တစ်ခါက ရွာတစ်ရွာတွင် သြဇာအလွန်ပေးလေ့ပေးထရှိသော ငထွားဆိုသူတစ်ဦး ရှိလေသည်။ ငထွားကို အလွန်လျှာရှည်သူ၊ သြဇာပေးတတ်သူဟု ရွာသူရွာသားများက သိကြသဖြင့် “သြဇာပေးသမား ငထွား” ဟူသော ဘွဲ့ကို ပေးထားကြလေ၏။
တစ်နေ့တွင် အိမ်တစ်အိမ်၌ အသုဘရှိသဖြင့် ဘုန်းကြီးများကို ဆွမ်းကျွေးသည်။ အသုဘ ၀ိုင်းကူသူများက
ဆွမ်းကျွေးရာမှ ပိုနေသော ထမင်းဟင်းများကို သွန်ပစ်သောအခါ ငထွားရောက်ရှိလာပြီး “အေး… မကောင်းတာတွေဆို သွန်ပစ်မှပေါ့ကွ” ဟု ၀င်ရောက်ပြောဆိုလေ၏။ သွန်နေသော လူများကလည်း ငထွား ၀င်ရောက် သြဇာပေးသည်ကို အမြင်ကပ်သည်နှင့်အရွှဲ့ တိုက်၍ သွန်ပြီးသားများကို ပြန်ကောက်ထည့်ကြလေ၏။ သို့တိုင်အောင် ငထွားသည် မလျော့သေးဘဲ “အေးဟေ့… ကောင်းတာလေးတွေလည်း ရွေးပြီး ပြန်ကောက်ထည့်ဦးပေါ့ကွ”ဟု ပြောပြန်လေ၏။ ဤတွင် လုပ်ရသူများမှာ ဒေါသထွက်လာကြပြီး အကုန်လုံး သွန်ပစ်လိုက်ကြလေ၏။ သို့သော် ငထွားကမူ မလျှော့ဘဲ “အေးကွာ… မကောင်းလည်း အကုန်ပဲ သွန်ပစ်လိုက်ပါတော့”ဟု ၀င်ရောက် သြဇာပေး ပြောဆိုလိုက်လေ၏။
သို့နှင့် အသုဘချချိန်ရောက်သောအခါ အိပ်ပျော်နေသော ငထွားကို မနိုးကြဘဲ အသုဘချသွားကြလေ၏။ ငထွားအိပ်ရာမှနူးသောအခါ အသုဘချသူများမှာ ရွစ်တစ်ဝက်ခန့် ရောက်နေပေပြီ၊ ငထွားလည်းအသုဘချသွားပြီဟု သိရှိရ၍ အသုဘချသူများနောက်သို့ အမြန်ပြေးလိုက်ပြီးလျှင်-
“ဟေ့… ဘုန်းကြီးရှေ့က ကြွပစေဟေ့”ဟု လှမ်း၍ အော်ပြောလိုက်သေး၏။
***လူထု-ဦးလှ**
***(မြန်မာ့ ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment