မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် အဓိကအပြောင်းအလဲသည် ပြည်တွင်းမှာသာရှိပြီး လူထုအင်အားသည် အခရာဖြစ်ပေသည် ။ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ အနုပညာရှင် ကိုဇာဂနာ၊ ကိုကျော်သူ တို့အပါအ၀င် ဒေါ်နော်အုန်းလှ နှင့် မစုစုနွေးလို နိုင်ငံရေးတက်ကြွသူမျာ့း၏ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး လူမှုရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေမှုများက အားရကျေနပ်စရာကောင်းလှပါသည် ။ပြည်တွင်း ပြည်ပမှ တိုင်းချစ်ပြည်ချစ်စိတ် ရှိသော မြန်မာပြည်သူပြည်သား အားလုံးမှ ပြည်တွင်းအင်အားစုများကို တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်းပံ့ပိုးပြီး ညီညွတ်ရေးတည်ဆောက်ကြရမည်ဖြစ်သည် ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများသည် တိကျသော မဟာမိတ်မူနှင့် အချင်းချင်းလက်တွဲကြရမည်ဖြစ်သည်။ အဖွဲ့စွဲ ၊ ၀ါဒစွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ကင်းစင်ပြီး လက်ရှိအစိုးရကို အမှန်တစ်ကယ် ပြုပြင်ပြောင်းလဲဖို့ ပြည်တွင်း ပြည်ပ လူထုအင်အားနဲ့ ဖိအားပေးရဦးမှာဖြစ်ပါသည် ။ နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် အတိအကျ ပြောင်းလဲမည်ဟု စောဒက တက်နိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံမှ လူထုအပေါ် မတရားဥပဒေများအား လူထုအားဖြင့် ပြင်ဆင်ရမည်ကို မမေ့သင့်ပေ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ သုံးသပ်ပြောဆိုသလို လတ်တလောဖြစ်ပေါ်နေသော အပြောင်းအလဲ အဖြစ်အပျက်များသည် သူ့အလိုလို ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ ( ၂၃ )နှစ်ကျော်ဖြတ်သန်းခဲ့သော ဘ၀အသက် ပေါင်းများစွာ ၏ ပေးဆပ်စွန့်လွှတ်မှုများကြောင့်ဖြစ်ပါသည် ။ဗိုလ်ချုပ်အောင်ဆန်းပြောသလို လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးတက်လှမ်းမည့် အပြုအမူများကို သတိကြီးစွာ ရှောင်ကျဉ်ရပေမည် ။
လက်ရှိအစိုးရအနေဖြင့် ၂၀၁၂ ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီး အတိုက်အခံအင်အားစုကြား၌ ရွေးကောက်ပွဲဝင်မည့်သူနှင့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်သူများကြား အကွဲအပြဲဖန်တီးခြင်းအပြင် ပါတီစွဲများ ဖြစ်ပေါ်စေရန်ဖန်တီးခြင်းလား၊ တခြားတစ်ဖက်တွင်လည်း စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို ဖန်တီးခြင်းထက် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများကြား အုပ်စုကွဲများဖြစ်စေရန်ဖန်တီးခြင်းလား ၊စစ်အုပ်စု၏ အတိုက်အခံ အင်အားစုများကြားတွင် အတိတ်မှသပ်လျှိုဖြိုခွဲမှုများက ကျနော့်အား ယခုအတွေးကို ဖြစ်ပေါ်စေပါသည် ။
