(Photo-MAT)
**(ထိုင်းနိုင်ငံမှာတရားဝင်လူကုန်ကူးခံရသော မြန်မာအလုပ်သမား ၂၈၃ ဦးအကြောင်း)**
မေးပါရစေ.. ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာအစိုးရရေ…။
“ရဲဝံ့နဂါး” ကုမ္ပဏီက (၂၀-၃-၂၀၁၃) ရက်နေ့ နေ့စွဲနဲ့ မြန်မာအလုပ်သမား (၂၈၆) ဦးကို ထိုင်းနိင်ငံမှာ အလုပ်လုပ်ဖို့အတွက် GP ကုမ္ပဏီဆီကို ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ဘက်ကနေ လူစုထားတာကို ထိုင်းနိုင်ငံထဲကို လူခေါ်သွင်းခဲ့တယ်။ အဲဒီ ၂၈၃ ဦးထဲကမှ ကမြ၀တီဘက်ကနေ သောင်ရင်းမြစ်ကိုပဲ ကူးရပါသေးရဲ့။ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်အရောက်မှာ တစ်ဦးကို ဘတ် (၇၀၀၀) နဲ့ ရောင်းစားခဲ့သတဲ့။
ဒီလိုလုပ်ခဲ့တာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာအလုပ်သမားကူညီစောင့်ရှောကရေး ကော်မတီက အလုပ်သမားသံအရာရှိ (ဒုတိယညွှန်မှူး) ဦးကျော်ကျော်လွင်နဲ့ အကျိုးဆောင်ကော်မတီဝင် ဦးခိုင်ကြီးတို့က အဲဒီအလုပ်သမား (၂၈၆) ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ (GP ကုမ္ပဏီဆီမုာ)တကယ်ရှိမရှိဆိုတာကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသတဲ့။ အဲဒီမှာမှ ပွဲဗျို့…။ တကယ့်ကိုပွဲပဲလေ။ မူလပို့ဆောင်လိုက်တဲ့ ၂၈၆ ဦးထဲကမှ အလုပ်သမား (၁၄၀) ဦးလောက်ပဲ တွေ့ရပါတော့သတဲ့။ ကိုင်း… ဒါဆိုရင် ကျန်တဲ့အလုပ်သမား ၁၄၀ ကျော်က ဘယ်ကိုရောက်သွားတာတုန်း။ တာဝတိံသာမှာ သိကြားမင်းနဲ့ သွားတွေ့တာတော့ မဟုတ်လောက်ပါဘူး။ အဲသဟာကိုပဲ “ရဲဝံ့နဂါး” ကုမ္ပဏီပိုင်ရှင် ဦးမြင့်နိုင်က “ဒီ ၂၈၃ ယောက်စလုံးကို GP ကုမ္ပဏီငါးသေတ္တာစက်ရုံတွေဆီအရောက်ပို့ ပေးမှာပါ” လို့ ပြောခဲ့သေးတာတဲ့။
(Photo-MAT)
သြ… ဒီလိုဆိုရင် ကျနော်တို့ မြန်မာအလုပ်သမား ၂၈၆ ဦးထဲကမှ ယောက်ျားလေးတွဟာ ထိုင်းငါးဖမ်းလှေပေါ်မှာ လှေထိုးသားတွေအဖြစ်ရယ်၊ မိန်းကလေးတွေဟာ ထိုင်းအိမ်ကြီးရှင်တွေရဲ့ အိမ်တွေမှာ အိမ်ဖော်တွေအဖြစ်ရယ်၊ တချို့မိန်းကလေးတွေဟာ မာဆတ် (ခေါ်) အနှိပ်ခန်း၊ တချို့မိန်းကလေးတွေဟာ ပြည့်တန်ဆာရုံတွေမှာ ရောက်ကုန်ကြပြီလားမသိပါဘူး။ (ဖတ်… လွဲပါစေ… ချော်ပါစေဗျာ)
