-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ယူရိုဇုန်ငွေကြေးပြဿနာကြောင့် ဥရောပတိုက်ပြိုကွဲမည့် အန္တရာယ်ရှိလာနိုင်**
(ရောမ သြဂုတ် ၆)
ဥရောပကြွေးမြီပြဿနာနှင့်ပတ်သက်၍ ဂျာမနီ၊ ဥရောပ
သမဂ္ဂနှင့်ဂျာမန်အဓိပတိ အင်ဂျလာမာကယ်လ်တို့အပေါ်
မကျေမလည်ဖြစ်မှုများသည် အီတလီနိုင်ငံအတွင်း တဖြည်းဖြည်း
မြင့်တက်လာကြောင်း အီတလီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းအပြင် ယူရိုငွေကြေးပြဿနာဆိုင်ရာ ဖိအားများ
ကြောင့် ဥရောပနိုင်ငံများအတွင်း စိတ်ဓာတ်ရေးရာအရ ပြိုကွဲ
မည့်လက္ခဏာများ ပေါ်ပေါက်ခဲ့ရကြောင်း အီတလီဝန်ကြီးချုပ်
မာရီယိုက ဝေဖန်သုံးသပ်ခဲ့သည်။ဥရောပနိုင်ငံများအတွင်း ယူရိုငွေကြေးပြဿနာနှင့်
စပ်လျဉ်း၍ သဘောထားကွဲပြားမှုများ နက်ရှိုင်းလာမှုအပေါ် မိမိ
စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ယင်းပြဿနာကို ထိန်းချုပ်ရေး
အတွက် ဥရောပအစိုးရအဖွဲ့များအနေဖြင့် ၀ါယမစိုက် အားထုတ်
သင့်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်နှင့် နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)တို့၏ သုံးပွင့်ဆိုင်
ဘဏ္ဍာရေးကယ်ဆယ်မှုအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ
တစ်ရပ်၌ ဘဏ်လုပ်ငန်းများပြိုလဲမှုကို ရှောင်လွှဲနိုင်ရန် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရေးအတွက်
ဂရိနိုင်ငံက ကတိက၀တ်ပြုခဲ့ပြီးနောက် အီတလီဝန်ကြီးချုပ်၏
သဘောထားမှတ်ချက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ငွေကြေးအကျပ်အတည်းနှင့်ကြုံနေရသော ဂရိနိုင်ငံအား
အကူအညီပေးအပ်နေမှုများကို ရပ်ဆိုင်းသင့်ကြောင်း ဂျာမန်
ဘဏ္ဍာရေးဝန်ကြီးက ယခုသီတင်းပတ်ကုန်အတွင်း ပြောကြား
ခဲ့ပြီးနောက် ဥရောပနိုင်ငံများအတွင်း သဘောထားကွဲပြားမှုများ
ပေါ်ထွက်ခဲ့သည်။ (ဒေးလီးတယ်လီဂရပ်)
**လန်ဒန်အိုလံပစ်ပြိုင်ပွဲမီတာ ၁၀၀ ပြေးလမ်းပေါ်ပုလင်းဖြင့်ပေါက်သူ အဖမ်းခံရ**
(လန်ဒန်၊ သြဂုတ် ၆)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အိုလံပစ် အားကစားပြိုင်ကွင်း
အတွင်း၌ အမျိုးသား မီတာ ၁၀၀ နောက်ဆုံးအဆင့် မစတင်မီ
စက္ကန့်ပိုင်းအလိုတွင် ပြေးလမ်းကြောင်းပေါ်သို့ ပုလင်းတစ်လုံး
ပစ်ပေါက်ခဲ့သော အမျိုးသားတစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း သြဂုတ်
၆ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။လူတစ်ယောက်သည် မကြားဝံ့မနာသာ
ဆဲရေးတိုင်းထွာအော်ဟစ်ပြီး ပုလင်းတစ်လုံးဖြင့် ပေါက်ခဲ့ကြောင်း လန်ဒန်
မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူကပြောသည်။ အဆိုပါ
