ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 14, 2013

>
-သူ့အကြည့်ကို ကိုယ်သိသည် (ဇာတ်သိမ်း)-
နောက်ပိုင်းရက်များ၌ သူသည် ယခင်လို ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနိုင်စေရန် ဂရုစိုက်ခဲ့သော်လည်း သူမနှင့်မူကား တဖြည်းဖြည်းဝေးကွာလာသယောင် ခံစားနေရ၏။ သူ၏ သူငယ်ချင်းဖြစ်သူက သူမကို ရည်းစားစာပေးဖြစ်သည်၊ မပေးဖြစ်သည်ကို စိတ်မစား၍ သူမသိသော်လည်း ကျောင်းစာသင်ခန်းမှာ၊ ကျူရှင်ချိန်တွေမှာ သူမသည် သူနှင့် နီးနီးကပ်ကပ်ရှိမနေတော့ပေ။ ဘာကြောင့်၊ ဘာအတွက် စသဖြင့်တော့ သူ ရှည်ရှည်ဝေးဝေးစဉ်းစားမနေမိပါ။ သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုရန် နီးကပ်လာသောအခါ သူနှင့်သူမသည် ပို၍ ဝေးကွာသွားဖို့ အကြောင်းဖန်လာပြန်သည်။ အထက်တန်းကျောင်းများမှ Private Study လုပ်ရန် တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်သဖြင့် သူနှင့် သူမသည် ကျောင်းစာသင်ခန်းများတွင် တွေ့ရန် အခွင့်မရှိတော့။ ထို့ပြင် ကျူရှင်များ၌လည်း ကျောင်းသားကျောင်းသူများအား ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန် အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီး လူနည်းနည်းချင်းစီ အချိန်ခွဲကာ သီးခြားသင်ကြားပေးသောကြောင့် သူနှင့် သူမသည် တစ်ဖွဲ့စီဖြစ်သွားပြီး ထိုအချိန်မှစကာ တွေ့ဆုံနိုင်ခြင်းမရှိကြတော့ပေ။ သည်လိုနှင့် အချိန်ကြာလာသောအခါ သူသည်လည်း သူမ၏အကြောင်းများကို မစဉ်းစားမိတော့ဘဲ ထိုအရာများသည် သူ့ခေါင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။ အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆိုပြီးသည်အထိ သူနှင့် သူမ လုံးဝ မတွေ့ဆုံဖြစ်ခဲ့ကြပေ။ စာမေးပွဲများဖြေဆိုပြီးသွားသောအခါ၌လည်း သူ၏မိဘများသည် အားလပ်ချိန်များ၌ ပညာရစေရန် သူ့အား ကွန်ပြူတာသင်တန်းတစ်ခု တက်ရောက်သင်ကြားစေလေရာ သူ့တွင် သူငယ်ချင်းများထံ သွားရောက်လည်ပတ်ရန် အချိန်မရှိခဲ့တော့။ ညနေအားလပ်ချိန်များ၌မူ ယောက်ျားလေးသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်၌ စုစည်းကာ တွေ့ဆုံကြခြင်း၊ စနေ၊ တနင်္ဂနွေနေ့များ၌ ချိန်းချက်ပြီး ဘောလုံးကန်၊ ခြင်းခတ်ခြင်းများ ပြုလုပ်ကြသဖြင့် အဆက်မပြတ်သော်လည်း မိန်းကလေးသူငယ်ချင်းများနှင့်ကား ရပ်ကွက်နီးသူအချို့နှင့်သာ တွေ့ဆုံဖြစ်တော့သည်။ ထိုသို့သော ရက်များကို ကျော်ဖြတ်ပြီးနောက် သူ၏ စိတ်ထဲ၌ သူမသည် နေရာယူနိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတော့သည်။ သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သောအခါ၌ မျှော်လင့်ထားသည့်အတိုင်း သူသည် ဂုဏ်ထူးအချို့နှင့် အောင်မြင်ခဲ့သလို သူမသည်ကား ရိုးရိုးတန်းတန်းအဆင့်ဖြင့်သာ အောင်မြင်ခဲ့လေသည်။ အောင်စာရင်းထွက်ပြီးနောက် သူတို့သူငယ်ချင်းတစ်စု ကျောင်း၌ ဆရာကန်တော့ပွဲလုပ်ဖြစ်သဖြင့် သူနှင့် သူမ တွေ့ဖြစ်ခဲ့သေးသည်။ သူမနှင့် ရိုးရိုးသားသား စကားပြောဆိုနှုတ်ဆက်ဖြစ်ခဲ့ပြီး သူမထံမှ ယခင်လို ထူးခြားသော အကြည့်များ မရရှိတော့သဖြင့် သူမအနေဖြင့် ငယ်စဉ်က စိတ်ကစားခဲ့ခြင်းများကို မေ့ပျောက်သွားလောက်ပြီဟုတွေးရင်း သူသည် ပြုံးပင်ပြုံးမိလေသည်။

သည်လိုနှင့် တက္ကသိုလ်များ တက်ရောက်ရန် အချိန်ကျရောက်လာသောအခါ၌ သူသည် အမှတ်မီသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တစ်ခုအား တက်ရောက်ရန် မြို့ကြီးပြကြီးရှိရာသို့ ထွက်လာခဲ့ရပြီး သူမသည်ကား ဇာတိမြေ၌ရှိသော တက္ကသိုလ်တွင်သာ စာပေးစာယူတက်ရင်း ကျန်ခဲ့တော့သည်။ သူတစ်ယောက် ခေတ်မီတိုးတက်လွန်းသော မြို့ပြသို့ ရောက်ရောက်ချင်း အရာအားလုံးကို ပါးစပ်အဟောင်းသားဖြင့်သာ ငေးနေရသည်။ အရောင်စုံ၊ အသွေးစုံ မြို့ပြသည် ၂၄နာရီ လှုပ်ရှားအသက်ဝင်လျက်ရှိပြီး သူ့လို တောသားတစ်ယောက်အတွက် အထူးအဆန်းတွေချည်း ဖြစ်လေသည်။ ထို့ထက်ပို၍ အရောင်စုံ၊ ဒီဇိုင်းစုံ မြို့ပြသူများကား သူ့အမြင်၌ အချောအလှတွေချည်းလို ဖြစ်နေတော့သည်။ မြို့ပြကြီး၏ တက္ကသိုလ်ကြီး၌ အသက်မွေးဝမ်းကြောင်းပညာရပ်ကို သူသင်ကြားဖြစ်ခဲ့သလို နှလုံးသားရေးရာ ပညာရပ်ကိုလည်း မသင်ရဘဲနှင့် အလိုလို တတ်မြောက်လာခဲ့လေ၏။ တည်ငြိမ်အေးချမ်းသော အလှများကို မွေးရပ်မြေ၌ တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် မြို့ပြ၌မူကား