“(၁၉၂၀)ခုနှစ် ကျောင်းသားများနဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကြောင့် ပြည်သူတစ်ရပ်လုံး ပိုပြီး နိုးကြားတက်ကြွလာတယ်လို့ ဆိုရပါမယ်။ ဆရာကြီးဦးရာဇတ်က အဲ့ဒီခေတ်က ကောလိပ်ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဗဟိုအမျိုးသားအထက်တန်းကျောင်းကို ထောင်ကာ ပညာသင်ကြားရေး အဆင့်အတန်း မနိမ့်အောင်လုံးပမ်းရတာ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ကျောင်းသားတွေ မွေးထုတ်ဖို့ လုံ့လစိုက်တာတွေကလည်း အခုပြန်ကြည့်ရင် လွယ်မလိုလိုရှိပေမယ့် တကယ်ကတော့ အဲ့ဒီခေတ်မှာ မလွယ်ဘူး။ နည်းနည်းမှမလွယ်ဘူး”
စာရေးဆရာကြီး လူထုဦးလှ
ဆရာကြီးကျတော့ အမြဲလိုပြုံးနေတယ်။ အလုပ်ကျတော့ အတင်းအကျပ် အလုပ်ခိုင်းတဲ့ သဘောမျိုးမရှိဘူး။ အလွန်ကြည်ညိုဖို့ကောင်းတယ်။ ချစ်စရာလည်းကောင်းတယ်။ သူများလုပ်ထားပြီးတဲ့ အလုပ်ပေါ်မှာ နှမ်းဖြူးတဲ့အလုပ်မျိုး မလုပ်တက်ဘူး။ ပညာရေးဘက်က လာပြန်တယ်ဆိုတော့ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်စရာအကြံအစည်တွေ သူ့မှာ အများကြီးရှိမှာပဲ။ အဖိုးမဖြတ်နိုင်တဲ့ အဲ့ဒီအကြံအစည်တွေဟာ သူကျရှုံးတာနဲ့ တပါတည်း မြေမြုပ်သင်္ဂြိုလ်ခံရလို့ တိုင်းပြည်အတွက် အများကြီး ထိခိုက်နစ်နာပါတယ်။ အလွန်နှမြောစရာကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။ (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန အတွင်းဝန်ဟောင်း အိုင်၊စီ၊အက် ဦးစောဟန်)
ဆရာကြီးဦးရာဇတ်ဟာ တကယ်အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဘယ်တော့မှ နှမ်းဖြူးချင်တဲ့သဘောထားမျိုး မရှိခဲ့ဘူး။ ဘယ်တော့မှ နှမ်းဖြူးတဲ့ လုပ်ငန်းမျိုးကို လုပ်လာတာလည်း မတွေ့ခဲ့ဘူးပါဘူး။
သူ့ဗဟိုအမျိုးသားအထက်တန်းကျောင်းက စတင်မျိုးစေ့ချခဲ့တဲ့ ကောင်းမြတ်တဲ့အမွေကို ဒီတက္ကသိုလ် ကြီးက ဆက်ခံသွားစေချင်တဲ့ သဘောမျိုးရှိခဲ့ပါတယ်။ မန်းတက္ကသိုလ်ကြီးက ဗဟိုအမျိုးသား အထက်တန်း ကျောင်းနဲ့ တစ်ပုံစံတည်းဖြစ်လာပြီး အမျိုးအတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့၊ အနစ်နာခံဖို့၊ ကိုယ်ကျိုးစွန့်ဖို့ သွန်သင်ပေးတဲ့ တက္ကသိုလ်ဖြစ်စေချင်တယ်။ ကုန်ကုန်ပြောမယ်၊ မန္တလေးတက္ကသိုလ်မှာ လက်ဝှေ့ကို အားပေးတယ်။ လက်ဝှေ့ပြိုင်ပွဲတွေလုပ်ပေးတယ်ဆိုတာ အမှန်ပြောရရင် မန္တလေးဗဟို အမျိုးသားကျောင်းရဲ့ အမွေတစ်ခုကို လက်တွေ့ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်ကို ဖော်ထုတ်လိုက်တာဟာ ဘီအေ၊ ဘီအက်စ်စီတွေ ဖြစ်ဖို့သက်သက် မဟုတ်ဘူး။ ဗဟိုအမျိုးသားကျောင်းတွေရဲ့ ကောင်းမြတ်တဲ့အစဉ်အလာတွေ ဆက်ခံစေဖို့၊ ပြီးတော့ တိုင်းပြည်တာဝန် တွေကို သစ္စာရှိရှိ ကိုယ်ကျိုးမဖက် ကျိုးကျိုးနွံနွံ ထမ်းဆောင်သွားနိုင်မယ့် တကယ့်လူရည်ချွန်တွေ ဖြစ်လာဖို့လဲ ဆရာကြီးဦးရာဇတ်မှာ ရည်ရွယ်ချက်တွေရှိခဲ့ပါတယ်။ (မန္တလေးတက္ကသိုလ် ကျောင်းအုပ်ဟောင်းကြီး ဦးကိုလေး)

