အိမ်ကြီးက ကိုရာလိုင်းလာခဲ့တဲ့ အပြင်က အိမ်ကြီးနဲ့ လုံးဝ တစ်ပုံစံတည်းပဲ။ တစ်ပုံစံတည်း မဟုတ်တောင် အကုန်လုံးနီးပါးက အတူတူလောက်ပဲ။ မစ်စပင့်နဲ့ မစ်ဖော်စီဗယ်တို့ရဲ့ အခန်းတံခါးမှာလည်း ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်ပြီး စကားလုံးတွေကို ပုံဖော်နေတဲ့ အပြာရောင်နဲ့ အနီရောင် မီးသီးတွေ ရှိနေတယ်။ အခန်းတံခါးမှာ တလှည့်စီဖြစ်နေတဲ့ အလင်းရောင်က တစ်ရောင်နဲ့ တစ်ရောင် ကစားနေကြတယ်။
အချိန်ကလည်း ကိုရာလိုင်းထွက်လာတဲ့ နေ့လိုမျိုး တစ်ပုံစံတည်း နေသာနေပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ နေ့တစ်နေ့ပေါ့။
ကိုရာလိုင်းက သူမရဲ့အနောက်ဘက်က ညင်သာတဲ့ အသံတစ်သံ ကြားလိုက်ရတယ်။
ကိုရာလိုင်း လှည့်ကြည့်မိလိုက်တော့ သူမအနားက နံရံပေါ်မှာ ရှိနေတဲ့ အနက်ရောင်ကြောင်ကြီးတစ်ကောင်ကို သွားတွေ့တယ်။ ဒီကြောင်က သူမရဲ့အိမ်မြေညီထပ်မှာတွေ့ခဲ့ဖူးတဲ့ အနက်ရောင်ကြောင်ကြီးနဲ့ တစ်ပုံစံတည်းပဲ။
"ကောင်းသော ညနေခင်းပါ" လို့ ကြောင်က စပြောတယ်။
ကြောင်ရဲ့အသံက ကိုရာလိုင်းရဲ့ခေါင်းအနောက်ဘက်က ထွက်လာတဲ့ အသံမျိုးနဲ့ တူနေတယ်။
စကားလုံးတွေပါနေတယ်လို့ သူတွေးမိတဲ့ အသံလိုမျိုး။ ဒါပေမယ့် အသံက ယောကျာံးကြီးတစ်ယောက်ရဲ့အသံနဲ့ တူတယ်။ မိန်းကလေးတစ်ယောက်ရဲ့အသံလိုမျိုးမဟုတ်ဘူး။
"ဟယ်လို" လို့ ကိုရာလိုင်းက ပြန်ပြောတယ်။
"ငါ နင်နဲ့တူတဲ့ ကြောင်တစ်ကောင်ကို အိမ်က ဥယျာဉ်ထဲမှာ မြင်ဖူးတယ်၊ နင်က တခြားကြောင်တစ်ကောင်ဖြစ်ရမယ်"
ကြောင်က ခေါင်းကို ရမ်းလိုက်တယ်။
"မဟုတ်ပါဘူး၊ ငါက တခြားကြောင်တစ်ကောင်လည်း မဟုတ်ရပါဘူး၊ ငါက ငါပါပဲ"
ကြောင်က သူ့ခေါင်းရဲ့ တခြားတဘက်ကို လျက်နေတယ်။ သူ့ရဲ့အစိမ်းရောင်မျက်လုံးတွေကလည်း တလက်လက် အရောင်ထွက်နေတယ်။
"နင်တို့လူတွေကျတော့ နေရာအကုန်လုံးမှာ ပျံ့နှံ့နေထိုင်ကြတယ်၊ ငါတို့ကြောင်တွေကတော့ ငါတို့ကို ငါတို့ အတူတူရှိနေအောင် ထိန်းသိမ်းထားကြတယ်။ ငါ ဘာကို ဆိုလိုလဲ နင်နားလည်ရဲ့လား"
"ငါ နားလည်ပါတယ်၊ ဒါပေမယ့် နင်က ငါ့အိမ်မှာ မြင်ဖူးခဲ့တဲ့ ကြောင်နဲ့အတူတူပဲဆိုရင် နင် ဘယ်လို စကားပြောနိုင်သလဲ"
ကြောင်တွေက လူတွေလိုမျိုး ပုခုံးတွေ မရှိဘူး။ ဒါပေမယ့် ဒီကြောင်ကတော့ ပုခုံးတွန့်လိုက်တယ်။ သူပုခုံးတွန့်ပုံက အမြီးထိပ်ဖျားကနေစပြီး နှုတ်ခမ်းမွေးတွေထောင်သွားတဲ့နေရာမှာ အဆုံးသတ်သွားတဲ့ နူးညံ့တဲ့ လှုပ်ရှားမှုလေးတစ်ခုနဲ့ .. ။
"ငါ စကားပြောနိုင်တယ်"
"ကြောင်တွေက အိမ်မှာ စကားမပြောကြပါဘူး"
"မပြောဘူးလား" လို့ ကြောင်က ပြန်မေးတယ်။
"မပြောပါဘူး" လို့ ကိုရာလိုင်းက ပြန်ဖြေတယ်။
ကြောင်က ညင်ညင်သာသာပဲ နံရံပေါ်ကနေ ကိုရာလိုင်းနားက မြတ်ခင်းပေါ်ကို ခုန်ချလိုက်တယ်။ ပြီးတော့ ကိုရာလိုင်းကို စိုက်ကြည့်နေတယ်။
"ထားပါတော့၊ မင်းကတော့ ဒီလိုတွေ သိမှာပေါ့" ကြောင်က ခြောက်ခြောက်သွေ့သွေ့နဲ့ ပြန်ပြောတယ်။
"ငါကတော့ ဒါတွေ ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ငါက ကြောင်ပဲလေ"
ကြောင်က သူ့ခေါင်းနဲ့ အမြီးကို ထောင်ပြီး ကျေနပ်တဲ့ပုံနဲ့ ထွက်သွားတယ်။
"ပြန်လာခဲ့ပါ" ကိုရာလိုင်းက လှမ်းပြောတယ်။
"ငါ တကယ်တောင်းပန်ပါတယ်"
ကြောင်က လမ်းလျှောက်သွားတာကို ရပ်လိုက်တယ်။ ပြီးတော့ ထိုင်ချလိုက်ပြီး ကိုရာလိုင်းရှိနေတာကို ဂရုမစိုက်တဲ့ပုံစံနဲ့ သူ့ကိုယ်သူ စဉ်းစဉ်းစားစားနဲ့ ပြန်လျက်နေတယ်။
"ငါ .. ငါတို့ သူငယ်ချင်းဖြစ်လို့ရမလား"
"ငါတို့တွေက နိုင်ငံခြားကနေ ပေါက်ဖွားလာတဲ့ အာဖရိက ဆင်အကအဖွဲ့ရဲ့ ရှားပါးတဲ့ မျိုးစိတ်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ဆိုကြတယ်၊ ဒါပေမယ့် ငါတို့က ဒီလိုမဟုတ်ပါဘူး"
ကြောင်က ကိုရာလိုင်းကို ဖျက်ခနဲစိုက်ကြည့်လိုက်ပြီး မလိုတမာအသံနဲ့ ဆက်ပြောတယ်။
"အနည်းဆုံးတော့ ငါက ဒီလို မဟုတ်ဘူး"
ကိုရာလိုင်းက သက်ပြင်းချလိုက်မိတယ်။
"နင့်နာမည်က ဘယ်သူလဲ ပြောပြပါလား၊
ကိုရာလိုင်းက ကြောင်ကို မေးလိုက်တယ်၊
"ငါ့နာမည်ဆို ကိုရာလိုင်းလို့ ခေါ်တယ်လေ"
ကြောင်က ပန်းနုရောင်သန်းနေတဲ့လျှာကိုထုတ်ပြီး ပါးစပ်ကိုဟလိုက်ပြီး ဖြည်းဖြည်းချင်း ဂရုတစိုက်နဲ့ သန်းနေတယ်။
"ကြောင်တွေမှာ နာမည် မရှိကြဘူး"
"မရှိဘူးလား" လို့ ကိုရာလိုင်းက ပြန်မေးတယ်။
"မရှိဘူး၊ နင်တို့လို လူတွေမှာက နာမည်တွေ ရှိကြတယ်၊ ဘာလို့လဲဆိုတော့ နင်တို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှန်း မသိကြလို့။ ငါတို့ကတော့ တစ်ကောင်နဲ့ တစ်ကောင် ဘယ်ကောင်လဲဆိုတာ သိကြတယ်။ အဲဒါကြောင့် ငါတို့တွေက နာမည် မလိုဘူး"
ကြောင်ဆီမှာ စိတ်တိုစရာကောင်းလောက်အောင် တစ်ကိုယ်ကောင်းဆန်ချင်စရာ တစ်ခုခုရှိနေတယ်လို့ ကိုရာလိုင်း ဆုံးဖြတ်မိတယ်။ ဒီလိုရှိနေလို့ ကြောင်က ဘယ်ကမ္ဘာ၊ ဘယ်နေရာမှာမဆို ဒီနာမည်ကိစ္စက အရေးကြီးတာ မဟုတ်ဘူးလို့ ထင်နေတာဖြစ်ရမယ်။
သူမရဲ့စိတ်တ၀က်က ကြောင်ကို ဒေါသထွက်ချင်နေပြီး ကျန်တဲ့စိတ်တ၀က်က ကြောင်အပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ညှာညှာတာတာ ဆက်ဆံချင်နေတယ်။ ယဉ်ကျေးချင်တဲ့ စိတ်တ၀က်က နိုင်သွားပါတယ်။
"ကျေးဇူးပြုပြီး ဒါက ဘယ်နေရာလဲ ပြောပြပါလား" လို့ ကိုရာလိုင်းက မေးလိုက်တယ်။
ကြောင်က ပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး "ဒါက ဒီနေရာပဲလေ" လို့ ပြန်ပြောတယ်။
"ငါ ဒါကိုသိပါတယ်၊ ဒါဆို နင် ဒီနေရာကို ဘယ်လိုရောက်လာသလဲ"
"နင်လာသလိုပဲပေါ့၊ ငါလဲ လမ်းလျှောက်ပြီး ရောက်လာတာပေါ့၊ ဒီလိုပဲလေ"
ကိုရာလိုင်းက ကြောင် မြတ်ခင်းကိုဖြတ်ပြီး ဖြည်းဖြည်းချင်းလျှောက်သွားတာကို ကြည့်နေတယ်။ ကြောင်က သစ်ပင်တစ်ပင် အနောက်ဘက်ကို ၀င်သွားတယ်။ ဒါပေမယ့် တခြားတဖက်ကနေ ပြန်လဲ မထွက်လာဘူး။ ကိုရာလိုင်းလဲ သစ်ပင်ဆီသွားပြီး သစ်ပင်အနောက်အနောက်ဘက်ကို သွားကြည့်မိတယ်။ ကြောင် မရှိတော့ဘူး။
ဒါနဲ့ သူမလဲ အိမ်ကြီးဆီကိုပဲ ပြန်လာခဲ့တယ်။ သူမရဲ့အနောက်ဘက်ကနေ နူးညံ့တဲ့ အသံတစ်သံကို ထပ်ကြားရပြန်တယ်။ စောစောတုန်းက ကြောင်ပဲ။
"ဒါနဲ့ အဆောင်၊ အကာအကွယ်ယူလာရင် မင်းအတွက်သင့်တော်မယ်လို့ ငါခံစားမိတယ်။ ငါသာ မင်းနေရာမှာဆိုရင် ဒီလိုယူလာမှာပဲ" လို့ ကြောင်ကပြောတယ်။
"အဆောင် ဟုတ်လား"
"အင်း ဟုတ်တယ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် … "
ကြောင်က ပြောနေတာကို ရပ်လိုက်ပြီး စောစောက ဒီနေရာမှာ မရှိတဲ့ အရာတစ်ခုခုကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်နေတယ်။
ပြီးတော့ အသာလေး ခပ်နိမ့်နိမ့် ၀ပ်နေပြီး အရှေ့ကို နှစ်လှမ်း၊ သုံးလှမ်းလောက် ဖြည်းဖြည်းချင်းစီ တိုးသွားနေတယ်။ ကိုရာလိုင်း မမြင်ရတဲ့ ကြွက်တစ်ကောင်ကို ခုပ်ဖို့လုပ်နေတာနဲ့ တူတယ်။ ရုတ်တရက်ပဲ ကြောင်က ကြောက်လန့်တကြားဖြစ်သွားတဲ့ပုံနဲ့ သစ်ပင်တွေကြားထဲကို တဟုန်ထိုးပြေးသွားတယ်။ ပြီးတော့ သစ်ပင်တွေကြားထဲမှာ ပျောက်ကွယ်သွားတယ်။
ကြောင် ဘာကိုဆိုလိုသွားသလဲလို့ ကိုရာလိုင်း စဉ်းစားနေမိတယ်။ ပြီးတော့ တကယ် သူမလာခဲ့တဲ့ အပြင်မှာရော ကြောင်တွေက စကားပြောနိုင်ရဲ့သားနဲ့ စကားမပြောကြတာလား၊ ဒါမှမဟုတ် သူတို့ ဒီနေရာမှာ ရှိနေတုန်းပဲ စကားပြောနိုင်ကြတာလား စဉ်းစားနေမိတယ်။ ဒီနေရာက ဘယ်လိုနေရာမျိုးပါလိမ့် …. ။
(Neil Gaiman ရေးတဲ့ Coraline ၀တ္ထု Chapter IV ကနေ တတ်နိုင်သလောက် ဆီလျော်သလို ကောက်နုတ် ဘာသာပြန်ပါတယ်။)
.................
+ မိုးရဲ +
Showing posts with label ဘာသာပြန် ဝတ္ထုတို. Show all posts
Showing posts with label ဘာသာပြန် ဝတ္ထုတို. Show all posts
Monday, June 8, 2015
Wednesday, May 20, 2015
=== ဘ၀သည် ဟာသတစ်ပုဒ်===
ကျွန်မ သေတုန်းက မြင်တဲ့သူတစ်ယောက်မှ အနီးအနားမှာ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ သေသွားတယ်။ ဒါလည်း အဆင်ပြေပါတယ်။ တချို့လူတွေကတော့ အနားမှာ ကိုယ့်ကိုမြင်မယ့်သူ တစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းသေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်မအထက်တန်းကျောင်းတုန်းက ရည်းစားက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်၊ သူ့အကြောင်းပြချက်က ဘ၀မှာအရေးအကြီးဆုံးအရာက မျက်မြင်သက်သေရှိဖို့ပဲတဲ့။ အထက်တန်းကျောင်းက ရည်းစားကို ဘ၀တစ်လျှောက်လုံး အနားမှာရှိခိုင်းဖို့၊ ဒီလိုဆိုရင်တော့ မျက်မြင်ကိုယ်တွေ့တွေ အများကြီးဖြစ်နေမှာပဲ။ အရေးကြီးတဲ့အရာ မှန်သမျှကို မိန်းမတစ်ယောက်က မျက်မြင်သက်သေအဖြစ် ရှိနေတော့မှာပဲ။ ဘေးနားမှာအမြဲတမ်း ရှိနေပြီး သူများဘ၀တစ်ခု အထုပ်ပြေတာကြည့်နေဖို့လား၊ ဒါ ဇနီးမယားတစ်ယောက်ဖြစ်ဖို့အတွက် အကြောင်းရင်းဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်မ မနှစ်မြို့ဘူး။ ဒါပေမဲ့ အခုတော့ သူ့ ကျွန်မ ပိုနားလည်နိုင်လာပြီ။ ကိုယ့်ဘ၀ကို ကြည့်မြင်ဖို့အတွက်၊ အဲဒီအကြောင်း ညတိုင်း ဆွေးနွေးဖို့အတွက် ကိုယ်ချစ်ရသူတစ်ယောက် အနားမှာရှိနေတယ်ဆိုတာ ခပ်သေးသေးကိစ္စတော့ မဟုတ်ဘူး။
သူ့ကို လက်ထပ်မယ့်အစား၊ ကျွန်မ ဘယ်သူ့ကိုမှ လက်မထပ်ခဲ့ဘူး။ ကျွန်မတို့ ကွဲကွာသွားခဲ့တယ်။ ကျွန်မက တစ်ယောက်တည်းနေတယ်၊ ကလေးမရှိဘူး။ သူက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး၊ ကိုယ်ဝန်ရပြီး၊ ကလေးတစ်ယောက်ရချိန်မှာ၊ ကျွန်မဘ၀မှာတော့ ကျွန်မတစ်ယောက်တည်း မျက်မြင်သက်သေပဲ။ ကောင်မလေးဘက်က ဆွေမျိုးများတယ်၊ သူတို့အိမ်နားမှာပဲ သူ့ဘက်က အမျိုးတွေနဲ့ နေကြတယ်။ တစ်ခေါက်တော့ ကျွန်မ သူတို့ဆီ သွားလည်ဖူးသေးတယ်။ သူ့ မွေးနေ့ဒင်နာမှာ။ သူတို့ တစ်ဦးတည်းသောကလေးအပါအ၀င်၊ မိတ်ဆွေရင်းချာနဲ့ ဆွေမျိုးတွေ အယောက်သုံးဆယ်လောက်ရှိမယ်။ သူ့မိန်းမရဲ့ မိဘတွေအိမ်မှာ၊ သူတို့ အခြေချနေထိုင်နေတဲ့ ကမ်းရိုးတန်းမြို့ငယ်လေးတစ်ခုမှာပေါ့။ သူလိုချင်တဲ့အတိုင်း သူရခဲ့တာပဲ။ သူ့မှာ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေပေါင်း အယောက်သုံးဆယ်လောက်ရှိနေတယ်။ အဲဒီထဲက တစ်ဝက်လောက်က သေသွားတာမျိုး၊ တခြားပြောင်းသွားတာမျိုး၊ သူနဲ့ မတဲ့တော့တာမျိုးဖြစ်ဦး ဆယ့်ငါးယောက်တော့ ကျန်ဦးမယ်။ သူသေတဲ့အခါကျရင် ချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့ ၀ိုင်းရံနေလိမ့်မယ်၊ သူ သက်ရှိထင်ရှားရှိနေတဲ့အချိန်ကို သတိရပေးကြလိမ့်မယ်။ အရက်တွေမူးရူးပြီး လျှောက်အော်နေတဲ့ သူအိမ်ပြန်လာတဲ့ ညတွေကို သူတို့တွေ သတိရနေလိမ့်မယ်။ သူ့ အသုံးမကျမှုတွေကိုလည်း သတိရနေပေမယ့်၊ သူတို့က သူ့ကို ဆက်ပြီး ချစ်နေဦးမှာပဲ။ သူ့ မျက်မြင်သက်သေတွေ သေတဲ့အခါကျရင်တော့ သူ့ဘ၀လည်း ပြီးဆုံးသွားလိမ့်မယ်။ သူ့သား သေတဲ့အခါ၊ သူ့သားရဲ့ မိန်းမသေတဲ့အခါ၊ ပြီးတော့ သူ့သားရဲ့ သားသမီးတွေလည်း သေသွားတဲ့အခါ၊ ကျွန်မ ပထမရည်းစားရဲ့ ဘ၀ဟာလည်း ပျောက်ဆုံးသွားတော့မှာပဲ။
ကျွန်မ နောက်ဆုံးထွက်သက်ရှိုက်နေချိန်တုန်းက ကျွန်မကို ဘယ်သူမှ မမြင်ခဲ့ဘူး။ ကားက ကျွန်မကို လျင်လျင်မြန်မြန် ဖြတ်တိုက်သွားတယ်၊ ပြီးတော့ ဒရိုင်ဘာက ကျွန်မကို လမ်းမပေါ်ကနေ သယ်ဖို့ ကားကို ရပ်လိုက်တယ်။ သူ ကျွန်မကို လာသယ်တော့ ကျွန်မက သေပြီးနေပြီ။ ဒီတော့ ကျွန်မသေတုန်းက တစ်ယောက်တည်းလို့ ပြောနိုင်တာပေါ့။
အခု ရှင်တို့က ကျွန်မလိမ်နေတာလို့ ပြောချင်ပြောမယ်။ ကျွန်မသေတာကို မြင်လိုက်တဲ့ ကျွန်မချစ်ရတဲ့ မျက်မြင်သက်သေတစ်ယောက်မှမရှိခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်မ တကယ်ပဲ ဘာမှမခံစားရဘူးဆိုရင် အခု ဘာလို့ ဒီနေရာကို သေရွာက ထပြီး ကျွန်မ ပြန်လာခဲ့ရသလဲ။ ကမ္ဘာမြေပေါ်မှာ ကျွန်မ နောက်ဆုံးနေခဲ့တုန်းက ၀တ်ခဲ့တဲ့ အ၀တ်အစားတွေ၊ ကိုယ်ခန္ဓာအသွေးအသားတွေကို ကျွန်မ ဘာလို့ ပြန်လည်ဝတ်ဆင်ထားရသလဲ။ ကျွန်မ အသက်ရှင်နေတုန်း လေသံအတိုင်း ကျွန်မဘာလို့ စကားဆက်ပြောနေရသလဲ။ ကျွန်မသေတုန်းက အလေးချိန်အတိုင်း အခုဘာလို့ ပြန်ရှိနေရသလဲ။ ကျွန်မ မျက်လုံးတွေနဲ့ ဆံပင်တွေမှာ ကပ်နေတဲ့ အညစ်အကြေးတွေကိုတောင် ကျွန်မ ဆေးကြောပစ်ခဲ့သေးတယ်။ ကျွန်မ ဖြတ်ကြိတ်မခံရခင်က အနေအထားအတိုင်း သွားတွေကိုလည်း ပါးစပ်ထဲမှာ သူ့နေရာနဲ့သူ နေသားတကျ ပြန်တပ်ထားခဲ့တယ်။ ဒါတွေကို ကျွန်မ ဘာလို့ ဒုက္ခခံ လုပ်နေရတာလဲ။ အလုပ်ရှုပ်ရ ရှုပ်နဲ့။ မြေကြီးအောက်ထဲမှာပဲ ထာဝရနေသွားလို့ ရခဲ့ရဲ့သားနဲ့။ ကျွန်မဘ၀ဟာ တစ်ခန်းရပ်သွားပြီဆိုခဲ့ရင်၊ အဲဒီနေရာမှာပဲ တစ်စစီပျက်စီးရင်း နေသွားနိုင်သားပဲ။ ကျွန်မအကြောင်း တစ်ခုခုပြောဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ သင်္ကာမကင်းခံစားချက်မျိုးတစ်ခုခု မရှိခဲ့ရင် ကျွန်မ မြေကြီးထဲမှာပဲ ရှိနေဆဲ ဖြစ်နေမှာ။
ပြောစရာတစ်ခုက ရှိနေတယ်။ ကျွန်မက ဟာသပဲ၊ ကျွန်မဘ၀က ဟာသဖြစ်ခဲ့တယ်။ ကျွန်မနောက်ဆုံးချစ်ခဲ့တဲ့သူနဲ့ နောက်ဆုံးအကြိမ်ရန်ဖြစ်တုန်းက သူက အဲဒီလိုပဲ ကျွန်မကို ပြောခဲ့တယ်။ သူက ကျွန်မ အထက်တန်းကျောင်းတုန်းက ရည်းစားမဟုတ်တဲ့ တခြားတစ်ယောက်။ အဲဒီအချိန်တုန်းက ကျွန်မက သုံးဆယ့်လေးနှစ်။ ရန်ဖြစ်နေချိန်အတွင်း၊ ကျွန်မက ကျွန်မဘက်က မြင်တဲ့ပုံစံတွေကို ရှင်းပြဖို့ ကြိုးစားတော့ သူက အော်တယ်။ "နင်က ဟာသပဲ၊ ပြီးတော့ နင့်ဘ၀ကလည်း ဟာသပဲ" တဲ့။
အဲဒီမတိုင်ခင် တစ်ညက ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေခဲ့တုန်းပဲ။ တစ်ချိန်တည်း အိပ်ယာအတူတူဝင်ပြီး သူက သူ့ဖုန်းထဲကနေ လူကြိုက်များတဲ့ မှုခင်းဝတ္ထုတစ်ပုဒ်ကို ဖတ်ပြနေခဲ့တယ်။ သူ့လက်မောင်းကို ခပ်ဖွဖွထိရင်း ကျွန်မက ခေါင်းအုံးပေါ်မှာ အိပ်ပျော်သွားတယ်။ နောက်ရက်အနည်းငယ်ကြာတော့ ကျွန်မ သေတယ်။ သူပြောတဲ့စကားကို ကွက်ကွက်ကွင်းကွင်းနားလည်ဖို့အတွက်၊ အဲဒီအချိန်ကနေစပြီး လေးနှစ်တိတိ ကျွန်မ အချိန်ယူခဲ့ရတယ်။ ကျွန်မက ဟာသတစ်ပုဒ်၊ ကျွန်မဘ၀က ဟာသတစ်ပုဒ်ဆိုတဲ့ စကားလေ။ သူအဲဒီလို ပြောတဲ့အချိန်တုန်းက ကျွန်မ ဘာပြန်ပြောရမလဲ မသိခဲ့ဘူး။ ကျွန်မ နာကျင်ရတယ်၊ အသံကုန်ဟစ်အော်နေမိတယ်။ အဲဒီလိုလုပ်တာက သူ့စကားမှန်ကြောင်း သူ့ကို သက်သေပြလိုက်တာပဲ။ ပါးစပ်အဟောင်းသားနဲ့ပဲ ကျွန်မ သူ့ကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်တုန်းက သူ့ အကြင်နာကင်းမဲ့မှုကို ကျွန်မ ကျင့်သားရသွားခဲ့တယ်၊ ဒါပေမဲ့ နာကျင်ရတုန်းပဲ။
ဒီည ဒီနေရာမှာ လာပြီးစကားပြောဖို့ ရှင့်တို့ဆီက ဖိတ်ကြားစာရတုန်းက ကျွန်မ သေပြီးသားဆိုတာ ရှင်တို့ မသိကြဘူးလား။ ရှင်တို့ မသိပါဘူး၊ ရှင့်တို့ဆီက ဖိတ်ကြားစာရတုန်းက ငါမလာနိုင်ဘူးလို့ ကျွန်မလည်း အရင်ဆုံး တွေးမိသေးတယ်။ အမှန်အတိုင်းပြောရရင် လာဖို့ အကြောင်းမရှိဘူး။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ကျွန်မ ရှင့်တို့ဆီစာတစ်စောင်လှမ်းရေးမိတယ်။ ကျွန်မကို မြေကြီးထဲကတူးဖို့ ငွေပေးရင် ကျွန်မ လာခဲ့ပါ့မယ်လို့။ ကျွန်မကို မြှုပ်ထားတဲ့ မြောက်အမေရိကကိုဖြတ်ပြီး ကျွန်မအလောင်းအတွက် လေယာဉ်ပျံခကို ရှင်တို့ပေးရင်၊ မိုက်တပ်ထားတဲ့ စင်မြင့်ဆီ ကျွန်မကို ၀ှီးချဲနဲ့ တွန်းတင်ပေးရင်၊ အင်း.. ကျွန်မ လာခဲ့ပါ့မယ်လို့ပေါ့။ လေယာဉ်ခရီးစဉ် တစ်လျှောက်လုံး ကျွန်မရဲ့ သေပြီးသားဦးနှောက်က ကျွန်မပြောချင်တာတွေကို မှတ်မိဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။ အဲဒီအချက်ကပဲ ကျွန်မ ဒီကိုလာဖို့ လက်ခံခဲ့ရခြင်းအတွက် အကောင်းဆုံးအကြောင်းပြချက်ပဲ။ ကျွန်မမှာ ဖွင့်ဟ၀န်ခံစရာ အရေးကြီးကိစ္စတစ်ခုခု ရှိနေတယ်။ အဲဒါ ဘာများလဲ။ အဲဒီအကြောင်း ကျွန်မ ပြောပြီးပြီလား။ ကျွန်မရဲ့ ဦးနှောက်အသေထဲက၊ အတွေးတွေဟာ အမြန်ဆုံးနှုန်းနဲ့ လွင့်ထွက်သွားတယ်။ ပြောပြီးပြီဆိုလည်း ကျွန်မ မမှတ်မိတော့ဘူး။
မြေကြီးအောက်မှာ လဲလျောင်းရင်း ဆားငန်လွှာတွေ၊ မြေဆီတွေ၊ ချွေးတွေ၊ တီကောင်တွေ၊ အစေ့ပင်နဲ့ မြေစာမြက်တွေ၊ ငှက်အသေကောင်ရဲ့ အရိုးစုတွေဟာ ကျွန်မပါးစပ်ထဲမှာ လာစုနေတယ်။ ကျွန်မသွေးတွေက ခြောက်သွေ့အေးခဲပြီး ခြေချောင်းတွေက ကွေးလိပ်နေတယ်။ ကျွန်မဦးနှောက်ထဲမှာဆိုရင် ဆံပင်ခြည်တွေ ငှက်အမွှေးအတောင်တွေနဲ့ ပြည့်သိပ်နေတယ်။ ပြီးတော့ ဘာမှန်းအသေအချာမသိရတဲ့ ဘောလုံးဖြူဖြူသေးသေးလေးတွေ၊ အဲဒီ ရေမြှုပ်လုံးလေးတွေနဲ့ ခွေးချေးတွေ၊ အနံ့စူးစူး ကျင်ငယ်တွေ၊ အစေ့ပင်နဲ့ မြေစာမြက်တွေ၊ ၀က်သစ်ချသီးတွေ၊ စပျစ်သီးခြောက်တွေ၊ ဒါတွေအားလုံးနဲ့အတူ အဲဒီအောက်ထဲက စိုစွတ်တဲ့အမှောင်ထုကြီးထဲမှာ ကျွန်မ တွေးနေနိုင်တယ်ဆိုတာ သိပ်အံ့သြဖို့ကောင်းတယ်။ မြေအောက်ထဲမှာ လှဲလျောင်းရင်းနဲ့တော့ ရှင့်တို့ရဲ့ မ၀ံ့မရဲအတွေးတွေက ဘာများဖြစ်မလဲ ရှင်တို့ ဘယ်တော့မှ သေချာသိနိုင်မှာမဟုတ်ဘူး။ သေတွင်းထဲကို ရှင့်တို့ရဲ့ အတွေးတစ်ခုတည်းကိုပဲ အတူသယ်သွားနိုင်မှာ။ အဲဒီအတွေးကလည်း အမြဲတမ်း ရှင်တို့ကို စိုးမိုးခြောက်လှန့်နေတဲ့အတွေးပဲ၊ အဆုံးမှာ ရှင့်တို့ကိုယ်ပိုင် ငြိမ်းချမ်းမှုကိုရှာမတွေ့ခင် တစ်လျောက်လုံး ရှိနေရမယ့် အတွေးမျိုးပေါ့။ ကျွန်မ အတူယူဆောင်သွားတဲ့အတွေးကတော့ ကျွန်မချစ်တဲ့ ယောက်ျားတစ်ယောက် ပြောခဲ့တဲ့စကားလေ၊ "မင်းက ဟာသပဲ။ မင်းဘ၀က ဟာသတစ်ပုဒ်ပဲ" တဲ့။ ကျွန်မဦးခေါင်း၊ ကြွက်သားတွေနဲ့ အရိုးတွေကို အဲဒီအတွေးက မခွာတမ်းပူးကပ်ထားတယ်၊ တခြားဘာမှမရှိတော့ဘဲ အဲဒီစကားလုံးတွေချည်းပဲ ကျန်တော့တဲ့အထိပဲ။ သေခြင်းတရားလို့ပဲ ပြောရမယ်။ ကျွန်မဘ၀က အတွင်းထဲကို ကျုံ့ဝင်ပြိုလဲသွားတဲ့အချိန်မှာ၊ ဘ၀ဟာ အနက်ရှိုင်းဆုံးအတွင်းသားထဲအထိ သူ့ဘာသူ ပြိုဆင်းသွားတဲ့အချိန်မှာ အဲဒီစကားစုဟာ ပြိုဆင်းနေခြင်းရဲ့ အပြင်တစ်နေရာမှာ ကျန်ရစ်တယ်။ အဲဒီစကားစုဟာ ကျွန်မဆီက ကွဲထွက်သွားတဲ့ တစ်စုံတစ်ခု ဖြစ်သွားတယ်။ ကျွန်မဆီက ကွဲထွက်သွားတဲ့ တစ်စုံတစ်ခုဖြစ်လို့ပဲ အဲဒါကို ကျွန်မနဲ့အတူ ယူဆောင်လာနိုင်ခဲ့တယ်။ အဲဒီစကားစုဟာ အခု ကျွန်မမှာ ရှိနေတဲ့ တစ်ခုတည်းသောအရာပေါ့။
ကျွန်မ ရေတစ်ခွက်လောက် သောက်ပါရစေဦး။ ကျွန်မ ရေ ဘယ်မှာလဲ။ ကျွန်မက သေပြီး ခြောက်ကပ်နေပြီ။ မနက်ဖြန်ကျရင် ကျွန်မက အိမ်အပြန်လေယာဉ်ပေါ်မှာ၊ လက်ဆွဲအိတ်တွေနဲ့အတူ၊ အရိုးထဲ စိမ့်ဝင်နေတဲ့ ငြိမ်းချမ်းမှုနဲ့အတူ၊ အဲဒါဟာ ဒီနေရာကိုလာပြီး ဖွင့်ဟ၀န်ခံခဲ့တဲ့အတွက်ကြောင့်ပေါ့။ ကျွန်မ မြေအောက်ထဲပြန်ရောက်သွားတဲ့အချိန်မှာ ကျွန်မ သိနေတော့မှာ။ ပြီးရင်တော့ ကျွန်မ ကျန်တဲ့ထာဝရအချိန်တစ်လျှောက်လုံး သေဆုံးသွားတော့မှာ၊ ကျွန်မကိုယ်ကိုယ် ဘယ်တော့မှ မလျှော်ဖွပ်တော့ပဲနဲ့။
ကျွန်မက ဟာသပဲ၊ ကျွန်မဘ၀က ဟာသပဲလို့ ပြောခဲ့တဲ့လူ။ အခု ကျွန်မရဲ့ နောက်ဆုံးအချိန်လေးမှာ ကျွန်မရဲ့ နောက်ဆုံးထွက်သက်ကို မျက်မြင်ကိုယ်တွေ့တွေ့ရင်း ဒီနေရာမှာ ရှိချင်မှ ရှိနေမှာ။ ဒါပေမဲ့ ကျွန်မသိနေတာတစ်ခုက ကျွန်မရဲ့ သေခြင်းတရားကို သူ ကြိုတင်မြင်တွေ့ခဲ့တယ်ဆိုတာပဲ။ ကျွန်မအတွင်းသားထဲထိ ဖောက်ထွင်းပြီး၊ ကျွန်မ အဇ္ဈတ္တကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ပြီး သူက ကြိုတင်နိမိတ်ဖတ်ခဲ့တယ်။ အဲဒီကြောက်စရာစကားလုံးတွေကို သူပြောတုန်းက သူက ကျွန်မရဲ့၊ ကျွန်မမကြာခင်တွေ့တော့မယ့် အနာဂတ်အထိ ကြိုတင်မြင်တွေ့ခဲ့တယ်။ ကျွန်မတို့ ရန်ဖြစ်တုန်းက သူမှားကြောင်း ယုံကြည်လာအောင် ကျွန်မ ကြိုးစားခဲ့တယ်။ "ငါက ဟာသမဟုတ်ဘူး၊ နင်သာ ဟာသ၊ နင်သာ ဟာသ" ဆိုပြီးတော့ ကျွန်မ ပြန်အော်ခဲ့တယ်။
လူတစ်ယောက်ဟာ ငှက်ပြောခွံတက်နင်းမိလို့ ချော်ကျရင်း သေသွားတယ်ဆို၊ သူ့ဘ၀က ဟာသပဲပေါ့။ ကျွန်မ သေခဲ့ရတာကတော့ ငှက်ပျောခွံကို တက်နင်းမိလို့ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အရက်ဆိုင်ထဲကို သင်းအုပ်ဆရာတစ်ယောက်နဲ့အတူ၊ ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ၊ သီလရှင်တစ်ပါးနဲ့အတူ ၀င်လာပြီး သေဆုံးသွားတယ်ဆိုရင်တော့ သူ့ဘ၀က ဟာသပဲပေါ့။ အဲဒါလည်း ကျွန်မသေခဲ့ရတဲ့ပုံစံ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးဟာ ကြက်ကလေးတစ်ကောင်ဖြစ်ပြီး တစ်ဖက်ကမ်းကိုရောက်ဖို့ လမ်းဖြတ်အကူးမှာ သေဆုံးသွားခဲ့ရတာက ကျွန်မ သေဆုံးတဲ့ ပုံစံပါ။ ဒါဆိုလည်း သူ့ဘ၀က ဟာသတစ်ပုဒ်ပါပဲ။ ကဲ အခုတော့ အားလုံးသိပြီပေါ့၊ ကြက်ကလေးတစ်ကောင်ဖြစ်ပြီး တစ်ဖက်ကမ်းကိုရောက်ဖို့ လမ်းအဖြတ်အကူးမှာ ကျွန်မ သေဆုံးခဲ့ရတာကို။
အဲဒီနေ့က အဲဒီလို လမ်းဖြတ်ကူးတုန်းက ကျွန်မက တစ်ဖက်ကမ်းကို ဦးတည်နေခဲ့တယ်။ သူနဲ့ ရန်ဖြစ်တဲ့အကြောင်းပဲ စိတ်ထဲမှာစွဲပြီး ဘ၀တစ်ခုလုံးပျက်စီးပြိုလဲသွားခဲ့ပြီ။ ကြက်ကလေးတစ်ကောင်က ဘာလို့ လမ်းဖြတ်ကူးရတာလဲ။ တစ်ဖက်ကမ်းကို ရောက်ဖို့လား။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာလား။ တစ်ဖက်ကမ်းဆိုတာ သေခြင်းတရားပဲ။ အဲဒါကို လူတိုင်း သိကြတာပဲ မဟုတ်လား။
သံချေးတက်နေတဲ့ အဲဒီ ကားအိုကြီးရှေ့ကို ကျွန်မ ခြေလှမ်းစိပ်စိပ်နဲ့ ခပ်မြန်မြန်တိုးကပ်လိုက်တယ်၊ ပြီးတော့ သတ္တုတွေနဲ့ ကျွန်မကိုယ်ကိုယ် ခြေမွပစ်လိုက်တယ်၊ မီးသီးဘေးက ကားစောင်းနဲ့ တိုက်မိတဲ့ သွားတွေက ကျွန်မလည်မျိုထဲအထိ ကျွံဝင်သွားတယ်၊ ကျွန်မ ရင်ဘတ်ပေါ်က ကားက ဖြတ်ကြိတ်သွားတယ်။
ကျွန်မ ဒီကိုလာခဲ့တာ ရှင်တို့ကို အော်ဂလီဆန်အောင် လုပ်ဖို့မဟုတ်ပါဘူး။ ကျွန်မ ဒီကိုလာခဲ့တာ ရှင်တို့ကို ဟာသတစ်ပုဒ် ပြောပြမလို့ပါ။ ဒါထက်၊ ရှင်တို့ကို ဟာသတစ်ပုဒ်ကို ပြဖို့လို့ ပြောရင် ပိုမှန်မလားပဲ။ ကျွန်မလေ။ ပြီးတော့ ကျွန်မကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြောင်း ဂုဏ်ယူချင်လို့ပဲ။ ကျွန်မရဲ့ အဲဒီ ပထမရည်းစားက ဒီနားနဲ့ အဝေးကြီးမှာနေတာ မဟုတ်ဘူး။ အခု ပရိသတ်ထဲမှာတောင် သူရှိနေပြီး ကျွန်မပြောတာကို နားထောင်ချင်ထောင်နေမှာ။ ဘီယာသောက်ချင်သောက်နေမှာ။ ကျွန်မ သူ့ကို ရှိနေစေချင်တယ်။ ကျွန်မဘ၀နဲ့ သေခြင်းတရားမှာ မျက်မြင်သက်သေရှိပါရဲ့လို့ ကျွန်မ ပြောမယ်။ မျက်မြင်သက်သေရှိရုံမက ကြိုတင်တောင် မြင်တွေ့ခံခဲ့ရသေးတယ်။ ရှင် ကျွန်မထက် နည်းနည်းလေးမှ မသာခဲ့ဘူး။ အဆုံးမှာ ကျွန်မတို့ နှစ်ယောက်စလုံး အနိုင်ရခဲ့သလိုပဲ။
ကျွန်မဟာ ဘယ်လောက် သွေးကြောင်ခဲ့သလဲ၊ ကြက်ကလေးတစ်ကောင် ဆန်လိုက်သလဲ။ ရှင်သန်နေထိုင်ခြင်းရဲ့ ဘယ်မျက်နှာစာကိုမှ ကျွန်မ ခံနိုင်ရည်မရှိခဲ့ဘူး။ အထူးသဖြင့်၊ "တခြားလူတွေထက် ပိုကောင်းတဲ့ဘ၀မှာ နေထိုင်ဖို့ကြိုးစားရမယ်" ဆိုတဲ့ ဓလေ့ဟောင်းတစ်ခုကိုပေါ့။
