မျက်နှာပေါ်တွင် ထီမထီဟန်လွှမ်းနေသော၊ တခါတရံ လက်တော့ပ်၊ စာအုပ်တွေထည့်ထားဟန်ရှိသော အိတ်ကြီးလွယ်လျှက်၊ တခါတရံတော့ ပေါ့ပေါ့ပါးပါး ဘေးလွယ်အိတ်ကလေးသာလွယ်ထားသော၊ တခါတရံ အားကစားအိတ်လိုပုံစံမျိုးကို လွယ်ထားတတ်သော၊ အနွေးထည်ဝတ်ထားလျှင် ဘေးနှစ်ဘက်ရှိဘေးအိတ်များကို လက်နှိုက်ထားလေ့၇ှိသော၊ ပလတ်ဖောင်းပေါ်မှာ ရထားစောင့်လျှင် နေရာ တ နေရာတည်းမှာ ရပ်လေ့ရှိသော၊ ပလပ်ဖောင်း တဖက်ချမ်းမှာ တပ်ဆင်ထားသော တီဗီ်ွဖန်သားပြင်များမှ ရထားထိပ်ဖက်မှ ရေတွက်လျှင် ၃ ခုမြောက် တီဗွီဖန်သားပြင်ပေါ်တွင် သူမ အကြည့်တွေပို့ထားလေ့ရှိသော၊ ပါးစပ်မှလည်း ချွင်းဂန်းလို အရာတခုကို ဝါးရင်းတခါတရံတွင် နားကြပ်တပ်ထားလေ့ ရှိသော သူမကို သူ တွေ့နေရသည်မှာ ၃ ခါ ၄ ခါ မကတော့ပြီ။ ရထားရပ်လျှင် သူမရပ်နေရာ အနီးဆုံးတံခါးမှ တက်လိုက်ရင်း ညပိုင်းအချိန်ထိုင်ခုံတွေ၇ှိနေပါရက်နဲ့ လွယ်အိတ်ကြီးနဲ့ ရထားနံရံတခုကို မှီရပ်နေလေ့ရှိသော သူမတွင် စတိုင်တမျိုးလွှမ်းနေဟန်ရှိသည်ဟု သူသတိပြုမိသည်။ ရထားပေါ်မှာ သူမမျက်လုံးများသည် ရှေ့တူရှုသို့ပို့ထားသော်လည်း ဘာကိုမှ အာရုံစိုက်မိပုံမပေါ်၊ အကဲခတ်နေသော သူ့မျက်လုံးများကိုလည်း သိမည့်ပုံမပေါ်၊ ချွင်းဂန်းကို ဝါးရင်း ၊ နားကြပ်ကလေးကို နားထဲထိုးထည့်ထားရင်း တခါတရံ ရထားမှ မှန်ချပ်များပေါ်တွင် ပေါ်နေသော သူမအရိပ်ကို သူမပြန်ကြည့်ရင်း ဆံပင်တွေကို တချက်သပ်လိုက်သေးသည်။ သူသည် သူမကို မိတ်ဆက်စကားပြောကြည့်ချင်သည်။ သို့သော်.... အလုပ်မှ အပြန်ညပိုင်းရထားကိုသာ စီးလေ့ရှိသော သူ့ကို သူမအားမိတ်ဆက်စကားဆိုလိုက်လျှင် သူမ ဘယ်လိုထင်သွားမည်နည်း.. သူ့အား ညပိုင်းအချိန်စကားလိုက်ပြောသော လူရမ်းကားတယောက်လို့ထင်သွားမည်လား ..စတဲ့အတွေးတွေနဲ့ သူမစောင့်ပြီးတက်လေ့ရှိတဲ့ ရထားတွဲရဲ့ မလှမ်းမကမ်းနေရာတွင်သာ သူမကို ကြည့်နေမိသည်။ ထိုည တည မှာတော့ သူကံကောင်းသည်ဟု ဆိုရထိုက်သည်။ ရထားတွဲနောက်ပေါက်မှ တက်လာသော သူမသည် လွတ်နေသော ထိုင်ခုံတခုပေါ်တွင် နေရာယူလိုက်သည်။ လွယ်ထားသော စလွယ်သိုင်းအိတ်ကြီးကို ဘေးခုံတွင် ချလိုက်ရင်း ရထားဘီး စ လိမ့်လိမ့်ချင်း လှိုင်ခေါင်းထဲဖြတ်နေသော မဲမဲမှောင် ဘာမှ မမြင်ရသော အပြင်ပြတင်းပေါက်များကိုသာ သူမ အကြည့်တွေပို့ထားသည်။ ပုစ္ဆာဆန်သော ခပ်ထန်ထန် မျက်နှာပေးနဲ့သူမ ကို သူစိတ်ဝင်စားနေသည်မှာကြာပြီ။ သူမ အရှေ့တွင် ခုံတွေ နေရာလွတ်နေရက်နဲ့ မထိုင်ရဲသောကြောင့် သူမခုံရဲ့ မျက်စောင်းထိုးလို နေရာရှိ ခုံပေါ်တွင်ထိုင်လိုက်သည်အချိန်တွင် သူမထံမှ အကြည့် တချက်ဝေ့လာသည်။ ထိုအကြည့်မှာသာမန်အကြည့်သာသာ။ သူမ မျက်လုံးေ၇ှ့သိုရောက်လာသော အရာဝတ္ထု တခုကို ကြည့်သည့် သမန်ကာ ရှန်ကာ အကြည့်မျိုးသာ။ သို့သော် သူသည် သူမ အကြည့်နှင့်ဆုံခိုက် ပြောဖို့ အချိန်တော်တော်ကြာကြာ အားယူထားရသော စကားတခွန်းကို အားစိုက်ပြောမိလိုက်သည်။ ” မင်းကို တွေ့နေရတာ ကြာပြီ။ မင်း ဒီအချိန်ရထားပဲစီးတယ်နှော်။ ဒီတွဲပဲ တတ်တယ်နှော် ” သူမ၏ မျက်လုံးများထဲမှ အံ့သြသွားယောင်အရိပ်အချို့ကို သူမြင်လိုက်ရပြီး သူမထံမှ ” အင်း ” ဟုသော စကားလုံးတလုံးသာ ကြားလိုက်ရသည်။ ” မင်း ဘယ်က လာတာလဲ ” သူ အရဲစွန့်မေးလိုက်သည်။ သူ့ကို ခြုံငုံကြည့်သော အကြည့်အချို့နှင့် ဖြေရကောင်းနိုး မဖြေရကောင်းနိုး အတွေးများဖြင့် ဖြစ်ပုံရသော သူမထံမှ ” ဆော၇ီး .. မင်း ဘာမေးလိုက်တာလဲ.. ငါမကြားလိုက်ဘူး ” လို့ ပြန်ပြောသည်။ ရထားရဲ့ ဟိုဘက်ဒီဘက် မျက်စောင်းထိုးအနေအထားနဲ့ လူးလွန့်နေသော ရထားအရှိန်ကြောင့် သူ့အသံ ဝါးသွားတာဖြစ်နိုင်သည်။ ထို့နောက် သူသည် ” မင်းဆီကို လာထိုင်ခွင့်ရှိလား ” လို့မေးလိုက်သည်။ သူမက ချက်ချင်းပဲ ” အိုး .. ရပါတယ်.. အဲဒီကပဲ ပြောပါ... ငါကြားရပါတယ် ။” လို့ စကားပြန်လာသည်။ ” ငါ့ကို တမျိုးမထင်ပါနဲ့ ၊ မင်းကို မြင်နေတာ ကြာပြီ၊ ဒီအချိန်၊ ဒီ ရထား၊ ဒီတွဲပဲတက်တယ်။ ပြီးတော့ မင်းက ကြည့်ကောင်းတယ်၊ ထူးခြားနေလို့ မိတ်ဆက်ချင်ယုံသက်သက်ပါ” လို့ အသံမြှင့်ပြီး ပြောလိုက်သည်။ သူမ နှုတ်ခမ်းအထက်မှ အပြုံးအချို့ဖြင့် ” ကျေးဇူးပါ” ဆိုတဲ့ စကားတလုံးထွက်ကျလာသည်။ တဆက်တည်းမှာပဲ ” မင်းကရော ဘယ်ကလဲ” ဟု သူမထံမှ မေးလာသည်။ သူသည် ” ငါ .မင်းခုံကို လာထိုင်ပါရစေ” လို့တောင်းခံရင် ထလိုက်ဟန်ပြုသည်။ သူမက ဘာမှ မပြောပဲ သူမ ဘေးခုံတွင် ချထားသော လွယ်အိတ်ထူကြီးကို သူမ ကိုယ်ဘေးကပ်လျှက်နေရာပေးလိုက်သည်။ နှစ်ဦးယှဉ်လျှက် ထိုင်လျှက်နေရာရသော်လည်း သူမနဲ့ သူ့ကြားတွင် ကွန်ပြူတာနဲ့ စာအုပ်များထည့်ထားဟန်တူသော လွယ်အိတ်ကြီးတလုံးရှိနေသောကြောင့် သူ့မှာ ထိုင်ခုံ တခြမ်းသာ ထိုင်ခွင့်ရသည်။ သူမကလည်း သူမ ခန္ဓာ ကိုယ်ကို ရထားပြတင်းဘက်မှီလိုက်ရင်း သူနှင့် ဝေးရာ ဘက်ဆီကို ကိုယ်ကိုယိမ်းထားလိုက်သေးသည်။ ” ငါ ....... က လာတာပါ။ မင်းကို မိတ်ဆက်ချင်ရုံသက်သက်ပါ။ မင်းက အိတ်အလေးကြီးနဲ့ ညပိုင်းရထားတွေကို စီးလေ့ရှိတာ တွေ့နေတာကြာပြီ။ မင်းပုံစံက ထုူးခြားနေတယ်။ နောက်ပြီး ပြောရဦးမယ်။ ငါ့လို လာစပြီး