-ယခုအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** သရုပ်ဆောင်လောကသို့ တစ်ကျော့ ပြန်လာသည့် ကင်မ်ဟီဆွန်**
(The Great Doctor ရုပ်သံဇာတ်လမ်းတွဲ)
၂ဝဝ၆ ခုနှစ်မှစ၍ ခြောက်နှစ်ခန့် သရုပ်ဆောင်လောက နှင့် ကင်းကွာနေသူ ကိုရီးယားမင်းသမီး ကင်မ်ဟီဆွန်သည် အက်စ်ဘီအက်စ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် သမိုင်း နောက်ခံ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ The Great Doctor တွင် ပြန်လည်ပါဝင်သရုပ်ဆောင်ခြင်းဖြင့် သရုပ်ဆောင် လောကသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်သည်။ သြဂုတ် ၉ ရက်က ကျင်းပခဲ့သည့် The Great Doctor ရုပ်သံဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲသို့ အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသား လီမင်ဟိုနှင့်အတူ မင်းသမီး ကင်မ်ဟီဆွန်လည်း တက်ရောက်ခဲ့သည်။ အသက်(၃၆)နှစ်ရှိပြီဖြစ်သည့် မင်းသမီး ကင်မ်ဟီဆွန်သည် ၁၉၉၃ ခုနှစ်မှစ၍ ကိုရီးယားရုပ်သံလိုင်းများတွင် ကိုယ်ဟန်ပြမယ်တစ်ဦးအဖြစ် အနုပညာလောကသို့ ဝင်ရောက် လာခဲ့သူဖြစ်သည်။ သရုပ်ဆောင်သက်တမ်းတစ်လျှောက် ရုပ်သံဇာတ်လမ်းတွဲပေါင်း ၂ဝ နီးပါးခန့်နှင့် ရုပ်ရှင်ကားရှစ်ကား တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကင်မ်ဟီဆွန် အများဆုံးပါဝင် သရုပ်ဆောင်ရသည့် ဇာတ်ရုပ်မှာ အပြစ်ကင်းစင်သော ချစ်စရာအမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရသည်က များသောကြောင့် ကင်မ်ဟီဆွန်ကို ၁၉၉ဝ ခုနှစ်များတွင် ကိုရီးယား၏အသည်းနှလုံးဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြသည်။ ကင်မ်ဟီဆွန်သည် ၂ဝဝ၅ ခုနှစ်က နာမည်ကျော်ဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချန်းနှင့်အတူ The Myth့  ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းနောက် အက်စ်ဘီအက်စ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည့် Smile again ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ယခုနောက်ဆုံးရိုက်ကူးထားသည့် The Great Doctor ရုပ်သံဇာတ်လမ်းတွဲကို သြဂုတ် ၁၃ ရက်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ (အင်တာနက်)
**ရုရှာပိုဗာ ကနေဒါအိုးပင်းပြိုင်ပွဲမှနုတ်ထွက်**
(မော်စကို၊ သြဂုတ် ၁၁)
ကမ္ဘာ့အဆင့်နှစ် တင်းနစ်မယ်ရှာရာပိုဗာသည် ၀မ်းကိုက်ဝေဒနာခံစားနေရသဖြင့် ကနေဒါအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ခြင်းမရှိတော့ကြောင်း ပြိုင်ပွဲကျင်းပသူများက သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ရှာရာပိုဗာသည် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲဆင်နွှဲစဉ်ကတည်းက ၀မ်းကိုက်ဝေဒနာခံစားနေခဲ့ရခြင်းဖြစ် သည်။ ရှာရာပိုဗာသည်ကနေဒါအိုးပင်းပြိုင်ပွဲဝင်ရန် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့သို့ သြဂုတ် ၈ ရက်က ရောက်ရှိခဲ့သော်လည်း ၀မ်းကိုက်ဝေဒနာခံစားနေသဖြင့် ပြိုင်ပွဲဝင်ရောက် ဆင်နွှဲခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** လန်ဒန်အိုလံပစ် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ အမေရိကန်နှင့် စပိန် ဗိုလ်လုမည်**
(လန်ဒန် သြဂုတ် ၁၁)
၂ဝ၁၂ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁ဝ ရက်ညကယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်အမျိုးသား ဘတ်စကက်ဘောအသင်းသည် ပြိုင်ဘက်အာဂျင်တီးနားအသင်းကို ၁ဝ၉-၈၃ ဖြင့်
အနိုင်ရရှိခဲ့ပြီးနောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည်။အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် အခြားပွဲစဉ်တစ်ခုဖြစ်သည့် စပိန်အမျိုးသား ဘတ်စကက်ဘော
