-မဲဆောက်မြို့ ဒီဒီသိုးမွှေးစက်ရုံမှ မြန်မာအလုပ်သမား ၈ ဦး အကြောင်းမဲ့ အလုပ်ဖြုတ်ခံရ -
( ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင်(မဲဆောက်) အလုပ်သမားကြီးကြပ် ကာကွယ်ရေးရုံးရှေ့ တနေရာ၌ JACBA နှင့် အလုပ်ဖြုတ်ခံရသော အလုပ်သမား ၄ ဦးအားတွေ့ရစဉ်)
**(သြဂုတ်လ ၁၄ ရက် ၂၀၁၂- သောင်ရင်းနဂါး)**
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လက်ရှိလုပ်ကိုင်နေသော သိုးမွှေးထည် (အကြမ်း) ဒါဇင်ဈေးနှုန်းကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော ဒီဒီသိုးမွှေးစက်ရုံမှ မြန်မာအလုပ်သမား ၂၀၀ ခန့်ရှိသည့်အနက် အလုပ်သမား ၈ ဦးကို အလုပ်မှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ မဲဆောက်မြို့ မယ်တောင်တိုက်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ထိုင်းတရုတ်လူမျိုးပိုင် “ဒီဒီသိုး မွှေးစက်ရုံမှ မြန်မာအလုပ်သမား ၂၀၀ ခန့်တို့သည် ယခုလ ၃ ရက်နေ့မှ စ၍ သိုးမွှေးထည် ဒါဇင်ဈေးနှုန်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြရာမှ သြဂုတ်လ ၁၀ ရက်နေ့၌ အဆိုပါ အလုပ်သမား ၈ ဦးတို့ကို အလုပ်ဖြုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၁ ရက်နေ့နှင့် ယနေ့ (သြဂုတ်လ ၁၄ ရက်နေ့)တွင်မူ ဤအလုပ်သမား ၈ ဦးအတွက် ထိုင်းဥပဒေအတိုင်းရပိုင်ခွင့်ရှိသော လုပ်သက်အလိုက် နစ်နာကြေးပေးရန် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ဒုတိယ ဦးစီးအရာရှိ ဖိဆွန်ဘွန်း ထံ တွေ့ဆုံ တင်ပြခဲ့သည်၊ ယခုအခါ ဒီဒီသိုးမွှေးစက်ရုံမှ အလုပ်လုပ်ကိုင်နေကြဆဲ အလုပ်သမား ၂၀၀ ခန့်တို့သည် ဤအလုပ်သမား ၈ ဦးအား အလုပ်ပြန်လုပ်ခွင့်ပြုရန် စုပေါင်းအရေးဆိုထားကြသည်။”
သတင်းနှင့် ဓာတ်ပုံ - သောင်ရင်းနဂါး

No comments:
Post a Comment