“နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) ” ဆိုပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန (ယခုအခေါ်အဝေါ် - အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန) တို့က သဘောတူညီချက်တစ်ရပ်ရယူပြီးတော့ ထိုင်းနိုင်ငံထဲကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်သွင်းခဲ့ပါတယ်။ မြန်မာပြည်ကနေ ချီးပေါ၊ သေးပေါ ပေါများတဲ့ ပို့ကုန်တွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လူလှိုင်းလုံးကြီးတွေလို ဖြစ်နေကြပြီးထိုင်းနိုင်ငံမှာ ဆိုရင် လူ (၃) သန်းလောက်ရှိနေကြပါပြီ။
MOU စနစ်ကို လုပ်ကိုင်ခွင့် လိုင်စင်ရကြတဲ့ အကျိုးဆောင်ကုမ္ပဏီတွေဟာလည်း လူပွဲစားတွေမွေးမြူ ပြီးတော့ကာ အနယ်နယ်၊ အရပ်ရပ်ကအလုပ်အကိုင်ရှားပါးလို့ ၀င်ငွေပါးရှားသူတွေဆီကို လူပွဲစားတွေက အိမ်တိုင်ယာရောက် စည်းရုံးလှုံ့ဆော်ကြတော့တာပါပဲ။ လူပွဲစားတွေဆိုရာမှာ အမှန်တကယ်ပဲ တရားဝင်အကျိုးဆောင်ကုမ္ပဏီတစ်ခုခုနဲ့ ဧကန်ချိတ်ဆက်ထားတဲ့ လူပွဲစားတွေရှိကြသလို၊ ဘာကုမ္ပဏီနဲ့မှ အချိန်အဆက်မရှိပဲ ခပ်တည်တည် ဖိန့်ဖိန့်သုံးပြီး မြိန့်မြိန့်ကြီး လိမ်ညာစားသောက်ကြတဲ့ အင်ဂုလိတွေလည်း များမှများပါပဲ။ မြန်မာပြည်ဘက်ခြမ်းမှာတင် “အင်ဂုလိ” တွေများတာမဟုတ်ပဲ ထိုင်းဘက်ခြမ်းမှာလည်း ဘယ်ကုမ္ပဏီနဲ့မှ ချိန်ဆက်ထားတာ မဟုတ်တဲ့ “အင်ဂုလိတွေ ” ဒုနဲ့ ဒေးပါပဲ။
ဒီလိုထိုင်းဘက်က “ဒီအလုပ်၊ ဒီအလုပ်တွေမှာ ဒီအလုပ်သမား ဒီလောက်လိုတယ်” လို့ အမှာစာရတာကတော့ ထားပါတော့။ ထိုင်းဘက်က အလုပ်သမားခေါ်စာ (အမှာ) မရပါပဲနဲ့ စာရွက်စာတမ်းအထောက်အထားအတုတွေနဲ့ “အင်” ထုတဲ့ နေရာမှာ လောလောဆယ်ဆယ်တွေ့နေရတာက “ရဲဝံ့နဂါး” ဆိုတဲ့ အကျိုးဆောင်ကုမ္ပဏီပါပဲ။ ရဲဝံ့နဂါးကုမ္ပဏီက ထိုင်းဘက်ခြမ်းမှာ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်ဒေသက ငါးသေတ္တာစက်ရုံတွေအတွက် GP ကုမ္ပဏီက အလုပ်ခေါ်စာရှိသလိုလို၊ ဘာလိုလိုနဲ့ “အင်ဂုလိ” ဇာတ်လမ်းတင်မက “စိဉ္စမာနဉာဏ်” ကိုပါ သုံးသွားပုံပေါက်ရဲ့။ ထိုင်းကုမ္ပဏီ (GP) က မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈၆) ဦးကို ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန် ခရိုင်၊ မဟာချိုင်ဒေသက ငါးသေတ္တာစက်ရုံတွေမှာ အလုပ်ခေါ်စာ (အမှာ) အမှန်တကယ်မရှိပါပဲနဲ့ ရွှေဉာဏ်တော်စူးရောက်ကြတဲ့ ထိုင်းပွဲစားနဲ့ ရဲဝံ့နဂါးကုမ္ပဏီတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရော၊ မြန်မာနိုင်ငံကိုပါ (၂ဖက်စလုံးကို) လှလှပပကြီးမျက်လှည့်ပြသွားလေသလား