက်ရတယ်။
“တစ်ချိန်လုံး ဘားလမ်းက ထပ်ခိုးမှာ နေခဲ့ပြီးမှ ဘယ်လိုက ဘယ်လို စိတ်ကူးပေါ်လာပြန်တာလဲဗျ”
“ဒီလိုလေ။ အများသိကြတဲ့အတိုင်း ကင်ဆာဝေဒနာကြောင့် မကြာသေးမီကမှ ကျွန်တော် အင်္ဂလန်ကို သွားကုခဲ့တယ်။ ပြန်လာတော့ ပုံနှိပ်စက်တည်ရာအခန်းက ထပ်ခိုးကလေးပေါ်မှာ နေရတာဟာ လက်ရှိ ကျန်းမာရေးနဲ့ မညီညွတ်လှဘူးလို့ ထင်လာတယ်။ ခက်တာက ကျွန်တော့်မှာ တခြားတိုက်ခန်းလည်း မရှိ။ တိုက်တို့ အိမ်တို့လည်း နတ္ထိ၊ မြေကလေး တစ်ပဲတစ်မူးလောက်တောင်မှ ပြည့်အောင်မပိုင်တဲ့လူ မဟုတ်လား။ အဲဒီတော့ မြို့နဲ့ခပ်ဝေးဝေး နေရာမှာ အိမ်ကလေး ခြံကလေး ငှားနေမယ် စိတ်ကူးမိတာပေါ့ဗျာ။ ဒါပေမယ့် မဖြစ်ပါဘူးဗျာ။ သူတို့တောင်းတဲ့ ဈေးပေးပြီး နေနိုင်တဲ့အား ကျွန်တော့်မှာ မရှိပါဘူး”
ကျွန်တော်က ဟုတ်တိုင်းမှန်ရာ ရယ်ကျဲကျဲနဲ့ ပြောတော့ မိတ်ဆွေစာရေးဆရာက ပြုံးပါတယ်။ သူက ကျွန်တော်ရဲ့ လက်ရှိ ဖြစ်ပေါ်ရပ်တည်နေတဲ့ ဘ၀အခြေအနေကို အတွင်းသိ အပြင်သိ ဖြစ်နေတာကိုး…..။
(၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ ဆေးရုံမတက်မီ ဆရာ “၀င်းဦး” နောက်ဆုံးရေးသားခဲ့သည့် အဆုံးမသတ်ရသေးသော စာမူဖြစ်သည်။ မျက်ရှုမှ ၀င်းဦး ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့်တွင် သူ၏ အနုပညာကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
http://www.myatshu.com/?p=2859

No comments:
Post a Comment