(ဇူလိုင် ၃၁ ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်တောင်ဘက် တာ့(ခ်)ခရိုင် ဖုတ်ဖရမြို့နယ်၊ နူကလီကျေးရွာ အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၅း၃၀) နာရီခန့်က မြန်မာအလုပ်သ မ တစ်ဦးနှင့် ၄င်း၏ရင်သွေးကလေးတစ်ဦးတို့ ကားလမ်းဖြတ်ကူးစဉ်၌ ကားတိုက်ခံကြရ ကြောင်း ၊အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာ ဖုတ်ဖရမြို့နယ် နူကလီကျေးရွာမှ စိုက်ပျိုးရေးအလုပ်သမားတစ်ဦးဖြစ်သူ မသီတာ(၂၉) နှစ် သည် သူမ၏ ရင်သွေး- မောင် အောင်ရဲလင်း (၂နှစ်) အား ပွေ့ချီပြီး ထိုနေ့နံနက်စောစောပိုင်းက အာရှလမ်းမကြီးမှာ ကားလမ်း ဖြတ်ကူးစဉ်တွင် ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သားဖြစ်သူ မောင်အောင်ရဲလင်း (၂) နှစ်မှာမူ မဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး ရောက်မှ အသက်ရှူအားကူစက်နှင့် နှလုံးခုန်စက် သွင်းထားရပြီး အဆိုပါ စက်များကို ဖြုတ်လိုက်ပါက အသက်ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း ကျန်ရစ်သူခင်ပွန်းသည်လည်းဖြစ်၊ အခင်းဖြစ်ပွားသည့် နေ့က အတူလိုက်ပါခဲ့သူလည်းဖြစ်သူ ခင်ပွန်းသည် ရဲမင်းသူ (၂၇)နှစ် က ပြောဆိုသည်။ ကားတိုက်ခံရပြီး သေဆုံးသူမသီတာသည် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရှင် (သူဌေး) ပေါလျန်းအဒန်းထံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိ လုပ်ကိုင်ခဲ့သည်မှာ ၆ နှစ်ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ မသီတာသည် ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်၊ အရှေ့တံခွန်တိုင် ကျေးရွာဇာတိဖြစ်ပြီး သူမ၏ကားတိုက်ခံရမှုနှင့် ပတ်သက်၍ သူမကားတိုက်ခံရသော နေရာနှင့် မလှမ်းမကမ်း၌ရှိနေသော နူကလီကျေးရွာ ရဲဂိတ်က တရားခံ ဖမ်းမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo- ကျန်ရစ်သူ မိသားစု နှင့် JACBA
ကျန်ရစ်သူ မိသားစု အတွက် ရသင့်ရထိုက်သော နစ်နာကြေးကိုမူ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေအထာက် အကူပြုဌာန (LLC) နှင့် ချိတ်ဆက်က မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားကော်မတီ (JACBA) တို့က ထိုင်းဥပဒေ ရပိုင်ခွင့်များ အတိုင်းရရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

-မြန်မာအလုပ်သမတစ်ဦးနှင့် သူမရင်သွေး ကားတိုက်ခံရ၊ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦး သေအံ့မူးမူးဖြစ်နေ-
Photo-မသီတာ၊ရဲမင်းသူမိသားစု

No comments:
Post a Comment