ယခု အဖြစ်အပျက်များသည် ၁၉၈၈ စက်တင်ဘာကာလ စစ်တပ်မှ အာဏာမသိမ်းခင် အဖြစ်အပျက်များနှင့် ခပ်ဆင်ဆင်တူသလို ၁၉၉၀ ရွေးကောက်ပွဲကာလ အဖြစ်အပျက်များနှင့်လည်း အထိုက်အလျောက် အသွင်တူနေသည်ကို တွေ့ရပါသည် ။လွတ်လပ်မှုကို အတိုင်းအတာတစ်ခုထိ ဖွင့်ပေးပြီး အတိုက်အခံအင်အားစုများ၏ မညီညွတ်မှုကို အခွင့်ကောင်းယူကာ နောက်တစ်ကြိမ် စစ်တပ်မှ အာဏာမသိမ်းနိုင်ဘူးဟု အိုဘားမားအပါအ၀င် ဘယ်သူမှ တပ်အပ်မပြောနိုင်ပါ ။ အခုလို သုံးသပ်မှုသည် ကြောက်ရွံ့ တုန်လှုပ်စရာ မလိုပေမဲ့ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ရန် သတိဆိုတာ ပိုသည်မရှိပါ ။ မုန်တိုင်းမလာခင် တည်ငြိမ်မှုမျိုး အတိတ်မှာ ကျနော်တို့ ဖြတ်သန်း တွေ့ကြုံခဲ့ဖူးသည် ။ ယခုလို ပြန်ပြောင်း ပြောဆို သုံးသပ်ရသည်မှာ မျိုးဆက်သစ်လူငယ်များမှ အတိတ်သမိုင်းကို သိရှိကာ ဆင်ခြင်မှု အသိတရားရနိုင်ရန်ဖြစ်ပါသည် ။
**အဖွဲ့စွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ပြင်းထန်ခဲ့သော အတိတ်**
မြန်မာပြည်၏ အမြို့မြို့ အနယ်နယ်တွင် ( ၈.၈.၈.၈ )လူထုအုံကြွမှုကြီးကို စစ်တပ်မှအကြမ်းဖက် ပစ်ခတ်နှိမ်နှင်းခဲ့သော်လည်း တတိုင်းပြည်လုံး အတိုင်းအတာဖြင့် လူထု၏ညီညွတ်မှုအားနှင့် နေ့စဉ်ဆန္ဒပြပွဲများကို ဆင်နွှဲခဲ့ရာ နောက်ဆုံး၌ ဦးနေ၀င်း ၊ ဦးစိန်လွင် ၊ ဦးမောင်မောင် သမတ္တ ( ၃ )ဆက်တို့ တရားဝင်နှုတ်ထွက်ပြီး လူထုမှ အောင်ပွဲခံ ခဲ့ပေသည် ။ထိုအချိန်တွင် အရေးအခင်းကာလ မြို့ပေါ်၌ ကင်းချထားသော စစ်တပ်များသည်လည်း မြို့ပေါ်မှ ပျောက်ချင်းမလှ ပျောက်သွားပြီး ကိုယ့်မြို့ကိုယ့်ရပ်ကွက် ကိုယ့်လမ်း လုံခြုံရေးကို ပြည်သူလူထုမှ ကိုယ့်ဖာသာ တာဝန်ယူနေရချိန်လည်း ဖြစ်သည် ။ ကျနော်တို့သည် စစ်တပ်၏လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး စစ်အာဏာသိမ်းနိုင်ကြောင်း အခုလို ကောလဟာလများ အထူးရေပမ်းစားနေခဲ့ချိန်လည်းဖြစ်သည် ။
ကျနော်တို့သည်လည်း အနာဂတ်နိုင်ငံရေးကို မည်သို့ ဆောင်ရွက်ရမည်ကို နိုင်ငံရေးသမားဟောင်းများနှင့်တိုင်ပင်ရသလို ( ၈.၈.၈၈ ) လုပ်ဖော်ကိုင်ဖက်များဖြင့်ဆွေးနွေးရသည်လည်းရှိသည် ။ကျနော်တို့ ပုသိမ်မြို့တွင် အရေးအခင်း ကာလ၌သပိတ်စခန်းဖွင့်ထားပြီး တက်ကြွသော ကျောင်းသား လူငယ်များ သပိတ်စခန်းတွင် အတူနေထိုင်နေချိန်လည်းဖြစ်သည် ။