သူသည် ပူလောင်စူးရှသော အလှတို့၌ စိတ်ဝင်စားတတ်ခဲ့ချေပြီ။ သည်လိုနှင့် နှလုံးသားရေးရာပညာ၌ အဆင့်တစ်ဆင့်တက်ပြီး သင်ယူဖို့ ကြိုးစားရင်း တက္ကသိုလ်မတူသော်လည်း သူနေထိုင်ရာ အဆောင်အနီးရှိ ရပ်ကွက်ထဲမှ ခပ်သွက်သွက် မြို့ပြဖွား တက္ကသိုလ်ကျောင်းသူတစ်ဦးကို စိတ်ဝင်စားသယောင်ဖြစ်လာ၏။ ရင်ခုန်ခြင်းကို အချစ်ဟု အဓိပ္ပါယ်ဖွင့်တတ်ခဲ့ပြီဖြစ်သော သူသည် ထိုမိန်းကလေးအား ချစ်မိပြီလားဟု သူ့ကိုယ်သူ သုံးသပ်နေချိန်မှာပင် မဆွတ်ခင်က ညွတ်ချင်နေသော ကာလာစုံပန်းကလေးနှင့် ချစ်သူရည်းစားဖြစ်ခဲ့ရတော့သည်။ မြို့ပြ၏ မာယာသည် ရိုးသားသူများအပေါ် ပို၍ ရက်စက်တတ်ကြောင်း သူမသိသေးခင်မှာတော့ သူ့ဘ၀သည် ပျော်ရွှင်ဖွယ်အတိပင်ဖြစ်လေသည်။ အရာအားလုံး ပြည့်စုံသယောင် ရှိလေသည်။ သို့သော် သူ၏ အပျော်တို့သည် အချိန်ကြာကြာမခံလိုက်ချေ။ လအနည်းငယ်အကြာမှာပင် ပန်းကလေး၏ မမွှေးသော သတင်းများက သူ့ထံ ရောက်ရှိလာသည်။ ပန်းကလေးမှာ အထက်တန်းကျောင်းသူဘ၀ကတည်းက သူ့အရင် ချစ်သူရည်းစားတွေ ရှိခဲ့သည်။ သည်လောက်ကို သူမမှုပါ။ သူ ထိခိုက်ခံစားရသည်က ယခုလည်း ပန်းကလေး၏ ချစ်သူရည်းစားများမှာ တက္ကသိုလ်တစ်ခုကို တစ်ယောက်နှုန်းလောက်ရှိသည် ဆိုသော သတင်းဖြစ်လေသည်။ ထို့ထက်ပို၍ဆိုးသည်က ပန်းကလေးသည် သူနှင့် တွဲနေသည်မှာ တကယ်ချစ်၍ မဟုတ်၊ သူက မလည်မ၀ယ်နှင့်မို့ ပျော်စရာကောင်း၍၊ ရှင်းရှင်းပြောရလျှင် ကစား၍ကောင်းသောကြောင့်ဟူသော သတင်းစကားများသည် ပန်းကလေး၏ မိန်းကလေးသူငယ်ချင်းအသိုင်းအ၀ိုင်းထဲမှ သူ့ထံ ရောက်ရှိလာခြင်းဖြစ်လေသည်။ ရိုးသားသော တောသားတစ်ယောက်အား စေတနာထား၍ သတိပေးလာသည့် မြို့ကြီးသူ၊ မြို့ကြီးသား တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ သတင်းစကားများကြား၌ သူသည် ရင်နာနာနှင့် သင်ခန်းစာတစ်ခု ရရှိလိုက်ပေပြီ။ သြော်… မြို့ပြမှာ အချစ်ဆိုတာ ကစားစရာ တစ်ခုလိုပါလားဟု သူတွေးမိလေသည်။ သည်သတင်းတွေကို စ စချင်း သူကြားသိရစဉ်က ယောက်ျားလေးတစ်ယောက်ပင်ဖြစ်သော်ငြား မိန်းကလေးတစ်ယောက်၏ လှည့်စားခံခဲ့ရခြင်းကို ရှက်မိသောကြောင့် အဆောင်ထဲမှပင် သူအပြင်မထွက်ဖြစ်တော့။ ပန်းကလေးနှင့်လဲ အဆက်အသွယ်လုပ်ရန် မကြိုးစားတော့ဘဲ မတွေ့အောင်သာ နေတော့သည်။ သူ့ကို စာနာသော အဆောင်နေသူငယ်ချင်းများက အားပေးစကားများ ပြောကြရှာပါသည်။ “ ဒီမှာ သူငယ်ချင်း… မိန်းကလေးတစ်ယောက်ကို ဘာမှ အရှုံးပေးစရာ အကြောင်းမရှိဘူး…” ဟူ၍လည်းကောင်း၊ “ မင်းရုပ် မင်းရည် မင်းအရည်အချင်းနဲ့ နောက်ထပ် ရည်းစားတစ်ယောက် ထပ်ထားပြလိုက်စမ်းပါကွာ…” ဟူ၍လည်းကောင်း၊ “ တစ်ယောက်မဟုတ်ဘူး၊ သုံး၊ လေးယောက်လောက် ထားပြလိုက်စမ်းကွာ၊ သူ့လောက်တော့ မင်းလဲ စွမ်းကြောင်း ပြရမယ်…” ဟူ၍လည်းကောင်း အားပေးကြရှာ၏။ 

တဖြည်းဖြည်းနှင့် သူ၏ အချစ်အပေါ် ထားရှိသော ရိုးသားသည့် စိတ်ထားတို့သည် အရောင်ပြောင်းသယောင်ရှိလာခဲ့တော့၏။ သူတို့တောင် မကြောက်မရွံ့ အပျော်ရည်းစားတွေ ရှာထားကြသေးတာပဲ၊ ငါ ယောက်ျားလေး၊ ဘာကြောက်စရာရှိလို့လဲ ဟူသော အတွေးများက သူ့ခေါင်းထဲ ရောက်ရှိလာကြသည်။ မင်းထက်လှတဲ့ မင်းထက်သာတဲ့ ကောင်မလေးတစ်ယောက်ကို ငါ ရှာပြီး တွဲပြဦးမယ် ဟူ၍လည်း သူ၏ စိတ်ထဲ၌ ကြုံးဝါးနေမိလေ၏။ ထိုသို့နှင့် သူ မယှဉ်ပြိုင်ခဲ့သော အချစ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့မှုအား လက်စားချေရန် တအုံ့နွေးနွေးဖြစ်နေခိုက် ကျောင်းပိတ်ရက်တစ်မနက်တွင် သူရှိရာ အဆောင်သို့ ဧည့်သည်တစ်ယောက်ရောက်လာလေသည်။ ထိုသူကား သူ၏ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း၊ သူမ၏ မောင်ဝမ်းကွဲပင် ဖြစ်ပါ၏။ “ သူငယ်ချင်း၊ ဘယ်တုန်းက ရောက်လဲ…” “ ဒီနေ့ပဲ ရောက်တယ်ကွ… အဘိုးဆုံးသွားလို့ တက်လာတာ…” “ အော်… စိတ်မကောင်းပါဘူးကွာ… မင်းတို့အဘိုးက ဒီမြို့ပေါ်မှာလား…” “ မဟုတ်ဘူး… နယ်မှာဆုံးတာ… ဒီကတဆင့် အဝေးပြေးကားနဲ့ ဆက်သွားရမှာ…” “ အော်… အေး…အေး… ကားက ဘယ်အချိန်လဲ…” “ ညနေမှ သူငယ်ချင်း… အခု ဒီက အသိတစ်ယောက်အိမ်မှာ ခဏ၀င်နားနေတယ်… ညနေမှ သွားမှာဆိုတော့လေ…ဒါနဲ့* * * *လည်းပါတယ်ကွ…” ရုတ်တရက် သူငယ်ချင်းက သူမ၏ နာမည်ကို ထုတ်ပြော၏။ သူမလည်း လိုက်ပါလာသည် ဆိုပါလား။ အင်းပေါ့။ သူငယ်ချင်း၏ အဘိုးကလည်း သူမ၏ အဘိုးပင် မဟုတ်လား။ “ သူက မြေးဦးမိန်းကလေးဆိုတော့ အဘိုးက သူ့ကို တအားချစ်တာကွ။ သူကလည်း အဘိုးကို တော်တော်ချစ်တာ။ ခုလဲ အဘိုးမဆုံးခင်က အဘိုးအနားမှာ သူ မရှိလိုက်ရဘူးဆိုပြီး ငိုငိုရယ်ရယ်ဖြစ်နေလေရဲ့။ ရုတ်တရက်ကြီးဆိုတော့လဲကွာ… ဘယ်တတ်နိုင်ပါ့မလဲ…” သူငယ်ချင်းဖြစ်သူက သူ့ကို ရှည်လျားစွာ ရှင်းပြနေလေသည်။ မိန်းကလေးဆိုတော့လည်း သည်လိုပဲ ခံစားရရှာမှာပေါ့ဟု သူ တွေးလိုက်သည်။ “ ဒါနဲ့ မင်းအချိန်ရရင် သူနဲ့ လိုက်တွေ့ပြီး စကားလေးဘာလေး ပြောပေးပါလား။ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ တွေ့ရမှာဆိုတော့ သူလဲ နည်းနည်း စိတ်သက်သာရာ ရနိုင်တာပေါ့…” သူ့ သူငယ်ချင်းက သူ့ကို ပြောသည်။ သူလည်း သဘောတူလိုက်သည်။ “ အေး… လိုက်ခဲ့မယ်လေ… ခဏစောင့်… အ၀တ်အစားလဲလိုက်ဦးမယ်…” သူလည်း အဆောင်ပေါ်တက် အ၀တ်အစားကပျာကယာလဲကာ သူငယ်ချင်းနှင့်အတူ လိုက်ခဲ့လေသည်။ သူငယ်ချင်းတို့ ခေတ္တတည်းခိုလျက်ရှိသော အိမ်သို့ ရောက်သောအခါ မျက်ရည်ပြည့်နေသော မျက်ဝန်းများနှင့်အတူ သူမကို တွေ့ရလေ၏။ သူမသည် မျက်ရည်များကြားမှပင် ကာလာစုံမခြယ်သထားပါဘဲ ချောမောလှပလျက် ရှိနေပေသည်။ သာမန်အချိန်များ၌ နင် ပိုလှလာပါလားဟု သူနှုတ်ဆက်မိမည်ဖြစ်သော်လည်း ယခုတော့ ထိုသို့ မပြောဖြစ်တော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်မိသည်။ “ ကြီးကြီး… ကျွန်တော်တို့ အပြင်ခဏသွားလိုက်ဦးမယ်နော်… သူငယ်ချင်းလဲ ပါလာတော့ အေးအေးဆေးဆေး စကားပြောချင်လို့…” သူငယ်ချင်းဖြစ်သူက အတူပါလာသော သူမ၏ မိခင်အား ခွင့်တောင်း၏။ “ အေး… အေး… သူငယ်ချင်းတွေ စကားပြောကြဦးပေါ့… ကားချိန်မီအောင်တော့ ပြန်လာကြဦးနော် ကလေးတွေ…” “ ဟုတ်ကဲ့ကြီးကြီး…” ခွင့်ပြုချက်ရပြီးနောက် သူမတို့ မောင်နှမနှစ်ယောက်အား အအေးဆိုင်တစ်ဆိုင်သို့ သူဦးဆောင်ကာ ခေါ်လာခဲ့၏။ ထိုဆိုင်ကလေးက အခင်းအကျင်းကောင်းပြီး ဆိတ်ငြိမ်သော နေရာလေးလည်း ဖြစ်သည်။ နောက်ပြီး သူနှင့် သူ၏ပန်းကလေးတို့ ထိုင်နေကျ ဆိုင်လည်း ဖြစ်သည်လေ။ လမ်းတစ်လျှောက် သူနှင့် သူငယ်ချင်းသာ စကားပြောလာခဲ့သော်လည်း သူမကတော့ တစ်ခွန်းမျှ ၀င်မပြောပေ။ ကျလုဆဲဆဲ မျက်ရည်များကိုသာ ထိန်းသိမ်းနေရင်း သူမ လိုက်လာခဲ့သည်။ ဆိုင်ရောက်သောအခါ သူသည် စကားကို