လူတိုင်းက ကိုယ့်ကို လူတွေ ဂရုစိုက်တာ ခံချင်ကြပါတယ်။ ကိုယ့်ကို ဂရုစိုက်တာ၊ စိတ်ဝင်စားတာ၊ ကိုယ်ပြောတာကို နားထောင်ပေးတာတွေကို မကြိုက်တဲ့သူ၊ အလိုမရှိတဲ့သူ မရှိပါဘူး။ ကလေးငယ်လေးတွေဆိုရင်လည်း မိဘတွေက ဂရုစိုက်တာ၊ ပြုစုယုယတာ၊ ကြင်နာတာတွေကို အရမ်းကြိုက်ပါတယ်။ စကားမပြောတတ်ပေမယ့် အမူအရာကြည့်ရုံနဲ့ သူတို့သဘောကျနေတာ သိသာပါတယ်။ ဒါကြောင့်လည်း သူတို့ဝေယျာဝစ္စကို အမြဲလုပ်ပေးနေတဲ့ အမေ (သို့) ကလေးထိန်းအပေါ်မှာ တခြားသူတွေထက် ပိုတွယ်တာကြတာကို တွေ့ရပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်တွေမှာလည်း ဒီလိုပါပဲ။ လူအများကြီးကြားမှာ ထင်ရှားချင်တယ်၊ သူငယ်ချင်းတွေ အများကြီးက ကိုယ့်ကို ခင်စေချင်တယ်၊ ဂရုစိုက်စေချင်တယ်၊ နေရာပေးစေချင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း အရေးပါတဲ့သူ သိပ်ဖြစ်ချင်တယ်၊ အဲဒါကြောင့်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းမျိုးစုံသုံးပြီး ကြိုးစားကြတယ်။ ဒါပေမယ့် အရမ်းဂရုစိုက်ခံချင်ပြီး သေတဲ့အထိ ဘယ်သူ့ဆီကမှ ဂရုစိုက်မှု ရမသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင် ဘာလုပ်မလဲ။ ကိုယ်က ဘာကိုလိုချင်တာလဲ။ ကိုယ်လိုချင်တာကို သေသေချာချာ သိအောင် အရင်လုပ်ပါ။ ကိုယ်လိုချင်တာ ရအောင်လုပ်ဖို့ အကောင်းဆုံးသော နည်းလမ်းကတော့ ကိုယ်လိုချင်တဲ့အရာကို သူများကို ပေးတဲ့နည်းပါပဲ။ ကိုယ်က ကိုယ့်ကို အရေးပေးတာ၊ ဂရုစိုက်တာ ခံချင်ရင် သူများကို အရင်ဂရုတစိုက်နဲ့ အရေးပေးရပါလိမ့်မယ်။ သူများတွေ ကိုယ့်ကို အရေးပေးလာအောင်၊ အထင်ကြီးလာအောင် အချိန် အကြာကြီး ကြိုးစားနေမယ့်အစား ကိုယ်က သူများကို အချိန် အနည်းငယ်လောက် စိတ်ဝင်စားကြည့်လိုက်ပါ။ ပိုပြီး အကျိုးရှိလာမှာ အသေအချာပါပဲ။ မယုံရင် စမ်းကြည့်ပါ။ ကိုယ့်ကိစ္စကို အမြဲတမ်း ရှေ့တန်းတင်တတ်တဲ့သူ၊ ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ထင်ထားတဲ့သူ၊ ကိုယ့်ပြဿနာတွေကမှသာ အကြီးမားဆုံး၊ အခက်ခဲဆုံးလို့ သတ်မှတ်ထားတဲ့သူတွေနားမှာ မိတ်ဆွေအပေါင်းအသင်း များများစားစား ရှိမနေတတ်ပါဘူး။
လူတိုင်းမှာ သူ့အခက်အခဲ၊ သူ့ပြဿနာ သူ့ခံစားချက်ဆိုတာရှိနေတာမို့ ကိုယ့်ကိစ္စတွေကို အမှန်တကယ်အာရုံစိုက်စေချင်၊ ကူညီဖြေရှင်းပေးစေချင်ရင်တော့ သူ့ကိစ္စတွေကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မမေ့ပါနဲ့။ ဒီအတိုင်းတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အဲဒီလူဟာ လူအများရဲ့ စိတ်ဝင်စားမှု၊ ချစ်ခင်မှု၊ အရေးပေးမှုကို ခံရပြီး လူ့အသိုင်းအဝိုင်းရဲ့ အရေးပါတဲ့သူတယောက် မလွဲမသွေဖြစ်လာမှာ အသေအချာပါပဲ။ --
အားလုံးပျော်ရွင်ပါစေ
**မာမာ**
-အရေးပါသောသူ ဖြစ်လိုလျှင်-

No comments:
Post a Comment