( ၂၆ ) နှစ်ကြာ မဆလ တစ်ပါတီ စနစ်အောက်တွင် နား မျက်စိ ပိတ်ခံထားရသဖြင့် အခုလို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားနေမှုများသည် ကျေနပ်ဖွယ်ရာဖြစ်သည် ။ ကျနော်တို့မြို့နယ်တွင်လည်း အရေးအခင်းကာလ တွင် တက်ကြွစွာလှုပ်ရှားခဲ့သူများ စုစည်းပြီး ဧရာဝတီတိုင်းမျိုးချစ်လူငယ်များ တပ်ဦးအဖွဲ့ချုပ်ကို တည်ထောင်ပြီးကာစဖြစ်သည် ။ အသင်းတစ်ခုတည်ထောင်ဖွဲ့စည်းလျှင် အားလုံးပါဝင်နိုင်သော ခေါင်းစည်းဖြစ်ရေးသည် လွန်စွာမှ အရေးကြီးကြောင်း ယင်းအခါမှ သိရှိလာရသည် ။ ထိုအချိန်က ကျောင်းသား သမဂ္ဂလည်းမရှိသေးသဖြင့် ကျောင်းသား ၊ အလုပ်သမား ၊ လယ်သမား အရပ်သား လူငယ်အားလုံးပါဝင် နိုင်သော ဧရာဝတီတိုင်းမျိုးချစ်လူငယ်များ တပ်ဦးအဖွဲ့ချုပ်ကို အများဆန္ဒနှင့်အညီ ဖွဲ့စည်းခဲ့သည်လည်းဖြစ်သည် ။
ထိုအခါ အဖွဲ့ဝင်လုပ်မည့်သူများ ပေါ်ပေါက်လာပေရာ လူထုကိုစည်းရုံးသိမ်းသွင်းမှုသည် အထူးလိုအပ်ပါသည် ။ အဖွဲ့ဝင်လာလျှောက်သူများတွင် လူထုလူတန်းစားပေါင်းစုံမှ ဖြစ်ပေရာ ယခင် မဆလပါတီဝင်များ ၊ အစိုးရ၀န်ထမ်းများ ၊ ကျောင်းသားလူငယ်များ အပါအ၀င် အရပ်သားလူငယ်များ ပါဝင်ပါသည် ။ ထိုအခါ၌ ကျနော်တို့အနေဖြင့် တစ်စုံယောက်အား (၈.၈.၈၈) အရေးအခင်းကာလ သေနတ်များပစ်နေစဉ် သူတို့ ပါဝင်လှုပ်ရှားမှုမရှိပဲ အခုမှ ဘာလာလုပ်သလဲဟုပြောဆိုပိုင်ခွင့်မရှိပါ ၊ ရန်သူ မိတ်ဆွေ မခွဲခြားပဲ လူကို တိုက်နေတာမဟုတ်ဘူး မဆလ လမ်းစဉ် မူကိုတိုက်နေတာဖြစ်ခြင်းကြောင့် အားလုံးကို သဘောထားကြီးစွာထားပြီးစည်းရုံးရပါသည် ။ ထိုအချိန်၌ ( ၈.၈.၈၈ ) အရေးအခင်းကာလတွင် အသက်အသေခံကာ ဦးဆောင်သူများဖြင့် ဖွဲ့စည်းခဲ့သဖြင့် စည်းလုံးညီညွတ်မှုရှိခဲ့ပါသည် ။ ထိုအချိန်က ကျနော်သည် အဖွဲ့အစည်း၏ စည်းရုံးရေးတာဝန်ခံ အဖြစ် မြို့ပေါ်တရားဟောပွဲများကို လိုက်လံဟောပြောခဲ့ရသည် ။မှတ်မှတ်ရရ ပုသိမ်မြို့ပေါ်တရားပွဲများတွင် ၁၉၇၆ မှိုင်းရာပြည့်၌ ခေါင်းဆောင်ကာ ပါဝင်လှုပ်ရှားခဲ့သော ကိုအောင်စောဦးကိုလည်း ထောင်ဝတ်စုံဖြူကို ၀တ်ပြီးတရားဟောသည်ကို မကြာမကြာတွေ့ခဲ့ရသည် ။
ထို့နောက် ကျနော်တို့သည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ အစည်းအဝေးလုပ်မည်ကို သိရှိပြီး ပုသိမ်မြို့နယ်ကိုယ်စား တက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည် ။ အာအိုင်တီ တွင်ဖြစ်ပွားခဲ့သော ဖုန်းမော်အရေးအခင်းတွင် တက်ကြွစွာ လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသော ကိုထွန်းဝင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တက္ကသိုလ် မန္တလေးဆောင် ၊ အမရဆောင်များသို့ရောက်ခဲ့သည် ။ မှတ်မှတ်ရရ ဆိုရလျှင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းသည့်နေ့ ၁၉၈၈ သြဂုတ်လ ( ၂၈ )နေ့ဖြစ်မည်ထင်သည် ။တက္ကသိုလ် ၀န်းကျင်တွင် ကျောင်းသားအများစုသည် တက်ကြွသော စိတ်ဓာတ်များဖြင့် အသင်းအဖွဲ့များအတွက်အစည်းအဝေးလုပ်နေသူများရှိသလို သမဂ္ဂအဖွဲ့ဝင်ရန်စည်းရုံးလှုပ်ရှားနေသည်ကိုလည်း တွေ့ရှိခဲ့ရသည် ။
သို့သော် ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ရကသ ( ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ မကသ ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ၊ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ ကျောင်းသားသမဂ္ဂများမှိုလို ပေါက်နေသည်ကိုတွေ့ရပါသည် ။ ကျနော်တို့ ( ၄ ) ယောက် ( ကျနော် ၊ ကိုထွန်းဝင်း ၊ ရဲဌေး( ညီနိုင် ) ၊ ချိုတူး ( ဆောင်းယွန်းလ ) သည် ထိုအချိန်က လက်နက်ကိုင်တော်လှန်ရေးအတွက်တောခို ရန် အဆက်အသွယ် ရရှိပြီးဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ်ရှိ ဗကသ ညီလာခံသို့ ခဏ တဖြုတ်ဝင်ရောက် လေ့လာခြင်းဖြစ်သည် ။ သို့သော် တခြားတဖက်တွင်လည်း မိမိတို့ တောခိုမည့်အရေးကို မည်သူမှ မသိအောင် လျှို့ဝှက်နေရချိန်လည်းဖြစ်သည် ။ထို့ကြောင့် တောခိုမည့်အရေးကို လူများမရိပ်မိစေရန် ကျနော်တို့ထံလာရောက်စည်းရုံးရေးစကားပြောသော အဖွဲ့အစည်းမှန်သမျှသို့ဝင်ခဲ့သည် ။ ထိုကဲ့သို့ ၀င်ခဲ့သော အဖွဲ့တွင် မကသ ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ တို့ပါဝင်သည် ။ ကျနော်တို့ ပုသိမ်မှလာသော သူငယ်ချင်း ( ၄ ) ယောက်မှာ ပုသိမ်မြို့နယ်ဆိုင်ရာ မကသ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခဲ့သည် ။ ပုသိမ်တွင် ပုသိမ် အရှေ့ မြို့နယ် ၊ ပုသိမ်အနောက်မြို့နယ် ( ၂ )မြို့နယ်သာရှိသော်လည်း ကျနော်တို့( ၄ ) ယောက်မှာအခုလို အကွဲကွဲ အပြားပြား အဖွဲ့ပေါင်းစုံကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်မိပေရာ ပုသိမ် အရှေ့ အနောက် တောင် မြောက်ဆိုပြီး ( ၄ ) နေရာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူလိုက်သည် ။ အမှန်တစ်ကယ်တွင် ကျနော်တို့မှာ တောခိုဖို့ ဆုံးဖြတ်ပြီး ဖြစ်သဖြင့်သမဂ္ဂ ကိုယ်စားလှယ်အဖြစ်လုပ်ဆောင်ရန် ဆန္ဒမရှိပါ ။ ကျနော်နှင့် ရဲဌေးမှာလည်း ဘွဲ့ရပြီး အထက်တန်းပြဆရာများ ဖြစ်နေပေရာ မကသ အပြင် ဘွဲ့ရကျောင်းသားများ သမဂ္ဂ သို့လည်းဝင်ရောက်လိုက်ကြသည် ။ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ကလာစည်းရုံးလျှင်လည်း ဗကသ ကို ၀င်ဖြစ်မှာသေချာသည် ။ သေချာတာတစ်ခုကတော့ အဲဒီအချိန်ကကျနော်တို့သည် ပုဂ္ဂိုလ်စွဲ ၊အဖွဲ့စွဲ မရှိခြင်းကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မည့် မည်သည့်အဖွဲ့ကို မဆိုဝင်ဖြစ်ပေလိမ့်မည် ။
တခြားတစ်ဖက်တွင်လည်း ဦးအောင်ကြီး ၊ ဦးနု ၊ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိတ်သမိုင်းမှ အကွဲအပြဲများ၏ စေ့ဆော်မှုကြောင့် ကြားဖြတ်အစိုးရကိုအချိန်မီ မဖွဲ့လိုက်နိုင်ခြင်းသည်လည်း စစ်အုပ်စု၏လက်ဦးမှုရပြီး အာဏာသိမ်းလိုက်နိုင်ခြင်းဟု နောက်ပိုင်းတွင် သုံးသပ်ဝေဖန်မှုများရှိခဲ့သည် ။
စစ်တပ်မှအာဏာသိမ်းပြီးနောက် ကျနော်တို့သည် နယ်စပ်ဒေသို့ တောခိုရန် ရောက်ရှိလာကြသောအခါ အကြောင်းအမျိုးမျိုးကြောင့် မတူညီသောလက်နက်ကိုင် အဖွဲ့အစည်းများသို့ရော့က်ရှိခဲ့ရသည် ။ ကျနော်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေဆိုက်သော ဒညတ ချုံဖွန်စခန်းသို့ ရောက်ရှိခဲ့ပြီး ရဲဌေးနှင့်ချိုတူးမှာ ABSDF ၀င်ရောက်ခဲ့ကြသည် ။ တချို့ ကျောင်းသားများမှာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုသို့ ၀င်ရောက်ခဲ့ကြသည် ။ ကျနော်တို့သည် အဖွဲ့အစည်း အမည်နာမများ ကွဲပြားသော်လည်း မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး မဟာဗျူဟာမှာ အတူတူပင်ဖြစ်ပါသည် ။
၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ရာပေါင်းများစွာသော ပါတီများ ပေါ်ပေါက်ခဲ့ပြီး ပါတီစွဲ ၊အဖွဲ့စွဲ ၊ ၀ါဒစွဲ များပြင်းထန်ခဲ့သည် ။ စစ်အစိုးရ၏ သပ်လျှိဖြိုခွဲမှုကိုပင်မမြင်ကြတော့ပဲ အတိုက်အခံအချင်းချင်း ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ထိုးနှက်တိုက်ခိုက်မှုများရှိခဲ့ပေသည် ။အတိုက်အခံများ ညီညွတ်ရေး ပြိုကွဲလေလေ စစ်အစိုးရမှ ကြိုက်လေလေ ဖြစ်သည် ။
**လူထုအင်အားသည် မည်သည့်အရာကို မဆိုပြောင်းလဲနိုင်သည် **
ယခုအချိန်ကာလတွင်လည်း အထိုက်အလျောက် လွတ်လပ်ခွင့်များရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ ရွေးကောက်ပွဲဝင်ခြင်းအပေါ် အစပိုင်းတွင် တိုက်ခိုက်ဝေဖန်မှုများရှိနေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် နေရာတိုင်းတွင် ထောင်သောင်းများစွာသော လူထုမှ တခဲနက် ကြိုဆိုရာ ဝေဖန်သံများတိတ်သွားကြပြန်သည် ။ ထို့နောက် ရွေးကောက်ပွဲတွင် အနိုင်ရပြီး