-တစ္ဆေမကြောက်သော … သူ-
နွေညသည် လရောင်အောက်မှာ ငြိမ်းချမ်းလျက်ရှိ၏။
အိမ်နောက်ဖေး ရေတွင်းအနီးက ၀ါးကွပ်ပျစ်ကလေး ပေါ်မှာထိုင်ရင်း အုန်းလက်ကြို အကြားက လရောင်လင်းလက် ညကို ခံစားနေမိသည်။
လေရူး တချက်တချက် တိုက်ခတ်လိုက်တိုင်း အုန်းပင်ထက်မှ ရှည်လျားလျား အုန်းလက်များ ယိမ်းထိုး လှုပ်ရှားသွားကြသည်က တစ္ဆေကြီး တကောင် နောက်ပြောင်နေသည့်နှယ်။
တစ္ဆေ …
တစ္ဆေ … ဟု တွေးလိုက်မိသည်နှင့် … သူ့စိတ်ထဲ စိမ့်ခနဲ ဖြစ်သွားသည်။
သူဟာ တစ္ဆေကို ကြောက်တဲ့ သူလား။ သူ့ကိုယ်သူ ပြန်မေးနေမိ၏။
ငယ်ငယ်တုန်းက သရဲကားတွေ ကြည့်ပြီး တယောက်ထဲ အမှောင်ခန်းထဲ မ၀င်ရဲ။ အိမ်သာသို့ မသွားရဲ၊ ချွတ်ဆိုလျှင် လန့်ချင်ပြီ။ ထို တစ္ဆေ သရဲ ရုပ်ရှင်တွေ မကြည့်ဘဲလည်း မနေနိုင်၊ ကြည့်မိရင်လည်း ကြောက်ပြန်သည်။ တစ္ဆေ သရဲဆိုတာ ဘယ်လို သတ္တ၀ါလဲ မျက်မြင်ဒိဋ္ဌ မတွေ့ဖူးပါလျက် … အလကားနေရင်း စိတ်ထဲက ခြောက်ခြား ကြောက်ရွံ့ နေမိသည်။
အခုရော … တစ္ဆေတွေကို ကြောက်သေးသလား … ။ သေချာစဉ်းစား ကြည့်မိပြန်၏။
ဒီလို မေးရင်းတွေးရင်း ခုလို နွေညတွေမှာ တမက်မောမော နားထောင်ခဲ့ရသော တစ္ဆေပုံပြင်များကို ပြန်သတိရမိလေသည်။
ကြာတော့လည်း ကြာခဲ့ပါပြီ … ။
ဟိုး ငယ်စဉ်အခါက … အညာဒေသ တခုမှာပေါ့ … ။
***
နွေကျောင်းပိတ်ရက်ရှည် တခုမှာ သူတို့မိသားစု အညာသို့ အလည်အပတ် သွားခဲ့ကြသည်။ ညည ဆိုလျှင် လူကြီးတွေက သစ်သား ကွပ်ပျစ်ကြီးတွေပေါ်မှာ ရေနွေးကြမ်းဝိုင်း ၀ိုင်းဖွဲ့ကာ စကားစမြည်ပြောကြသည်။ သူတို့လို ကလေးတွေကတော့ အိမ်ရှေ့ မြေတလင်း ပြောင်ပြောင်မှာ ထုပ်ဆီးတိုးတမ်း၊ ကုလားမစည်း နင်းတမ်း .. ကြက်ဖခွပ်တမ်း .. ကစားကြလေ့ရှိ၏။ ဒီလိုနှင့် လူကြီးတွေ စကားဝိုင်း သိမ်းချိန်မှာ သူတို့လည်း မောနေပြီ။ လူကြီးတွေဝိုင်းက ကျန်ခဲ့သည့် ရေနွေးကြမ်း နှင့် အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ မြေပဲဆားလှော် .. စတာတွေကို နှိုက်စားရင်း အမောဖြေကြသည်။
ဒီအချိန်မှာ သူတို့ထံ ရောက်လာတတ်တာက … အရီးလေးမိ။
အရီးလေးမိက ရေနွေးကြမ်း အသစ်ဖြည့်ပေး ..မြေပဲလှော်တွေ ပန်းကန်ထဲ ထပ်ဖြည့်ပေးရင်း သူတို့တွေကို ပုံပြင် ပြောပြလေ့ရှိ၏။ အရီးလေးမိ ပုံပြင်တွေက စိတ်ဝင်စားစဖွယ်။ တစ္ဆေ သရဲ ဖုတ် သဘက် ပြိတ္တာ ပုံပြင်များ။
သူတို့တွေ တယောက်နှင့်တယောက် ထိတွယ် ပူးကပ်ထိုင်ကြရင်း ညစဉ်လိုလို တစ္ဆေပုံပြင်တွေ နားထောင်ခဲ့ရသည်။