ပုလင်းမှာ အပြေးသမားများ၏နောက်တွင်ကျရောက်ခဲ့သည်ဟု
ဆိုသည်။အမေရိကန် အားကစားသမား ဂျပ်စ်တင်းဂတ်လင်းက
ယင်းပုလင်းကြောင့် အနည်းငယ် အာရုံပျက်ခဲ့ရသည်ဟု ပြော
သည်။ ရဲတပ်ဖွဲ့ တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာမရရှိကြောင်း၊
ပြိုင်ပွဲအစီအစဉ်လည်း မပျက်ခဲ့ကြောင်းပြောသည်။
ပြည်သူလူထုအား အနှောင့်အယှက်ဖြစ်စေသောကြောင့်
ပုလင်းဖြင့်ပစ်သူဟု သံသယရှိရသူအား လန်ဒန်မြို့အရှေ့ပိုင်း
ရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ပြိုင်ပွဲဝင် အားကစားသမားများကို
လည်းကောင်း၊ ပြိုင်ပွဲကိုလည်း အဟန့်အတားအနှောင့်အယှက်
မဖြစ်ခဲ့ကြောင်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ပြောရေး
ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (အင်တာနက်)
**ကျူရီယိုစီတီ အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာဆင်းသက်**
(ပါဆားဒီးနား၊ သြဂုတ် ၆)
အခြားသောဂြိုဟ်များထံ စေလွှတ်ခဲ့ဖူးသမျှ အာကာသ
ယာဉ်များအနက် အရွယ်အစားအကြီးဆုံးနှင့် နည်းပညာအရ
အဆင့်အမြင့်ဆုံးဖြစ်သော ကျူရီယိုစီတီ အင်္ဂါဂြိုဟ်လေ့လာရေး
အာကာသယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ တနင်္လာနေ့
အစောပိုင်းတွင် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း
အမေရိကန်ပြည်ထောင်စုလေကြောင်းနှင့် အာကာသစီမံ
ခန့်ခွဲရေး အေဂျင်စီ(နာဆာ)က ပြောကြားသည်။
နာဆာအဖွဲ့၏ အင်္ဂါဂြိုဟ်လေ့လာရေးမစ်ရှင်တွင် အစိတ်
အပိုင်းတစ်ရပ်အဖြစ်ပါဝင်နေသော ကျူရီယိုစီတီအာကာသယာဉ်
သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်ရှိ ဂေးလ်ချိုင့်ဝှမ်းအတွင်း
သတ်မှတ်နေရာသို့ တနင်္လာနေ့ အရှေ့တိုင်းစံတော်ချိန် နံနက်
၁ နာရီ ၃၁ မိနစ်တွင် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
နည်းပညာအရ အဆင့်အမြင့်ဆုံး သိပ္ပံပညာဆိုင်ရာပစ္စည်း
ကိရိယာများသယ်ဆောင်သွားသည့် ကျူရီယိုစီတီအာကာသ
ယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်၌ သက်ရှိများရှင်သန်နိုင်စွမ်းရှိ၊ မရှိ
နှင့်ပတ်သက်၍ အထောက်အထားများ စုဆောင်းရယူသွားမည်
ဖြစ်သည်။အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျခဲ့သည့်
ကျူရီယိုစီတီအာကာသမစ်ရှင်သည် အင်္ဂါဂြိုဟ်ပေါ်၌ သက်ရှိများ
ရှင်သန်နိုင်စွမ်းရှိ၊ မရှိကို လေ့လာစူးစမ်းရန် ကြိုးပမ်းမည့်အပြင်
ယင်းဂြိုဟ်၏ ရာသီဥတုနှင့် ဘူမိဖွဲ့စည်းပုံများကိုလည်း လေ့လာ
သွားမည်ဖြစ်သည်။အင်္ဂါဂြိုဟ်ပေါ်သို့ အနာဂတ်ကာလတွင် လူသားများ
စေလွှတ်ရေးစီမံကိန်းအတွက် ကျူရီယိုစီတီအာကာသမစ်ရှင်က
အထောက်အကူပြုလိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်
ထားသည်။ (ယူပီအိုင်)
**ပဋိဇီဝဆေးဝါးများနေရာတွင်အစားထိုးနိုင်မည့် နည်းလမ်းသစ်
သုတေသီများတွေ့ရှိ**
(ဆစ်ဒနီ၊ သြဂုတ် ၆)
ပဋိဇီဝဆေးဝါးများနေရာတွင် အစားထိုးအသုံးချနိုင်သည့်
နည်းလမ်းသစ်တစ်ရပ် ရှာဖွေရေးလုပ်ငန်းစဉ်အတွင်း သြစတြေးလျ
သုတေသနပညာရှင်များသည် အရေးကြီးသော လေ့လာ
တွေ့ရှိချက်တစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သြဂုတ်
၅ ရက် သတင်းများတွင် ဖော်ပြထားသည်။
အဏုဇီဝပိုးမွှားများသည် ပဋိဇီဝဆေးဝါးများဒဏ်ကို ပိုမို
ခံနိုင်ရည်ရှိလာသည်နှင့်အမျှ ပဋိဇီဝဆေးဝါးများ၏ အာနိသင်
သည်လည်း ထိရောက်မှုကျဆင်းလာရာ ယင်းဆေးဝါးများ အသုံး
မပြုဘဲ ရောဂါဘယများကုသနိုင်မည့် နည်းလမ်းသစ်များရှာဖွေ
ရေးသည် အရေးကြီးကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့
သည်။-ပလိုင်းစီ(Ply C)ဟုခေါ်သော ဗက်တီးရီးယားပိုးမွှားများ
ကို ချေမှုန်းနိုင်သည့် သက်စောင့်ပရိုတိန်းတစ်မျိုးအား ပဋိဇီဝ
ဆေးဝါးများနေရာတွင် အစားထိုးသုံးစွဲနိုင်ရန် သြစတြေးလျနိုင်ငံ
မဲလ်ဘုန်းမြို့မိုနက်ရှ်တက္ကသိုလ်မှ သုတေသီများက မျှော်လင့်
ထားသည်။ပလိုင်းစီ သက်စောင့်ပရိုတိန်းကို ကူးစက်ရောဂါများ
အတွက် အသုံးပြုနိုင်ဖွယ်ရှိသည့် ကုထုံးတစ်လက်အဖြစ် ၁၉၂၅
ခုနှစ်ကပင် ဖော်ထုတ်နိုင်ခဲ့သော်လည်း ပဋိဇီဝဆေးဝါးများ
ပေါ်ထွက်လာမှုကြောင့် ပလိုင်းစီသုတေသနလုပ်ငန်းများ ရပ်တန့်
ခဲ့ရသည်။ပလိုင်းစီ သက်စောင့်ပရိုတိန်းသည် ဗက်တီးရီးယားပိုး၏
မျက်နှာပြင်တွင် တွယ်ကပ်ကာ ယင်းပိုးကို ချေမှုန်းရေးအတွက်
အတွင်းပိုင်းသို့ ထိုးဖောက်နိုင်စွမ်းရှိသည်။ လည်ချောင်းနာခြင်းနှင့်
အဆုတ်အအေးပတ်ရောဂါ(နမိုးနီးယား) ကဲ့သို့သော ဝေဒနာ
များကို ဖြစ်ပွားစေသည့် ဗက်တီးရီးယားများအား ပလိုင်းစီ
သက်စောင့်ပရိုတိန်းက ချေမှုန်းနိုင်စွမ်းရှိသည်။
ပလိုင်းစီသက်စောင့်ပရိုတိန်းကို ဆေးဝါးများအတွင်း
ထည့်သွင်းနိုင်ရေးအတွက် အရေးကြီးသော အဆင့်တစ်ရပ်
ဖြစ်သည့် အက်တမ်ဖွဲ့စည်းပုံ လေ့လာဖော်ထုတ်မှုအား
သြစတြေးလျနှင့် အမေရိကန်သိပ္ပံပညာရှင်များက လုပ်ဆောင်
နေခဲ့ပြီးဖြစ်သည်။ (ဗွီအိုအေ)
**အီဂျစ်နိုင်ငံဆိုင်းနိုင်းကျွန်းဆွယ်ရှိ စစ်ဆေးရေးဂိတ်တွင်ပစ်ခတ်မှုဖြစ်ပွား၍
အီဂျစ်တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး**
(ကိုင်ရို၊ သြဂုတ် ၆)
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လုံခြုံ ရေးစစ်ဆေးရေး
ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားရာ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး
သေဆုံး၍ ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံလုံခြုံရေး
တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
သြဂုတ် ၅ ရက် နေ၀င်ဆည်းဆာ အချိန်တွင် လုံခြုံ့ရေး
စစ်ဆေးရေးဂိတ်အတွင်း မျက်နှာဖုံးစွပ်သေနတ်သမားများ
ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်
ပစ်ခတ်ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး
သော်လည်း မျက်နှာဖုံးစွပ်သေနတ်သမားများ ထွက်ပြေး
လွတ်မြောက် သွားကြောင်း သတင်းတွင်ဖော်ပြသည်။
သေနတ်သမားများက မောင်းပြန်သေနတ်များဖြင့်
ပစ်ခတ်ကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်သည် ရာဖက်မြို့
တောင်ဘက်ရှိ လီဘာတီစကွဲလုံခြုံရေးဂိတ်ဖြစ်ပြီး သေနတ်
သမားများက ကားနှစ်စီးနှင့်အတူ ထွက်ပြေးလွတ်မြောက်
သွားခြင်းဖြစ်ကြောင်း မီနာသတင်းဌာနက လုံခြုံရေးတပ်ဖွဲ့ဝင်
များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။
(ဆင်ဟွာ)
**ဆေးဝါးတုထုတ်လုပ်ရောင်းချသူများကို တရုတ်၌ ဖမ်းဆီး**
(ပေကျင်း၊ သြဂုတ် ၆)
တရုတ်နိုင်ငံတွင် ဆေးဝါးအတုထုတ်လုပ်ရောင်းချသူများကို ရဲတပ်ဖွဲ့က
နှိမ်နင်းလျက်ရှိရာ ဦးရေ ၁၉၀၀ ကျော်ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း အာဏာ
ပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်ဟုသြဂုတ် ၆ ရက် ဘီဘီစီသတင်းတွင်
ဖော်ပြထားသည်။ဇူလိုင် ၂၅ ရက်မှစ၍ နိုင်ငံနှင့်အ၀န်း ဆောင်ရွက်လျက်ရှိသော စစ်ဆင်
ရေးအတွင်း ကာလတန်ဖိုးတရုတ်ငွေကြေးယွမ် ၁ ဒသမ ၁၆ ဘီလီယံ(အမေရိကန်
ဒေါ်လာ ၁၈၂သန်း) တန်ဖိုးရှိသောဆေးဝါးများကိုရဲတပ်ဖွဲ့သိမ်းဆည်းနိုင်ခဲ့သည်။ ၎င်းဆေးဝါးများထဲတွင် ဆီးချိုရာဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါနှင့် ကင်ဆာရောဂါများကုသရာတွင် အသုံးပြုသည့် နာမည်ကြီးတံဆိပ်များကို တုပထုတ်လုပ်ထားသော ဆေးပြားသန်းပေါင်းများစွာပါဝင်ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးနှိမ်နင်းမှုများ ပြုလုပ်သော်လည်း ဆေးဝါး အတုပြဿနာကို အမြစ်မှစ၍ ဖြိုဖျက်နိုင်ရန်မှာ ဝေးကွာလှ
သေးကြောင်း အာဏာပိုင်များက ပြောသည်။အချို့သာဆေးဝါးများတွင် နိုင်ငံတော်စားသောက်ကုန်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ကတားမြစ်ပိတ်ပင်ထားသော ပစ္စည်းများပါဝင်နေကြောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ အချို့သာ ဆေးဝါးအတုများတွင်စိတ်ငြိမ်ဆေးများ၊ စိတ်အမြင်မှားစေသော ဆေးများထည့်သွင်းဖော်စပ်ထားသည်ဟု ယုံကြည်ရသည်။ဆေးရုံများ၊ ဆေးဆိုင်များ၊ ယုံကြည်ရသော ဆေးရောင်း သူများထံမှသာ ဆေးဝယ်ယူကြရန် ပြည်သူတို့ကို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ် ပြန်ထားသည်။ (အင်တာနက်)

No comments:
Post a Comment