နေ့ စေ့လစေ့ မွေးဖွားလာတဲ့ ပြဿနာ ရင့်ရင့် နဲ့ ရေရှည် ပဋိပက္ခများ ပျောက်ရှခါနီး
လက်သီးလက်မောင်းတန်း တောင်တန်းများ ၀မ်းမီးတောက်မှုနဲ့ အပြိုင်
မီးဟုန်းဟုန်းတောက်နေသော မြို့ ပြများ သက်တမ်းနုနု ဘောင်းဘီချွတ် လွှတ်တော်ကို
လက်ခမောင်းခတ် စိန်ခေါ်နေတယ်..။
သယံဇာတကြောင့် သံသယစစ်ဖြစ်ကာ အရင်းစစ်တော့ ရေမရှိတဲ့ မြစ်လို သွေ့ ခြောက်
နောက်ကြောင်းပြန်လှည့်မသွားတဲ့ အကြောက်တရားများ
ချောက်ထဲကျနေတဲ့ နိုင်ငံကို အသိဥာဏ်မဲ့ မီးလောင်တိုက်သွင်းပြန်တယ်..။
လတ်တလော ဖြစ်ချင်တာထက်
ရေရှည် ဖြစ်သင့်တာကို ဘ၀ အသိနဲ့ ရွေးချယ်
အခက်ပွေ အဆိပ်သင့် နေ့ ရက်တွေအလယ်မှာ
အပြုံးများ မျက်နှာပြင်ထက်မှာ အတုန်းအရုန်းကျဆုံးခဲ့တယ်..။
အရှုံးတွေကို သွေးအားသွင်းပြီး
ကောင်းကင်မှာ နလံထ သာနေတဲ့ လမင်းလို
အားကောင်းမောင်းသန် ဟန်ဆောင် ကောင်းတဲ့ အမှောင် လောကမှာ
ပွင့်လင်းမြင်သာစွာ ဗြောင်ပြောပြန်ရင်လည်း
ရန်ကိုရန်ချင်း တုန့် ပြန်တယ်လို့ ထင်မယ်..
ညာသံပေးတဲ့ ဘာသာရေးကို လက်ဝါးကြီးအုပ်
နိုင်ငံရေးက ခဏခဏ ခလုပ်တိုက်
ဘုရားသခင်က လူတွေကို ကယ်တာ ဟုတ်ပြီပဲ ထားလိုက်
ဘုရားသခင် ကိုယ်တိုင် ဒုက္ခရောက်ရင်
ဘုရားကို ဘယ်သူကယ်မလဲ..။
ဖယောင်းကို ဓားတစ်ချောင်းလို
ပွတ်သွေးမိတော့ ခုတ်ရာတလွဲ ရှရာတစ်ခြား
သက္ကရာဇ် နှစ်များ မှိုတက်နေသော
အတွေးသစ် အမြင်သစ်များ သံကွန်ခြာ အုပ်ဆောင်းအောက်က
ခေတ်ဟောင်းကို လွမ်းနေသူတွေရှိတယ်..။
အတိတ်အမာရွတ်တွေပေါ် စိတ်ဒဏ်ရာများထပ်ရ
အရူးမီးဝိုင်း မပဋာလို မြေလူးတဲ့ မြေမှာ
အိပ်မက်အတုတွေ အမြစ်မတွယ်ခင်မှာပဲ
မျှော်လင့်ခြင်းများ အကြိမ်ကြိမ် ရိတ်သိမ်းခံခဲ့ဘူးတယ်..။
**အောင်ခိုင်မြင့်**
၂၅ မတ်လ ၂၀၁၃
-သက်တမ်းနုနု ဘောင်းဘီချွတ် လွှတ်တော်ကို လက်ခမောင်းခတ် စိန်ခေါ်နေသော
ပြဿနာ ရင့်ရင့် နဲ့ ရေရှည် ပဋိပက္ခများ-

No comments:
Post a Comment