လွှတ်တော်ထဲတွင် နေရာရလျှင်ပင် စစ်တပ်မှ လွှမ်းမိုးထားပေရာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်မဖြစ်နိုင်ဟု ဝေဖန်ကြပြန်သည် ။ ကျနော်အနေဖြင့် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို တာဝန်ယူခိုင်းနေခြင်းသည် သဘာဝမကျပဲ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံသည့် လူထုအင်အားသည် မည်သည့်အရာကို မဆိုပြောင်းလဲနိုင်သည် ဟု မမှိတ်မသုန်ယုံကြည်မိသည် ။
ABSDF ၏ မြောက်ပိုင်းကိစ္စလို အလွန်နူးည့သိမ်မွေ့ပြီး ကိုင်တွယ် ဖြေရှင်းမှုမှားယွင်းလျှင် မီးခိုးကြွက်လျှောက် အတိုက်အခံအင်အားစုများ တစစီပြိုကွဲနိုင်ပေသည် ။ လက်ရှိအစိုးရသည် ဒီမိုကရေစီအစိုးရ မဟုတ်သေးသဖြင့် ကျနော်တို့ ပြိုကွဲလျှင် လက်ခမောင်းခတ်နေမှာ သေချာပေသည် ။ ကျနော်တို့အနေနဲ့မတရားအသတ်အဖြတ်ခံသည့် ကျောင်းသူကျောင်းသားတွေကို တော်လှန်ရေး အာဇာနည်လို့သတ်မှတ်ပါသည်။ရဲဘော်ရဲဖက်ခြင်း ကိုယ်ချင်းစာပြီး ဖြစ်နိုင်လျှင် အနာဂတ်တွင် တော်လှန်ရေး အာဇာနည် ဗိမာန်တည်ဆောက်ကာ သူတို့၏ အပြစ်မဲ့ ၀ိညာဉ်ကို အနားပေးချင်ပြီး အမြဲတမ်း အလေးပြုချင်ပါသည် ။
တစ်ချိန်ထဲမှာပဲ လက်ရှိအစိုးရရဲ့လူထုအပေါ် ဖိနှိပ်မှုတွေကိုလည်းမျက်ခြေမပြတ်ဖို့တော့လိုပါသည် ။.တစ်ချိန်ချိန်မှာ လူထုရှေ့မှောက်မှာဖြေရှင်းရမဲ့ အရာများစွာ ကျန်ရှိနေပါသေးသည်။ဟန်ပြဒီမိုကရေစီအောက်မှာ အတိုက်အခံအင်အားစုတွေ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမှာကိုတော့ အမှန်တစ်ကယ် မလိုလားပါ။ ဒီတစ်ချီ စစ်တပ်ကအာဏာမသိမ်းဘူးလို့ ဘယ်သူအာမခံမလဲ၊ညီညီညွတ်ညွတ်မရှိရင်တော့ အောင်ပွဲနဲ့ဝေးနေဦးမှာပါ၊အခုလို မြောက်ပိုင်းကိစ္စတွင် ပါဝင် ပါတ်သတ်သူများ နောင်အနာဂတ်နိုင်ငံရေးမှာ ပါသင့်မပါသင့် လူထုကဆုံးဖြတ်ပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးမရှိလို့ အခုလို မတရားမှုတွေ ပြည်တွင်းပြည်ပ နေရာတိုင်းမှာတွေ့နေရပါသည်။ဒီကိစ္စကို အားလုံးသတိ ၀ိရိယကြီးစွာဖြင့် ကိုင်တွယ်ကြဖို့ တိုက်တွန်းပါသည်။
ကျနော်တို့သည် ယနေ့ခေတ်စားနေသော face book စာမျက်နှာ များမှ ပြည်တွင်းပြည်ပမှခေတ်အဆက်ဆက် မျိုးဆက်သစ် မျိုးဆက်ဟောင်းများပေါင်းပြီး အာရပ်နွေဦးလို လူထုလှုပ်ရှားမှုကို ဖန်တီးနိုင်သလို အချင်းချင်းညီညွတ်ရေး ပြိုကွဲနေမှုကို ရန်သူအပါအ၀င် တကမ္ဘာလုံးအားချပြနေသလိုလည်းဖြစ်တတ်ပါသည်။
