(ဖူးခက် မတ် ၅)
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး အမှိုက်သိမ်းယာဉ်ပေါ်မှ ပြုတ်ကျပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ၏သတင်းဌာနတစ်ခုဖြစ်သော မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြပါရှိကြောင်းဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association in Thailand(MAT)က ဆက်သွယ်ပြောကြားခဲ့သည်။ ဖြစ်စဉ်မှာ ဖူးခက်မြို့ ၀ိချစ်ရပ်ကွက် ဒါလားဆမွတ်ထောင်းန် စာသင် ကျောင်းရှေ့တွင် မြို့တော်စည်ပင် အမှိုက်သိမ်းယာဉ်ပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးကြောင်း သတင်းအရ ၀ိချစ်ရဲစခန်းမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အဆိုပါမြန်မာအလုပ်သမားမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း တာဝန်ကျရဲမှူး ဆာနစ်နူခုန်းက မီဒီယာများအားပြောကြားခဲ့ကြောင်း သိရသည်။
အမှိုက်သိမ်းယာဉ်မောင်း၏ထွက်ဆိုချက်အရ သေဆုံးသူမှာ မြန်မာ အလုပ်သမား ဦးမောင်ဝင်း(၅၁)နှစ်ဖြစ်ကြောင်းနှင့် အဆိုပါ အမှိုက်သိမ်း ယာဉ်နှင့် လိုက်ပါအလုပ်လုပ်ကိုင်နေသော အမှိုက်သိမ်းတာဝန်ကို ယူထားကြောင်းသိရပြီး ၎င်းင်းသည် နံနက် ၉ နာရီလောက်က စက်္ကူထုပ်များကို ကားခေါင်မိုးပေါ်သို့ တင်ဆောင်စဉ် ခြေချော်ကျပြီး မြေပြင်နှင့် ဦးခေါင်း ဆောင့်မိကြောင်း၊ ၎င်းကိုဆေးရုံပို့ရန် အခြားအလုပ်သမားနှင့်အတူ သယ်ဆောင်စဉ် သေဆုံးနေပြီဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါသေဆုံးသူအား ဆေးစစ်ချက်ရယူရန်အတွက် ၀ချီရဆေးရုံသို့ ပို့အပ်လိုက်ကြောင်းနှင့် အမှိုက်သိမ်းယာဉ်မောင်းသူ (ထိုင်းနိုင်ငံသား)နှင့် အတူယာဉ်ပေါ်ပါရှိသည့် အခြားအလုပ်သမားတစ်ဦးကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဟု တာဝန်ကျရဲမှူး၏ ပြောပြချက်ကို ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်း သတင်းတွင်ဖော်ပြထားကြောင်း သိရသည်။
Ref---ယနေ့ ထုတ်ကြေးမုံသတင်းစာ
(ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှမြန်မာလုပ်သားအချို့ )

No comments:
Post a Comment