အရီးလေးမိ ပုံပြောချိန်ဆိုလျှင် သူတို့နှင့် မတိမ်းမယိမ်း အရွယ်ရှိ ကောင်မလေးတယောက် အမြဲရောက်ရောက် လာတတ်သည်။ ကစားချိန်ဆို ရောက်မလာ၊ ပုံပြောချိန်မှ သစ်ကိုင်းခြောက်ကလေး ကိုင်ပြီး ကွပ်ပျစ် အစွန်အဖျားမှာ ထိုင်လျက် အရီးလေးမိ ပြောသည့် ပုံပြင်ကို ငေးမော နားထောင်လေ့ရှိ၏။ တညဥ့်တာ ပုံပြောခြင်း ဆုံးပြီဆိုလျှင်တော့ သူတို့တတွေက အိမ်ထဲဝင်ဖို့ တယောက်နဲ့ တယောက် တွန်းထိုး ဆွဲခေါ် နေကြစဉ်မှာ ထို ကောင်မလေးကတော့ တယောက်ထဲပင် သစ်ကိုင်းခြောက်ကလေး တယမ်းယမ်းဖြင့် အမှောင်ထုထဲ ၀င်ရောက် ပျောက်ကွယ် သွားလေတော့သည်။
“အဲဒါ ရွာမြောက်ပြင်က အေးမ … တဲ့”
တယောက်ယောက်က သူ့ကိုပြောပြ၍ အမည်ကို သိခဲ့ရပြီး နောက်မှာတော့ … တားမရသော သူ၏ စူးစမ်းချင်စိတ်ကြောင့် အေးမ နှင့် စကားပြောဖြစ်ခဲ့သည်။
အဲဒီညက လမိုက်ည။
.အရီးလေးမိ၏ တစ္ဆေပုံပြင် အပြီး ကွပ်ပျစ်အစွန်မှာ ထိုင်နေသော အေးမထံ သူသွားလိုက်သည်။
“အေးမ …ပြန်တော့မလား”
ဦးခေါင်းတခုလုံး ချာခနဲ ဖြစ်ပြီး သူ့ဘက် လှည့်ကြည့်သည်။
“အင်း …ပြန်တော့မယ်”
တခွန်းပဲ ပြောပြီး ပြန်လှည့်သွားပြန်သည်။
“နင် ပြန်ရမှာ အရမ်းမှောင်တာပဲ …ပြီးတော့ နင့်အိမ်က မြောက်ပြင်မှာဆို …”
“အဲဒါ ဘာဖြစ်လဲ”
သူ့ကို ကျောခိုင်းလျက် အသံတိုးတိမ်စွာ ပြန်ပြောသည်။
“နင် … ဟိုဒင်း … သင်း …. အဲ .. သင်္ချိုင်းကုန်းကို ဖြတ်သွားရမယ့်ဟာ … မကြောက်ဖူးလား … ဟင်”
မေးမိသည့် သူကိုယ်တိုင်ပင် ကျောထဲစိမ့်ခနဲ ဖြစ်သွားပြီး ဟိုသည် ၀ဲယာ ကြည့်နေစဉ်မှာ အေးမနှုတ်ဖျားမှ ခပ်တိုးတိုး အသံတခု ထွက်လာသည်။ ဘာရယ်တော့ မသဲကွဲ။
“နင် … မီးခွက်လည်း မပါဘူး မဟုတ်လား … တယောက်ထဲ ပြန်လို့ဖြစ်ပါ့မလား …မှောင်ကြီးမည်းထဲမှာ သရဲ မကြောက်ဖူးလား”
သူက ဆက်ပြောတော့ အေးမ ဆတ်ခနဲ လှည့်ကြည့်သည်။ သူ့မျက်ဝန်းများက ရန်လိုစွာ ဒေါသအရောင် ထွက်လျက်၊ သို့သော် ချက်ချင်းပင် မှုန်မှိုင်းသွားပြီး … နှုတ်ခမ်းကို တင်းတင်းစေ့ကာ …
“ရပါတယ် … ငါဒီလိုပဲ မှောင်ထဲမှာ သွားနေကျ … မကြောက်ဘူး”
“အေး .. ဒါဆိုလဲ ပြီးရောဟာ … နင်လိုမယ်ဆိုရင် လက်နှိပ်ဓာတ်မီး ပေးလိုက်မလို့ … ငါ့မှာ ပါလာတယ် … ဒီမှာကြည့်”
သူက လက်နှိပ်ဓာတ်မီးကို မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင် ခလုတ်ကို ဖွင့်ချည် ပိတ်ချည် ကစားပြသည်။ အေးမက လှည့်၍ပင်မကြည့်။ သစ်ကိုင်းခြောက် ကလေးကို တဆဆ လုပ်ရင်း အမှောင်ထုထဲ လျှောက်လှမ်း သွားလေတော့၏။
