-ရင်ထဲက ပုံရိပ်-
အစ
သူ့မြင်ကွင်းထဲကို country style နှင့် ပုံရိပ်လေး ၀င်လာသည်။ လပြည့်နေ့မို့ ဘုရားတွင် လူရှုပ်နေသောကြောင့် ဘယ်သူဆိုတာ သေချာမမှတ်မိပေ။ သို့သော် ထိုပုံရိပ်လေးကိုတော့ မှတ်မှတ်ထင်ထင် သတိရနေတာကိုတော့ သူ မငြင်းနိုင်ပေ။ တိုက်တိုက်ဆိုင်ဆိုင် သူ့အကောင့်ထဲကို countrystylegirl ဆိုသော အကောင့်တစ်ခုက ရောက်လာသည်။ ဘုရားပေါ်မှာ ဖြတ်ခနဲမြင်ခဲ့ရသော ပုံရိပ်လေးကို သတိရကာ လက်ခံလိုက်သည်။ ဘာပဲပြောပြော သူရင်ခုန်နေတာကတော့ အမှန်ပင်။
ကျွန်မကို သူငယ်ချင်းကအကောင့်တစ်ခုပေးတာကို အက်လိုက်ပေမဲ့ အမှုမဲ့ အမှတ်မဲ့ထားလိုက်သည်။တစ်နေ့ ကျွန်မ အွန်လိုင်းတက်ကာ သီချင်းလိုက်ရှာနေတုန်း ကျွန်မ အလုပ်များနေသည်ဟု ရေးထားသည့်ကြားမှ လာဟိုင်းသော အကောင့်တစ်ခုကြောင့် နည်းနည်းတော့ စိတ်တိုသွားသည်။ သို့သော် ကျွန်မအက်ထားသောအကောင့်မို့လို့ သည်းခံလိုက်သည်။ စကားနည်းနည်းပြောကြည့်ရင်းနဲ့ တဖြည်းဖြည်းသိလာရတာက တဆိုင်တည်း ထိုင်မိနေပြီဆိုတာကိုပင်။ ကျွန်မနည်းနည်းလည်းလန့်သွားသည်။ သူက ကျွန်မကို ၀င်လာထဲက သိတယ် ဟု ပြောသေးသည်။ ကျွန်မကလည်း ၀တ်နေကျ country shirt ပဲဝတ်ထားသည်။ လိုင်းပေါ်ကနေတဆင့် သူနဲ့ အပြင်မှာခင်မင်ခဲ့ရသည်။
သူမက သူ့ကို ရိုးရိုးသားသားခင်သော်လည်း သူကတော့ သူမအကြောင်း အပြင်မှာစုံစမ်းရတာလည်း အမောပင်။ သူမတွင် ချစ်သူမရှိဘူးဟုသိရမှ သက်ပြင်းချနိုင်တော့သည်။ သူမနှင့် တစ်ခါဆုံတွေ့ရတိုင်း သူပျော်နေတတ်သည်ကို သူမက သိမြင်မဟုတ်ပေ ။စကားနည်းသော သူမကို ရယ်မောအောင် စရတာကိုလည်း သူနှစ်သက်ပါသည်။ သူမ၀တ်နေကျ country style ကိုလည်း သူ သဘောကျပါသည်။ဘုရားပေါ်တွင် တွေ့ခဲ့ရသော ပုံရိပ်လေးကို သူမဟုပဲ တထစ်ချယုံကြည်မိသည်။ သူမနဲ့ပတ်သတ်ပြီး သူ့အတွက် ဘယ်အရာမဆို အမှတ်တရလိုဖြစ်နေခဲ့သည်။ သို့သော် သူမကို ဖွင့်ပြောဖို့က သူငယ်ချင်း ဆိုတာကို မြတ်နိုးတဲ့သူမကို သူ မပြောရဲပေ။
ကျွန်မ သူ့ကို ခင်ပါသည်။ သူငယ်ချင်းဆိုတာကို ကျွန်မတန်ဖိုးထားသလို သူလည်း တန်ဖိုးထား သည့်အတွက် ကျွန်မ ပျော်ခဲ့ပါသည်။ ကျွန်မအကြောင်းကို သူ့ကို သိပ်မပြောပြဖြစ်ပေမဲ့ သူ့တွင် နားလည်မှုရှိသည်ဟု ယူဆမိပါသည်။ ဘယ်အရာမဆို ကိုယ်ဖြစ်တဲ့အတိုင်း ဖြစ်ခွင့်မရှိတာကိုတော့ သူရောကျွန်မရော တပြိုင်နက်တည်း သိခွင့်ရလိုက်သလို နှစ်ယောက်လုံးနာကျင်ခဲ့ရပါသည်။ ထိုနေ့က ကျွန်မနှင့် ကျွန်မချစ်သူမောင် လမ်းခွဲခဲ့သောနေ့တွင် သူက ကျွန်မကို ရည်းစားစကားပြောသောအခါ အရာအားလုံးက ပြောင်းလဲကုန်သည်။
