-ထိုင်းဥပဒေဆိုင်ရာ ရှေ့နေအထောက်အကူပြု သင်တန်းအမှတ်စဉ် (၆) သင်တန်းသားများ မဲဆောက် (တာ့ခ်ခရိုင်) ဆ၀ါဒီကန်ရုံးသို့ ကွင်းဆင်းလေ့လာ-
(အမှတ်တရစုပေါင်းဓာတ်ပုံ)
**(သြဂုတ်လ ၁၆ ရက် ၂၀၁၂- သောင်ရင်းနဂါး)**(အမှတ်တရစုပေါင်းဓာတ်ပုံ)
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (HRDF) တို့မှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဉ် ၉၆) ရှေ့နေအထောက်အကူပြုသင်တန်းသားများသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) သို့ ကွင်းဆင်းလေ့လာခဲ့ကြသည်။ မဲဆောက် (တာ့ခ် ခရိုင်) ဆ၀ါဒီကန်ရုံးမှ ဒုတိယဦးစီးအရာရှိ ဖိဆွန်ဘွန်းမှ ဆ၀ါဒီကန်ရုံး၏ အလုပ်ငန်းသဘာဝများကို အကျယ်တ၀ံ့ရှင်းလင်းသွားပြီး သင်တန်းသားများ၊ သင်တန်းကြီးကြပ်သူများ၊ သင်တန်းဆရာများနှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ အမှတ်စဉ် (၆) သင်တန်းကို ယမန်နေ့ (သြဂုတ်လ ၁၅ ရက်နေ့)မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၅- ၁၆- ၁၇ ရက်နေ့အထိဖြစ်သည်။ သင်တန်းတွင် လူ့အခွင့်အရေးဘာသာရပ်၊ ထိုင်းအလုပ်သမားကာကွယ်ရေးအက်ဥပဒေ (BE-2541)၊ အလုပ်ရှင်နှင့် အလုပ်သမားစေ့စပ်ဖျန်ဖြေရေးအက်ဥပဒေ (BE-2518) နှင့် သင်တန်းသားများကိုယ်တိုင် မိမိအတွေ့အကြုံ ရှင်းလင်းဆွေးနွေးခြင်းများပါဝင်သည်။ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန LLC သည် ၂၀၀၅ ခုနှစ် ဇွန်လတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် (တာ့ခ် ခရိုင်)၌ စတင်လှုပ်ရှားခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် (နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့)မှာ ရုံးစတင်ဖွင့်လှစ်ခဲ့သည်။ LLC စတင်လှုပ်ရှားခဲ့သည့်အချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက် (တာ့ခ် ခရိုင်) အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင် အဖွဲ့အစည်းများဖြစ်ကြသော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB)။မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)၊ မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO)တို့က စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင်မူ အခြားလူထုအခြေပြုအဖွဲ့အစည်းများပါဝင်လာခဲ့သည်ကို တွေ့ရသည်။
သတင်းနှင့် ဓာတ်ပုံ- သောင်ရင်းနဂါး

No comments:
Post a Comment