၂၀၁၀ ခုနှစ် ခုနှစ်နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ကို ဒီဇင်ဘာလ (၁၈) ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ကျင်းပခဲ့ရာမှာ မဲဆောက်မြို့ ကန်ပိဘန်းရပ်ကွက်ရှိ၊ အင်တာနစ်တင်း စက်ရုံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ပြီး အလှမယ်ဘွဲ့ရရှိခဲ့သူ “မအိအိဇင်” (ထိုစဉ်-၂၂ နှစ်) ဟာ ဒီကနေ့မှာတော့ မင်္ဂလာဆောင်ခဲ့ပါပြီ။
(ဆရာမိုးနဲ့ မအိအိဇင်၊ မောင်ဝေလှိုင်းအောင် မင်္ဂလာစုံတွဲ)
အလှမယ်ဘွဲ့ရရှိခဲ့ဘူးသူ မအိအိဇင်ဟာ အခုအခါမှာ ၂၅ နှစ်ရှိပြီး ပဲခူးမြို့နယ်သူ တစ်ဦးဖြစ်ပါတယ်။ ပဲခူး ဒီဂရီကောလိပ်မှာ Bsc (Physics) ဘွဲ့နဲ့ ကျောင်းပြီးထားသူ ဖြစ်ပေမယ့် ဘ၀ပေးအခြေအနေအရ ရွှေ့ပြောင်းအလုပ်သမားဘ၀ကိုခံယူကာ သိုးမွေးထည်ချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ ၀င်ရောက်အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ မအိအိဇင် (၂၅နှစ်) နဲ့ ဖူးစာဆုံသူ (၀ါ) အကြောင်းပါသူကတေ့ မောင်ဝေလှိုင်းအောင် (၂၁နှစ်) ဖြစ်ပါတယ်။
မအိအိဇင်၊ မောင်ဝေလှိုင်းအောင် နဲ့ သူတို့ရဲ့ နှစ်ဖက်သော မိဘတွေဖြစ်ကြတဲ့ ဦးညွှန့်ဦး + ဒေါ်အေးကြည်၊ ဦးမောင်မောင် + ဒေါ်သီတာ စသဖြင့် အင်တာနစ်တင်းသိုးမွှေးစက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက်ဟာ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဆရာမိုး (ခေါ်) ဦးမိုးကြိုးရဲ့ အပတ်စဉ်စနေနေ့တိုင်းထုတ်လွှင့် တင်ဆက်နေကျဖြစ်တဲ့ မဲဆောက်မြို့အခြေစိုက် မက်ပ်ဖောင်ဒေးရှင်းရေဒီယို အစီအစဉ် (၁၀၂ဒသမ၅၀) ရဲ့ သောတရှင်ပရိသတ်တွေ ဖြစ်နေကြတာပါပဲ။
(အလှမယ်ရဲ့ မင်္ဂလာပွဲကို လာရောက်စားသောက်တဲ့ ဘ၀တူလုပ်ဖော်ကိုင်ဖက်တွေ)
ဟော…ဒီကနေ့လည်း မက်ပ်ရေဒီယို (၁၀၂ဒသမ၅၀) လေလှိုင်းပရိသတ်တို့ရဲ့အချစ်တော် ဆရာမိုး (ခေါ်) ဦးမိုးကြိုးဟာ သူ့တပည့်မနဲ့ တပည့်တို့ရဲ့ မင်္ဂလာပွဲကို မပျက်မကွက်လာရောက် အားပေးခဲ့ပါ တယ်။ သူ့ရေဒီယိုပရိသတ်တွေနဲ့လည်း သရက်ပင်အောက်မှာ သရက်သီးစားကြရင်း ရင်းရင်းနှီးနှီး နောက်ဟယ်၊ ပြောင်ဟယ်နဲ့ ခဏငယ်သော အချိန်ကလေးကို စိတ်ရွှင်လန်းစေခဲ့တာပါပဲ။
(သရက်ပင်အောက်က သရက်သီးချစ်သူများအခုလိုအမှတ်တရ)
ဒီလင်၊ ဒီမယား အိုအောင်၊ မင်းအောင် (အနိုင်၊ အောင်သူ၊ ပိုင်သက်ကျော်) ပေါင်းရပါ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့။ တဆက်တည်းမှာလည်း ပဲခူးနယ်သူတွေရဲ့ ထုံးစံအတိုင်း ဟင်္သာမ က အပေါ်ကဆိုသလို အနိုင့် အထက်မပြု ပဲအေးတူပူအမျှ အပေးအယူမျှကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။
အမှတ်တရတင်ပြသူ - သောင်ရင်းနဂါး
Photo-JACBA(ဆရာမိုးနဲ့ မအိအိဇင်၊ မောင်ဝေလှိုင်းအောင် မင်္ဂလာစုံတွဲ)

No comments:
Post a Comment