-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**သြစတြေးလျက်ကမ်းလွန်
ပင်လယ်ပြင်၌ တန် ၃၀ ခန့်ရှိ ဝေလငါးကြီးသေဆုံး**
(ဆစ်ဒနီ၊ သြဂုတ် ၁) သြစတြေးလျ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၁ ရက်နံနက်က အလွန်ကြီးမားသော ဝေလငါးကြီးတစ်ကောင် သေဆုံးး နေသည်ကို တွေ့ရှိခဲ့ကြရကြောင်း သြစတြေးလျအရာရှိများက ပြောကြားသည်။ အဆိုပါ ဝေလငါးကြီးသည် အရှည် ၃၈ ပေရှိပြီးလွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သေဆုံးခဲ့ဖွယ်ရှိကြောင်း အလေးချိန်အားဖြင့် တန် ၃၀ ခန့်ရှိကြောင်း သြစတြေးလျနိုင်ငံ အရှေ့ပိုင်းကမ်းခြေသို့ ဦးတည်မျောပါလျက်ရှိကြောင်း ၄င်းတို့က ပြောကြားသည်။ ၄င်းဝေလငါးကြီးမှာ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းက မောင်နှင်စဉ် တိုက်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ဝေလငါးကြီးခန္ဓာ ကိုယ်တွင် သင်္ဘောတိုက်ခံရသည့်ဒဏ်ရာကို တွေ့ရှိကြောင်း ၄င်းတို့ ဆက်လက်ပြောကြားသည်။ သို့သော် အဆိုပါ ဝေလငါးကြီးသည် ပင်လယ်ဒီလှိုင်းများ ဖြစ်ပေါ်ရိုက်ခတ်ဒဏ်ကြောင့်လည်း သေဆုံးခဲ့ရဖွယ်ရှိကြောင်း အဏ္ဏ၀ါဗေဒဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံသို့ မုန်တိုင်းဝင်ရောက်၊ လူနေအိမ် ၁၃၇၉ လုံးပျက်စီး**
(မနီလာ၊ သြဂုတ် ၁) ဆာဆိုလာအမည်ရှိ အပူပိုင်းမုန်တိုင်းသည် သြဂုတ် ၁ ရက်က ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ရာ သေဆုံးသူ အနည်းဆုံး ၁၄ ဦးအထိ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားသည်။ အဆိုပါမုန်တိုင်းဝင်ရောက်မှုကြောင့် ဘန်းကွက်ပြည်နယ်မြောက်ပိုင်း၌ မြေပြိုကျ၍ နှစ်ဦး၊ ရွမ်ဘလွန်းပြည်နယ်အလယ်ပိုင်း၌ သစ်ပင်ပိ၍ နှစ်ဦး၊ မန်ဂူဒါနောပြည်နယ်တောင်ပိုင်း၌ သားအမိနှစ်ဦး ရေနစ်၍ နှစ်ဦးစုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အက်စီဒန်တယ် မင်ဒိုရိုပြည်နယ် ဆာဘလာရန်း၌ ရေလုပ်သားလေးဦးလည်း ငါးဖမ်းထွက်ရင်း ပျောက်ဆုံးလျက်ရှိ ကြောင်း၊ အန်ဘီကျူးပြည်နယ် တစ်ဘီယာအိုမြို့၌ လူငါးဦးဒဏ်ရာရရှိသွားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ အဆိုပါမုန်တိုင်းကြောင့် မြို့တော် မနီလာ၌ လေပြင်းများတိုက်ခတ်ပြီး မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ရုံးများ၊ ကျောင်းများပိတ်ထားရကြောင်း သတင်းတွင်ဆက်လက်ဖော်ပြထားသည်။ ၄င်းမုန်တိုင်းကြောင့် မနီလာနှင့် တရုတ်(တိုင်ပေ) တို့အကြေားပျံသန်းပြေးဆွဲလက်ရှိသည့် လေကြောင်းခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းကြောင့် မိသားစုဝင် ၆၃၆၇၀ တို့အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟုဆိုသည်။ ဆာအိုလာမုန်တိုင်းခတ်မှုကြောင့် နေအိမ် ၁၃၇၉ လုံးပျက်စီးပြီးလမ်းနှင့် တံတားအချို့လည်း ပျက်စီးသွားခဲ့ကြောင်း၊ သီးနှံ စိုက်ခင်း