မဆိုတတ်ဘူးဗျာ။ ဟာ…အခုဆိုရင် ရဲဝံ့နဂါးကုမ္ပဏီက ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ ထိုင်းကုမ္ပဏီ (GP ကုမ္ပဏီ)က အလုပ်ခေါ်စာရှိသယောင်ယောင်နဲ့ မြန်မာပြည် (မြ၀တီမြို့) ကနေ ခေါ်ထုတ်သွားတဲ့ မြန်မာအလုပ်သမား (၂၈၆) ယောက်ရဲ့ အင်ဂုလိဇာတ်လမ်းတောင်မပြီးသေးခင် နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကို နောက်ထပ် MOU ခေါ်စာတွေ လျှောက်ထားနေပြန်ပါသတဲ့။
အဲဒီလို ၂ နိုင်ငံ အစိုးရတွေကို လက်တစ်လုံးကြား လိမ်လို့ရတယ်ဆိုတော့ကာ ဒီမုန့်ကျိုးလိမ်ဇာတ်လမ်းမှာ ဘယ်သူဘယ်ဝါတွေမှာ တာဝန်ရှိသလဲဆိုတာ ကျနော်တို့ ဆန်းစစ်ဖို့မလိုပေးဘူးလား။ ဒါ့အပြင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန (ယခုအခေါ်အဝေါ် - အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန) မှာကော ဒီလို MOU စနစ်နဲ့ အလိမ်အညာ၊ အ၀ါအတေး၊ အင်ဂုလိ ဇာတ်လမ်းတွေဖြစ်လာရင် ဘယ်လိုထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့ ဥပဒေ (စည်းမျဉ်းစည်းကမ်း) ရှိမနေပေဘူးလား။ ရှိတော့ရှိနေမှာသေချာပါတယ်။ ရှိနေတဲ့ဟာက စာရွက်ပေါ်မှာ ချည်းပဲဖြစ်ပြီးတော့ကာ လက်တွေ့မျက်တွေ့အားဖြင့် “အားလုံးပေါင်းစား၊ ကောင်းစားသည်” လို့ ပြည်သူလူထုက ဖြစ်စေ၊ လေ့လာဆန်းစစ်သူတွေကဖြစ်စေ၊ ကာယကံရှင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထင်မှတ်မှားကြရင် “ငါ့သမီးလေး တစ်ခါမှားပါတယ်၊ ဆိုက္ကားသမား ငါးရာနဲ့ ဆိုသလို” (တစ်ခါတော့ မှားတာပါပဲ) တစ်သက်စာအမှားမျိုးဖြစ်လာရင် ကျနော်တို့ တိုင်းပြည်အတွက် ရင်လေးစရာမို့လို့ပါ။
အဲဒီတော့ MOU ဆိုတဲ့ ၂ နိုင်ငံနားလည်မှု စာချွန်လွှာဟာ အထားအသို မတတ်ရင် တစ်ခုခုလစ်လပ်နေသလိုမျိုးမို့လို့ အဖက်ဖက်က ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပါပြီဆိုတာ မီးမောင်းထိုးပြပါရစေ။ ပြဿနာ မဖြစ်ခင်ကတည်းက ပြဿနာရဲ့ အစအနကို ကောက်ကြောင်းရှာပြီး ဖာဖာထေးထေး၊ ဖေးဖေးမမလုပ်ကြရသလို MOU ကြောင့် ပေါ်ပေါက်လာရတဲ့ “ကိုယ်ကျိုးရှာသမားများနဲ့ ကိုယ်ကျိုးနည်းရသူများ”မျဉ်းပြိုင်ဖြစ်လာတဲ့အခါမှာ နိုင်ငံတော်အစိုးရဟာ ဘယ်ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးမှာလဲလို့ပါ။
MOU စနစ်ဟာ “ဈေးပေါပေါနဲ့ အပျော်ချစ်ရတဲ့ အပျက်မ တစ်ယောက်လို” ဖြစ်နေပြီဆိုရင်တော့ ကျနော်တို့ အားကိုးယုံကြည်ရတဲ့ အစိုးရကြီးဟာ ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေကြောင်းပါခင် ဗျာ။
သောင်ရင်းနဂါး-ခံစားတင်ပြသည်။
(Photo-MAT)

No comments:
Post a Comment