ကျနော်တို့သည် စစ်အုပ်စု၏ ထောင်ခြောက်ကို မရိပ်မိပဲ ပါတီစွဲ ၊အဖွဲ့စွဲ ၊ ၀ါဒစွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ပြင်းထန်ခဲ့သော အတိတ်မှ သင်ခန်းစာကို ရယူကာ အချင်းချင်းကြားတွင် သွေးစည်း ညီညွတ်မှုများ ဖြင့် စစ်အုပ်စု၏ သပ်လျှိဖြိုခွဲမှုကို ထပ်မံ မခံ စားချင်တော့ပါ ။
**တတိုင်းပြည်လုံး သွေးစည်းညီညွတ်ရေး**
ယခုအချိန်တွင် မကသ ၊ ဗကသ ကျောင်းသားခေါင်းဆောင်အားလုံးကို တည်ငြိမ်လေးနက်စွာဖြင့် ၈၈၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းစဉ်အောက်တွင် ညီညီညွတ်ညွတ် စည်းစည်း လုံးလုံး တွေ့ရသဖြင့် ကျနော်တို့အားလုံး ၀မ်းမြောက်ကြည်နူးရပါသည် ။ တဆက်တည်းတွင် ကိုမင်းကိုနိုင်အပါအ၀င် ကျနော်တို့ ( ၈.၈.၈၈ ) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုပြောကြားလိုသည်မှာ လူထုထောက်ခံမှုကို အပြည့်အ၀ရရှိထားသော ကျောင်းသားခေါင်းဆောင်များ၏ နောက်လိုက်ဖို့ရန်ဝန်မလေးပါ၊ ( ၈.၈.၈၈ ) မျိုးဆက်သစ်များကို တည်ထောင်ခြင်းအဓိက ရည်ရွယ်ချက်မှာ စစ်အစိုးရအနေဖြင့် ( ၈.၈.၈၈ ) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုဖမ်းဆီးထားလျှင် ၈၈၈၈ မျိုးဆက်သစ်များက ငြိမ်ခံနေမည် မဟုတ်ပဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းပြသရင်း နောင်တော်ကျောင်းသားခေါင်းဆောင်များနှင့် ပြတ်သားစွာ တသားထဲရပ်တည်ခဲ့ပါသည် ။
မကြာသေးမီကာလက ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များ တွေ့ဆုံကာ ညီညွတ်ရေးကို တည်ဆောက်မှုက ကျနော်တို့ ခွပ်ဒေါင်းစိတ်ဓာတ်ကို ပိုမိုမြင့်တင်ရာရောက်စေခဲ့ပါသည် ။
မြန်မာပြည်တွင် ဒီမိုကရေစီပေါ်ထွန်းရေးကို လိုလားသူအချင်းချင်း တစ်ဦးနှင့်တစ်ဦးအသိအမှတ်ပြုမှုများ အပြန်အလှန်လေးစားမှုများနှင့်အတူ လက်တွေ့လုပ်ဆောင်ရမည့် ကိစ္စရပ်များအား တူတာတွဲလုပ်ပြီး မတူညီမှုများကို ညှိနှိုင်းလုပ်ဆောင်ကြရမည်ဟု ထင်မြင်ယူဆမိပါသည် ။ ကျနော်ဆိုလိုသည်မှာ အစိုးရနှင့် အတိုက်အခံကြားတွင်သာမက ဒီမိုကရေစီတိုက်ပွဲဝင်သူအချင်းချင်း၏ ညီညွတ်ရေးကိုလည်းဆိုလိုပါသည် ။
ယနေ့ မြန်မာ့အရေး အပြောင်းအလဲများသည် ကမ္ဘာ့နိုင်ငံရေး ၊ စီးပွားရေး ရေစီးကြောင်း၏ အပြောင်းအလဲ ပေါ်တွင်လည်း တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်နွယ်ပတ်သက်နေပါသည် ။အမှန်တစ်ကယ်မှာ အစစအရာရာတွင် အောက်ကျနောက်ကျဖြစ်နေသော တိုင်းပြည်ကို ကမ္ဘာ့အလယ်၌ ပြန်လည်ဦးမော့လာစေရန်အတွက် အစိုးရ ၊ အတိုက်အခံနှငိ့ ပြည်တွင်းပြည်ပမှမြန်မာပြည်သူပြည်သားအားလုံးတွင် တာဝန်ရှိပါသည် ။
**အောင်ခိုင်မြင့်**

No comments:
Post a Comment