ဟက်တာ ၉၀၀၀ နီးပါးပျက်စီးသွားကြောင်း သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ မုန်တိုင်းသည် သြဂုတ် ၁ ရက်က မွန်းလွဲပိုင်းက ဘတ်စ်ကိုမြို့ အရှေ့မြောက်ဘက် ၃၆၅ ကီလိုမီတာအကွာ ပင်လယ်ပြင် ကို ဗဟိုပြုလျက်ရှိပြီး သြဂုတ် ၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာဖွယ်ရှိကြောင်း ဖိလစ်ပိုင်မိုးလေ၀သပညာ ရှင်များက ခန့်မှန်းထားသည်။ (အင်တာနက်)
**အင်္ဂါဂြိုလ်ဆင်းယာဉ် ဆင်းသက်ပုံ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်** (၀ါရှင်တန်၊ သြဂုတ် ၁) အမေရိကန်အာကာသအေဂျင်စီ(နာဆာ)၏ အင်္ဂါဂြိုဟ်ဆင်းယာဉ် သည် သြဂုတ် ၆ ရက် ဂရင်းနစ်စံတော်ချိန် ၅ နာရီ ၃၁ မိနစ်၌ အင်္ဂါဂြိုဟ် ၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်မည်ဖြစ်ကြောင်း၊ ဂြိုဟ်ဆင်းယာဉ် ဆင်းသက်သောလုပ်ငန်းစဉ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှနေ၍ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း သြဂုတ် ၁ ရက် သတင်းကြေညာချက်တွင် ဖော်ပြသည်။အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရှိ နာဆာ၏ ဂျက်တွန်းကန်အား သုတေသန ဌာနရှိ အာကာသယာဉ်ထိန်းချုပ်ရေးစခန်းမှတစ်ဆင့် ဂြိုဟ်ဆင်းယာဉ်ဆင်းသက်ပုံကို တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း၊ သို့ရာတွင် အင်္ဂါဂြိုဟ်မှ ကမ္ဘာသို့ ရေဒီယိုလှိုင်းများ ပေးပို့ရန် ၁၄ မိနစ်ကြာမြင့်မည်ဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ၁၄ မိနစ် နောက်ကျကျန်နေမည် ဖြစ်ကြောင်း နာဆာ၏ သတင်းကြေညာချက်တွင် ဖော်ပြသည်။ဘီးခြောက်ဘီးတပ် ဂြိုဟ်ဆင်းယာဉ် သည် အလေးချိန်တစ်တန်ခန့် ရှိသည်။အင်္ဂါဂြိုဟ်ဆင်းယာဉ်၏ အရွယ်အစားမှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ဆင်းသက် ရန် ယခင်က လွှတ်တင်ခဲ့သည့် ဂြိုဟ်ဆင်းယာဉ်အားလုံးနှင့် နှိုင်းယှဉ်လျှင်များစွာကြီးမားသည်။ အင်္ဂါဂြိုဟ်ဆင်းယာဉ်ပေါ်၌ သိပ္ပံစူးစမ်းလေ့လာရေး ကိရိယာ ၁၀ မျိုးကိုတပ်ဆင်ထားသည်။ ဂြိုဟ်ဆင်းယာဉ်၏ စက်ရုပ် လက်မောင်းတံအား အသုံးပြုကာ အင်္ဂါဂြိုဟ်ယာဉ်မျက်နှာပြင်၏မြေနှင့် ကျောက်သားနမူနာများကို ရယူကာ သုံးသပ်လေ့လာသွားရန် စီစဉ်ထားသည်။ဂြိုဟ်ဆင်းယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်ရှိ တောင်တစ်လုံး၏ နံဘေးသို့ ဆင်းသက်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆင်းသက်ပြီးနောက် သိပ္ပံရေးရာ စူးစမ်းလေ့လာမှုလုပ်ငန်းကို နှစ်နှစ်ကြာမျှပြုလုပ်သွားမည်ဖြစ်ကြောင်း နာဆာ၏သတင်းကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်)
**တောင်တရုတ်ပင်လယ် ရေနံလုပ်ကွက်သုံးခုကန်ထရိုက်ပေးရန် ဖိလစ်ပိုင်လမ်းလှမ်း**
(မနီလာ၊ သြဂုတ် ၁)
ရေနံနှင့်ဓာတ်ငွေ့ စူးစမ်းရှာဖွေထုတ်လုပ်ရန် ခွင့်ပြုပေးမည့် ကန်ထရိုက်လုပ်ငန်းသုံးခုအနက် နှစ်ခုမှာ တရုတ်
နိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုပေါ်ပေါက်နေသောဒေသနှင့် ဆက်နွှယ်လျက်ရှိကြောင်းတာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ပါလာဝန် ကမ်းရိုးတန်းကမ်းလွန်ရှိရေနံနှင့်ဓာတ်ငွေ့ စူးစမ်းရှာဖွေထုတ်လုပ်
ရေးလုပ်ကွက်များသည် ဖိလစ်ပိုင်နိုင်ငံ၏ပိုင်နက်နယ်မြေ၌တည်ရှိကြောင်း ဖိလစ်ပိုင်စွမ်းအင်လုပ်ငန်း လက်ထောက်ဝန်ကြီးဟိုဆေးလေးယက်က ပြောကြားသည်။ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည်
တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများပိုင်ဆိုင်မှုကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ
ဖြစ်သည်။ အင်တာနက်။ **ကူရိုင်းကျွန်းစု ပြဿနာ အဖြေရှာရေး ရုရှားနှင့် ဂျပန်ဆက်လက်ကြိုးပမ်းမည်**
(ဆိုချီ၊ သြဂုတ် ၁) ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း ကျင်းပခဲ့သော နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ၏ ဆွေးနွေးပွဲ များတွင် ပိုင်ဆိုင်ခွင့်အငြင်းပွားလျက်ရှိသည့် ကူရိုင်းကျွန်းစုပြဿနာကို အဖြေရှာသွားရန် ရုရှားနှင့်ဂျပန် နိုင်ငံတို့က သဘောတူညီမှုရရှိခဲ့ကြောင်း ဇူလိုင် ၃၀ရက်သတင်းများတွင် ဖော်ပြထားသည်။ရုရှားနိုင်ငံ ပင်လယ်နက်ဒေသ အပန်းဖြေမြို့ဆိုချီတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်တို့ သည် နှစ်နိုင်ငံအကြားပိုင်ဆိုင်ခွင့် အငြင်းပွားလျက်ရှိသော ကူရိုင်းကျွန်းစုပြဿနာနှင့် စပ်လျဉ်း၍ ဇူလိုင် ၂၈ ရက်က ဆွေးနွေးးခဲ့ကြသည်။ကူရိုင်းကျွန်းစုပြဿနာနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ကျယ်ပြန့်သော သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သော်လည်း ယင်းပြဿနာကို ဖြေရှင်း နိုင်ရေးအတွက် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ရန်ရုရှားနှင့် ဂျပန်နှစ် နိုင်ငံလုံးက သဘောတူညီမှုရရှိခဲ့ကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြော ကြားခဲ့သည်။ဂျပန်နိုင်ငံတွင် မြောက်ပိုင်းနယ်မြေဟူ၍လည်းကောင်း၊ ရုရှားနိုင်ငံတွင် တောင်ပိုင်းကူရိုင်းကျွန်းများဟူ၍ လည်းကောင်း သိရှိကြသည့် အဆိုပါ ကျွန်းတန်း ဘက်ကို ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ဆိုဗီယက်တပ်နီတော်က သိမ်းပိုက်ခဲ့သည်။ ယင်းကာလမှစ၍ ကူရိုင်းကျွန်းစုကိုပိုင်ဆိုင်ခွင့်ရရေးနှင့်စပ်လျဉ်းပြီး ရုရှား နှင့်ဂျပန်နိုင်ငံတို့အကြား အငြင်းပွားမှုပေါ်ပေါက်ခဲ့ရသည်။ယခုလအစောပိုင်းအတွင်း ရုရှား ၀န်ကြီးချုပ် ဒီမစ်ထရီမက်ဗီဒက်ဗ်သည်ကူရိုင်းကျွန်းစုတွင်အပါအ၀င်ဖြစ်သောကီနာရှီရီအမည်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့သွားရောက်လည်ပတ်ခဲ့ရာ ဂျပန်အစိုးရကအပြင်းအထန် ကန့်ကွက်ခဲ့သည်။ (ယူပီအိုင်)
စုစည်းဘာသာပြန် - တက်လူ

No comments:
Post a Comment