ဘ၀ရဲ့ အခြားဘက်ခြမ်းဟာ ဘာနဲ့တူလဲလို့ ရှင်တို့ တွေးကောင်းတွေးနေလိမ့်မယ်။ ကျွန်မလည်း ဒီမှာရှိနေတုန်း ပြောပြချင်ပါတယ်။ လူတိုင်း အမြဲတမ်း ရယ်မောနေတဲ့ အလကားနေရာတစ်ခုပဲ။ သမုဒ္ဒရာကို ဖြတ်ပျံတဲ့ လေကြောင်းခရီးစဉ်တစ်ခုမှာ ကျွန်မ ကြုံတွေ့ခဲ့ရသလိုမျိုးပဲ။ ကျွန်မဘေးနားက အမျိုးသမီးက သူကြည့်နေတဲ့ ဖျော်ဖြေပွဲတိုင်းက ဘယ်လိုအပေါစားပြက်လုံးကိုမဆို ရယ်မောနေသလိုမျိုးပဲ။ ပြီးရင် နောက်ဖျော်ဖြေပွဲတစ်ခုကို ပြောင်းပြီးရင်း ပြောင်းမယ်။ ကျွန်မတို့ ထိုင်ခုံအတန်းမှာ သူ့ရယ်သံနဲ့ပဲ ဖုံးလွှမ်းနေတယ်။ လေယာဉ်စတက်ကတည်းက ဆင်းတဲ့အထိ အရယ်မရပ်ဘူး။ လူတစ်ယောက်ရဲ့ ရယ်မောမှုကြောင့် ရှင်တို့ အနေနဲ့ သူ့ကို ဘယ်လောက် မုန်းသွားနိုင်သလဲ။ ကမ္ဘာကြီးရဲ့ ရယ်သံတွေဟာ ဒီအချက်ကို မသိကြဘူးလား။ အဲဒါက သူတို့ကို ချစ်စရာကောင်းအောင်လုပ်နိုင်တယ်လို့ သူတို့ ထင်နေတာလား။ ဖန်သားပြင်ကို ငေးကြည့်ပြီး၊ နားကြပ်တပ်ထားပြီး၊ တစ်ယောက်တည်းရယ်မောနေတဲ့ သူတစ်ယောက်ကို ဘယ်သူက သဘောကျနိုင်လို့လဲ။ ဟိုတယ်ခန်းနံရံတစ်ဖက်က သူစိမ်းနှစ်ယောက်ရဲ့ ကုတင်သံကိုကြားရတာ သဘောကျတဲ့သူတွေတော့ ကြိုက်ချင်ကြိုက်လိမ့်မယ်။
အဲဒီ အခြားဘက်ခြမ်းမှာတော့၊ ရယ်စရာကောင်းကောင်း မကောင်းကောင်း ခွေးတိုင်း၊ သစ်ပင်တိုင်း၊ လူတိုင်းရယ်မောနေကြသလိုပဲ။ အခုကျွန်မပြောမယ့်စကားတွေကို အဲဒီဘက်ခြမ်းမှာ လေ့ကျင့်ခဲ့တယ်၊ လူဆယ့်ခြောက်ယောက် အရှေ့မှာပေါ့။ အစအဆုံး လေးနာရီလောက်တောင် ကြာတယ်။ ၀ါကျတစ်ကြောင်းဆုံးပြီးတိုင်း၊ ထွက်လာတဲ့ ရယ်သံတွေကို စဲသွားအောင်စောင့်နေရလို့ပါပဲ။ အခု ကမ္ဘာပေါ်မှာနဲ့တော့ ကွာတယ်။ သက်ရှိတွေရဲ့ ငြိမ်သက်မှုဟာ သိပ်ကောင်းတဲ့ ဖြေဆည်စရာတွေထဲက တစ်ခုပဲ။ သေခြင်းတရားဟာ လူတိုင်းအတွက် အတူတူချည်းပဲလား၊ ဒါမှမဟုတ် အဲဒီ ရယ်မောနေတဲ့လောကကြီးဟာ ကျွန်မအတွက်ပဲ သီးသန့်လုပ်ထားခဲ့တာလား။ ဒါကိုတော့ ကျွန်မ အသေအချာမသိနိုင်ဘူး။
ကျွန်မပြောခဲ့တာတွေက ရှေ့နောက်ဆီလျော်ရဲ့လား။ ကျွန်မစကားပြောနေတဲ့အကြောင်း ကျွန်မကိုယ်တိုင် သတိပြုမိနေတယ်။ ကျွန်မအသံက အဆင်ပြေရဲ့လား။ ရှင်တို့ သေသွားတဲ့အခါမှာ၊ အတွေးတစ်ခုကို ကိုယ်နဲ့အတူ သယ်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ သိလိမ့်မယ်။ ကျွန်မ ဦးခေါင်းထဲကို ပိုးသားစတွေ ထိုးထည့်ထားသလို ခံစားနေရတယ်၊ မျက်လုံးထဲကို ပိုးချည်လုံးတွေ ထိုးထည့်ထားသလို၊ နားထဲကို ပိုးသားစနဲ့ ပိတ်ဆို့ထားသလို ခံစားနေရတယ်။ အဓိပ္ပာယ်တစ်ခုက တစ်ခုစီ ဆက်စပ်စဉ်းစားနိုင်ဖို့ ခက်တယ်။ ကျွန်မဒီကိုလာတာ ရှင်တို့ကို ချစ်ပါတယ်လို့ ပြောဖို့ မဟုတ်ပါဘူး။ အဲဒီလိုပြောနေတယ်လို့ ရှင်တို့ ထင်နေလို့လား။ ကျွန်မဘ၀မှာ ယောက်ျားနှစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတယ်။ တစ်ယောက်က ကျွန်မကို လက်ထပ်ချင်တယ်၊ တခြားတစ်ယောက်က ကျွန်မကို ဟာသတစ်ပုဒ်လို့ ပြောတယ်။ ကျွန်မ ပထမရည်းစားက သူ့အတွက် မျက်မြင်သက်သေတစ်ယောက် ရှာတွေ့ခဲ့တယ်။ ကျွန်မက အခု ဒီကိုလာပြီး ကျွန်မှာလည်း တစ်ယောက်ရှိခဲ့တဲ့အကြောင်း လာပြောတယ်။ ကျွန်မ နိုင်တယ်၊ ရှင်တို့ တွေ့လား၊ ကျွန်မ နိုင်တယ်။ လူတစ်ယောက် ရရှိနိုင်တဲ့အကောင်းဆုံးအရာတစ်ခုကို ကျွန်မ ရယူနိုင်ခဲ့တယ်။ မျက်စိနဲ့ အမြင်ခံရဖို့ပဲ။ အခု ကျွန်မ ဒီမှာ အဲဒီအကြောင်းကို ဖွင့်ဟ၀န်ခံတယ်။ အဲဒါကတော့ ကျွန်မအသွေးအသားတွေထဲကနေ တွားသွားထွက်လာပြီး ရှင်တို့ရှေ့မှောက်မှာ အခု မတ်တပ်ရပ်နေရတဲ့ အကြောင်းရင်းပေါ့၊ စင်မြင့်ပေါ်က ဟာသတစ်ပုဒ်ပေါ့။ သူ့စကားလုံးတွေက အခု ကျွန်မကို မနာကျင်စေတော့ဘူး။ အဲဒီစကားလုံးတွေက အခု ကျွန်မကို အရမ်းဂုဏ်ယူမိစေတယ်။
ကြက်ကလေးတစ်ဟောင်ဟာ ဘာလို့ လမ်းမကို ဖြတ်ပြေးခဲ့လဲ။ အဲဒါ ကျွန်မပဲ။ ကျွန်မဟာ ကြက်ကလေးပဲ။ ပြီးတော့ ကျွန်မ အခြားတစ်ဖက်ခြမ်းကို ရောက်သွားတယ်။ အဲဒီစကားလုံးတွေကို သူပြောတုန်းက ကျွန်မ ဒီလိုပဲဖြစ်လိမ့်မယ်ဆိုတာ သူက ကြိုသိခဲ့တယ်။ မျက်မြင်သက်သေရှိခဲ့တာဟာ ဘယ်လောက်များ လှပလိုက်သလဲ။
+တေဇာ (လရောင်လမ်း)+
My Life is a Joke by Sheila Heti ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။ Ref: The New Yorker
+တေဇာ (လရောင်လမ်း)+
My Life is a Joke by Sheila Heti ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။ Ref: The New Yorker
Labels:
ဘာသာပြန် ဝတ္ထုတို
Sunday, May 17, 2015
===အတုံ့အလှည့်===
တခါက အိမ်တစ်အိမ် မှာ အဖေရယ်၊အမေရယ်၊ သားတစ်ယောက် ရယ်အဘွား ရယ်နေထိုင် ကြတယ်။အဘွားကတော့ အိုမင်း အားနည်း ပြီဖြစ်လို့ ဘာကိုင်ကိုင်လက်မမြဲလှဘူး။ လက်ကတုန် နေတာကြောင့် ပစ္စည်းတွေကိုင်ဖို့ခက်ပြီး ခဏခဏလဲ လွတ်ကျတတ်တယ်။
အထူးသဖြင့် မိသားစုတွေထမင်းဝိုင်းစားချိန်မှာ ထမင်းပန်ကန်ကိုင်ဖို့တောင် ခဲယှဉ်းလှပါတယ်။ လက်ကတုန်နေတာကြောင့် ထမင်းတွေက အမြဲတမ်းစားပွဲမှာ ပြန့်ကျဲလေ့ရှိတယ်။ ဒါကြောင့်ချွေးမကအ ဘွားကြောင့်စိတ်ရှုပ်လေ့ ရှိတယ်။ သီးမခံနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်တယ်၊ “ရှင့်အမေ ထမင်းစားတာ ပွကျဲနတာပဲ၊ ထမင်းတောင်မျိုမကျဘူး၊ သီးမခံနိုင်တော့ဘူး” လို့ဆိုတယ်။ သူ့အမေ လက်တုန် တာသူကလဲ ဘာမှမတတ်နိုင်ဘူးလေ။ ရက်အနည်းငယ် အကြာမှာတော့ သူ့ခင်ပွန်းကို ထပ်ပြောပြန်ရောတဲ့ “ရှင်ဘာမှ မလုပ်တော့ဘူးလား၊ ဖြေရှင်းဖို့ မကြိုးစားတော့ဘူးလား၊ ကျမ တကယ်ပဲ သီးမခံနိုင်တော့ဘူး” လို့ ရန်တွေ့သတဲ့။
ဒီမှာတင် ခင်ပွန်းသည်က သူ့မိန်းမကို လိုက်လျောပြီး ထမင်းစားချိန်ရောက်တော့ သူ့အမေကို တခြားစားပွဲမှာ စားစေတယ်၊ အဘွားကပန်းကန် ခဏခဏ လုပ်ခွဲတဲ့ အကြောင်းပြချက်နဲ့ အပေါစားတွေနဲ့ထည့်ကျွေးတယ်၊ ထမင်းစားဖို့ရောက်လာတဲ့ အဘွားက အရမ်းဝမ်းနည်းသွားတယ်၊ အဘွား ကိုယ်၌ ကမှ သူ့လက်တွေမတုန်အောင် မထိန်းနိုင်တာ ဒီကိစ္စကို ဘယ်လိုရှင်းရမှာတဲ့လဲ။ အရမ်းပူဆွေးတဲ့ အဘွားက အတိတ်ကို သတိရသွားတယ်၊ သူ့သားကို မငြီးမငြူ စောင့်ရှောက်လာရတာ၊ နေမကောင်းချိန်မှာ ပြုစုလာရတာတွေ၊ သားရဲ့ပြဿသနာတိုင်း ကူညီဖြေရှင်း ပေးခဲ့တာတွေကို ပြန်သတိရပြီး ခုလို မသန်စွမ်းချိန်မှာ စွန့်ပစ်ခံရတဲ့အတွက် အရမ်းဝမ်းနည်းမိတယ်။
ရက်တွေကြာသွားလဲ အဘွားမှာတော့ ပူဆွေးလျက်ပဲ၊ မျက်နှာပေါ်မှာ အပြုံးတွေလဲ ပျောက်ကွယ်ခဲ့ပြီ၊။အဘွားကို စောင့်ကြည့်နေမိတဲ့ မြေးက အဘွားကိုလာနှစ်သိမ့်ရှာတယ်၊
“အဘွားကို အဖေနဲ့ အမေ ဒီလို လုပ်လို့ အဘွားစိတ်ဆင်းရဲနေတာ မြေးသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဘွားရယ်၊ မြေးလေးမှာ အဘွားမြေးတို့နဲ့ အတူထမင်းတဝိုင်းထဲ ပြန်ထိုင်စားနိုင်မယ့် နည်းရှိပါတယ်”
အဘွားရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်လေးတောက်ပသွားတယ်၊ မြေးလေးကို “ဘယ်လိုလုပ်ရမလဲ” လို့အားတက် သရောမေးလိုက်တယ်၊
“ ဒီနေ့ ညစာစားချိန်မှာ ထမင်းပန်ကန် ကို လွတ်ချလိုက်သိလား”
နားထောင်နေတဲ့ အဘွားအံ့အားသင့်သွားတယ်၊ မြေးလေးက ထပ်ပြောတယ်။
“မြေးပြောသလိုလုပ်ပါ၊ ကျန်တာမြေးတာဝန်ထား” လို့ထပ်ပြောတယ်။ ညစာစားချိန်ရောက်တော့ မြေးလေးဘာအစီစဉ်ရှိမှန်း မသိပေမယ့် ပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထမင်းပန်းကန် ကိုမ ပြီး မသိမသာလွတ်ချလိုက်တယ်၊ ချွေးမက ဆူဖို့ထလိုက်တာ သူ့အရင်သူ့သားလေးက ထလာပြီး
“အဘွား ဘာလို့ပန်းကန်တွေလုပ်ကွဲ ပြန်ပြီလဲ၊ အမေ အသက်ကြီးလာရင် အမေ့ကို အဲ့ပန်းကန်နဲ့ ထည့်ကျွေးမလို့ပါဆို၊ အဘွားလုပ်ခွဲတော့ အမေဘာနဲ့စားရမှာလဲ၊ အသုံးကိုမကျဘူး” လို့ထပြောလိုက်တယ်၊
သားရဲ့စကားကြောင့် အမေမှာ မျက်နှာပျက်သွားပြီး ဘာမှပြောမထွက်နိုင်တော့ဘူး။ သူမရဲ့လုပ်ရပ်က သူ့သားကို နမူနာ ဖြစ်စေခဲ့ပြီ၊ သူလုပ်သလို သူ့ကိုပြန်လုပ်တော့မယ်ဆိုတာ သိပြီး အရမ်းလဲ ရှက်၊ နောင်တလဲရလိုက်တယ်။ အဲ့ အချိန်လေးက စပြီး အဘွားဟာ မိသားစုနဲ့ ထမင်းတူတူ ပြန်ဝိုင်းစား လာရတော့တယ်။
+ပိတောက်+

Friday, May 15, 2015
== ဧည့်သည်===
လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်မအမေ အရေးပေါ် ဆေးရုံးတက်ခဲ့ရတယ်။ အဖျားကြီးသောကြောင့် အတွင်း လူနာ အဖြစ်ကုသ ခံနေရတဲ့ အချိန်ပေါ့။
တစ်ည ကျွန်မ ကျောင်းက အလုပ်ကိစ္စပြီးမှ အမေဆီရောက်ဖြစ်တယ်။ ကျွန်မ ဆေရုံးရောက်တဲ့ အချိန်က ဧည့်တွေ့ချိန်ကျော်နေပြီ ဖြစ်သည်။ အိမ်မပြန်ခင် အမေကို ဝင်ကြည့်ချင်တာကြောင့် မောင်နှင့် အတူ ဆေးရုံးကိုရောက်လာခဲ့သည်။
ကျွန်မ အမေ့ဆီရောက်တော့ အမေနိုးနေသည်။ ဘေးနာမှာလည်း ကျွန်မ တစ်ခါမှ မတွေ့ဖူးတဲ့ အန်တီကြီး သုံးယောက် ကုတင်ဘေးမှာ ထိုင်နေတာကိုလည်း ကျွန်မတွေ့လိုက်ရသည်။
" လာ.. သမီး ဒါ မလေးရှားက လာတဲ့ သမီးရဲ့ အန်တီတွေပဲ .. နှုတ်ဆက်လိုက်အုံး"
ဟု ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနေတဲ့ အမေ့ရဲ့ ဟန်ကို ကျွန်မတစ်ခါမှ မမြင်ဘူးခဲ့ပါ။ ကျွန်မလည်း အန်တီသုံးယောက်ကို တစ်ယောက်ချင်းစီ ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
" သမီးတောင် တော်တော်အရွယ်ရောက်နေပြီပဲ"
အန်တီ တစ်ယောက်မှ
" ချောလည်း ချောပါတယ် .... ဟာ"
အန်တီ တစ်ယောက်က
" သမီးက ရည်းစားရှိပြီလား "
" ဟုတ် အန်တီ၊ သူ အခုပါလာတယ်၊ သူ ကား ပါကင် ထိုးနေလို့"
" သမီး ကောင်လေးနဲ့ သမီး အန်တီတို့ ကို မိတ်ဆက်ပေးလိုက်အုံး၊ ကောင်လေးက သဘောအရမ်းကောင်းတယ်"
ကျွန်မရဲ့ အမေမှ ဝင်ပြောသည်။ ကျွန်မလည်း သူတို့ ပြောတာကို ထိုင်ပြီးဝင်နားထောင်နေလိုက်တယ်။ သူ့တို့တွေ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ အတော်ကြာပြီ ဖြစ်တဲ့ အကြောင်းနဲ့ ကျွန်မ မသိတဲ့ ဆွေမျိုးများ အကြောင်းကိုလည်း အတင်းအဖျင်း အနေနဲ့ ပြောနေကြပြန်ပါသည်။ သိပ်မကြာခင်မှာပဲ မောင်ရောက်လာပါတယ်။ အခန်းကို တစ်ချက် ပတ်ကြည့်ပြီး မောင် ကော်ဖီ သွားယူလိုက်အုံးမယ်ဆိုပြီး အမေနဲ့ အန်တီ သုံးယောက်ကို နှုတ်မဆက်ပဲ လှည့်ထွက်သွားတယ်။ မောင့်ရဲ့ အပြုအမူဟာ ကျွန်မကို တုန်လှုပ်သွားစေတယ်။ အမေနဲ့ အန်တီ သုံးယောက်ကို အပြုံးနဲ့ တောင်းပန်လိုက်မိတယ်။ သူတို့ စိတ်ထဲမှာ စိတ်ဆိုးသွားဟန်ကို မျက်နှာမှာ မတွေ့တာကြောင့် ပြုံးပြပြီး အခန်းထဲမှ မောင်သွားတဲ့ ကော်ဖီစက်ရှိရာနောက်သို့ ကျွန်မ လိုက်သွားခဲ့တယ်...
" ခုနက မောင့်ရဲ့ အပြုအမူက သိပ်ရိုင်းတာပဲ "
" မောင် ဘာလုပ်လို့ လဲ"
" ဘာလုပ်ရမှာ... အခန်းထဲမှာ အမေနဲ့ ကျွန်မရဲ့ အန်တီတွေ စကားပြောနေတာကို တစက်ကလေးမှ မပြုံးပြ မနှုတ်ဆက်ပဲ ဒီအတိုင်းလှည့်ထွက်သွားတာ မောင့် အပြုအမူ မရိုင်းလို့ ဘယ်သူရိုင်းအုံးမှာလဲ"
" ဘယ်က အန်တီတွေလဲ.. မောင်တွေ့တာ အမေတစ်ယောက်တည်းပါ" "
အမေ့ကိုတွေ့ရဲ့သားနဲ့ ဘာလို့ မနှုတ်ဆက်ရတာလဲ ၊ ရှင်ဘာတွေဖြစ်နေတာလဲ .. ရှင်ဟာလေ..." "
အမေ အိပ်နေတဲ့ ဟာ မောင်က ဘယ်လိုလုပ် နိုးရဲမှာလဲ" " အမေ မအိပ်ဘူး။ ကျွန်မ အခန်းထဲကိုရောက်ကတည်းက သူ့ညီမတွေနဲ့ စကားပြောနေတာ" ကျွန်မရဲ့ စကားကြောင့် မောင် ကျွန်မကို သေသေချာချာ စိုက်ကြည့်နေပါတော့တယ်။ ပြီးတော့....
" မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ၊ ခုချိန်က ဧည့်ချိန်မဟုတ်တော့ဘူး။ စကားတိုးတိုးပြောကြ၊ ဒါလူနာတွေ အနားယူတဲ့ အချိန်" က
ျွန်မတို့ လှည့်ကြည့်လိုက်တော့ ကျွန်မတို့နောက်မှာ တာဝန်ကျ နာစ့်မက ရောက်နေသည်။ မောင်က နာစ့်မ ကိုတွေ့တာနဲ့
" ဆရာမ အခန်း ၁၃မှာ လူနာလာကြည့်တဲ့ ဧည့်သည်များ ရောက်နေတာ ဆရာမ တွေ့မိသေးလား ဆရာမ"
မောင့်ရဲ့ မေးးခွန်းကြောင့် ဆရာမရဲ့ပဟေဋ္ဌိဆန်သော အကြည့်နှင့်အတူ..
" အခန်း ၁၃...မှာ။ ဘယ်သူမှ မလာပါဘူး။ ဒီည လူနာက ကောင်းကောင်းအနားယူရမှာလေ"
ကျွန်မ ရုတ်တရက် အမေ့ရဲ့ အခန်းဘက်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးမှာ ဘယ်သူမှ မရှိတော့ဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အမေ့ကိုတွေ့လိုက်ရသည်။ ကျွန်မနောက်မှ မောင်နှင့် နာစ့်မ ရောက်လာပြီး၊ နာစ့်မကအမေ့ကို လိုအပ်တာများ စစ်ဆေးပြီး " လူနာက အေးဆေး အနားယူနေတယ်၊ အခြေအနေကောင်းတဲ့ အနေအထားပါပဲ" သိပ်မကြာပါဘူး အမေလည်း ဆေးရုံးက ဆင်းပြီး အိမ်မှာပဲ လအနည်းလောက် အနားယူလိုက်တယ်။ တစ်နေ့ ကျွန်မလည်း ဆေးရုံးမှာ တွေ့ခဲ့တဲ့ အန်တီတွေ အကြောင်းကို သတိရလို့ အမေကိုမေးကြည့်လိုက်မိတယ်။ " မလေးရှားမှာ အမေရဲ့ မောင်နှမတွေ ရှိသေးလား ဟင်"
" အင်း .. ရှိတယ် ။ မလေးရှားမှာ နေတုန်းက ညီအစ်မ လေးယောက်ပေါ့။ ဒါပေမဲ့ စစ်အတွင်းတုန်းက ဂျပန်တွေ သတ်လို့ သူတို့ သုံးယောက် သေသွားကြပြီ။ သမီးမေးတာ သူတို့ သုံးယောက်လား "
ဆေးရုံမှာ တွေ့ခဲ့တဲ့ အန်တီ သုံးယောက် က အမေပြောတဲ့............................. .............................................................................။
လေးစားစွာဖြင့်
+ရီနိုမာန်+
True Ghost Stories မှ ဘာသာပြန်ပါသည်။

Thursday, May 14, 2015
== ကျနော့် ကိုယ်တွေ့(ညမှောင်မိုက်လေ-ဖတ်ကောင်းလေဘာသာပြန် ဇာတ်လမ်းတစ်ပုဒ်)====
ဘက်စ်ကား မောင်းတဲ့အလုပ်ဖြင့် အသက်မွေးလာခဲ့သည်မှာ ခုဆိုရင် ၁၂နှစ်ကျော်ခဲ့ပါပြီ။ ကျနော်ရဲ့ ပုံမှန်အလုပ်ချိန်ကိုတော့ ညနေပိုင်း အလုပ်ချိန်ယူထားသဖြင့် အိမ်ပြန်ရောက်တဲ့ အချိန်တွေဟာ ညဥ့်နက်တဲ့ ညပိုင်းအချိန်ပါပဲ။ ကျနော့်အတွက်တော့ အထူးအဆန်း မဟုတ်တော့ပင်မဲ့ ထူးထူးဆန်းဆန်းလေး ဖြစ်သွားခဲ့တဲ့ အိမ်ပြန်ချိန် အမှတ်တရလေးကိုတော့ မှတ်မိနေပါသေးတယ်။ အဲဒီနေ့က စနေနေ့ ည ကျနော်အိမ်ပြန်ချိန်မှာပေါ့.............။
ညဥ့်နက်နေပြီး ဆိုပေမဲ့လည်း ပြန်နေကျဖြစ်တဲ့ ကျနော်အတွက်တော့
ဘာမှ မထူးခြားသလိုပါပဲ။ တိတ်ဆိတ်နေတယ် ဆိုပင်မဲ့ အေးဆေးနေတဲ့ အရသာကိုတော့ ကျနော် နှစ်သက်နေမိတာအမှန်။ ကျနော် နေတဲ့အထပ်ရောက်လို့ ဓါတ်လှေးကားမှ အထွက်မှာတော့ ပုံမှန်မဟုတ်တဲ့ ခံစားမှုမျိုးနဲ့ ကျနော့် ကို ဝင်တိုးသွားတဲ့ လေစိမ်းတစ်ချို့ရဲ့ မသိမသာ တိုက်ခက်သွားတာကို ခံစားလိုက်ရတယ်။ တဆက်တည်း ဓါတ်လှေခါးရှေ့တည့်တည့်မှာ အဖြူရောင်ဂါဝန်လေးဝတ်ပြီး ထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ကို သတိထားလိုက်မိတယ်။
ဒီလိုအချိန် ဒီလိုနေရာမှာ တွေ့မြင်လိုက်ရတဲ့ ကျွန်တော်အတွက်တော့ ထူးဆန်းနေတာတော့ အမှန်။ သူမရဲ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ဘယ်လောက်တောင် ငိုထားလည်းတော့ မသိဘူး။ သူမရဲ့ မျက်လုံးဟာ နီရဲ လို့ နေတယ်။ သူမရဲ့ အနီးသို့ရောက်အောင် ကျနော် လျှေက်လာခဲ့တယ်။
" ကလေးမ. ဘာဖြစ်လို့ ဒီမှာတစ်ယောက်တည်း ထိုင်နေရတာလဲ " .... ကျွန်တော် မေးသော မေးခွန်းကို သူမ ကြားရပင်မဲ့ တုန်ပြန်ခြင်း မရှိခဲ့။ ကျွန်တော်ကပဲ ထပ်မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ သမီး ... ဦးကိုပြောလေ ..... ဦး ဘာကူညီပေးရမလဲ ".....
သမီးဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးလိုက်၍လား၊ ဒါမှမဟုတ် ကျွန်တော်ကို ယုံကြည်သွား၍ပဲလား ကျွန်တော် မပြောတက်၊ သူမရဲ့မျက်ဝန်းမှာ ကြေကွဲဝမ်းနည်းတဲ့ အကြည့်တွေနဲ့ ကျနော့် ကို တစ်ချက်ကြည့်ပြီး.....
"ဖေဖေနဲ့ မေမေ ကသမီးကိုမချစ်ဘူး။ ဖေဖေကလည်း သမီးကို စကားမပြောဘူး။ မေမေလည်း သမီးကို လုံးဝဂရုမစိုက်ဘူး။"
"သမီးက သမီးမိဘတွေ စိတ်ဆိုးအောင် ဘာလုပ်မိလို့လဲ"
" ဟင်းအင်း သမီး ဘာမှ မလုပ်ပါဘူး"
" မိဘဆိုတာ သူ့တို့သားသမီးကို မချစ်ဘူးဆိုတာ မရှိဘူးသမီး၊ အကြောင်းမဲ့ စိတ်ဆိုးတယ် ဆိုတာလဲ မရှိသလောက်ပဲ၊ သူ့တို့မှာ အကြောင်း တစ်ခုခုရှိလို့ဖြစ်လိမ့်မယ်။ သမီးမေးကြည့်ပါလား"
" ဟင်းအင်း သမီးမမေးရဲဘူး "
" ဒါဆို သမီးက နားလည်ရမှာပေါ့။ သမီးရဲ့ မိဘတွေက အလုပ်များတဲ့ လူတွေဆိုတော့ အိမ်ပြန်ရောက်တဲ့ အခါ ပင်ပန်းနေကြမှာပေါ့။ ဒါကိုကြည့်ပြီး သမီးက သမီးကိုမချစ်ဘူးလို့ ပြောလို့မရဘူးလေ သမီရဲ့"
ကျွန်တော်ရဲ့ အပြောကို နားလည်သွားဟန်ဖြင့်
" ဦး ပြောတာတကယ်လား ၊ ဒါဆို သမီးအိမ်ပြန်တော့မယ်"
" အေးအေး.... ဦးလိုက်ပို့ပေးမယ်"
သူမနေတဲ့ အထပ်က ကျနော်နေတဲ့ အထပ်ရဲ့ သုံးထပ်မြောက်ကို လိုက်ပို့ပြီး ကျွန်တော်လည်း လှေကားမှ ပြန်ဆင်းလာခဲ့သည်။ ခုနက ကလေးမလေး ထိုင်တဲ့နေရာအရောက်မှာတော့ လက်ကောက်လေး တစ်ကွင်းကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျနော်လည်း ကောက်သိမ်းလိုက်ပြီး မနက်ကျမှ ပြန်ပေးတော့မယ်ဆိုပြီး အိမ်ထဲဝင်လာခဲ့တော့တယ်။
------------------- ။။။။။။။။ -------------------------------
နောက်မနက်မှာတော့ ညက ကလေးမလေး ပြတဲ့အိမ်ခန်းကို တံခါးသွားခေါက်လိုက်တော့ အိမ်ထဲမှ လူငယ်တစ်ယောက်ထွက်လာပြီး....
" ဘာကိစ္စရှိလို့ပါလဲဗျာ"
သံသယ မျက်လုံးနှင့် မေးလာသော လူငယ်အား လက်ကောက်လေးကိုပြပြီး
" ဒါ မနေ့က ခင်ဗျာ သမီး မေ့ကျန်ခဲ့တဲ့ လက်ကောက်"
" ကျွန်တော် သမီး" လူငယ်ရဲ့ အလန့်တကြားပြောသံနဲ့အတူ လက်ကောက်ကလေးကိုလှမ်းယူပြီး သေသေချာချာကြည့်နေတာကို ကျနော် သတိထားလိုက်မိတယ်။ အိမ်ထဲ ဝင်ထိုင်ပါအုံးဆိုတာနဲ့ ကျနော်လည်း ကလေးမကို တွေ့ဖို့ ရည်ရွယ်ချက်နဲ့ ဝင်ထိုင်ပြီး အိမ်ထဲ တစ်ချက်မျက်လုံးကစား ကြည့်လိုက်မိသည်။ အိမ်ရဲ့ အနေအထားကို ကြည့်ရတာကလည်း ကလေးရှိနေတဲ့ အနေအထား မဟုတ်။ မီးဖိုချောင်ထဲမှ ထွက်လာတဲ့ လူငယ်ရဲ့ အိမ်သူလို့ ထင်ရသော အမျိုးသမီးငယ်အား ပြုံးပြလိုက်ရင်း....
" ကလေးလည်း မတွေ့ပါလား။ ကျောင်းသွားပြီနဲ့တူတယ်"
ကျွန်တော်ရဲ့ မေးခွန်းကြောင့် ထိုအမျိုးသမီးရဲ့ မျက်နှာမှာ အံ့သြခြင်း ကြောက်ရွံ့ခြင်းတွေနဲ့အတူ ရုတ်တရက်မျက်ရည်ကျလာပါတော့တယ်။ လူငယ်မှ ကျွန်တော်ကိုကြည့်ပြီး.....
" ကျနော်တို့မှာ ကလေးမရှိဘူးဗျ"
" ကလေးမလေး ပြောတော့ ခင်ဗျားတို့ က သူ့ရဲ့ မိဘတွေတဲ့ဗျ။ ကလေးက အရမ်းငယ်ပါသေးတယ်ဗျာ။ အဲလိုကြီးတော့ ပစ်မထားသင့်ပါဘူးဗျာ"
" ကျနော်တို့မှာတော့ သမီးလေး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်" လူငယ်မှ ပြောလာသည်။
" အကယ်၍ အပြစ်ပေးချင်ရင်လည်း ဆူယုံလောက်ပဲ ဆူပါဗျာ။ ကလေးက သနားပါတယ်။ မနေ့က ကျနော်နဲ့တွေ့တော့ လှေကားမှာ တစ်ယောက်တည်း ထိုင်ငိုနေတာဗျ။ သနားပါတယ်ဗျာ။"
" ခင်ဗျား ပြောတဲ့ သမီးလေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက ဆုံးသွားပြီဗျ"
" ဗျာ "
အံ့သြခြင်းများစွာနှင့်အတူ ထိုလူငယ်အား သေသေချာချာ စိုက်ကြည့်လိုက်မိပါတော့တယ်။
( ပြီးမှ ကျွန်တော်သိခဲ့ရတာကတော့ နှစ်တိုင်းသွားနေကျဖြစ်တဲ့ ကလေးမလေးရဲ့ အုပ်ဂူကို သူ့တို့ ဒီနှစ် မရောက်သေးကြောင်း၊ လက်ကောက်ကလေးမှာလဲ သူ့တို့ သမီးလေးရဲ့ လက်ကောက်ဖြစ်ကြောင်း၊ များကို ပြောပြလာပါတယ်) ဒါဆို သေချာသွားပြီ။ မနေ့ညက ကျွန်တော် သရဲအခြောက်ခံလိုက်ရတာပေါ့။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
လေးစားစွာဖြင့်
+ရီနိုမာန်+
မှတ်ချက် - TRUE GHOST STORIES ထဲမှ ဘာသာပြန်ပါသည်။ ဘာသာပြန် လွဲမှားမူ ရှိခဲ့ပါက ကျွန်တော့်ရဲ့ အမှားနှင့် တာဝန်သာဖြစ်ပါကြောင်း.......

Tuesday, September 30, 2014
===ချက်လက်မှတ်လေးတစ်စောင် ===
စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။
တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။
ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။
ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။
ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။
တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ်
ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။
+ချော(အစိမ်းရောင်လွင်ပြင်)+

Monday, September 1, 2014
== ပျော်ရွှင်ဖွယ်မွေးနေ့===
"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့"
သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။
"ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။
"ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။
"ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ"
နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အစီးများကြားထဲတွင် ခုနစ်နှစ်ကြာအောင် မည်သို့များ ကြံကြံဖန်ဖန် ရှင်သန်ခဲ့ကြသည်မသိ။ စာရွက်စာတမ်းမရှိဘဲ အမိုးအကာ၊ အစားအသောက်နှင့် အ၀တ်အစားများ မည်သူမျှ ရနိုင်ဖွယ်မရှိ။ သို့သော် အဘိုးအိုနှင့်ကောင်လေးတို့က ဤမြို့ပျက်ကြီး၏ အောက်ခြေတွင်ရှိနေသော မြေအောက်သင်္ချိုင်းမှ အခန်းများကို တူးဖော်တွေ့ရှိခဲ့ပြီး လူတစ်ယောက်လိုအပ်သော ထိုအရာများအားကို ကံကောင်းထောက်မစွာ ရရှိနေခဲ့သည်။ အစားအသောက်အတွက်ကတော့ ညအချိန်တွင် အပြင်ထွက်ပြီး အလစ်သုတ်ခြင်းဖြစ်ပါသည်။
"အဘိုးက ဘာလို့တုန်နေတာလဲ" ဟု ကောင်လေးက မေးလိုက်သည်။
"အဘိုးက အိုပြီကွဲ့။ ပြီးတော့ စစ်သားကြီးတွေကိုလည်း အဘိုးကြောက်တယ်"
"ကျွန်တော်တော့ မကြောက်ပေါင်" ဟု ကောင်လေးက ပြောသည်။ သူက အခုလို မည်သူမျှမရှိသည့် သူတို့ကတုတ်ကျင်းကလေးထဲသို့ စစ်သားများ ဗြုန်းစားကြီး ကျူးကျော်ရောက်ရှိလာသည့်အတွက် စိတ်လှုပ်ရှားနေသည်။ မြေအောက်ခန်း ပြတင်းပေါက်ဆီမှ ၀င်လာသောအလင်းတန်းလေးအောက်တွင် ရွှေရောင်လက်နေသော အရာတစ်ခုကို ကောင်လေးက ပြလိုက်သည်။
"ဒီမှာတွေ့လား အဘိုး။ စစ်သားတစ်ယောက်က ကျွန်တော့်ကိုပေးတဲ့ ကြေးကြယ်သီးလေး"
တကယ်တော့ စစ်သားများနှင့်ပတ်သက်ပြီး ကြောက်ရွံ့နေစရာတော့ တစ်ခုမျှမရှိပါ။ အဘိုးကြီးမှာ အိုလှပြီဖြစ်ပြီး၊ ကောင်လေးမှာ ငယ်ရွယ်လွန်းလှသေးသဖြင့် လိုက်ဖက်မှုမရှိသည့် သူတို့နှစ်ဦး၏ အတွဲအဖက်ကို စစ်သားများအတွက်တော့ ခပ်ရွှင်ရွှင်ပင် သဘောထားကြပါသည်။ မြို့ထဲရှိလူများအားလုံးအနက်မှ၊ စစ်ကြီးစတင်ကတည်းက၊ မည်သည့်နေရာတွင်မျှ ရှာမတွေ့ဘဲ အစပျောက်နေပြီဟု မှတ်တမ်းဝင်ထားသော၊ မည်သည့်ကာကွယ်ဆေးမျှလည်း ထိုးမထားသော၊ မည်သည့်ဘက်ကိုမျှလည်း ထောက်ခံပါသည်ဟု ကျမ်းသစ္စာကျိန်ဆိုမထားသော၊ မည်သည်ကမျှလည်း နှုတ်ထွက်၊ တောင်းပန်ခြင်းမရှိသော၊ မည်သည့်အတွက်မျှ မဲပေးမည် စုရုံးချီတက်မည်ဟု မရည်ရွယ်သော ဤသီးခြားကမ္ဘာငယ်လေးအတွင်းမှ သက်ရှိလူသားနှစ်ဦးမျှသာဖြစ်ပါသည်။
"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်မသိပါဘူး" ဟု အဘိုးအိုက အိုမင်းမစွမ်းဖြစ်ပြီး မှတ်ဉာဏ်များယိုယွင်းနေသည့် အသွင်ယူကာ စစ်သားများကို ပြောလိုက်သည်။ စစ်ပြီးသည့်နေ့တွင် ဒုက္ခသည်အမျိုးသမီးတစ်ဦးက သူ့လက်ထဲသို့ မွေးကင်းစကလေးငယ်ကို ထည့်ခဲ့ပြီး မည်သည့်အခါမျှ ပြန်ရောက်မလာတော့ကြောင်း သူက စစ်သားများကို ပြောပြသည်။ ဤသို့ဖြင့် ကောင်လေး သူ့လက်ထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကောင်လေးမွေးဖွားသည့်နိုင်ငံ၊ နာမည်၊ မွေးနေ့တို့ကို သူက တစ်ခုမျှမသိ။
မီးဖိုပေါ်မှ အာလူးများကို တုတ်ချောင်းကလေးဖြင့် အဘိုးအိုက တစ်ဖက်လှည့်လိုက်ပြီး သူ့ မည်းညစ်ညစ် အရေပြားပေါ်မှ မီးသွေးမှုန်လေးများကို သပ်ချလိုက်သည်။