စကားပြောတဲ့လူတိုင်း လက်ခံစကားမပြောနဲ့နှော်။ ငါက မင်းကြည့်ကောင်းကြောင်း ၊ ပုံစံ ထူးခြားနေလို့ လာမိတ်ဆက်ချင်ယုံသက်သက်ပဲ၊ မင်ကို ပြောချင်နေတာကြာပြီ။ မင်း မျက်နှာက တင်းတော့ တမျိုးထင်သွားမှာစိုးလို့ ဒီတိုင်းပဲ ကြည့်နေတာ” လို့ သူက သူမ ဘေးခုံကို ရောက်ရောက်ချင်း ပြောလိုက်သည်။ သူမက တချက်ပြုံးလိုက်ရင်း .. ” ကျေးဇူးပါ.. ငါကလည်း မင်းကို စကားပြောတယ်ဆိုတာ မင်းလာတဲ့ နိုင်ငံက လာတဲ့ သူငယ်ချင်းတွေ ငါ့မှာရှိလို့ပါ။ သူတို့က များသောအားဖြင့် ကောင်းတတ်ကြလို့ပါ။ ကျေးဇူးပဲ ..ငါဆင်းရတော့မယ်.. ဘိုင့် ” လို့ စကားစကို မြန်မြန်ဖြတ်ရင်း တံခါးဆီသို့ လှမ်းထွက်လိုက်သည်။ တံခါးအနားကို ရောက်သွားသော သူမကို သူက ပါးစပ်မှာ လက်နှစ်ဖက်ဖြင့်ကာရင်း လေသံခပ်တိုးတိုးဖြင့် ” ဟေး ..မနက်ဖြန်ဒီရထားပဲစီးမှာလား.. ငါအလုပ်က ဒီအချိန်အမြဲပြန်တာ.. နောက်ရက်တွေလည်း တွေ့ချင်တယ် ” လို့ ၂ ခါ ပြောလိုက်သည်။ တံခါးဖွင့်ဖို့ ကျောခိုင်းရက် အနေအထားမှ သူမ လည်ပြန်တချက်စောင့်ငဲ့ကြည့်ရင်း ဘာမှ မဆိုပဲ အပြုံးတချက်သာ ပေးသွားသည်။ ရထားရပ်လို့ တံခါးဖွင့်ဖွင့်ချင်း တွေ့ရသော အဆင်းလှေကားမှ ခပ်မြန်မြန်ဆင်းသွားသောသူမကိုကြည့်ရင်း ” ဒီရထားတွဲကို တက်ရခြင်းမှာ သူမဆင်းသွားသော လှေကားအပေါက်နဲ့ အနီးဆုံးအတွဲဖြစ်ကြောင်း” သူသဘောပေါက်သွားသည်။ ထိုအဖြစ်အပျက်အပြီး နောက်နေ့တွေများမှာတော့ ရထားစောင့်နေချိန်များတွင် ရထားခေါင်းဘက်မှ ရေတွက်လျှင် တတိယမြောက် တီဗွီဖန်သားပြင်ကို အာရုံပြုထားတတ်သော၊ အကျီင်္ဘေးအိတ်ထဲကို လက်နှိုက်ထားတတ်ပြီး ချွင်းဂန်းဝါးနေတတ်သော၊ တခါတရံ နားကြပ်တပ်ထားပြီး ထီမထီဟန်အပြည့်ရှိသော၊ ရထားပေါ်တွင် ထိုင်ခုံတွေရှိရက်နဲ့ ထိုင်လေ့မရှိသော၊ ရထားစီးနေရင်း မှောင်မဲနေသော အပြင်ဘက်ကိုသာ အကြည့်တွေပို့ထားတတ်သော သူမကို ည ၁၁ နာရီထိုးဖို့ ၅ မိနစ်အလို စောင့်နေသော ပလတ်ဖောင်းပေါ်က လူအုပ်ထဲမှာရော ၊ သူမတက်လေ့ရှိသော ရထားတွဲပေါ်မှာပါ မတွေ့ရတော့ချေ။ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော နလန်ထူကာစ သူမနှလုံးသားအတွင်း ဗလာသန့်စင်မှုဖြင့်သာ အေးချမ်းချင်သောသူမသည် ထိုအဖြစ်အပျက်အပြီး နောက်ရက်မှ စ၍ ၁၁ နာရီ ထိုးဖို့ ၅ မိနစ် အလို ရထားထက် ၁၅ မိနစ် စောသော ရထားကို အမှီလိုက်စီးသည် ဆိုတာသာ သူနားလည်သဘောပေါက်နိုင်ရင်ဖြင့် .......
**လပြည့်ရိပ် **
....ရထားပေါ်မှ ........
**လပြည့်ရိပ် **
No comments:
Post a Comment