ထိန်းထိန်းသိမ်းသိမ်းပြောသော်လည်း စကားမကြွယ်သဖြင့် သူမ၏ ငိုချင်စိတ်များကို လျော့ပါးသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူမကိုပါ စကားဝိုင်းထဲ ပါလာအောင် ခေါ်ရင်းက ပြောနေမိကြသော စကားများသည် သူမ၏အဘိုးဖြစ်သူအကြောင်း ရောက်သွားပြီးနောက် သူမ၏ ပါးပြင်ပေါ်၌ မျက်ရည်များ ကျဆင်းလာတော့သည်။ သူလဲ စိတ်မကောင်းဖြစ်သွားကာ ပျာပျာသလဲနှင့် အိတ်ကပ်ထဲမှ အသင့်ဆောင်ထားသော တစ်ရှူးအိတ်ထဲမှ တစ်ရှူးတစ်ရွက်ထုတ်ကာ သူမကို ကမ်းပေးလိုက်မိ၏။ “ မငိုပါနဲ့ဟာ… ဒီလိုပါပဲ… ပြောမယ့်သာ ပြောရတာ… ငါ့အဘိုးဆုံးတုန်းကလဲ ငါငိုတာပါပဲ… ရော့… ရော့… မျက်ရည်သုတ်လိုက်နော်…” မိန်းကလေးများအား လိုအပ်ချိန်တွင် မည်သို့ဂရုစိုက်သင့်ကြောင်းကို မြို့ပြကြီးထံမှ သူသင်ကြားပြီးသား ဖြစ်လေရာ ရည်ရွယ်ပြုလုပ်စရာမလိုဘဲ သူ့အမူအရာများက သူမကို ဂရုစိုက်ကြောင်း အလိုလိုပြသမိတော့၏။ သူမက သူကမ်းပေးသော တစ်ရှူးကို လှမ်းယူရင်း သူ့ကို မော်ကြည့်သည်။ သူမ၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်ကြောင်းအဓိပ္ပါယ်နှင့်တကွ အခြားခံစားမှုအရိပ်အယောင်တစ်ခုကိုလည်း သူမြင်တွေ့လိုက်မိသည်။ သူမကို သူ ဘာကြောင့်ရယ်မသိ၊ ဂရုဏာသက်စွာ စိုက်ကြည့်နေမိတော့သည်။ သူမက မျက်ရည်များကို သုတ်ပြီး တစ်ရှူးစအား စားပွဲပေါ် တင်လိုက်ချိန်တွင် သူသည် တစ်ရှူးအိတ်အား သူမကို ကမ်းပေးလိုက်ပြန်သည်။ “ နောက်ငိုတဲ့အခါ သုတ်ရအောင် ယူထားလိုက်နော်…” “ ကျေးဇူးပဲနော်…” သူမက ကျေးဇူးစကားဆိုရင်း တစ်ရှူးအိတ်အား လှမ်းယူလိုက်သည်။ ထိုသို့နှင့် စကားပြောကြရင်း အချိန်အနည်းငယ်ကြာသွားသောအခါ သူတို့သူငယ်ချင်းတစ်စု အအေးဆိုင်မှ ထွက်ခွာခဲ့ကြပြီး တည်းခိုရာအိမ်ရှိရာသို့ ပြန်လာခဲ့ကြသည်။ လမ်း၌ အတွေးကိုယ်စီဖြင့် သူတို့အားလုံး စကားမပြောဖြစ်ကြ။ သူ၏ အတွေးထဲ၌လည်း သူမသည် ယခုအချိန်ထိ သူ့အပေါ်ခံစားချက်များကို မမေ့လောက်သေးကြောင်း တွေးနေမိလေသည်။ လမ်းလျှောက်လာကြရင်း စတိုးဆိုင်တစ်ဆိုင်ကို တွေ့သောအခါ သူငယ်ချင်းဖြစ်သူက ကားစီးရင်း မူးမော်ခြင်းမဖြစ်စေရန် လိုအပ်သည်များ ၀ယ်ဦးမည်ဆိုကာ ဆိုင်ထဲ ၀င်သွား၏။ လမ်းမပေါ်၌ သူနှင့် သူမ နှစ်ယောက်တည်း ကျန်ခဲ့သည်။ သူသည် အရိပ်ရှိရာ နေရာကို လိုက်ရှာရင်း အပင်တစ်ပင်အောက်သို့ သူမကို ခေါ်လာခဲ့၏။ “ ဒီမှာက ငါတို့မြို့ထက် ပိုပူတယ်ဟ… သိလား…” သူမက ခေါင်းငြိမ့်သည်။ “ နောက်ဆို အပြင်လာရင် ထီးလေးဘာလေး ဆောင်နော်… နေပူတယ်… နင့်အသားဖြူဖြူလေးတွေ မည်းကုန်ဦးမယ်…” သူက ပြုံးပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သောအခါ သူမကလည်း ပြုံးရင်း သူ့ကို ပြန်ကြည့်သည်။ ဖြူဝင်းသော အသားအရည်နှင့် လိုက်ဖက်ညီစွာ လှပနေသောသူမသည် မျက်ရည်များကြားမှပင် အရောင်တစ်စုံတစ်ရာ မခြယ်သထားပါဘဲ သူ၏ ကာလာစုံပန်းကလေးထက် အဆများစွာ ချောမောသိမ်မွေ့ကြောင်း သူ သတိထားမိလိုက်သည်။ သူမသည် ပန်းကလေးထက်သာသော၊ လှသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမနှင့် ချစ်သူဖြစ်ခွင့်ရခဲ့လျှင်… အတွေးကြားမှ သူမ၏ မျက်ဝန်းကို ကြည့်လိုက်သောအခါ သူ့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတော့၏။ မျက်ဝန်းများ၏ အဓိပ္ပါယ်တို့ကို ဖတ်တတ်နေပြီဖြစ်သော သူသည် သူမ၏ မျက်ဝန်းထဲမှာ မျှော်လင့်ခြင်းအရိပ်အယောင်များကို တွေ့လိုက်ရလေသည်။ မရည်ရွယ်ပါဘဲ ဂရုစိုက်မှုများစွာကို ပြသမိခဲ့သောသူသည် မလုံမလဲခံစားလိုက်ရ၏။ ဖြစ်သင့်၊ မဖြစ်သင့် အတွေးများ လွန်ဆွဲရင်း သူ့စိတ်ထဲ ရှုပ်ယှက်သွား၏။ ထို့နောက် အတွေးဆိုး၊ အတွေးရိုင်းများကို သူ့စိတ်ထဲမှ မနည်းမောင်းထုတ်လိုက်ရတော့၏။ အပြန်လမ်းတစ်လျှောက်လုံး သူ စကားမပြောဖြစ်တော့ပါ။ သူမက သူ့မျက်နှာကို ဂရုတစိုက် လှမ်းလှမ်းကြည့်နေမည်လား သူ သတိမထားမိတော့ပါ။ သူ့ကိုယ်သူ အပြစ်တင်နေသည်။ သူ့ဘာသာ နောင်တရမိနေသည်။ သူမတို့ တည်းခိုရာအိမ်သို့ ရောက်ပြီး အားလုံးကို နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့သည့် အချိန်အထိ သူ့စိတ်အတွေးတွေ ရှုပ်ယှက်ခတ်နေတုန်းဖြစ်သည်။ မှားခဲ့ပြီ… မှားခဲ့ပြီဟု သူ ထပ်တလဲလဲ တွေးနေမိလေသည်။ ရိုးသားသော မိန်းကလေးတစ်ယောက်အား မဖြစ်နိုင်သည့် မျှော်လင့်ချက်များကို သူ ပေးခဲ့မိလေပြီလား… သူ မပြောတတ်ပေ။ သို့သော် အလွန်တရာ ဂရုစိုက်ခြင်းများကို ပြသခဲ့မိသော သူ့အမူအရာများ မှားယွင်းခဲ့ကြောင်းကိုတော့ သူသိသည်။ ကာလရှည်ကြာ တည်ငြိမ်နေခဲ့ပြီဖြစ်သော ရေပြင်အား ဂယက်ထအောင် သူ ခဲလုံးတွေ ပစ်ချမိခဲ့သလို ဖြစ်ချေပြီ။ မလုပ်သင့်… မလုပ်ကောင်းသော အရာများကို တွေးခဲ့၊ လုပ်ခဲ့မိပေပြီ။ တကယ်တော့ အပျော်ရည်းစားရှာရန် သူတွေးခဲ့သော အတွေးတို့သည်ပင် နှမချင်းစာနာရမည့် သူတို့ယောက်ျားလေးများ မစဉ်းစားသင့်သော ယုတ်ညံ့သည့် အတွေးများဖြစ်သည်မဟုတ်ပါလော။ ငါ ဘာလို့ အတွေးဆိုး၊ အတွေးရိုင်းတွေ တွေးခဲ့မိပါလိမ့်။ သူ သက်ပြင်းမောကြီးတစ်ခု ချလိုက်မိသည်။ သက်ပြင်းမောနှင့်အတူ ယခင်က စဉ်းစားခဲ့ဖူးသော အတွေးရိုင်းများ အားလုံးကို မောင်းထုတ်လိုက်လေတော့သည်။ အချစ်စစ်နှင့် မချစ်နိုင်သမျှ ကာလပတ်လုံး မည်သည့်မိန်းကလေးကိုမျှ မျှော်လင့်ချက်မပေးမိဖို့ သူ ဆုံးဖြတ်လိုက်လေသည်။ သူမနှင့် တစ်ချိန်ချိန်ပြန်တွေ့လျှင် သူမ၏ မျှော်လင့်ချက်များ ပြန်လည်ရုတ်သိမ်းသွားစေရန် သူ သရုပ်ဆောင်ရပေလိမ့်ဦးမည်။
ဤဆုံးဖြတ်ချက်သည် မှန်သလား၊ မှားသလားတော့ သူ မသိပါ။ သူမကရော သူ့ကို မည်သည့် ထင်မြင်သွားလေမည်နည်း… သူ မတွေးတတ်ပါ။ မီးပွိုင့်၌ ရပ်စောင့်နေသော သူတစ်ယောက်သည် မီးပွိုင့်တွင် မီးနီနေရာမှ ၀ါလာသောအခါ ရည်ရွယ်ရာ တစ်ဖက်လမ်းသို့ ရောက်နိုင်တော့မည်ဟု တွေးကာ မျှော်လင့်နေမည်။ သို့သော မီးပွိုင့်သည် ၀ါနေရာမှ စိမ်းမလာဘဲ တစ်ဖန် ပြန်နီသွားလေသော် စောင့်နေသောသူသည် မည်မျှ ဒေါသထွက်လေမည်နည်း။ အခန့်မသင့်လျှင် ကျိန်ဆဲကောင်း ကျိန်ဆဲပေလိမ့်မည်။ သူမကရော မည်သို့ ခံစားရလေမည်နည်း။ သူ့ကို နှလုံးသားမရှိသူ၊ တစ်ဖက်သား၏ ခံစားချက်ကို လျစ်လျူရှုသူ၊ တစ်ဖက်သားကို အလေးမထားသူ၊ ဘောလီဘောပုတ်သလို မြှောက်တင်ပြီးမှ အကျနာအောင် ရိုက်ချတတ်သူဟု ထင်မြင်ယူဆသွားလေမည်လော။ သူ မသိပါ။ တဒင်္ဂပျော်ရွှင်မှုများကို မပေးဘဲ ခဏတာ ရက်စက်ပြလိုက်ခြင်းသည် သူမဘ၀တာတွင် နှလုံးသားဒဏ်ရာ မရစေရေးအတွက်သာ ဖြစ်ကြောင်း သူမ သိနိုင်ပါစေဟုသာ သူတွေးနေမိလေတော့သည်။

 (ပြီးပါပြီ) 

**ရောင်စုံအခန်းငယ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)