"ဒီလောက်ကြာအောင် သားကို မွေးနေ့လေးတစ်ခုတောင်မရှိဘဲ ထားခဲ့တာ အဘိုး ဖခင်တာဝန်မကျေခဲ့ဘူးပေါ့ကွယ်။ တကယ်တော့ သားက နှစ်တိုင်း မွေးနေ့တစ်ခုကြုံရဖို့တော့ ထိုက်တန်တာပေါ့။ အခုတော့ ခြောက်နှစ်လုံးလုံး မွေးနေ့လေးတစ်ခုတောင်မပိုင်ပဲ ဖြတ်သန်းစေခဲ့မိပြီ။ ပြီးတော့ မွေးနေ့လက်ဆောင်ရောပဲ၊ သားလည်း မွေးနေ့လက်ဆောင်ရခွင့် ရှိရမှာပေါ့" ဟု အဘိုးအိုက ပြောသည်။ သူက အာလူးတစ်လုံးကို ပူမည့်ဇောဖြင့် တုန်တုန်ချိချိကောက်ယူပြီး ကောင်လေးဆီသို့ ပစ်ပေးလိုက်သည်။ ကောင်လေးက အာလူးကလေးကိုဖမ်းပြီး သဘောကျစွာရယ်မောလိုက်သည်။
"ဒီတော့ အဘိုးက သားမွေးနေ့ကို မနက်ဖြန်လို့ သတ်မှတ်လိုက်ပြီပေါ့ ဟုတ်လား"
"အင်း။ အဲဒီလိုဖြစ်မယ်ထင်တာပဲ"
"ကောင်းတယ် အဘိုး။ ဒါဆို သားလည်း မွေးနေ့လက်ဆောင်ရဖို့ သိပ်မစောင့်ရတော့ဘူးပေါ့။ ဒါပေမဲ့ တစ်ခုခုတော့ ရှိမှ"
"ဘာများတုံးကွ"
"မွေးနေ့လက်ဆောင်က မထင်မှတ်တဲ့ဟာရရင် ပိုကောင်းမှာပေါ့"
လမ်းထောင့်နားဆီက အိမ်ပျက်ကြီးအနားတွင် ဘီးတွေရှိနေသည်ကို သူစဉ်းစားမိလိုက်သည်။ ကောင်လေးအိပ်ပျော်နေချိန်တွင် ထိုဘီးများကိုယူပြီး လှည်းပုံစံမျိုး ယာဉ်တစ်ခုခု လုပ်ပေးမည်ဟု သူ တွေးထားလိုက်သည်။
"နားထောင် အဘိုး" ဟု ကောင်လေးက ပြောသည်။
နေ၀င်ချိန်တိုင်းလိုလိုပင် ဟိုအဝေး ပျက်စီးနေသောလမ်းတစ်နေရာဆီမှ ချီတက်သံများကြားရသည်။
"ဒါတွေကို နားမထောင်ပါနဲ့ကွာ" ဟု အဘိုးအိုကပြောပြီး ဂရုတစိုက်နားထောင်ရန် လက်ညှိုးထောင်ပြလိုက်သည်။ "မွေးနေ့မှာ ဘာလုပ်မလဲဆိုတာကိုပဲ စဉ်းစားပါသားရယ်"
"မုန့်တိုက်က ကိတ်မုန့်တွေ သွားခိုးရင်ရော"
"ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ အဘိုးစဉ်းစားနေတာက အဲဒါမဟုတ်ဘူး။ အဘိုး မနက်ဖြန် ဘာလုပ်ချင်သလဲ သားသိလား။ သားဘ၀တစ်လျှောက်လုံး မရောက်ခဲ့ဖူးတဲ့ နေရာတစ်ခုဆီ အဘိုး သားကိုခေါ်သွားချင်တယ်။ အဘိုးကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့နေရာတစ်ခုပေါ့" ထိုအတွေးက အဘိုးအိုကို စိတ်လှုပ်ရှားပျော်ရွှင်စေသည်။ ဤကိစ္စသည် လက်ဆောင်မွန်တစ်ခုဖြစ်နိုင်ပါသည်။ လှည်းတစ်စီးက ဘာများဟုတ်လို့လဲ။ "မနက်ဖြန်ကျရင် အဘိုး သားကို စစ်နဲ့ဝေးတဲ့တစ်နေရာဆီ ခေါ်သွားမယ်နော်"
အမှောင်ရိပ်ကျနေသောကြောင့် ကောင်လေးမျက်နှာတွင် ဇဝေဇ၀ါနှင့် မကျေမနပ်ဖြစ်သွားမှန်းကိုတော့ အဘိုးအို သတိမပြုမိခဲ့ပါ။
ကောင်လေး သူ့ဘာသာ ရွေးချယ်ထားသော မွေးနေ့ရက်ဖြစ်ပါသည်။ အဘိုးအို ကတိပေးထားခဲ့သည့်အတိုင်းပင် ကောင်းကင်ယံက ကြည်လင်တောက်ပနေပြီး မိုးရိပ်မိုးယောင်မရှိ။ သူတို့၏ မြေအောက်အခန်းလေးအတွင်းမှ မှောင်ရီဖြိုးဖျအလင်းရောင်အောက်တွင်ပင် နံနက်စာစားလိုက်ကြသည်။ မနေ့ကညဥ့်နက်နက်အထိ အဘိုးအိုကြိုးစားပြုလုပ်နေခဲ့သော လှည်းကလေးကို စားပွဲပေါ်တွင် တင်ထားသည်။ တစ်ချက်တစ်ချက်တွင် သူက စားသောက်နေသည်ကို ခဏရပ်ပြီး လှည်းကလေးကို လက်မနည်းငယ်မျှ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရင်း မော်တော်ကားအင်ဂျင်သံကို ပါးစပ်ဖြင့် တဗြူးဗြူးပြုလုပ်ပြသေး၏။
"ကုန်တင်ကား ကောင်းကောင်းတစ်စင်းတော့ ရပါပြီဆရာကြီး" ဟု အဘိုးအိုက ခပ်မြူးမြူးပြောသည်။ "ဈေးထဲက တိရစ္ဆာန်တွေ သွားဖမ်းပြီး တင်လာခဲ့မလား"
"ဝေါ....... ဝေါ.........။ လမ်းဖယ်စမ်း..။ ဝေါ......။ ငါ့တင့်ကားရှေ့က ဖယ်ကြစမ်းးးးးးးးးးးး" ဟု ကောင်လေးက ပြောလိုက်သည်။
"ဆောရီးပါသားရယ်။ အဘိုးက ကုန်တင်ကားလို့ ထင်ထားတာ။ ဘာပဲဖြစ်ဖြစ် သားကြိုက်ရင် ပြီးတာပါပဲလေ၊ သားကြိုက်ဖို့ပဲ အရေးကြီးတာပါ"
အဘိုးအိုက သူ၏ စားပြီးသား သံပန်းကန်ပြားကို မီးဖိုပေါ်ရှိ ရေနွေးပူပူ သံပုံးထဲသို့ ပစ်ထည့်လိုက်သည်။
"ဒါ အစပဲရှိသေးတာ၊ အစပဲရှိသေးတာ သားလေး။ အကောင်းဆုံးတွေ သားအတွက် အဘိုးပေးဦးမှာ" ဟု အဘိုးအိုက ၀င့်ကြွားစွာပြောလိုက်သည်။
"ဟင် နောက်လက်ဆောင်တစ်ခုလား အဘိုး"
"ဒါပေါ့သားရဲ့။ အဘိုးကတိပေးထားတာ မှတ်မိလား။ ဒီနေ့အတွက်တော့ စစ်နဲ့ဝေးရာကို တို့ သွားကြမယ်ဆိုတာလေ။ တို့တွေ သစ်တောထဲကို သွားကြမယ်"
"ဝေါ........ ဝေါ......... သား တင့်ကားလေးကို ယူလာခဲ့လို့ရလားအဘိုးး"
"သား ယူလာမယ်ဆိုရင် ကုန်တင်ကားအဖြစ်ပဲယူလာပေါ့။ ဒီနေ့တစ်နေ့လေး အတွက်ပေါ့"
ကောင်လေးက ပုခုံးတွန့်လိုက်သည်။ "ဒါဆိုလည်း ထားခဲ့တော့မယ်။ ပြန်လာမှပဲ ဆော့တော့မယ်"
တဖျပ်ဖျပ်တောက်နေသော နံနက်ခင်းနေရောင်အောက်တွင် လူသူကင်းမဲ့သည့်လမ်းအတိုင်း သူတို့နှစ်ဦးသားလျှောက်လာခဲ့ကြသည်။ ထို့နောက်တွင် တစ်ဖက်သို့ချိုးပြီး သစ်လွင်တောက်ပသော အိမ်မျက်နှာစာများရှိသည့် လူအများသွားလာနေသော ရိပ်သာလမ်းဆီသို့ သူတို့ ရောက်လာခဲ့သည်။ ကမ္ဘာကြီးသည် ရုတ်ချည်းအသက်ဝင်ကြည်လင်လာခဲ့သလိုပင် ခံစားရသည်။ ဤနေရာတွင် သွားလာလှုပ်ရှားနေသည့်လူများအဖို့တော့ ရိပ်သာလမ်း၏ တစ်ဖက်သည် လူသူခြောက်ကပ်နေသော တစပြင်တစ်ခုသာဖြစ်ပြီး၊ ထိုမှတဆင့် အခြားတစ်ဖက်သို့ မိုင်ပေါင်းများစွာကျယ်ပြန့်သွားကြောင်း သတိမျှပင်မပြုမိသလိုပင်။ သူတို့နှစ်ဦးသားကတော့ နေ့လည်စာထမင်းထုပ်ကို ချိုင်းကြားညှပ်၍ ထင်းရှူးပင်များဖုံးလွှမ်းထားသော တောင်ဘက်ယွန်းယွန်း တောင်ကုန်းများဆီသို့ဦးတည်ပြီး ခပ်ပြေပြေတက်သွားသော ရိပ်သာလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။
မျက်နှာချင်းဆိုင်မှ စစ်သားငယ်လေးဦး ဆင်းလာသည်ကို မြင်ရ၏။ အဘိုးအိုက ၎င်းတို့နှင့်ဝေးရာ လမ်းတစ်ဖက်ဆီသို့ ချိုးဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ကောင်လေးက စစ်သားများကို ခေါင်းငုံ့ပြီး အလေးပြုဟန်လုပ်ပြသည်။ စစ်သားငယ်များ၏ မျက်နှာတွင် အပြုံးများဖြတ်သန်းသွားပြီး ကောင်လေးကို အလေးပြန်ပြုပြသည်။ ထို့နောက်တွင် ရင်ဘောင်တန်းလျှောက်နေရာမှ ကောင်လေးသွားနိုင်အောင် လမ်းဖယ်ပေးလိုက်သည်။
"လက်နက်ကိုင်ခြေလျင်တပ်ရင်း" ဟု ကောင်လေး အဘိုးအိုကို လှမ်းပြောသည်။
"ဟင်..." အဘိုးအိုက ဂယောင်ခြောက်ခြားဖြင့် ပြန်ပြောမိသည်။ သူ့မျက်ဝန်းများက တောင်ကုန်းစိမ်းစိမ်းများဆီ ငေးကြည့်နေ၏။ "တကယ်လား။ ဘယ်လိုလုပ်သိတာတုံး"
"သိုင်းကျိုးအစိမ်းရောင်တွေ အဘိုးမမြင်ဘူးလား"
"မြင်ပါတယ်။ ဒါပေမဲ့ ဒီဟာတွေက အမြဲပြောင်းနေတာပဲ။ အရင်တုန်းကတော့ လက်နက်ကိုင်ခြေလျင်တပ်ရင်းဆိုတာ အနက်နဲ့အနီ၊ ပြီးတော့ အစိမ်း..." ပြောနေရင်းတန်းလန်းမှ အဘိုးအိုက ရုတ်ချည်းရပ်ပစ်လိုက်သည်။ ထို့နောက် ခပ်မာမာဖြစ်လုနီးပါးအသံဖြင့် ပြောလိုက်သည်။ "ဒါတွေက အရေးမကြီးပါဘူးသားရယ်။ ဒါတွေအားလုံး အဓိပ္ပာယ်လည်း မရှိပါဘူး။ ခဏနေရင် ဒါတွေအားလုံးကို သား မေ့သွားမှာ။ နေ့ပေါင်းများစွာထဲကမှ၊ ဟောဒီလို မွေးနေ့မျိုးမှာ သားမစဉ်းစားသင့်တာက ဟောဒီလို...."
ကောင်လေးက အလေးအနက်မျက်နှာထားဖြင့် အဘိုးအို၏စကားကို ဖြတ်ပြီးပြောသည်။
"အနက်နဲ့အနီက အင်ဂျင်နီယာတပ်ပါအဘိုးရယ်။ အနက်ချည်းပဲဆိုရင် စစ်ပုလိပ်၊ အနီရောင်က အမြှောက်တပ်၊ ပြီးတော့ အပြာနဲ့အနီဆိုရင် ဆေးတပ်ဖွဲ့၊ ပြီးတော့ အနက်နဲ့လိမ္မော်ရောင်ဆိုရင်........"
ထင်ရှူးတောထဲတွင် အရာရာငြိမ်သက်နေ၏။ ရာစုနှစ်များစွာရှင်သန်လာခဲ့သော ထိုးထိုးထောင်ထောင် အစိမ်းရောင်ကောဇောအမိုးကြီးက မြို့တွင်းမှ လွင့်ပျံလာသော အသံများကို ချုပ်ငြိမ်းသွားစေသည်။ မရေတွက်နိုင်သည့် အညိုရောင်ပင်စည်များက အဘိုးအိုနှင့်ကောင်လေးကို ပတ်ချာလည်ဝန်းရံထားသည်။ သူတို့ ခေါင်းပေါ်တည့်တည့်တွင်ရှိနေသော နေမင်းကြီးမှာ ထူထဲခိုင်ခံ့လှသည့် ခြုံစောင်ကြီးတစ်ခုလိုဖြစ်နေသော သစ်ရိပ်မိုးကိုဖြတ်၍ ၎င်း၏ အလင်းရောင်များကို အလင်းစက်လေးများအဖြစ်သာ ထိုးချနိုင်တော့သည်။
"ဟိုမှာကြည့်လိုက် အဘိုး" ဟု ကောင်လေးက ပြောသည်။ အဘိုးအိုက ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။
"မဟုတ်ဘူး။ ဒီဘက်နား နည်းနည်းတိုးကြည့်" ဟု ကောင်လေးက လက်ညှိုးထိုးပြီး ပြောသည်။
"ဟိုမှာတွေ့လား။ ဘုရားကျောင်းကို ဒီကနေ လှမ်းမြင်နေရတယ်" တောအုပ်အစွန်မှ ပင်စည်နှစ်ခုကြားကိုဖြတ်၍ ကောင်းကင်နောက်ခံတွင် ထီးထီးကြီးရှိနေသော မီးလောင်ကျွမ်းထားသည့် ဘုရားကျောင်းခေါင်မိုးမည်းမည်းနှင့် ကြွင်းကျန်သော ရိုးတိုင်များကို လှမ်းမြင်နေ၏။
"ကဲ နားထောင်ကြည့်စမ်း သား၊ ကြားရလား။ စမ်းရေစီးသံတွေ။ အပေါ်နားလေးမှာ စမ်းချောင်းလေးတစ်ခုရှိတယ်၊ အဲဒီအလယ်မှာ အဘိုးတို့ ရေစိမ်လို့ရတယ်၊ မြင်မြင်သမျှက ကောင်းကင်ကြီးနဲ့ သစ်ပင်ထိပ်ဖျားတွေချည်းပဲလေ"
"ဟုတ်ပါပြီ အဘိုးရယ်။ သား ဒီနေရာကို သဘောကျပါတယ်။ ဒါပေမဲ့ တော်ပါပြီ" ကောင်လေးက မီးကျွမ်းဘုရားကျောင်းပျက်ကြီးဆီသို့ တစ်ခါထပ်ကြည့်လိုက်သည်။ ထို့နောက် အဘိုးအိုကိုကြည့်ပြီး မေးခွန်းထုတ်သည့်အနေဖြင့် သူ့မျက်ခုံးများကို ပင့်လိုက်သည်။
"သားတွေ့ရဦးမှာပါ။ ဒီနေရာဟာ ဘယ်လောက် သဘောကျဖို့ကောင်းသလဲဆိုတာ" ဟု အဘိုးအိုက ပြောသည်။
တောင်ကုန်းထိပ်သို့ ရောက်လာကြသောအခါ အဘိုးအိုက အောက်ခြေရှိ စမ်းချောင်းကလေးဆီကို ပျော်မြူးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။
"ကဲ ဟောဒီမှာ ကြည့်ပါဦး။ သား ဘယ်လိုထင်လဲ၊ အေဒင်ဥယျာဉ်ကြီးလို့ မထင်ဘူးလား။ အစဆုံးမှာ သစ်ပင်တွေ၊ ကောင်းကင်နဲ့ ရေ။ ဒါဟာ သားပိုင်ဆိုင်သင့်တဲ့ ကမ္ဘာမျိုးပေါ့။ အနည်းဆုံးတော့ ဒီနေ့အဖို့ သားပိုင်ဆိုင်သင့်တဲ့ကမ္ဘာကို ပိုင်ဆိုင်နိုင်ပြီ"
"ပြီးတော့ ဟိုမှာကြည့်ဦးအဘိုး" ဟု ကောင်လေးက တောင်ကုန်းအခြားတစ်ဖက်သို့ ညွှန်ပြရင်းပြောလိုက်သည်။
တောင်ကုန်းပေါ်ရှိ ပျက်စီးနေသောသံချပ်ကာတာယာပန်းများအပေါ်တွင် ငူငူကြီးထိုင်နေသည့် ထင်းရှူးကိုင်းကြွေများအရောင်ပေါက်အောင် သံချေးတက်နေသော ကြီးမားသည့်တင့်ကားကြီးတစ်စင်းကို မြင်လိုက်ရသည်။ နေဒဏ်ရေဒဏ်တို့ကြောင့် ခြစ်ရာပဲ့ရာများနှင့် ပျက်စီးနေသည့်ကိုယ်ထည်တွင် တစ်ချိန်တုန်းက အမြှောက်တစ်စင်းရှိခဲ့ရမည့် နေရာမှ အနက်ရောင် ဟောင်းလောင်းပေါက်ကြီးကို မြင်ရသည်။
"အဲဒီကိုသွားဖို့ ရေကို ဘယ်လိုဖြတ်ရမလဲအဘိုး" ဟု ကောင်လေးက မေးလိုက်သည်။
"အဘိုးတို့ အဲဒီကို မသွားချင်ပါဘူးကွယ်" ဟု အဘိုးအိုက စိတ်မသက်မသာဖြင့် ပြောသည်။ ကောင်လေး၏ လက်များကို သူ တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ "ဒီနေ့တော့ မသွားဘူးကွယ်။ တခြားတစ်ရက်ရက်တော့ ဒီကိုလာချင်လာနိုင်ဦးမှာပဲလေ။ ဒီနေ့တော့ မသွားပါနဲ့ကွယ်"
ကောင်လေးက အလိုမကျဖြစ်သွားသည်။ အဘိုးအို၏လက်ထဲမှ သူ၏ သေးငယ်သောလက်ကလေးက လျော့တိလျော့ရဲဖြစ်လာသည်။
"ဟော ဟိုအရှေ့မှာ လမ်းကွေ့ကလေးတွေ့လား။ အဲဒီနားတစ်ဝိုက်မှာ အဘိုးတို့ လိုချင်တဲ့ဟာကို သေချာပေါက်ရှာတွေ့တော့မှာကွယ့်"
ကောင်လေးက ဘာမျှမပြောဘဲ ခဲလုံးတစ်လုံးကိုကောက်၍ တင့်ကားရှိရာဆီ ပစ်ပေါက်လိုက်သည်။ ပစ်မှတ်ဆီကျသွားသော ဗုံးတစ်လုံးလို၊ ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွားတော့မယောင် သူက နားတွေကို ပိတ်လိုက်သည်။ သံထည်နှင့်ထိခတ်သွားသော ခဲလုံးဆီမှ ခပ်တိုးတိုးအသံလေးတစ်ခု တောက်ခနဲထွက်ပေါ်လာပြီးနောက် ကောင်လေး အနည်းငယ်သက်သာရာရသွားသည်။ နည်းနည်းတော့ ကျေနပ်မှုရသွားပုံပေါ်သည်။ သူက အဘိုးအိုနောက်မှ လိုက်သွားသည်။
လမ်းကွေ့လေးဆီရောက်တော့ အဘိုးအိုရှာဖွေနေသည့်အရာကို သူတို့ တွေ့လိုက်ကြရသည်။ စမ်းချောင်းလေးအတွင်း ထိုးထွက်နေသော၊ စားပွဲခုံတစ်ခုလို ချောမွေ့ခြောက်သွေ့သည့် ကျောက်သားပြင်ဖြစ်ပါသည်။ ကမ်းနံရံက ခပ်မြင့်မြင့် ကာဆီးနေ၏။
အဘိုးအိုက ရေညှိခြောက်များကို သုတ်သင်လိုက်ပြီး သူ့ဘေးနားရှိ နေရာလေးကို ကောင်လေးလာထိုင်စေရန် ချစ်ခင်စွာဖြင့် တယုတယလက်ဖြင့်ပုတ်ပြလိုက်သည်။ ထို့နောက် နေ့လယ်စာထမင်းထုပ်ကို သူက ဖြည်လိုက်သည်။
နေ့လယ်စာ စားပြီးချိန်တွင် ကောင်လေး မရိုးမရွဖြစ်လာသည်။ "တိတ်ဆိတ်နေတာပဲ" ဟု နောက်ဆုံးတော့ သူကပြောသည်။
"တိတ်ဆိတ်တာ ကောင်းတာပေါ့သားရယ်။ ကမ္ဘာကြီးရဲ့ တစ်ထောင့်မှာတော့ ဒီလိုမျိုး တိတ်ဆိတ်နေသင့်တာပေါ့"
"ဘယ်သူမှလည်းမရှိဘူး။ ပျင်းစရာကြီး"
"အဲဒါ အလှတရားပေါ့"
"သားကတော့ မြို့မှာနေရတာ ပိုကြိုက်တယ်။ အဲဒီမှာ စစ်သားတွေလည်းရှိတယ်၊ ပြီးတော့..."
အဘိုးအိုက ကောင်လေး၏ လက်မောင်းကို ဖမ်းဆုတ်လိုက်ပြီး တင်းကြပ်စွာညှစ်ပစ်လိုက်သည်။
"မဟုတ်ဘူး။ မင်း မသိပါဘူး သားရယ်။ မင်းက အရမ်းငယ်သေးတယ်။ ဘာတွေလဲဆိုတာ သိဖို့၊ မင်းကိုငါ ဘယ်လိုလက်ဆောင်မျိုးပေးချင်တာလဲဆိုတာသိဖို့အတွက် မင်းက အရမ်းကို ငယ်လွန်းသေးတယ်။ ဒါပေမဲ့ မင်းကြီးလာတဲ့အခါကျတော့ ဒါကို သတိရလိမ့်မယ်၊ ဒီနေရာကို မင်းပြန်လာချင်လိမ့်မယ်။ မင်းရဲ့လှည်းကလေး ပျက်စီးကျိုးကျေသွားပြီး အချိန်အတော်ကြာမှပေါ့..."
"သားလှည်းကလေးကို မပျက်စီးစေချင်ပါဘူး" ဟု ကောင်လေးက ပြောသည်။
"အေးအေး မပျက်ပါဘူး၊ မပျက်ပါဘူး။ ဒါပေမဲ့ ဒီနားလေးမှာပဲ လာလှဲနေစမ်းပါ သားလေးရယ်။ မျက်လုံးလေးတွေကိုပိတ်၊ ပြီးတော့ နားထောင်ကြည့်စမ်း။ အရာအားလုံးကို မေ့ထားလိုက်။ ဒီလောက်လေးပဲ အဘိုးသားကို ပေးနိုင်တာပါ၊ စစ်ဘေးက ကင်းဝေးတဲ့ နာရီအနည်းငယ်လေးပါ" ပြောပြီးနောက် အဘိုးအို၏ မျက်လုံးများ မှိတ်သွားခဲ့သည်။
ကောင်လေးက သူ၏ နံဘေးတွင် လှဲလျောင်းရင်း ပြောစကားနားထောင်သော ကလေးလေးတစ်ဦးအဖြစ် သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။
အဘိုးအို နိုးလာချိန်၌ ကောင်းကင်ယံတွင် နေ၀င်တော့မည်။ စမ်းချောင်းဘေးတွင် အကြာကြီးအိပ်ပျော်သွားမိသဖြင့် သူ့ကိုယ်ခန္ဓာက စေးထန်းထန်းဖြင့် ကိုက်ခဲနေ၏။ သမ်းဝေပြီး သူက အပျင်းတစ်ချက်ဆန့်လိုက်သည်။
"ပြန်ရတော့မယ့်အချိန်ပဲ" ဟု မျက်လုံးများကိုမဖွင့်ဘဲ သူက ပြောသည်။ "တို့ရဲ့ ငြိမ်းချမ်းတဲ့တစ်နေ့တာတော့ ကုန်ဆုံးသွားပြီ" ဟု ပြောရင်းပင် သူ့ဘေးနား ကောင်လေးမရှိကြောင်း သတိပြုမိသွားသည်။ အစ၌ ကောင်လေး၏နာမည်ကို သူက ပုံမှန်အတိုင်းပင် ခေါ်နေမိသည်။ ထို့နောက်တွင် လေတိုးသံများမှအပ ပြန်ထူးသံမကြားရသည့်အချိန်တွင်တော့ မတ်တပ်ရပ်လိုက်ပြီး ကောင်လေး၏နာမည်ကို အော်ခေါ်နေမိတော့သည်။
အကြောက်တရားက သူ့ကိုယ်ခန္ဓာအတွင်း ဂယက်ထနေသည်။ ဒီတောအုပ်ထဲကို ကောင်လေး တစ်ခါမျှ ရောက်ဖူးခဲ့သည်မဟုတ်။ အလွယ်တကူ လမ်းပျောက်သွားနိုင်ပြီး မြောက်ဘက်ရှိ နက်ရှိုင်းသော တောအုပ်တောင်ကုန်းများအတွင်းသို့ အလွယ်တကူ မျက်စိလည်ရောက်ရှိသွားနိုင်သည်။ တောင်ကုန်းမြင့်မြင့်တစ်ခုဆီသို့ သူက တက်လိုက်ပြီး ထပ်၍ အော်ခေါ်ပြန်သည်။ ပြန်ထူးသံ ထွက်ပေါ်မလာ။
အောက်ဖက်ဆီသို့ ပြန်ဆင်းသွားပြီး တင့်ကားဆီသို့ ကောင်လေး သွားချင်သွားနိုင်သည်၊ စမ်းချောင်းကို ဖြတ်ကူးဖို့ ကြိုးစားနိုင်သည်။ တင့်ကားကို လှမ်းမြင်ရသည့် လမ်းချိုးဆီ ပြန်ရောက်ဖို့ တောင်ဆင်းလမ်းအတိုင်း အဘိုးအို တက်သုတ်နှင်လာခဲ့သည်။ အကျည်းတန်သော ရုပ်ကြွင်းပစ္စည်းကြီးက လမ်းချိုးကိုဖြတ်၍ ပါးစပ်အဟောင်းသားဖြင့် သူ့ထံသို့ စိမ်းစိမ်းကြည့်နေ၏။ အရာအားလုံး အရင်အတိုင်းနေသားတကျ၊ လေတိုးသံနှင့် စမ်းရေစီးသံများကိုသာ ကြားနေရသည်။
"ဒိုင်းးးးးးးးးးး"
အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။
သံကိုယ်ထည်နောက်ဆီမှ ကောင်လေး၏ ဦးခေါင်းလေး အောင်ပွဲခံသည့်အပြုံးဖြင့် ထိုးထွက်လာပြီး ပြောလိုက်သည်။
"အဘိုး သေသွားပြီ"။
+တေဇာ (လရောင်လမ်း)+
Happy Birthday, 1951 by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
+တေဇာ (လရောင်လမ်း)+
Happy Birthday, 1951 by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Labels:
ဘာသာပြန် ဝတ္ထုတို
Saturday, August 30, 2014
==ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု [မြင့်သန်း]==
A man will be imprisoned in a room with a door that's unlocked and opens inwards; as long as it does not occur to him to pull rather than to push it.
~Ludwig Wittgenstein
တတိယနေ့၌ ကျွန်တော်တို့ ပြုံးတတ်လာကြပါသည်။ သို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ စိတ်ထဲကမပါပေတဲ့ စိတ်ထဲကပါသလို ပြုံးရမယ်ဟူသော အပိုင်းဖြစ်သည်။ သင်တန်းဆရာကမူ အတော်ပင် စိတ်ပျက်နေပုံရသည်။ ဒီအပိုင်းမှာတင် တစ်နေကြပြီထင်တယ်၊ ဆရာတို့ ကြည့်လုပ်ကြပါဦးဟု ဆိုသည်။ ကျွန်တော်တို့သည် တည်ကြည်ခြင်း၏ ပရ၀ုဏ်အတွင်း၌ နှစ်ကာလအတော်ကြာအောင် လှည့်ပတ်သွားလာနေထိုင်ခဲ့သည်ဖြစ်ရာ ပြုံးခြင်းများမှာ လုံးလုံးချည်း ပပျောက်သွားခဲ့သည်မဟုတ်။ ရုပ်ကိုသိသော်လည်း နာမည်ဖမ်းရသည့်သူနှင့် တူနေခြင်းသာ ဖြစ်ပါသည်။ အရှေ့ဘက်နားဆီက လူတစ်ယောက်ကမူ အားလုံးပျော်စရာကောင်းတာတွေဖြစ်လာရင် ကျွန်တော်တို့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ပြုံးတတ်လာကြမှာပါဗျာဟု ဆိုသည်။ သင်တန်းဆရာကမူ လက်ပိုက်ရင်း ကျွန်တော်တို့အားလုံးကို ကြည့်နေသည်။ ကျွန်တော်တို့ကို မြင်ပုံမရ။ သူ့မျက်စိရှေ့တွင် ရှိရှိသမျှတို့ ပျောက်ကွယ်နေပုံရသည်။ သို့ရာတွင် မျှော်လင့်ချက်များစွာမှာ သူ့မျက်နှာပေါ်တွင် လမ်းလျှောက်နေကြသည်။ သို့သော်...။ ဤနေရာတွင် "သို့သော်" ကို တန်ဖိုးထားကြစေချင်သည်။ သို့သော်၊ မျှော်လင့်ချက်များစွာမှာ မျှော်လင့်စရာမရှိတော့သည်ကို မျှော်လင့်ရင်း၊ မျှော်လင့်ချက်မရှိသည်တို့၏ ရှိနေနေခြင်းကို သိနေကြပုံရနေလေသည်။ ကနေ့အတွက်တော့ တော်လောက်ပြီထင်တယ်၊ လူကြီးမင်းတို့ဟု သင်တန်းဆရာကပြောပြီး စားပွဲတွင်တင်ထားသော သူ၏ စာရွက်စာတမ်းများကို သိမ်းနေသည်။ ရှေ့အလယ်ပိုင်းနားဆီက သင်တန်းသားတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး ခွင့်ပြုပါခင်ဗျာဟုပြောရင်း စကားပြောခွင့်တောင်းလိုက်သည်။ သင်တန်းဆရာက အသာမော့ကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ရာ ထိုသင်တန်းသားက သင်တန်းကို မနက်ဖြန်ကျွန်တော်မလာနိုင်ဘူးဟု ပြောလေသည်။ သင်တန်းဆရာက ခဏကြာအောင် စိုက်ကြည့်နေပြီးမှ ဘာဖြစ်လို့လဲခင်ဗျာဟု အလွန်ပင်အားမရှိသောလေသံဖြင့် မေးသည်။ ကျွန်တော့်မှာ ပြုံးတာကို အလေ့အကျင့်လုပ်ဖို့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စရှိနေလို့ပါဟု သင်တန်းသားက တည်ကြည်သောအသံဖြင့် ဖြေသည်။ သင်တန်းဆရာမှာ အံ့အားသင့်သွားပုံရသည်။ ဘယ်လိုကိစ္စမျိုးပါလဲခင်ဗျာဟု သင်တန်းဆရာထံမှ မေးခွန်းတစ်ခု ထွက်လာသည်။ ရှေ့အလယ်ပိုင်းနားက သင်တန်းသားက ၀မ်းနည်းပါတယ်ခင်ဗျာဟု ယဉ်ယဉ်ကျေးကျေးတုံ့ပြန်လိုက်ပြီး ဘာဆိုတာ ကျွန်တော် အသေးစိတ်ရှင်းမပြနိုင်တာကို ခွင့်လွှတ်ပါ။ နေ့စဉ်ဘ၀ထဲမှာ ပြုံးတာထက်အရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးတယ်ဆိုတာ ခင်ဗျားလည်းသိပြီးဖြစ်ပါလိမ့်မယ်ဟု ပြန်ပြောရင်း သင်တန်းဆရာကို မကြည့်တော့ဘဲ သူ၏လက်ဆွဲအိတ်အတွင်းသို့ စာရွက်စာတမ်းများ ထည့်နေလေသည်။ သင်တန်းဆရာကကလည်း ဘာမျှထပ်မပြောတော့ဘဲ အားလုံးကိုကြည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ စိတ်ထဲကမပါသော်လည်း စိတ်ထဲကပါသလို ပြုံးရမည်ဟူသော အပြုံးမျိုးဖြစ်လေမည်လားဟု ကျွန်တော်က တွေးကြည့်မိသည်။ ကျွန်တော့်ဘေးနားက သင်တန်းသားကို လှည့်ကြည့်လိုက်ရင်း ဘယ်လိုသဘောရသလဲဟု မေးလိုက်မိသည်။ ကျွန်တော့အမေးကို သူက မည်သို့နားလည်သည်မသိ၊ သစ်ပင်ရိပ်တွေအောက်က အဘွားကြီးဆိုင်သွားရင် မကောင်းဘူးလား။ အဘွားကြီးရဲ့ ကြက်ကြော်က အတော်ကောင်းတာ။ သူ့ဆိုင်မှာ ဈေးပေါပေါနဲ့ ရှမ်ပိန်လည်းရတယ်ဟု ဖြေသည်။ ကျွန်တော်သည် ရွေးချယ်ခြင်းဆိုသည်များကို ယာယီစွန့်ပစ်ကာ ဤသင်တန်းဆီသို့ လာခဲ့သူဖြစ်သဖြင့် သူ့ကို လွယ်လွယ်ကူကူ ခေါင်းညိတ်ပြလိုက်မိသည်။ အခန်းတံခါးကို တွန်းဖွင့်ကာထွက်သွားသော သင်တန်းဆရာ၏ကျောကို မြင်လိုက်ရသည်။ ကောင်ကလေးကိုတော့ နည်းနည်းသနားကြရင်ကောင်းမယ်ထင်တယ်ဟု ကျွန်တော်က ကျွန်တော့်ဘေးမှ သင်တန်းသားကိုပြောလိုက်ရာ ပညာတတ်ကလေးကိုလားဟု သူက ပြန်မေးသည်။ ကျွန်တော်က ပြန်မဖြေရသေးခင် ကျွန်တော့်ဘေးနားဆီမှ အခြားသင်တန်းသားတစ်ယောက်က ၀င်ပြောသည်။ ခင်ဗျားတို့ပြောနေတာ ကြားလိုက်မိလို့ပါ။ ခုလိုဝင်ပြောတာ ရိုင်းများသွားရင် ခွင့်လွှတ်ပါ။ ကောင်ကလေးက ပညာတတ်ကလေးဆိုတာကတော့ အမှန်ပဲ။ ဒီတော့လည်း ပညာတတ်တို့ရဲ့ထုံးစံအတိုင်း ပညာတတ်တာကလွဲလို့ သူ့ခေါင်းထဲမှာ ဘာမှမရှိဘူး။ ပညာတတ်တာကလွဲလို့ ဘာမှမတတ်ဘူးဘဲ ဆိုပါတော့။ ငယ်လည်းငယ်သေးတာကိုး။ ကတ်စတီဗင်(စ)သီချင်းထဲကလိုပေါ့။ You are young, that's your fault ဆိုတဲ့ အတိုင်းပဲဟု ပြောသည်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်ရင်း စာကြောင်းတစ်ကြောင်း ဖြည့်ပေးလိုက်မိသည်။ I am old but I am happy သူတို့က လက်ခုပ်တီးကြသည်။ ကျွန်တော့်နံဘေးမှသင်တန်းသားက သူ့နံဘေးမှသင်တန်းသားကိုကြည့်လိုက်ရင်း လိုက်မလားဟုမေးသည်။ ဘယ်ကိုလဲလို့ ကျွန်တော် မမေးတော့ဘူး။ ဒီသင်တန်းကလွဲရင် ဘယ်နေရာဖြစ်ဖြစ်ကောင်းမှာဟု သူက ပြန်ပြောသည်။ သင်တန်းအပေါ် ကောက်ချက်လည်းချလိုက်သည်။ နောက်တော့ ကျွန်တော်တို့သုံးယောက်သား သင်တန်းခန်းမထဲမှ ထွက်လာခဲ့ကြတော့သည်။ အတော်ကြာအောင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။ သစ်ပင်အုပ်ကလေးကို စမြင်လာသည့်အခါတွင် သင်တန်းတက်ရသည်ကို ဘ၀င်ကျပုံမပေါ်သည့်သူထံမှ အသံကို စပြီးကြားလာရသည်။ ကျုပ်ဟာ သမ္မတအဆက်ဆက် အကြံပေးလာတဲ့ကောင်ပါ။ အလကားအကောင် မဟုတ်ပါဘူး။ ခုခါမှ.. ပြောပြီး စကားရပ်သွားသည်။ ခုခါမှ ဘာဖြစ်လို့တုံးဟု ကျွန်တော့်နံဘေးမှလူက မေးလိုက်သည်။ ခုခါမှ..ဟု ပြောပြီး ထိုလူက စကားဆက်ပြန်သည်။ ခုခါမှ.. ကျုပ်က အကြံမပေးရတော့ဘူး။ မပေးရဘူးဆိုတာက ခုတက်တဲ့ သမ္မတကို အကြံပေးတာ သမ္မတကြီးရဲ့ မိန်းမနဲ့ အဆက်အသွယ်ရှိတဲ့လူတွေချည်းပဲ။ မိန်းမတွေက သူတို့ယောက်ျားတွေကို သမ္မတအကြံပေးအရာရှိဖြစ်အောင် ၀ိုင်းလုပ်ပေးကြတာ။ သူ့စကားဆုံးသွားသည်နှင့် ကျွန်တော်က မစောင့်နိုင်တော့ဘဲ ချက်ချင်းမေးလိုက်မိသည်။ ခင်ဗျားမိန်းမကကော အဲဒီလိုလုပ်မပေးနိုင်ဘူးလား။ စမ်းကြည့်ခိုင်းပါလားဟု ကျွန်တော်က မေးရင်း ပြောလိုက်သည်။ သူက ပြန်ပြောသည်။ ကျုပ်မိန်းမနဲ့ကတော့ မဖြစ်ပါဘူးဗျာ။ ကျုပ်တို့သင်တန်းဆရာမျိုး။ ပညာတတ်၊ တက္ကသိုလ်က ပါမောက္ခ။ အားတဲ့အချိန်မှာ ကဗျာဖတ်တယ်။ ကဗျာအကြောင်း ဖတ်တယ်။ ကဗျာဖတ်တယ်ဆိုတော့လည်း ဘယ်မှာအသုံးတည့်မှာလဲ။ သူ့လောကကြီးထဲမှာ သူနေတာ၊ သိတယ်မဟုတ်လား။ ကဗျာရယ်၊ ကဗျာရေးတဲ့လူရယ်ဆိုတာက သူတို့လောကကြီးထဲ သူတို့နေတာ။ သူက ဘာမျှ ဆက်မပြောတော့။ ကျွန်တော်ကလည်း ဆက်မမေး။ ကဗျာအကြောင်း စာအကြောင်းဆိုသည်မှာ ကျွန်တော်နှင့် သိပ်မရင်းနှီးလှသည့် ဘာသာရပ်များဖြစ်သည်။ ကျွန်တော့်နံဘေးမှ လူကမူ ကျွန်တော့်ကဲ့သို့မဟုတ်။ ကဗျာဖတ်တာပဲဗျာ ဘယ်သူ့ကိုမှ အန္တရာယ်လုပ်တာမှ မဟုတ်ဘဲ။ ခင်ဗျားရဲ့ သမ္မတအဆက်ဆက်ကို အကြံပေးလာတယ်ဆိုတာမျိုးကသာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တာဟု ပြောလိုက်သည်။ ကျွန်တော်ကတော့ ပြုံးလိုက်မိသည်။ တကယ်ပြုံးချင်လို့လား၊ အပျင်းပြေပုံးမိသည်လား။ စိတ်ကူးထည်တစ်ခုခု၏ စေ့ဆော်မှုလားဆိုသည်ကို မပြောနိုင်။ ပြုံးခြင်းအတွက် ဆင်ခြေတစ်စုံတရာလိုမည်ဟု ကျွန်တော်မထင်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူဟု ဆိုသူက ပြောပြန်သည်။ ဟုတ်တယ်၊ ခင်ဗျားပြောသလိုပဲ၊ ကဗျာဖတ်တာ အန္တရာယ်မရှိဘူး။ ကျုပ်ပေးတဲ့အကြံလွဲသွားရင် အန္တရာယ်ရှိတယ်ဆိုတာ အမှန်ပဲ။ တကယ့်ဘ၀ကြီးဟာ အန္တရာယ်ကို ရှိနေတာ။ ပြေးမလွတ်ဘူး။ ဒီတော့ တကယ့်ဘ၀ကြီးထဲမှာ နေရင် အန္တရာယ်ရှိတယ်ဆိုတာကို ရှောင်လို့မရဘူး။ အန္တရာယ်မရှိအောင်နေရမယ်၊ ရန်မရှိအောင်နေရမယ်ဆိုတာက အဲဒီ ကဗျာဆိုတာကိုရေးတဲ့လူတွေရဲ့ လက်တွေ့မကျတဲ့အမြင်ပဲ။ ကျုပ်မိန်းမက အဲသလိုမျိုး။ ကျုပ်ကလည်း ကျုပ်မိန်းမကို အားကိုးချင်လို့ပြောတာ မဟုတ်ပါဘူး။ ခက်နေတာက သမ္မတကိုယ်တိုင်က မိန်းမကို ကြောက်နေရတာပဲ။ ခု သမ္မတက အိမ်က မိန်းမလည်းကြောက်၊ ယောက္ခမလည်းကြောက်။ ယုတ်စအဆုံး သူတို့နေတဲ့လမ်းထိပ်နားဆီက သူ့ကို လက်ညှိုးထိုးထိုးပြီးဆဲနေတဲ့ အရူးမကိုတောင် ကြောက်ရလို့။ အဲဒီအရူးမကို