အသင်းနှင့် ရုရှားအမျိုးသားဘတ်စကက်ဘောအသင်းတို့ပွဲစဉ်တွင် စပိန်အသင်းက ရုရှားအသင်းကို ၇၅-၇ဝ ဖြင့် အနိုင်ရရှိခဲ့ သည်။ထို့ကြောင့် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိခဲ့သည့် အမေရိကန်အမျိုးသား ဘတ်စကက်ဘောအသင်းနှင့် စပိန်အမျိုးသား ဘတ်စကက်ဘောအသင်းတို့သည် ရွှေတံဆိပ်ဆုကို အပြိုင်ဆွတ်ခူးရန် နောက်ဆုံးဗိုလ်လုပွဲအဖြစ်သြဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ဆီမီးဖိုင်နယ်အဆင့်တွင်ရှုံးနိမ့်ခဲ့သည့် ရုရှားအမျိုးသားဘတ်စကက်ဘောအသင်းနှင့် အာဂျင်တီးနား အမျိုးသားဘတ်စကက်ဘောအသင်းတို့သည်လည်း ၄င်းတို့အတွက် ကျန်ရှိနေသေးသည့် ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ရေး တတိယလုပွဲအဖြစ် သြဂုတ်
၁၂ ရက်တွင်ပင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (အင်တာနက်)
**အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ ပြင်သစ်မှ ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁၁)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁၁ ရက်က ၁၅ ရပ်မြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပြင်သစ်မှ ရေးနော့ဒ်လာဗီလန်နီက အမြင့်ဆုံးခုန်ပြီး စံချိန်သစ်တင်ကာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိသွားခဲ့
သည်။ အသက် ၂၅ နှစ်ရှိ လာဗီလန်နီသည် အမြင့် ၅.၉၇ မီတာအထိ ခုန်ကာ စံချိန်သစ်တင်လိုက်ခြင်းပင်ဖြစ်သည်။ ဂျာမနီမှ ဘီဂျွန်အော့တိုက ၅.၉၁ မီတာခုန်ကာ ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။ ဂျာမနီမှာ ရာဖေးလ်ဖော်ဒယ်ပီကလည်း ၅.၉၀ မီတာခုန်ုနိုင်၍ ကြေးတံဆိပ်ဆုဆွတ်ခူးခဲ့သည်။ ဗြိတိသျှစံချိန်ရှင် စတိဗ်လူးဝစ်သည် အမြင့် ၅.၇၅ မီတာ အထိသာ ခုန်နိုင်သော တုတ်ထောက်ခုန်ကစားသမားခြောက်ဦးမှာ တစ်ဦးဖြစ်သည်။ (အင်တာနက်)
**လန်ဒန်အမျိုးသမီး မီတာ ၁၅၀၀ ပြေးပွဲ တူရကီအပြေးမယ် ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁၁)
လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲများကို သြဂုတ် ၁၁ ရက်က ၁၅ ရက်မြောက်နေ့အ ဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရာ အမျိုးသမီးမီတာ ၁၅၀၀ ပြိုင်ပွဲတွင် တူရကီမှ အက်စလီကာကီယာက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ သူမသည် တစ်နိုင်ငံတည်းသူ ဂမ်ဇီဘူလွတ်နှင့် ဘာရိန်းမှ ယူဆွပ်ဂျမေးလ်တို့ကိုကျော်ဖြတ်ပြီး စံချိန် ၄မိနစ်၊ ၂၀.၂၃ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ကာကီယာသည် ၂၀၀၆ ခုနှစ်က ဆေးသုံးစွဲခဲ့မှုကြောင့် နှစ်နှစ်ကြာ ပိတ်ပင်ထားခံရသူဖြစ်သည်။ (အင်တာနက်)
**နယ်သာလန်အမျိုးသမီးဟော်ကီအသင်း တတိယအကြိမ် အိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁၁)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁၁ ရက်က ၁၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသမီးအသင်းလိုက် ဟော်ကီပြိုင်ပွဲလက်ရှိချန်ပီယံနယ်သာလန်အမျိုးသမီးအသင်းက အာဂျင်တီးနား အမျိုးသမီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးသွားခဲ့သည်။ နယ်သာလန်အသင်းအတွက် ဂိုးများကို ဒုတိယပိုင်းတွင် ဗန်ဒန်းဟေးဗယ်နှင့် အသင်းခေါင်းဆောင် ပေါမန်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နယ်သာလန်တို့သည် လွန်ခဲ့သော လေးနှစ်က ပေကျင်းအိုလံပစ်တွင် ဆွတ်ခူးခဲ့သည့်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့သည်။ (အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment