-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**သူများထက်ထူး နဖူးချိုတက်ပေါက်တဲ့ လေဒီဂါဂါ**
အများတကာထက်ထူးထူးခြားခြား
အဆန်းတကြယ်ပြုမှု
လုပ်ဆောင်တတ်သူများကို''သူများထက်ထူး နဖူးချိုတက် ပေါက်သည်''ဟု တင်စားပြောဆိုကြသော်လည်း လက်တွေ့ဘ၀တွင် မည်သူမျှမိမိနဖူးကိုချိုတပ်ရလောက်အောင် ထူးမည့်သူ၊ဆန်းမည့်သူရှိမည်မထင်ပါ။ သို့သော် အမေရိကန်ပေါ့ပ်အဆိုတော် လေဒီဂါဂါက အဆိုပါ စကားရပ်နှင့် ထပ်တူကျအောင်ပြုလုပ်လိုက်သည့် အဆန်းတကြယ်အပြုအမူတစ်ခု မကြာ သေးမီက ပြုလုပ်လိုက်ပြီဖြစ်သည်။လေဒီဂါဂါသည် သူ၏ တွစ်တာစာမျက်နှာနှင့် Littlemosters.com ၀က်ဘ်ဆိုက်တို့တွင် ဒဏ္ဍာရီလာလူသားတစ်ပိုင်းမြင်းတစ်ပိုင်းပုံ၌ လူသားပိုင်းဦးခေါင်းတွင်ချိုတစ်ချောင်းပါသည့်ပုံနှင့် ယင်းကဲ့သို့အခြားထူးဆန်းသည့်ပုံတစ်ပုံတို့ကို ရိုက်ကူးဖော်ပြခဲ့သည်။ အဆိုပါ လူသားတစ်ပိုင်းမြင်းတစ်ပိုင်းပုံတွင် လေဒီဂါဂါက မြင်းခွာပုံဒေါက်ဖိနပ်စီးထားပြီး ခေါင်းတွင် ချိုတစ်ချောင်းတပ်လျက်ခန္ဓာကိုယ်နောက်ပိုင်းအား မြင်းခန္ဓာကိုယ်ဖြင့်ဆက်ထားသည့်ပုံဖြစ်သည်။လေဒီဂါဂါသည် ယခင်ကလည်း လူများစိတ်ဝင်စားစေမည့်ဝတ်ဆင်မှုများပြုလုပ်ခဲ့ပြီး သူ၏ အသားဝတ်စုံမှာ လူသိများ သည်။ ထို့ပြင် မကြာသေးမီက သူ၏လက်မောင်းတွင်ARTPOPဟူသော စကားလုံးကိုလည်း ဆေးမင်ကြောင်ထိုးထားသေးသည်။လေဒီဂါဂါသည် Machete Kills ဇာတ်ကားဖြင့်ဟောလိဝုဒ်သရုပ်ဆောင်လောကသို့ဝင်ရောက်မည်ဖြစ်ကြောင်းကြေညာထားသကဲ့သို့ လာမည့်သြဂုတ် ၁၄ ရက်တွင်လည်းဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် သူ၏ Born This Way Ball ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် ပြန်လည်စတင်ရန်ပြင်ဆင်လျက်ရှိသည်။ လေဒီဂါဂါသည် သူ၏ ဟောလိဝုဒ်ပထမဆုံးဇာတ်ကားနှင့် လာမည့်ခရီးစဉ်များတွင် မည်သို့သော အထူးအဆန်းများဖြင့် ပရိသတ်အားဆွဲဆောင်သွားမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ (အင်တာနက်)
**စက်ဘီးစီးသမားဘ၀မှ အနားမယူမီ အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်
ရွှေတံဆိပ်ဆွတ်ခူးရန် မျှော်လင့်နေသော ဗစ်တိုးရီးယားပန်ဒယ်တန်**
(လန်ဒန်၊ သြဂုတ် ၄)
ဗြိတိန်စက်ဘီးစီးချန်ပီယံ ဗစ်တိုးရီးယား ပန်ဒယ်တန်သည် ၁၉၈၀ ခုနှစ်
စက်တင်ဘာ ၂၄ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိ ၂၀၁၂ လန်ဒန်အိုလံပစ်
အားကစားပြိုင်ပွဲ၏ စက်ဘီးစီးပြိုင်ပွဲတွင်ဗြိတိန်ကိုယ်စားပြု စက်ဘီးစီးသမား
တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။တစ်ဦးချင်းစက်ဘီးစီးပြိုင်ပွဲများ၌
စံချိန်ခြောက်ကြိမ်အပါအ၀င် ကမ္ဘာ့စံချိန်ကိုးကြိမ်အထိ ရရှိထားသည့် အသက်
(၃၁) နှစ်အရွယ်ရှိ ဗစ်တိုးရီးယားပန်ဒယ်တန်သည် သူမ၏ စက်ဘီးစီး
သမားဘ၀မှ အနားမယူမီ နောက်ဆုံးပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုဆွတ်ခူး
ရရှိရန် မျှော်လင့်နေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။စက်ဘီးစီးချန်ပီယံ ဗစ်တိုးရီးယား
ပန်ဒယ်တန်သည် ၂၀၀၅ ခုနှစ် ကမ္ဘာ့စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ၌ အမျိုးသမီး
တာတိုပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ပြီး နှစ်ပေါင်း
၄၀ ကာလအတွင်း ဗြိတိန်၏ ကမ္ဘာ့စက်ဘီးစီးချန်ပီယံဖြစ်လာခဲ့သည့် တတိယ
မြောက် အမျိုးသမီးဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ်တွင်
မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သည့်ဓနသဟာယနိုင်ငံများ အားကစား
ပြိုင်ပွဲ၌ မီတာ ၅၀၀ ပြိုင်ပွဲတွင်ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
ထို့အပြင် ၂၀၀၈ ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲ၌ အမျိုးသမီး သီးသန့်
ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် သူမ၏
နှစ်ပေါင်း ၂၀ သမိုင်းတစ်လျှောက်တွင်တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိ
ထားခဲ့သူဖြစ်သည်။သို့သော် လက်ရှိတွင် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁၂ ရက်အထိ လန်ဒန်မြို့
တွင် ကျင်းပလျက်ရှိသည့် ၂၀၁၂လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲ
မပြီးဆုံးမီ သူမ၏ နောက်ဆုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိရန်
လည်း မျှော်လင့်နေခဲ့ကြောင်းဗစ်တိုးရီးယား ပန်ဒယ်တန်က ဆိုခဲ့သည်။ (အင်တာနက်)**အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲအမေရိကန်၊ ဂျပန်၊ ပြင်သစ်နှင့် ကနေဒါတို့ ဆီမီးဖိုင်နယ်တက်**
(လန်ဒန်၊ သြဂုတ် ၄) ၂၀၁၂ လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်၊ ဂျပန်၊ ပြင်သစ်နှင့် ကနေဒါအသင်းတို့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ၌ အမေရိကန်အမျိုးသမီးဘောလုံးအသင်းက နယူး ဇီလန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဂျပန်အမျိုးသမီးဘောလုံး အသင်းကလည်း ဘရာဇီးအသင်းကိုနှစ်ဂိုး-ဂိုးမရှိဖြင့်ပင် ဂိုးပြတ်သွင်းယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။အခြားကွာတားဖိုင်နယ်ပွဲစဉ်များဖြစ် သည့် ပြင်သစ်အသင်းနှင့် ဆွီဒင်အသင်းတို့ ပွဲစဉ်တွင်လည်း ပြင်သစ် အသင်းက ဆွီဒင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗြိတိန် အသင်းနှင့် ကနေဒါအသင်းတို့ ပွဲစဉ် တွင်မူ ကနေဒါအသင်းက ဗြိတိန် အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် ခဲ့သည်။၂၀၁၂ လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၆ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြင်သစ်အသင်းသည် ဂျပန်အသင်းနှင့်လည်းကောင်း၊ ကနေဒါအသင်းသည် အမေရိကန်အသင်းနှင့် လည်းကောင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (အင်တာနက်)
**အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲကြက်တောင်ရိုက်ပြိုင်ပွဲ တရုတ်နိုင်ငံမှ ကမ္ဘာ့ချန်ပီယံစုံတွဲ ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၄) လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၄ ရက်က အဋ္ဌမမြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြ ရာ အမျိုးသား အမျိးသမီး နှစ်ယောက်တွဲ ကြက်တောင်ရိုက် အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကျန်နန်းနှင့် ကျောက်ယွန်းလိတို့အတွဲက တစ်နိုင်ငံတည်းသား ကြက်တောင်ရိုက် အားကစားသမားဖြစ်သည့် ဟူချန်နှင့် မာဂျင်တို့အတွဲ အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ကျန်နန်းနှင့်ကျောက်ယွန်လိတို့အတွဲသည် လက်ရှိနှစ် ယောက်တွဲ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံများဖြစ်ကြသည်။ ယင်းတို့အတွဲသည် ပထမပွဲတွင် ဟူချန်နှင့် မာဂျင်တို့အတွဲကို ထိန်းချုပ်ကစားပြီး ၂၁-၁၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲတွင် `ဟူနှင့်မာတို့ ယှဉ်ပြိုင်မှုအားကောင်းလာသည်။ သို့သော်လည်း ကျန်နှင့်ကျောက်တို့အတွဲက ဖိကစားနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ၂၁-၁၇ မှတ်ဖြင့်နိုင်ပြီး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ခြင်းဖြစ်သည်။ ယင်းအမျိုးသား အမျိုးသမီး စုံတွဲကြက်တောင်ရိုက်ပြိုင်ပွဲ တတိယနေရာလုပွဲတွင် ဒိန်းမတ်နိုင်ငံမှ ခရစ္စတီးနားပီဒါဆင်နှင့် ဂျိုအာချင်းဖ်စချာတို့စုံတွဲက အင်ဒိုနီးရှားနိုင်ငံမှ တွန်တိုပီအာမက်နှင့် လီလီယာနားနတ်ဆာတို့ စုံတွဲကို ၂၁-၁၂၊ ၂၁-၁၂ ဖြင့် နိုင်ပြီး ကြေးတံဆိပ်ဆွတ်ခူးရရှိသွားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- အေ၀မ်းစိုး၊ မြင့်မောင်စိုး

No comments:
Post a Comment