မောင်နဲ့ ကျွန်မနဲ့ ချစ်သူတွေဆိုတာကို တော်တော်များများမသိကြပါ။ သူလည်း မသိပါ။ ပြောရမယ်ဆိုလျှင် မောင့်ကို ကျွန်မက အရင်စကြိုက်ခဲ့ပြီး ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ရရင်တောင် ကျေနပ်သည်အထိ ကျွန်မ ချစ်ခဲ့သည်။ ကျွန်မနားက မောင်ထွက်ခွါသွားမည်ကို သိလျက်နှင့် ကျွန်မမောင့်ကို နားလည်ပေးနိုင်ခဲ့သည်။ကျွန်မ နားလည်မပေးနိုင်တာက သူငယ်ချင်းသံယောဇဉ်ကိုဖြစ်သည်။ သူ့ကို ငြင်းရုံမှလွဲလို့ ကျွန်မဘာမှ မတတ်နိုင်ပေ။
သူက ကျွန်မကို ချစ်သည်။ ကျွန်မက မောင့်ကို ချစ်သည်။ မောင်က တခြားတစ်ယောက်ကို မြတ်နိုးသည်။ထိုပုစ္ဆာကို ဘယ်သူမှ မရှင်းနိုင်ပေ။ ကျွန်မ သူ့ကို ကိုယ်ချင်းစာပေမဲ့ ကျွန်မလည်း ဘာမှ မတတ်နိုင်ပေ။ကျွန်မလည်း သူ့ကို ပြန်မချစ်နိုင်ပေ။ ကျွန်မနာကျင်နေရသလို သူလည်း နာကျင်နေမည်ကို နားလည်သည်။ နောက်ဆုံးတော့လည်း သူငယ်ချင်းကိုရော ချစ်တဲ့သူကိုပါ သူရောကျွန်မပါ တချိန်တည်းဆုံးရှုံးခဲ့ရသည်။ မတူညီသော ခံစားချက် ဖြစ်ကောင်းဖြစ်မည်။ ဆင်ဆင်လေးတော့ တူနေပြီ။ ဘယ်အရာမဆို ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်နိုင်တာက သဘာဝပင်။
နာရီတွေက ထွက်ပြေးကုန်တာနဲ့ အမျှ ကျွန်မ မောင့်ကို သတိရနေဆဲပါ။ မောင့်ကို သတိရသလို သူ့ကိုလည်း သတိရပါသည်။ သူသည် ကျွန်မကို အလွန်ကောင်းသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ကျွန်မရင်ထဲတွင် ပုံရိပ်လေးနှစ်ခု အမြဲရှိနေပါသည်။ တစ်ခုက မောင်ဖြစ်ပြီး တစ်ခုက သူငယ်ချင်းဖြစ်သော သူ ဖြစ်ပါသည်။
အဆုံး
သူ့ဘ၀တွင် သူမကို မသေချာသော ခံစားချက်ဖြင့် ဖွင့်ပြောဖူးသည်။ ထိုအရာက အမှားကြီး မှားစေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်မှန်း သူနောက်ကျစွာ သိခွင့်ရလိုက်သည်။ သူမနှင့် နောက်တစ်ကြိမ်ပြန်ဆုံလျှင် သူမကို တောင်းပန်ချင်သေးပါသည်။ သူ ဘုရားပေါ်တွင် ဖြတ်ခနဲ တွေ့ရသော ပုံရိပ်လေးကို သူအမှန်တကယ်ရှာတွေ့ခဲ့ပါသည်။ ထိုပုံရိပ်လေးက သူ့အနားမှာ ရှိနေပြီကို သူမ သိလျှင်လည်း ၀မ်းသာပါလိမ့်မည်။**ပန်းရင့်ရောင်**

No comments:
Post a Comment