မိတ်ဆွေ။ ။ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ယုံကြည်ထားတာက အခုမျက်မှောက်ကာလမှာ ဒါနတရားတွေ ပြုလုပ်ထားရင် သေတဲ့အခါ နောင်ဘဝအထိ ဒါနအကျိုးတွေ သယ်ယူသွားနိုင်တယ်။ ဒါကြောင့်လည်း မသေခင်ဒါနပြုကြဖို့ ဗုဒ္ဓသားတော်ရဟန်းတွေကလည်း ဆွမ်းလှုရခြင်းအကျိုး။ ရေလှုရခြင်းအကျိုး၊ ကျောင်းလှုရခြင်းအကျိုးစသဖြင့် ဟောကြတယ်။ ဒါဟာအဓိပ္ပါယ်ရှိသလိုဖြစ်သင့်တယ်လို့လဲ ထင်တယ်။ ခင်ဗျားပြောတာကြတော့ အဲဒီလိုအကျိုးတရားမျှော်လင့်ပြီးလှုတဲ့ အလှုဟာ မသန့်စင်ဘူး။ မမွန်မြတ်ဘူး။ အကျိုးပေးမယ်ဆိုရင်တောင် အကျိုးပေးမသန်နိုင်ဘူး လို့ပြောတယ်။ ကျွန်တော်သိပ်နားမလည်ဘူး။ နည်းနည်းရှင်းပြပေးပါ။
ဟုတ်ကဲ့။ ကျွန်တော်ယုံကြည်တာကိုပဲပြောချင်ပါတယ်။ အဲဒါကိုလက်ခံရမယ်လို့မဆိုလိုပါဘူး။ ကျွန်တော်ဖြစ်ရပ်လေးတစ်ခု ဥပမာပေးပြီးပြောလိုပါတယ်။
လူတစ်ယောက်ဟာ ငွေသုံးသိန်းအရေးပေါ်လိုနေတယ်။ အဲဒီငွေရမှ သူ့ရဲ့သားလေး ဆေးရုံမှာ ခွဲစိပ်ကုသမှုခံယူနိုင်မယ်။ သူ့မှာငွေသုံးသိန်းမရှိဘူး။ ပေါင်စရာတန်ဖိုးရှိတဲ့ပစ္စည်းလဲမရှိဘူး။ ဒါကြောင့်တစိမ်းဆီမှာ ချေးငှားရင်တော့သူ့ကိုဘယ်သူမှ ချေးမှာမဟုတ်ဘူး။ ငွေသုံးသိန်းကလည်း နေ့ချင်းရမှဖြစ်မယ်။ ဒီတော့ ငွေပြေလည်တဲ့ သူ့ရဲ့သူငယ်ချင်းတွေဆီကို အကျိုးအကြောင်းပြောပြ အကူအညီတောင်းရင်တော့ ရမှာပဲလို့မျှော်လင့်ချက်နဲ့ သူငယ်ချင်းတစ်ယောက်ဆီကိုသွားတယ်။
ပထမ သူငယ်ချင်း။
``အေးကွာ- မင်းချေးတဲ့ငွေသုံးသိန်းကို ငါချေးချင်ပါတယ် --ဒါပေမယ့် ငါ့မှာအဲဒီလောက်ငွေ မရှိဘူး -ဒါပေမယ့် ငွေတစ်သိန်းတော့ချေးလိုက်မယ်ကွာ-- အဲဒီငွေကလည်း ငါ့မိန်းမ ငွေတိုးပေးတဲ့ အရင်းငွေထဲကဆိုတော့ မင်းငါ့ကို ၅ ကျပ်တိုးတော့ပေးကွာ-- သူများတွေဆို အပေါင်မပါရင် အနည်းဆုံး၁၅ ကျပ်တိုးနဲ့ချေးတာ မင်းသိပါတယ်-- မင်းကငါ့သူငယ်ချင်းဆိုတော့ ၅ကျပ်တိုးပဲပေးပါ``
လို့ပြောတယ်။ ဒါနဲ့အဲဒီလူလဲ--
``မင်းငါ့ကို ယုံယုံကြည်ကြည်ချေးတာကိုပဲ ကျေးဇူးအရမ်းတင်ပါတယ်ကွာ-- ငါ အတိုးကိုလစဉ် မှန်မှန်ဆပ်ပါ့မယ် အရင်းကိုလည်းအမြန်ဆုံးပြန်ဆပ်နိုင်အောင်ကြိုးစားပါ့မယ်-- ကျေးဇူးပဲသူငယ်ချင်း`` လို့နှုတ်ဆက်ပြီးနောက်ထပ်လိုတဲ့ငွေရဖို့ သူငယ်ချင်းနောက်တစ်ယောက်ဆီ သွားပြန်တယ်။
ဒုတိယသူငယ်ချင်း။
``မင်းအကြောင်းကြားရတာလဲ စိတ်မချမ်းသာလိုက်တာကွာ -- ကျန်တဲ့လိုငွေနှစ်သိန်းကတော့ ငါ့မှာအဲဒီလောက်မရှိဘူး။ ကပ်ကပ်သပ်သပ် စုဆောင်းလိုက်ရင်တော့ တစ်သိန်းလောက်ရနိုင်တယ်။ မင်းအဲဒါယူသွားပေါ့ ။ မင်းအဆင်ပြေတဲ့အခါ ပြန်ဆပ်ပေါ့ကွာ။ ငါလဲမချမ်းသာတော့ဒီလောက်ပဲကူညီ နိုင်တာ စိတ်မကောင်းပါဘူး--``