ဒီတော့ကာ အားနာနာနဲ့ပဲ မေးခွန်း ၂ ခွန်း၊ ၃ ခွန်းလောက်မေးပါရစေ။ ထိုင်းနိုင်ငံရောက် မြန်မာသံရုံးက မြန်မာအလုပ်သမားသံအရာရှိတွေကရော ဒီအလုပ်သမား ၂၈၃ ဦးဟာ မူလသတ်မှတ်နေရာတွေကို တကယ်ရောက်၊ မရောက်ဆိုတာ မသိသင့်ဘူးလား။ သိအောင်ကော မစစ်ဆေးသင့်ပေဘူးလား။ ကဲ…ထိုင်းနိုင်ငံဘက်က သူ့ရဲ့ ခရိုင်ဒေသ တစ်ခုခုမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ (ကုမ္ပဏီ) တစ်ခုခုဆီကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် အမှန်တကယ်ရောက်မလာပါဘူးလို့ ဆိုခဲ့ရင် ဒီအတိုင်းနေကြလိမ့်မှာ မဟုတ်ပေဘူး။ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ (BE -2551/ 2008)အရ ထိရောက်စွာ အရေးယူမှာ ဧကန်ပါပဲ။ အဲဒီလို ထိုင်းနိုင်ငံဘက်က လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ (BE – 2551/ 2008)၊ လ၀က အက်ဥပဒေ (BE -2522/1979) စတာတွေနဲ့ အပြစ်ပေးအရေးယူပြီးခါမှ မြန်မာအစိုးရဘက်က သိရရင် ရှက်ဖွယ်လိလိကြီးပါတကား။ အဲဒါကိုရော စဉ်းစားကြပါဦး အစိုးရကြီးတို့ရေ…။
အကြောင်းကြောင်းသော အကြောင်းကြောင်း ကြောင့် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် ပုံစံမျိုးစုံ၊ အလုပ်မျိုးစုံနဲ့ ၀င်ရောက်လာကြသူတွေကို အရင်က မရဘူးတဲ့။ အရင်ကမရှိဘူးတဲ့ ကာကွယ်တာတွေ၊ ရပ်တည်တာတွေဟာ ကောင်းပေမယ့် အပြကောင်းအောင် ရုပ်ပြသက်သက်လောက် သတင်းမီဒီယာပေါ်မှာ တက်ရုံလောက်နဲ့ တင်ဆိုရင်ဖြင့် (ရင်နင့်စရာ၊ ရင်နာစရာ၊ ရင်ကျိုးစရာ စသဖြင့်) ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဇာတ်လမ်းတွေဟာ စာဖွဲ့လို့ ကုန်နိုင်ပါအုံးမလားဗျာ။ အဲဒီတော့ မြန်မာအလုပ်သမား ၂၈၆ ဦး အခုဘယ်ရောက်နေပြီလဲ။ အဲဒီထဲကမှ အရေအတွက် ဘယ်ရွေ့ဘယ်မျှဟာ လှေတွေပေါ်မှာဆိုရင် … ဆိုရင် … ဆိုရင်…။ မိန်းကလေးတွေဟာ အိမ်ဖော်တွေသာဆိုရင် … ဆိုရင် … ဆိုရင်…။ (ဖတ်… လွဲပါစေ… ချော်ပါစေဗျာ) မိန်းကလေးအချို့ဟာ ပြည့်တန်ဆာအလုပ်တွေမှာ ဆိုရင် … ဆိုရင်… ဆိုရင်…။ မောင်နဲ့ နှမ၊ သားနဲ့ အမိ၊ မိမိမိသားစုဝင် တစ်ဦးဦးသာဆိုရင် … ဆိုရင်… ဆိုရင်… စသဖြင့် မိမိနဲ့ နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာဖို့ကို လိုရင်းအမှာပါးလိုက်ပါရစေ။ ။
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ဘာလုပ်မှာတုန်း။
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန (ခေါ်) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနဘာလုပ်မှာတုန်း။
သမ္မတဦးသိန်းစိန် ကြီးမှူးသော အစိုးရဘာလုပ်မှာတုန်း …
ကိုင်း… ထထကြွကြွနဲ့ ၀ိုင်းပေးကြပါအုံး အရပ်ကတို့။
သောင်ရင်းနဂါး-ခံစားတင်ပြသည်။

No comments:
Post a Comment