-မဲဆောက်မြို့မှ သိုးမွှေးစက်ရုံအချို့တွင် နေ့စဉ်အလုပ်မလုပ်ရ၍ မြန်မာအလုပ်သမားအချို့ ထိုင်းအလုပ်သမားရုံးထံ ဆက်သွယ်တိုင်ကြား-
(အောက်တိုဘာလ ၉ရက်၊၂၀၁၂၊ သောင်ရင်းနဂါး)(ဂျက်ဘာနှင့် အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံအလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြစဉ်)
ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံ (မြန်မာတို့အ ခေါ် - ချန်ပီယံစက်ရုံ) နှင့် ကေဘီစီသိုးမွှေးစက်ရုံ စသည်တို့တွင် စက်ဆွဲဌာနများမှ မြန်မာ အလုပ်သမားများသည် နေ့စဉ်ပုံမှန်အလုပ်လည်းမရှိ၊ အလုပ်မရှိသည့်ရက်မှာလည်း ရက် ၂၀ ကျော်လာသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ် ရေးရုံး (ထိုင်းအခေါ် - ဆ၀ါဒီကန်) သို့ ဆက်သွယ်တိုင်ကြားထားကြကြောင်း သတင်းရရှိ သည်။ ထိုသို့ ဆက်သွယ်တိုင်ကြားရာတွင်လည်း ဆ၀ါဒီကန်ရုံးမှ အလုပ်ရှင် ဘက်ကိုသာ တွေ့ဆုံခဲ့ပြီး အလုပ်သမားများတောင်းဆိုထားသော အလုပ်မရှိလျှင် နေ့စဉ်လုပ်အားခ ၅၀ ရာခိုင်နှုန်းကို လတ်တလောငြင်းပယ်ထားကြောင်း သိရသည်။ ထိုင်းအလုပ်သမား ကာကွယ် ရေး အက်ဥပဒေ (ဘီအီး - ၂၅၄၁/1998) တွင် အလုပ်ရှင်မှ နေ့စဉ်ပုံမှန် အလုပ်မပေးနိုင်လျှင် အလုပ်သမားသည် နေ့စဉ်လုပ်အားခ၏ ၅၀ ရာခိုင်နှုန်းခံစားပိုင်ခွင့်ရှိကြောင်း ပြဌာန်းထား သည်။
(အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံရှေ့မြင်ကွင်း)
ထိုင်း-မြန်မာနယ်စပ်ရှိ သိုးမွှေးစက်ရုံများတွင် စက်ဆွဲဌာန၊ ထိုင်စက်ဌာန၊ ချိတ်ကောက်ဆွဲဌာန၊ အထည်ကောက်ဌာန၊ အထည်စစ်ဌာန၊ အထည်ဖာဌာန၊ မီးပူတိုက်ဌာန၊ သန့်ရှင်းရေးဌာန၊ လုံခြုံရေးဌာန စသည်ဖြင့် ရှိရာအခြားဌာနများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားအားလုံးလိုလိုနေ့စဉ်အလုပ်လုပ်နေရပါလျက်နှင့် မိမိတို့ စက်ဆွဲဌာနမှ မြန်မာအလုပ်သမား ၁၂၄ ဦး တို့နေ့စဉ်အလုပ်မရှိကြသည်မှာ အလုပ်ရှင်မှ ခွဲခြားဆက်ဆံနေ ခြင်းဖြစ်ကြောင်း၊ အလုပ်မရှိလျှင် နေ့စဉ်လုပ်အားခ၏ ၅၀ ရာခိုင်နှုန်းပေးရန်၊ထိုင်းနိုင်ငံ ရှေ့ နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) တို့မှ တဆင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ် ရေးရုံး (ထိုင်းအခေါ် - ဆ၀ါဒီကန်) သို့ ဆက်လက်တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံ အလုပ်သမားကိုယ်စားလှယ်များက ပြောဆိုသည်။
သတင်းနှင့်ဓါတ်ပုံ - သောင်ရင်းနဂါး

No comments:
Post a Comment