``အဲဒီအတွက် ငါအတိုးဘယ်လောက်ပေးရမလဲ သူငယ်ချင်း``
``ဟာ--သူငယ်ချင်းအချင်းချင်း အတိုးပေးဖို့မလိုပါဘူးကွာ-- မင်းသားနေကောင်းသွားလို့ မင်းအဆင်ပြေသွားရင်တော့ ငါ့ကိုပြန်ဆပ်ပေါ့ -အတိုးပေးစရာမလိုပါဘူး--``
``အေးကွာ မင်းကိုအရမ်းကျေးဇူးတင်ပါတယ်သူငယ်ချင်း--ငါလိုတဲ့ငွေရှာရဦးမှာမို့ ငါ့ကိုခွင့်ပြုပါဦး``
ဒါနဲ့လိုတဲ့တစ်သိန်းအတွက် နောက်သူငယ်ချင်းဆီဆက်သွားတယ်။
တတိယသူငယ်ချင်း။
``မင်းသားဆေးရုံတတ်နေရတာလား စိတ်မကောင်းလိုက်တာကွာ တော်သေးတာပေါ့ ခွဲစိပ်ကုသလိုက်ရင်ပျောက်တဲ့ရောဂါမိုလို့-- လိုတဲ့တစ်သိန်းကို ငါစုထားတဲ့ငွေ ပေးလိုက်မယ်။ စိတ်မပူပါနဲ့ကွာ-- ဘဝဆိုတာဒီလိုပါပဲ။ငါလဲ မချမ်းသာပေမယ့် ဒီတစ်သိန်းလောက်တော့ကူညီနိုင်ပါတယ်ကွ။ ငါလဲနောက်နေ့ကျတော့ဆေးရုံကို လာကြည့်ပါဦးမယ်။``
``မင်းငွေအတွက် ငါအတိုးဘယ်လောက်ပေးရမလဲ``
``ဟာ မဟုတ်တာ အတိုးပေးရမယ့်လူတွေလားကွ မင်းကလည်းသူငယ်ချင်းအချင်းချင်း``
``ဒီလိုဆို ငါပြေလည်တာနဲ့ မင်းကိုဆပ်ပါ့မယ်ကွာ``
``ဟင့်အင်း ငါ့ငွေကိုပြန်မဆပ်နဲ့တော့ မင်းဒုက္ခရောက်တုန်းငါကူညီခွင့်ရတာကိုပဲ ငါကျေနပ်တယ်။ မင်းမှာလည်း ဆပ်စရာတွေက အများကြီးပဲလေ။ ဒီငွေတစ်သိန်းလောက်နဲ့ငါမမွဲသွားပါဘူးကွ။ မင်းအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုလျှော့တာပေါ့-- ငါ့ငွေကို ခေါင်းထဲလုံးဝမထည့်နဲ့တော့ ``
``ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ် မင်းကျေးဇူးကိုတစ်သက်မမေ့ပါဘူး``
ဒီလိုနဲ့ သူ့ရဲ့သားလေးကိုလဲ အောင်မြင်စွာ ခွဲစိပ်ကုသပေးနိုင်တယ်။ ဆေးရုံကဆင်းတဲ့လမှာပဲ ကံကောင်းချင်တော့ ထီ သိန်း၁၅၀၀ ဆုကြီးပေါက်ပါလေရော--
ကျေးဇူးတရားသိတတ်တဲ့ အဲဒီလူဟာ ဆုငွေထုတ်ပြီးတာနဲ့ သူ့သူငယ်ချင်းတွေကို ကျေးဇူးပြန်ဆပ်မယ်ဆိုပြီး--
သိန်း ငါးဆယ် တစ်ထုပ်
ဆယ်သိန်းတစ်ထုပ်
ငါးသိန်းတစ်ထုပ်
အသီးသီးထုပ်ပိုးလိုက်တယ်။
ကဲ---ခင်ဗျားသာ အဲဒီလူနေရာဆိုရင် ဘယ်သူငယ်ချင်းကို သိန်းငါးဆယ်ပေးမှာလဲ။ ဘယ်သူငယ်ချင်းကို ဆယ်သိန်းပေးပြီး ဘယ်သူငယ်ချင်းကို ငါးသိန်းပေးမှာလဲ။
ပထမသူငယ်ချင်း = နောင်ဘဝမှာ ကိုယ်ပြုသမျှ ကုသိုလ်ကံတွေ ဆတိုးရတယ်လို့ယုံကြည်ပြီးလှုတဲ့သူ
ဒုတိယသူငယ်ချင် = နောင်ဘဝမှာ ကိုယ်ပြုသမျှ ကုသိုလ်ကံတွေ အလားတူအကျိုးပေးတယ်လို့ယုံကြည်ပြီးလှုတဲ့သူ
တတိယသူငယ်ချင်း= နောင်ဘဝမှာ ကိုယ့်အတွက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်မဝင်စားဘူး။ လက်ရှိသူလှုလိုက်လို့ အဆင်ပြေသွားတာကိုပဲ ကြည်နူးပြီးသဒ္ဒါတရားပွားတဲ့သူ။
**ကိုစိုးနိုင် **

No comments:
Post a Comment