အချစ် ထောင်သောင်းမက ဝေးကွာစဲ ၊ ပျော်ရွှင်ခြင်းများ အလည်ရောက်လာပြီ
နှစ်ပေါင်းများစွာ အသည်းနာခဲ့ အလည်လွန်ခဲ့ အမှန်တရားက တံခါးလာခေါက်
စနစ်ဟောင်းက မလွှဲမရှောင်သာ နောက်ဖေးပေါက်က ခုန်ဆင်းသွားတယ် ။
ရင်ထဲမှာ ပျိုးထားတဲ့ သစ္စာတရားဟာ မဲပြားတွေ အဖြစ် ရုပ်လုံးပေါ်ချိန်
အရင်ကတည်းက ကစဥ့်ကလျားဖြစ်သူများရဲ့ အလွဲအမှားအဖြစ်က ပုပ်လို့ပေါ်ပြီ..။
ကျနော်တို့တွေဟာ အချင်းချင်း ဘုန်းကြီးကျောင်းက မြန်မာခွေးတွေလိုလည်း ကိုက်ခဲ့ပြီးပြီ..
မတော်လို့ဆိုပြီး အိမ်ကြက်ချင်းခွပ် ၊ အမေရိကန် ရုရှား အမဲလိုက်ခွေးတွေလိုလည်း မိုက်ခဲ့ပြီးပြီ။
ဘ၀တွေဟာ သေနတ်ပစ်ကွင်းထဲမှ ပစ်မှတ်တခုလို အဖြစ်နဲ့
ဒဏ်ရာတွေက ကိုးရီးယားအခန်းဆက် ဇာတ်လမ်းတွဲလို ရှည်လျားခဲ့
စစ်ဘေးစစ်ဒဏ်နဲ့ မေတ္တာတရား အချစ်တွေ လက်ကျန်မရှိကြတော့
အဆိုးအမှားဆိုတာ တရုတ်ပစ္စည်းလို ကြာကြာခံနိုင်ရိုးလား
လူထုရင်ထဲမှာ မျိုးချစ်စိတ်ဓာတ်က ကမ္ဘာရှားကြောင်း ပြခဲ့ပြီ ။
နတ်ဘုံနတ်နန်းမှာ အပျော်တွေ ကခုန်သလိုမျိုး
လူ့ဘုံ လူ့ရွာဟာ တဖြည်းဖြည်းတော့ နေသာထိုင်သာရှိခဲ့
အိမ်ခြေယာခြေမရှိခဲ့ အရွယ်လွန် အိမ်အလွမ်းတွေဟာ ငယ်မူပြန်လို့နေပြီ.....။
ဆန္ဒမှန်တွေဟာ ရှင်သန်အမြစ်တွယ်ထားပြီးသားမို့
ကာလအတန်ကြာ မမြင်ဟန်ဆောင်လို့ မဖြစ်တော့
ဘ၀မှန်ရင် ပျော်ရွှင်ကာ ၊ ဆန္ဒအမှန်တွေ ရှင်သန်ချင်တာ သဘာဝကျတယ်......။
**အောင်ခိုင်မြင့်**

No comments:
Post a Comment