ဒီလိုနှင့် ကျောင်းတွေ ပြန်ဖွင့်ခါနီး ကိုယ့်ဒေသကိုယ် မပြန်ခင်မှာ အေးမအကြောင်း တစွန်းတစ ကြားလိုက်ရသည်။
“ဘယ်လို ကောင်မလေးလည်း မသိဘူး၊ ပြောလိုက်ရင် ထုံပေပေနဲ့ … စကားလည်း နားမထောင်ဘူး၊ သူလုပ်ချင်ရာ လျှောက်လုပ်နေတာပဲ၊ ဘုရားရှိခိုး တို့ ငါးပါးသီလတို့ သင်ပေးလည်း လိုက်မဆိုဘူး … လူကသာ မျက်စိမမြင်တယ် … လက်က လျင်လိုက်တာ မွှတ်နေတာပဲ၊ ခြေဆော့ လက်ဆော့နဲ့ …ဒီဘ၀မှာ ခုလို ဖြစ်နေတာတောင် သူ့ကိုယ်သူ နားမလည်တာလေ … ”
“ဟင် …အေးမက …အေးမက …”
လူကြီးတွေ စကားဝိုင်းမို့ သူဝင်မမေးရဲ … ဘာမှလဲ ၀င်မပြောရဲ။ သို့သော် … သူအံ့အား အသင့်ကြီး သင့်ခဲ့ရပါသည်။***
ငယ်စဉ်တုန်းက အရီးလေးမိ ပြောပြသည့် တစ္ဆေပုံပြင် ဆိုတာတွေသည် ဘုရားဟော ဇာတ်နိပါတ် တွေထဲမှ ပုံပြင်များဖြစ်ကြောင်း နောက်ပိုင်း ကိုယ်တိုင် စာအုပ်တွေဖတ်တော့ သိလာခဲ့ရသည်။ တကယ်တော့ အရီးလေးမိက ကလေးတွေကို ကြောက်လန့်စေလို၍ ခြောက်လှန့်ခြင်းမဟုတ်။ ဒီလို တစ္ဆေ သရဲ တွေကို ကြောက်လျှင် တစ္ဆေ သရဲ မလာနိုင်အောင် ဘုရားရှိခိုး၊ မေတ္တာပို့ စသဖြင့် လုပ်စေအောင် မသိမသာ လမ်းညွှန် ပေးခဲ့ခြင်းပင်။ ဒါ့အပြင် မကောင်းတာလုပ်လျှင် မကောင်းကျိုး ခံစားရမည် … ဆိုသည့် အချက်ကိုလည်း ဒီပုံပြင်များမှ တဆင့် ခေါင်းထဲ ထည့်ပေး ခဲ့သည်ပဲ။ သူတို့သည်လည်း ထိုစဉ်က ဘာရယ်မသိ သရဲ ကြောက်တာကြောင့်ပင် ညတိုင်း ဘုရားရှိခိုး သမ္ဗုဒ္ဓေ ရွတ်ကာ အိပ်ခဲ့ကြ၏။ တကယ်တော့ တစ္ဆေ သရဲနှင့်တူသော မကောင်းမှု ဒုစရိုက်ပြုသူတွေကို အမှားအမှန် ဝေဘန် ပိုင်းခြား နိုင်သူတွေက ကြောက်ရွံ့ကြသည်။ ဝေးစွာ ရှောင်ကြဉ်ကြသည်။ အမှောင်လမ်းကို လျှောက်လှမ်း ရမည့် အခါမျိုးမှာ အလင်းပေးနိုင်မည့် ပစ္စည်း တမျိုးမျိုးတော့ ဆောင်သွားကြသည်။ အမှောင်ထုထဲကို ရမ်းသမ်း မတိုး။ ဒီလို တိုးလို့လည်း ကိုယ့်မှာ အကျိုးမရှိ။ အေးမ လိုမျိုး အမှောင်မှာ အသားကျနေသူ … အမှောင်နှင့် ယဉ်ပါးနေသူကျတော့ အလင်းပေး ပစ္စည်းလည်း သူ့အတွက် မလိုအပ်၊ တစ္ဆေ သရဲဆိုတာလည်း ကြောက်မက်ဖွယ်ဟု သူမထင် … ။ ဒါကြောင့်ပင် “မျက်ကန်း တစ္ဆေမကြောက်” ဆိုသည့် စကားပုံ ပေါ်လာတာ ဖြစ်မည်ဟု သူတွေးနေမိပါ၏။ *** ညက တဖြည်းဖြည်း နက်လို့ လာချေပြီ။ စောစောက အုန်းလက်ကြားမှာရှိသော လမင်းသည်ပင်.. အုန်းပင်ထိပ်ဖျား ရောက်လို့သွားပြီ။ ညနက်သည့်တိုင် တရှဲရှဲ အော်မြည် ယိမ်းထိုးနေကြသော အုန်းပင်ထိပ်ဖျားမှာ လမင်းက ကမ္ဘာကြီးကို အလင်း ဖြန့်ဝေနေဆဲ … ။
***
-မေဓာဝီ-

No comments:
Post a Comment