သပိတ်မှောက်တဲ့နှစ်(၁၉၂၀)ကစပြီး နေရှင်နယ် ကျောင်းဆရာလုပ်တဲ့ သူ့ဇွဲကို အရင်ဆုံး ချီးကျူးပါတယ်။ လူငယ်တွေ ဇာတိသွေးဇာတိမာန် တက်ကြွဖို့၊ အမျိုးကို အသက်ထက်တန်ဘိုးထားပြီး ချစ်မြတ်နိုးဖို့ ၊ နိုင်ငံအတွက် အသေခံချင်အောင် ကျွန်မခံချင်တဲ့စိတ်မွေးဖို့၊ ရင့်သန်ဖို့ဆိုတာ တဖွဖွပြောလာတဲ့ သူ့အသံကို ယခုတိုင် ကျွန်တော်ကြားယောင်နေပါသေးတယ်။ ကျောင်းတုန်းက ကျွန်တော့်ကို အလွတ်ရအောင် ကျက်ခိုင်းတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ်ကို ပိုပြီးသတိရမိပါတယ်။ ကဗျာရဲ့နာမည်တော့ မေ့သွားပြီ။ မူရင်းအတိုင်းကတော့ -
Breathes be the man
With soul so dead,
To never himselfhath said th,
This is my own
My native land –
ဒါတို့ပြည်၊ ဒါတို့မြေတို့ မဆိုတဲ့သူဟာအသက်ရှင်လျှက် ၀ိညာဉ်မဲ့နေတဲ့သူလို၊ အသက်ရှင်နေပေမယ့် သေနေတဲ့သူလို ဘာမှ အသုံးမကျတဲ့အကြောင်း ဆရာကြီးက ရှင်းပြခဲ့တာ ကျွန်တော်တို့အသည်းမှာ စွဲသွားစေပါတယ်။ ဒါကြောင့်မို့ သူ့တပည့်တွေက ဘယ်အလုပ်ပဲလုပ်လုပ် တိုင်းပြည်နဲ့ လူမျိုးကို သစ္စာရှိတာချည်းပဲ။

ကျွန်တော့်စိတ်အထင်ကတော့ ဒီခေတ်စကားနဲ့ပြောရရင် တိုးတက်တဲ့အတွေးအခေါ် အယူအဆတွေ ဆရာကြီးမှာ ကိန်းအောင်းနေတယ်လို့ ယူဆမိပါတယ်။ ခေတ်နဲ့မှီအောင် စာဖတ်ဖို့ အမြဲတိုက်တွန်းခဲ့တယ်။ အားပေးခဲ့တယ်။ စာအုပ်များများဖတ်လေ သူကြိုက်လေပဲ။ စစ်ပြီးခေတ်(၁၉၄၅)ခုနှစ်အလွန်ပေါ့၊ ဆရာကြီးက မန္တလေး ဖ.ဆ.ပ.လ ဥက္ကဌလုပ်နေတဲ့အချိန်မှာ သူ့တပည့်တွေထဲက ရဲဘော်ခေါင်းဆောင်တွေလည်းရှိ၊ အလံနီ ခေါင်းဆောင်တွေလည်းရှိ၊ အလံဖြူ ခေါင်းဆောင်တွေလည်းရှိတယ်၊ ဆိုရှယ်လစ်ထဲမှာလည်းရှိတယ်။ တစ်ခါတလေ ကျွန်တော်တို့အချင်း အယူအဆချင်း မတူကြတော့ ငြင်းခုန်ကြ၊ တစ်ဦးနဲ့တစ်ဦး အပြစ်ပြောမိကြတယ်။
ဒါနဲ့ကျွန်တော်က တစ်ရက်မှာ ဆရာကြီးဆီရောက်ရင်း ဒီအကြောင်းကို ပြောပြတော့ “မင်းသူတို့ကို ဘာမှ ဝေဖန်မနေနဲ့၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်အမြင်နဲ့တော့ ကိုယ်လုပ်တာပြောတာ မှန်တယ်လို့ ထင်တာချည်းပဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာ စာဖတ်နိုင်မှ၊ လေ့လာနိုင်မှ၊ ကျင့်ကြံနိုင်မှဖြစ်တာ၊ မတောက်တခေါက်လေးနဲ့ လျှောက်အော်နေလို့ ဖြစ်တာမဟုတ်ဘူး။ ကိုယ်က အဘက်ဘက်က အရည်အချင်းပြည့်မှီနေမှ အများရဲ့ အကျိုးကို ပိုလုပ်နိုင်မှာပေါ့။ အဲဒီတော့ ဘယ်သူ့မှ အပြစ်ရှာပြီးပြောမနေနဲ့ ကြားလား”ဆိုတဲ့ ဆရာကြီးရဲ့ ဆုံးမစကားကို ပြန်ပြီးကြားယောင်မိပါသေးတယ်။
(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီး၏ အတွင်းရေး အတွင်းဝန်ဟောင်း ဦးချစ်ဆွေ)
ဆရာကြီးဦးရာဇတ်ကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ခင်နှင့် သားနှစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့လေသည်။
XXXXXXXXXXXXXXXXXXXXXXXXXXXX
**မြောင်းမြမြင့်ဝေ**
(၁၉၈၈ခုနှစ်၊ မေလထုတ်၊ “ဆရာစံ၏ ဂဠုန်တပ်သားကြီး ဦးဒူးဒူးနှင့် လပြည့်ဝန်း” မဂ္ဂဇင်းမှ)

No comments:
Post a Comment