ငြိမ်အောင် အိမ်နဲ့ ရာနဲ့၊ အစောင့်အရှောက်နဲ့၊ ထမင်းချက်၊ ကားနဲ့ ကားမောင်းသမား ပေးထားလိုက်သတဲ့။ တောက်... မိန်းမတွေဟာဟု ပြောပြီး စကားဖြတ်လိုက်တော့သည်။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် မှန်ခြင်း၊ မှားခြင်းကို တစ်စုံတရာ ထောက်ခံပြောဆိုခြင်း မပြုနိုင်ပါ။ ကျွန်တော်ကိုယ်တိုင် ဤသင်တန်းသို့ လာတက်ရခြင်းမှာ အိမ်မှ ငယ်ကပေါင်း ကျောင်းအမကြီး၏ အစီအစဉ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ရှင် အချိန်စေ့တော့မယ်။ သင်တန်းသွားတက်ထားချေဟုဆိုကာ သက်ဆိုင်ရာအာဏာပိုင်နှင့် အချိတ်အဆက်ပြုပြီး စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဤသင်တန်းမျိုးမှာ တက်ချင်တိုင်းတက်၍ မရသည်မှာ မှန်သော်လည်း လာတက်နေရသူများမှာ အာဏာတစ်စုံတရာအခြေခံပြီး တွန်းပို့စနစ်အရ စေလွှတ်ခြင်းခံရသူများသာ ဖြစ်နေသည်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူ၏ ပြောပုံအရသော် ဤနေရာတွင် မိန်းမနှင့်အာဏာကို ခွဲခြားထား၍ ရနိုင်မည့်ပုံမပေါ်။ မိန်းမတို့အနေဖြင့် အာဏာဆိုသည်မှာ မွေးရာပါအခွင့်အရေးတစ်ရပ်ဟု မြင်ကောင်းမြင်ထားကြသည်လားဟု တွေးကြည့်လိုက်မိသည်။ တွေးနေတုန်းမှာပင် သစ်ပင်ရိပ်အောက်မှ အဘွားကြီးဆိုင်သို့ ရောက်လာတော့သည်။ ကျွန်တော်က သင်တန်းမစမီ သုံးရက်ကြိုပြီး ရောက်လာခဲ့သူဖြစ်ပြီး ထိုနေ့မှစ၍ နေ့စဉ်လိုပင် အဘွားကြီးဆိုင်သို့ ရောက်ဖြစ်သည်။ ကျွန်တော့်နံဘေးမှလူကလည်း ရောက်ဖူးသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူကမူ မရောက်သေး။ ကျွန်တော့်ကိုတွေ့လိုက်သည်နှင့် အဘွားကြီးက မာကြောင်းသာကြောင်းမေးပြီး ကြက်ကြော်နှင့် ရှမ်ပိန်ပဲလားဟု မေးသည်။ ကျွန်တော်က သူ့ကို နောက်သည့်အနေဖြင့် ခင်ဗျားဆိုင်မှာ ကြက်ကြော်နှင့်ရှမ်ပိန်ကလွဲလို့ ဘာရှိလို့တုံးဟု မေးလိုက်ရာ သူက ဒါပဲရှိတယ်ဟု ပြန်ဖြေရင်း ရယ်သည်။ ကျွန်တော့်နံဘေးမှလူက ခင်ဗျားဆိုင်ကို ကျွန်တော်သဘောကျတာ အဲဒီအချက်ပဲ။ ဘာမှ ရွေးချယ်စရာမရှိဘူး။ ရွေးစရာရှိတာတွေများရင် ရွေးရတာအချိန်ကုန်တယ်ဟု ပြောသည်။ သမ္မတအဆက်ဆက်ကို အကြံပေးလာခဲ့သူဟု ဆိုသူကမူ တုန်လှုပ်သွားသည်။ လန့်သွားပုံရသည်။ ဘာဖြစ်လို့ ရွေးစရာမရှိရတာလဲ။ ရွေးချယ်စရာမရှိရင် ကျွန်တော့်ရဲ့အခွင့်အရေး ဆုံးရှုံးသွားတဲ့သဘောပဲ။ ရွေးချယ်စရာတစ်ခုခုတော့ ရှိရမျာပေါ့ဟု ၀င်ပြောသည်။ ကျွန်တော်တို့ကတော့ သူပြောတာကိုနားထောင်ရင်း ကုလားထိုင်မှာ ၀င်ထိုင်လိုက်ကြသည်။ ဖင်ကိုအသားကျအောင် နေရာပြင်ထိုင်လိုက်ပြီးမှ ရွေးချယ်စရာမရှိဘူးဆိုတာကိုက ရွေးချယ်လိုက်ရခြင်းတစ်ခုပဲပေါ့ဟု သူ့ကို ပြောလိုက်မိသည်။ သူလည်း ထိုင်ခုံအလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ရင်း အံ့အားသင့်သွားသည့်မျက်နှာထားဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အဘွားကြီးကမူ ဆိုင်၏နောက်ဘက်အခန်းထဲ ၀င်သွားတော့သည်။ အသက်ငယ်ငယ်အမျိုးသမီးကလေးတစ်ယောက်က ကျွန်တော်တို့အတွက် ပန်းကန်ပြား၊ ခက်ရင်းနှင့် ဓားများယူလာကာ စားပွဲပေါ်တွင် ချပေးလေသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူက ကျွန်တော့်အဖြေစကားအပေါ် ဘ၀င်ကျပုံမရ။ သူသည် ဘာကိုမျှ သိပ်ဘ၀င်ကျပုံမရသည့်လူ။ ဖင်ကြားထဲ ခဲခုနေပုံရသည်။ အမျိုးသမီးကလေးကို ကြည့်လိုက်ရင်း မင်းတို့ဆိုင်မှာ ဘာမှရွေးချယ်စရာမရှိဘူးဆိုတာ ဟုတ်သလားဟုမေးလိုက်ရာ အမျိုးသမီးကလေးက ပြုံးပြုံးကလေးဖြင့် သူ့ကိုကြည့်လိုက်ရင်း ရှင် နားလည်မှုလွဲလို့နေမှာပါ။ ကျွန်မတို့ဆိုင်မှာ ကြက်ကြော်နဲ့ ရှမ်ပိန်ရပါတယ်။ ရှင်ဆိုလိုချင်တာက ကျွန်မတို့ဆိုင်မှာ ကြက်ကြော်နဲ့ရှမ်ပိန်ရပါတယ်။ ရှင်ဆိုလိုတာက ကျွန်မတို့ဆိုင်မှာ သစ်သားတို့၊ သေနတ်တို့၊ ညှပ်ဖိနပ်တို့ ရောင်းသေးသလားလို့ မေးချင်တာလားဟု ပြန်မေးလေသည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးကလူကမူ ပြုံးလိုက်မိသည်။ ထိုအပြုံးထဲတွင် ကျေနပ်နှစ်လိုခြင်းပါသွားကြောင်း အသေအချာ သိလိုက်မိသည်။ သမ္မတအဆက်ဆက်အကြံပေးခဲ့ရသောလူက ကြိုးစားကာပြုံးလိုက်ရင်း အမျိုးသမီးကလေးကို မေးပြန်သည်။ ငါဆိုလိုတာက မင်းတို့ဆိုင်မှာ ကြက်သားကြော်အပြင် ပုဇွန်တို့၊ ငါးတို့၊ ဒိန်ခဲတို့တွေများ ရနိုင်သလား၊ ရောင်းသလားလို့ပါဟု ပြောသည်။ အမျိုးသမီးကလေးက အသေအချာစဉ်းစားကြည့်လိုက်ပုံရသည်။ ပြီးမှ ဒါတွေက ကြက်ကြော်လို စားစရာပဲမဟုတ်ဘူးလားဟု ပြန်မေးလေသည်။ မှန်ပါတယ်။ စားစရာတွေပါပဲဟု သူက ပြန်ဖြေသည်။ ဒီလိုဖြင့် ရွေးချယ်စရာရှိနေလည်း ဘာထူးမှာလဲ။ စားစရာတွေချည်းပဲမို့ ရွေးချယ်ခြင်းဟာ ရွေးချယ်ခြင်းအတွက်သက်သက်ပဲ နေမှာပေါ့။ ကျွန်မတို့ဆိုင်မှာ ကြက်ကြော်ရော၊ သစ်သားရော၊ သေနတ်ရော ရောင်းတယ်ဆိုလို့ရှိရင် ရှင့်အနေနဲ့ ကြက်ကြော်အစား သစ်သားဖြစ်ဖြစ်၊ သေနတ်ဖြစ်ဖြစ်ကို ရွေးချယ်နိုင်ရင်တော့ တစ်မျိုးပေါ့။ မဟုတ်ဘူးလားဟု ပြန်ပြီးမေးတော့သည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသောလူက တစ်ခုခုပြန်ပြောမည်ဟုလုပ်နေစဉ် အမျိုးသမီးကလေးက ဆက်ပြီး ပြောပြန်သည်။ ခု ကျွန်မတို့ဆိုင်မှာ ကြက်ကြော်ပဲရတယ်ဆိုပေတဲ့ ရှင့်ကို ရွေးချယ်ခွင့်ပေးထားတာပဲ။ ရှင်ရွေးချယ်ဖို့က ကြက်နဲ့ပုစွန်အကြား၊ ကြက်နဲ့ ဒိန်ခဲအကြားမဟုတ်ဘူး။ စားမလားနဲ့ မစားဘူးလားအကြားက ရွေးချယ်မှုပဲဟု ပြောပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြလိုက်သည်။ ထိုထိုသော ယဉ်ကျေးသည့်အပြုံးမျိုးများသည် အနိုင်ရသူတို့ ပြုံးလေ့ရှိသော အပြုံးမျိုးဖြစ်၏။ ထို့နောက် အမျိုးသမီးကလေးက လှည့်ထွက်သွားတော့သည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးမှလူတွင် အပြုံးများ မျက်နှာသို့တက်မလာ။ သို့ရာတွင် ကျွန်တော်တို့၏ ကိုယ်ခန္ဓာအတွင်း အပြုံးများကခုန်နေကြောင်း ကျွန်တော်တို့ဘာသာ သိနေမိကြသည်။ ကြက်ကြော်နှင့်ရှမ်ပိန်ရောက်လာသောအခါ ကျွန်တော်တို့ ကျေနပ်သာယာစွာဖြင့် စားသောက်ကြရင်း ရောက်တတ်ရာရာ ပြောဆိုနေမိကြသည်။ ကျွန်တော့်နံဘေးမှလူက မဆီမဆိုင် အကြောင်းတစ်ခုကို ပြောလိုက်သည်။ မနက်ဖြန်ကျရင် ပြုံးရယ်ခြင်းသင်တန်းကို မလာနိုင်ဘူးဆိုတဲ့ငတိကို သိသလားဟု မေးသည်။ ရေးတေးတေးပဲဟု ကျွန်တော်က ဖြေသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသောလူကမူ လွယ်လွယ်ပင် ခေါင်းခါသည်။ ရှိတ်မိုဟာမက်ကြီးရဲ့တူ။ အရင်က သူတို့နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး။ ခုတော့ အနားပေးထားတယ်။ မကြာခင် ရာထူးကောင်းကောင်းရမှာ။ မရလည်း သူ့ဦးလေးက ၀ယ်ပေးမှာ။ သူတို့အတွက် ပိုက်ဆံက အရေးမကြီးဘူး။ ဂုဏ်ကအရေးကြီးတယ်။ ကမ္ဘာ့ဘဏ်တို့၊ အိုပက်တို့မှာ နေရာရမှာဟု သူက အရှည်ကြီးရှင်းပြသည်။ ဒီလိုဖြင့် သူက ဘာဖြစ်လို့ ဒီသင်တန်းကိုလာရတာလဲဟု ကျွန်တော်က မေးကြည့်လိုက်မိသည်။ ဟုတ်သားပဲဟု သမ္မတအဆက်ဆက် အကြံပေးလာခဲ့ရသူက ၀င်ပြီးထောက်ခံသည်။ သူကပဲ ဆက်ပြီး ပြောပြန်သည်။ ဒီသင်တန်းက အနာဂတ်အတွက် အသုံးမတည့်တော့တဲ့လူတွေအတွက် လုပ်တဲ့သင်တန်းမဟုတ်ဘူးလားဟု မေးပြောပြောသည်။ ကျွန်တော့်နံဘေးမှလူကမူ ထိုအမေးကို ဖြေချင်ပုံမပေါ်။ ရှိတ်ကြီး၏ တူအကြောင်းကိုသာ ဆက်ပြောပြသည်။ ဒါကလည်း ဂုဏ်အတွက်ပဲနေမှာ။ ဒီသင်တန်းက ကမ္ဘာပေါ်မှာ ပထမဦးဆုံးလုပ်တဲ့သင်တန်းဆိုတော့ ပထမတန်းကနေချင်တဲ့ သူတို့အတွက် အကွက်ပဲလို့ ထင်ချင်ထင်မှာဟုဆိုသည်။ ထိုနေ့က အတော်လေးမိုးချုပ်မှ ကျွန်တော်တို့အခန်းသို့ ပြန်ကြသည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးမှလူကမူ နေ့စဉ်လိုလိုပင် ထိုဆိုင်ကလေးသို့သွားကာ အချိန်ဖြုန်းလေ့ရှိသည်။ ရံဖန်ရံခါ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူလည်း ပါသည်။ ကျွန်တော်တို့နှစ်ယောက်တည်း ရှိနေကြသောအခါ ကျွန်တော်တို့ အိမ်၏အကြောင်း၊ မိသားစုအကြောင်း၊ အိမ်တွင်မွေးထားသောခွေးများ၊ ကြောင်များအကြောင်းသာ ပြောဖြစ်ကြသည်။ သူနှင့်ကျွန်တော်မှာ သဘာဝချင်းဆင်သောအလုပ်မျိုးတွင် ပတ်သက်နေသည်ကို သူရောကျွန်တော်ပါ သိလေသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ဘ၀တစ်လျှောက်လုံး ပတ်သက်နေခဲ့သောအလုပ်များမှ ရှောင်ပြေးပုန်း၍ မရနိုင်သူများဖြစ်လေသည်။ ကျွန်တော်တို့ကိုလိုအပ်လျှင် ကျွန်တော်တို့၏တာဝန်ကို ထမ်းဆောင်ပါမည်ဟု ကျမ်းသစ္စာကျန်ဆိုထားမိကြသူများ ဖြစ်လေသည်။ ဆယ်ရက်ပြည့်သောအခါ သင်တန်းပြီးဆုံးသွားပါတော့သည်။ ထိုနေ့ညနေဘက်က ကျွန်တော်တို့သုံးယောက်သား အဘွားကြီးဆိုင်သို့သွားကာ ကြက်ကြော်နှင့်ရှမ်ပိန် စားကြသောက်ကြသည်။ အဘွားကြီးကိုလည်း နှုတ်ဆက်ရင်း လက်ဆောင်ပေးကြသည်။ သမ္မတအဆက်ဆက်အကြံပေးခဲ့ရသူကမူ ဆိုင်မှ အမျိုးသမီးကလေးကို ငွေတစ်ရာ တစ်(ပ)ပေးရင်း ရွေးချယ်မှုမှာ ကာလနဲ့ဒေသတို့ရဲ့ ဆက်စပ်မှုဟာ လိုအပ်တယ်ဆိုတာ မင်း သတိပေးလိုက်ပေလို့ပဲဟုပြောရင်း ကျေးဇူးတင်စကားဆိုသည်။ အဘွားကြီးနှင့် စကားပြောနေရင်း အဘွားကြီးမှာ မျက်လုံးတစ်လုံးသာမြင်ကြောင်း သိလိုက်ရသည်။ သူသည် သူ့ဘ၀တစ်လျှောက်လုံး မျက်လုံးတစ်လုံးမှအမြင်ဖြင့်သာ ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် စိတ်ဓာတ်ကျခဲ့ပုံမရ။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသူက ကျွန်တော်တစ်ခုပြောပါရစေ။ စော်ကားတယ်တော့ မထင်ပါနဲ့ဟု စကားခံပြီး မျက်လုံးတစ်လုံးတည်းမှ မြင်ရတဲ့အတွက် ကောင်းတဲ့အလားအလာကို ပြောပါရစေဟု ပြောလေသည်။
ပြောစမ်းပါရှင်၊ ရယ်စရာဆိုရင်လည်း အတူရယ်ကြရတာပေါ့ဟု ပြောရင်း ခွင့်ပေးသည်။ ကျုပ်က သမ္မတအဆက်ဆက် အကြံပေးလာခဲ့ရတော့ သမ္မတတွေအကြောင်း သိတယ်ဟုပြောပြီး စကားစလိုက်သည်။ ရှမ်ပိန်ကို တစ်ငုံငုံလိုက်ပြီးမှ သူ့စကားကို ဆက်သည်။ ဒီလို။ သမ္မတဖြစ်ဖို့ အကောင်းဆုံးလူတွေဟာ မျက်လုံးတစ်လုံးတည်းက မြင်ရတဲ့လူတွေပဲ။ မျက်လုံးနှစ်လုံးနဲ့လူတွေဟာ သမ္မတဖြစ်ချင်ရင် မျက်လုံးတစ်လုံးတစ်လုံးကို မှိတ်ပြီး မှန်ထဲကြည့်ရင်း ငါသမ္မတဖြစ်ရမယ်လို့ နေ့စဉ်ပြောရသတဲ့။ အလေ့အကျင့်လုပ်ပြီး သတိပေးတဲ့သဘော၊ အားပေးတဲ့သဘောတဲ့ဟု ပြောသည်။ ကျွန်တော်နှင့် ကျွန်တော့်ဘေးကလူတို့ တိုင်ပင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။ အဘွားကြီးကိုယ်တိုင်လည်း နားလည်ပုံမပေါ်။ ဘာဖြစ်လို့ မျက်စိနှစ်လုံးစလုံးနဲ့ မှန်ကြည့်ပြီး ပြောလို့မဖြစ်ရတာလဲဟု အဘွားကြီးက မေးသည်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူက အဘွားကြီးကိုကြည့်ကာ သမ္မတတို့၊ နိုင်ငံခေါင်းဆောင်တို့ဆိုတာတွေရဲ့ မျက်လုံးနှစ်လုံးမှာ တစ်လုံးက တိုင်းသူပြည်သားတွေကိုကြည့်ဖို့၊ တစ်လုံးက ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့လို့ အဆိုရှိတာကို ခင်ဗျားကြားဖူးပုံမပေါ်ဘူးဟု ပြောသည်။ အဘွားကြီးက ခေါင်းခါပြလိုက်သည်။ ဒါကြောင့်မို့ပဲ သမ္မတမဖြစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့ထားတဲ့ မျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း ငါ သမ္မတဖြစ်ရမယ်လို့ မှန်ထဲကြည့်ပြီး နေ့စဉ်ပြောရတာဟု သမ္မတအဆက်ဆက် အကြံပေးလာရသူက ဖြေလေသည်။ ဒီတော့ သမ္မတဖြစ်သွားတဲ့အခါကျတော့ကောဟု အဘွားကြီးက မေးပြန်သည်။ သမ္မတအဆက်ဆက်ကို အကြံပေးလာခဲ့ရသူက ချက်ချင်းမဖြေ။ ရှမ်ပိန်ခွက်တစ်ဝက်ခန့်ကို အသာမြုံပြီးမှ သမ္မတဖြစ်လာတော့ မျက်လုံးနှစ်လုံးနဲ့ ကြည့်ပါတယ်။ ဒါပေတဲ့ ကိုယ့်ပုံကိုယ် မှန်ထဲကြည့်လာခဲ့တာက အတော်အသားကျနေပြီဖြစ်လို့ မျက်လုံးနှစ်လုံးနဲ့ မှန်ထဲက ကိုယ့်ပုံကိုယ် ကြည့်တော့တယ်။ တိုင်းသူပြည်သားကို လှည့်ကြည့်ဖို့ မေ့ကုန်ကြတယ်ဟု ဖြေလေသည်။ ကျွန်တော်တို့ လက်ခုပ်မတီးဘဲ မနေနိုင်ကြတော့ပါ။ ကျွန်မသာ သမ္မတဖြစ်ခဲ့ရင် ရှင်အကြံပေးမလားဟု အဘွားကြီးက မေးသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့သူက ထိုင်ရာကထပြီး ဦးညွှတ်ကာ အချိန်မရွေး၊ အဆင်သင့်ပါ။ တစ်ရေးနိုးလှမ်းခေါ်တောင် ရောက်အောင်လာခဲ့ပါ့မယ်ဟု ပြန်ပြီး ပြောလေသည်။ ထိုနေ့ညနေကမူ ကျွန်တော်တို့အတွက် နောက်ဆုံးညနေဖြစ်၍ အဘွားကြီးဆိုင်တွင် မိုးအတော်ချုပ်သည်အထိ အချိန်ဖြုန်းခဲ့ကြသည်။ နောက်နေ့မနက်မှာမူ စိတ်ဝင်စားစရာကောင်းသည်။ သင်တန်းပြီးဆုံးသွားသဖြင့် မနက်ဘက်တွင် အမှတ်တရ လက်ဖက်ရည်ပွဲကလေး ကျင့်ပလေသည်။ သင်တန်းဆင်းပွဲဟူ၍ကား မခေါ်။ မခေါ်ရသည်မှာ သင်တန်းသည် အစနှင့်အဆုံးရှိသော သင်တန်းမျိုးမဟုတ်၍တစ်ကြောင်း၊ သင်တန်းကို လာရောက်ကြသူများသည် သင်တန်းတွင်ပို့ချနေသူများထက် အသက်အရွယ်အားဖြင့် ကြီးရင့်နေကြသည်ဖြစ်၍တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။ နမူနာပေးပြောရမည်ဆိုသော် သင်တန်းကိုဦးဆောင်သော ပညာရှင်အမျိုးသမီးမှာ ကျွန်တော့်သမီးနှင့်အတူ ကျောင်းတက်ဖက်ဖြစ်သည်။ ထိုအမျိုးသမီးမှာ အသက် ၄၀ ခန့်သာ ရှိသေးသော်လည်း သုတေသနလုပ်ငန်းများတွင် သူ့ဘ၀တစ်ခုလုံးကို မြှုပ်နှံကာ ပညာနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့သူဖြစ်သည်။ ပညာရပ်ဆိုင်ရာစာအုပ် အတော်များများရေးခဲ့ရာ စာအုပ်တိုင်းလိုလိုမှာ ပညာရပ်ဆိုင်ရာ အဆောက်အအုံများက မှီးရ၊ ကိုးရ၊ ညွှန်းကြရပါသည်။ သူသည် အိမ်ထောင်မပြုဖူး၍ သားသမီးမမွေးဖွားခဲ့ဖူးသော်လည်း သူ ရေးသားသော ကလေးသူငယ်တို့ကို စောင့်ရှောက်နည်း၊ ဆယ်ကျော်သက်တို့ကို ထိန်းကျောင်းနည်း၊ အိမ်ထောင်ရေးအဆင်ပြေနည်းကျမ်း... စသည်များမှာ ဆယ်ကြိမ်မက ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။ အခုသင်တန်းမှာလည်း သူ၏ ဉာဏ်ကြီးလှသော ဦးနှောက်အတွင်းက မွေးဖွားပေးခဲ့သော စီမံကိန်းတစ်ခုသာ ဖြစ်ပါသည်။ ကျွန်တော်တို့က သင်တန်းဟု စကားအဖြစ်ခေါ်သော်လည်း သူတို့အတွက်မှာမူ စီမံကိန်းသာဖြစ်ပါသည်။ စီမံကိန်း၏ ကနဦးအမည်မှာ "ပညာအရာ၌ ပေါက်ရောက်ခဲ့ကြသော်လည်း သစ်လွင်နေသော လူ့အဖွဲ့အစည်းအတွက် အသုံးမတည့်ဖြစ်တော့မည့်သူများကို ပြန်လည်ထိန်းကျောင်းပေးခြင်း စီမံကိန်း" ဟူ၍ပင်ဖြစ်သည်။ ကျွန်တော်တို့သင်တန်းသားအများစုကမူ သင်တန်းဟူ၍သာ ခေါ်ကြပြီး စီမံကိန်းဟု မခေါ်ကြ။ စီမံကိန်းမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလက လုပ်ခဲ့သော ပြန်လည်ပညာပေးရေးအစီအစဉ်နှင့် တစ်သဘောတည်း ဖြစ်ပုံရသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့သူကမူ ပို့စ်မော်ဒန်ကာလ ပြန်လည်ပညာပေးရေးစီမံကိန်းဟု နောက်တောက်တောက်ဖြင့် မကြားတကြားခေါ်လေ့ရှိသည်။ ကျွန်တော်တို့ကလည်း အထိုက်အလျောက်တော့ သဘောတူသည်။ ဤသင်တန်း သို့မဟုတ် (သူတို့အခေါ်) စီမံကိန်းမှာ လောလောဆယ်အနေအထားတွင် ပိုက်ဆံရှိ/အာဏာရှိ တိုင်းပြည်များအတွက်သာ ဖြစ်ပါသည်။ တတိယကမ္ဘာကနိုင်ငံများ၊ နွမ်းပါးသောနိုင်ငံငယ်များမှ ပုဂ္ဂိုလ်များအတွက် ထည့်မစဉ်းစားကြပါ။ စီမံကိန်း၏ အကြီးအကဲ အမျိုးသမီးကြီး ပြောစကားအရသော် ထိုနိုင်ငံများမှာ အချင်းချင်းအာဏာလုကြရင်းဖြင့်သော်လည်းကောင်း၊ ဒီမိုကရေစီဟူသောစကားလုံးကို လိုသလိုအနက်ဖော်သုံးစွဲရင်း တိုင်းသူပြည်သားများကို ဖြားယောင်းနေကြရင်းဖြင့်သော်လည်းကောင်း အချိန်ကုန်နေကြသဖြင့် ထည့်သွင်းစဉ်းစားရန် မလိုသေးကြောင်း သိရသည်။ ထိုနေ့မနက်က လက်ဖက်ရည်ပွဲတွင် စီမံကိန်း၏ အကြီးအကဲအမျိုးသမီးနှင့် သင်တန်းဆရာများက လိုက်လံနှုတ်ဆက်စကားပြောရင်း သူတို့၏ လိပ်စာကတ်ပြားလေးများ ပေးကြသည်။ သင်တန်းဆင်းလက်မှတ်တော့ မပေး။ မပေးရသည်မှာ သင်တန်းဆင်းလက်မှတ်ပေးရမည့်အရွယ်များ မဟုတ်သည်ကတစ်ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ ယခုသင်တန်းသို့ လာရောက်ကြသူများသည် သင်တန်းကို တစ်စက်ကလေးမျှ အထင်မကြီးကြသူများဖြစ်သည်ကို သူတို့ဘာသာသိထားကြသောကြောင့်တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ ပြုံးတတ်ရန်သင်ကြားပေးသည့် နည်းပြဆရာကလေးနှင့် လိမ်တတ်ရန် သင်ကြားပေးသော ဆရာမကလေးတို့နှစ်ယောက်သားမှာ ကျွန်တော်တို့သုံးသောက်သားနှင့် အချိန်အတော်ကြာအောင် မတ်တတ်ရပ်ရင်း စကားပြောဖြစ်ကြသည်။ ကျွန်တော်တို့၏မျက်နှာများမှာ တပြုံးပြုံးနှင့်ဖြစ်နေ၍ လိမ်တတ်အောင်သင်ကြားပေးသည့်ဆရာမလေးက လူကြီးမင်းတို့အပြုံးဟာ လိမ်ညာပြုံးတယ်ဆိုတာ ပေါ်လွင်နေသေးတယ်။ နိုင်ငံတကာက အတိုက်အခံခေါင်းဆောင်မှန်သမျှရဲ့ အပြုံးတွေဟာ အဲဒီလိုချည်းပဲ။ သိသာတယ်။ အတိုက်အခံခေါင်းဆောင်မှန်သမျှဟာ သူ့ကိုထောက်ခံအားပေးသူတွေနဲ့တွေ့တိုင်း ပြုံးတဲ့အပြုံးမှာ နင်တို့တုံးမှန်းသိပါတယ်ဆိုတာက ရှစ်ဆယ်ရာခိုင်နှုန်းပါပြီးသား။ ဒါကလည်း နိုင်ငံတကာနိုင်ငံရေးမှာ အတိုက်အခံကို အားပေးသူတွေရဲ့ စိတ်နေစိတ်ထားလေ့လာချက်အရ အများစုဟာ မျှော်လင့်ချက်အခြေခံနဲ့ အားပေးတာ။ ဆင်ခြင်တုံတရားအခြေခံနဲ့ အားပေးတာမဟုတ်ဘူး။ ဒီတော့လည်း အတိုက်အခံခေါင်းဆောင်တွေဟာ အများကြိုက်လုပ်လေ့ရှိတယ်။ ပြဿနာဖြေရှင်းဖို့ မစဉ်းစားဘူး။ Popularity is better than reality ဆိုတာ သူတို့အတွက်ပဲ။ သူတို့ဘာသာကျေနပ်ပြီး ဟန်လုပ်နေတဲ့အပြုံးပဲ။ တကယ်တော့ စနစ်တကျလိမ်ညာပြုံးတတ်ရင် အဲဒီလိုမပြုံးဘူးဟု ပြောသည်။ ကျွန်တော်တို့အဖို့ အသိပညာအသစ်တစ်ခု ရလိုက်ရသည်။ လောကကြီးတွင် ပေါက်ဈေးအတိုင်း လက်မခံသင့်သော အရာပေါင်းမြောက်မြားစွာ ရှိနေသည့်အကြောင်း။ ထို့နောက် ကျွန်တော်တို့သုံးယောက်သား လေယာဉ်ကွင်းသို့ ထွက်ခဲ့ကြသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသည့်လူကမူ ဒီကပြန်သွားရင် ငါးသွားမျှားမယ်ဟု ပြောသည်။ ကျွန်တော့်နံဘေးကလူက သမ္မတတွေကိုအကြံပေးဖို့ ခင်ဗျားစိတ်မပါတော့ဘူးလားဟု မေးလိုက်သည်။ ပါတော့ ပါပါတယ်။ ခက်နေတာက ကျုပ်ပြောဖူးတဲ့အတိုင်း ခုခေတ်မှာ အိမ်ကမိန်းမတွေက စီမံပေးရင် သမ္မတအကြံပေးဖြစ်တဲ့ခေတ်။ ကျုပ်က နိုင်ငံရေးပညာ၊ လူမှုဆက်ဆံရေးပညာ၊ မဟာဗျူဟာမြောက်အကဲဖြတ်နည်း စတာတွေနဲ့ ပီအိပ်(ချ)ဒီခြောက်ခုလောက် ရထားတာ။ အိုင်ကျူက ၂၄၀ ကျော်တယ်။ ဒီတော့ ကျုပ်အနေနဲ့ သမ္မတအကြံပေးဖြစ်ဖို့ မလွယ်တော့ဘူးဟု ဆိုသည်။ ကျွန်တော်က ကြားရဖူးသော အကြောင်းတစ်ခုကို သတိရလိုက်မိသည်။ နိုင်ငံငယ်တစ်ခုဆီမှာတော့ သမ္မတဆီကို အိတ်ဖွင့်ပေးစာ ရေးရသတဲ့။ သမ္မတကြီးက သိသွားတာနဲ့ ဒီငတိကြီးတော့ဖြင့် ငြိမ်ငြိမ်နေအောင် အကြံပေးတဲ့လူတွေ စာရင်းထဲ ထည့်ထားလိုက်စမ်းလို့ပြောပြီး သမ္မတက အကြံပေးရာထူးပေးဆိုပဲဟု ပြောလိုက်သည်။ ထို့နောက် သုံးယောက်သားပြိုင်တူပင် ရယ်လိုက်မိကြသည်။ နောက်တော့ လမ်းခွဲလိုက်ကြရသည်။ လေယာဉ်ပေါ်တွင် တစ်ယောက်တည်းထိုင်နေရင်း စိတ်ထဲတွင် ကြည်နူးသလိုလိုဖြစ်လာသည်။ ဖြစ်လာရခြင်းအကြောင်းများအနက် တစ်ခုမှာ ကျွန်တော်သည် အနာဂတ်အတွက် အသုံးမတည့်တော့သည့်လူတစ်ယောက်အဖြစ် စာရင်းဝင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အခြားတစ်ဖက်မှာ ကျွန်တော့်ဆရာတစ်ဦးပြောခဲ့သော စကားတစ်ခွန်းကို အမှတ်မထင် သတိရလိုက်မိသောကြောင့် ဖြစ်သည်။ ကမ္ဘာကြီးဟာ ပိုးစိုးပက်စက်ဖြစ်နေတာ။ ပိုးစိုးပက်စက်ဖြစ်နေတာဟာ တို့နဲ့မဆိုင်ဘူးလို့ ပါမောက္ခဗင်ဒစ်က ပြောဖူးတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုနေကြရမလဲဟု ကျွန်တော်က မေးလိုက်မိသည်။ ပိုးစိုးပက်စက်ဖြစ်နေခြင်းများကို ဆီလျော်အပ်စပ်မှုဆိုင်ရာ သီအိုရီအခြေခံနဲ့ လိုက်လျောညီထွေနေထိုင်ကြရုံပဲဟု သူက ဖြေသည်။ ထိုသို့ဆိုလျှင် ကျွန်တော်၏ မနက်ဖြန်များစွာတို့မှာ အခြားသူတို့၏ မနက်ဖြန်များသာ ဖြစ်နေပေတော့မည်ဟု ကျွန်တော် တွေးကြည့်လိုက်မိသည်။ ဒီလိုဖြင့် သတ်ဖြတ်ခြင်းခံထားရတဲ့ ကျွန်တော့်ရဲ့ မနက်ဖြန်များစွာအတွင်း ကျေနပ်သာယာစွာ ရှင်သန်နေနိုင်ရန် အားထုတ်ဖို့ပဲ လိုတာပေါ့ဟု ကျွန်တော်က ဆရာ့ကိုပြောလိုက်သည်။ ဆရာက ခင်ဗျားမှာ ဒီထက်ကောင်းတဲ့ အခြားစိတ်ကူးများ ရှိသေးလားဟု ပြန်မေးဖူးသည်။ လေယာဉ်အပြင်ဘက်က မိုးသားတိမ်စိုင်များကို ကြည့်နေရင်း ဆရာ့ကို သတိရနေမိသည်။ ဆရာသည် သူ၏ အလုပ်အကိုင်၊ မိသားစု၊ အိမ်ရာအလုံးစုံကို စွန့်ပစ်ပြီး စပိန်နိုင်ငံတောင်ပိုင်းက ရွာကလေးတစ်ခုတွင် သွားရောက်နေထိုင်လေသည်။ ရာသီဥတုသာယာသောနေ့ရက်များတွင် အလကားရသောလေများကို ရှူသွင်းကာ ရှူထုတ်လိုက်သောလေများတွင် သူ့ဦးနှောက်အတွင်းက သူ သိရှိလက်ခံထားသည်များကို ထည့်လိုက်သည်ဟု ဆိုသည်။ လိုအပ်သည်ထက် ပိုမိုသိရှိထားခြင်းမှန်သမျှမှာ လူကို အန္တရာယ်ပေးနိုင်သည်များသာဖြစ်၏ဟု ဆို၏။ တစ်ချိန်တည်းမှာပင် ကျွန်တော့်မြေးမကလေးကို သတိရလိုက်မိသည်။ သုံးနှစ်ပြည့်၍ မနှစ်ကစပြီး မူကြိုတက်သည်။ သူတို့ကျောင်းတွင် အိုင်ပဒ်သုံးကြရသည်။ သူသည် ကျွန်တော့်ထက်ပိုပြီး အိုင်ပဒ် သုံးတတ်သည်။ အိုင်ပဒ်ကောင်းကောင်းသုံးတတ်အောင် သူ့ဆီက တပည့်ခံဦးမှဟု ကျွန်တော် တွေးမိသည်။ ကျွန်တော်ပြုံးလိုက်မိသည်။ ထိုအပြုံးတွင် အနှောင်အတည်းလုံးဝမပါ။ ကျေနပ်သောအပြုံးတစ်ခုသာ ဖြစ်ပါသည်။
+မြင့်သန်း+
မတ် ၂၀၁၄၊ ရွှေအမြုတေ
Posted by တေဇာ (လရောင်လမ်း)

Tuesday, August 26, 2014
==ပျက်စီးပြိုလဲ (The Fall)==
ခပ်ရိုးရိုးပဲ ၀န်ခံရမယ်ဆိုရင်တော့၊ နောင်ကြီးရေ၊ ကျွန်တော်ဟာ ဂုဏ်သိက္ခာနဲ့ အမြဲတမ်းပြည့်လျှမ်းခဲ့တဲ့ သူပါပဲ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ငါ၊ ငါ၊ ငါ ဆိုတဲ့ စကားလုံးတွေ ပဲ့တင်ထပ်ပြီး အဲဒီအသံကို ကျွန်တော်ပြောသမျှစကားသံတိုင်းမှာ ကြားနိုင်ခဲ့တာပေါ့။ ၀င့်ဝါတာလေးတစ်ခုခုမပါဘဲ ကျွန်တော့်မှာ စကားမပြောတတ်ခဲ့သလိုပါပဲ၊ အထူးသဖြင့် ကျွန်တော် ပိုင်စိုးတဲ့ ကိုယ့်ကိုယ်ကိုယ်အစိုးရစိတ်နဲ့အတူဝင့်ဝါဖို့ဆို ကျွန်တော့်မှာ ဘယ်တုန်းကမှ မနောင့်နှေးခဲ့ဘူး။ အမြဲတမ်းပဲလွတ်လွတ်လပ်လပ်နဲ့ သြဇာအာဏာပြည့်ဝစွာ ကျွန်တော် ရှင်သန်ခဲ့တာပါ။ ကျွန်တော် လုံးလုံးလျားလျား ယုံကြည်လက်ခံထားတဲ့ ထူးခြားပေါ်လွင်တဲ့ အကြောင်းရင်းတစ်ခုကြောင့်ပဲ ကျွန်တော်ဟာ ကျွန်တော်မှတစ်ပါး တခြားသောလူတွေနဲ့ ဘယ်လိုမှ သက်ဆိုင်မှုမရှိဘူးလို့ ရိုးရိုးသားသား ခံစားခဲ့ရပါတယ်။ နောင်ကြီးကို ကျွန်တော်ပြောခဲ့သလိုပေါ့၊ ဘယ်သူ့ထက်မဆို ကိုယ်ကပိုပြီး ဉာဏ်ရည်ထက်မြက်တယ်လို့ ကျွန်တော် အမြဲယူဆခဲ့တာပဲ၊ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ပိုပြီး ကျွမ်းကျင်တဲ့၊ ပိုပြီးလက်ဖြောင့်တဲ့၊ ပြိုင်ဘက်ကင်း ကားမောင်းကျွမ်းတဲ့၊ ပျိုတိုင်းကြိုက်ရတဲ့ လူအဖြစ်ကို ကိုယ့်ကိုယ်ကိုယ် ယူဆခဲ့တာပါ။ ကိုယ် အားနည်းမှန်း အလွယ်တကူ အကဲဖြတ်လို့ရတဲ့ နယ်ပယ်တွေမှာတောင်မှပဲ၊ ထားပါတော့ ကျွန်တော် ရိုက်တတ်ရုံပဲရှိတဲ့ တင်းနစ်ကစားနည်းပဲဆိုပါစို့၊ ငါသာ နည်းနည်းအချိန်ယူ လေ့ကျင့်လိုက်ရင် အကောင်းဆုံးဆိုတဲ့ ကစားသမားတွေထက် သာပြီးသားပဲလို့ မတွေးဘဲနေနိုင်ဖို့ ကျွန်တော့်အတွက်တော့ ခက်ခဲပါတယ်။ ကျွန်တော့်အတွင်းသားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရတာက အများထက်သာလွန်ထူးကဲမှုကလွဲပြီး တခြားဘာမှမရှိသလို၊ ဒီအချက်ကပဲ ကျွန်တော့်ရဲ့ စိတ်ကောင်းစေတနာနဲ့ တည်ငြိမ်အေးချမ်းမှုတွေအတွက် အကြောင်းပြချက် ဖြစ်ခဲ့ပါတယ်။ အခြားလူတွေနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံမှုဟာ၊ အလုံစုံ လွတ်လပ်စွာ၊ ကျွန်တော့်ရဲ့ အထက်စီးကကျလာတဲ့ ဂရုဏာစိတ်သက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အကျိုးခံစားခွင့် အကုန်လုံးဟာလည်း ကျွန်တော့်ဆီကိုပဲ စီးဆင်းခဲ့တယ်၊ ဆိုပါတော့ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးမြတ်စိတ်ဟာ အဆင့်တစ်ခုထိ မြင့်တက်သွားခဲ့ရတယ်ပေါ့။
အခြားသော အမှန်တရား အချို့နဲ့အတူ၊ ဒီအချက်တွေကိုလည်း နောင်ကြီးကို ကျွန်တော်ပြောခဲ့တဲ့ (လှောင်ရယ်သံကြီး ကြားခဲ့ရတဲ့) ညနေအပြီး အချိန်ကာလတွေမှာ တဖြည်းဖြည်း ကျွန်တော် သိရှိလာခဲ့ရပါတယ်။ ရှင်းရှင်းလင်းလင်းကြီး ရုတ်တရက် သိလာခဲ့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပထမအဆင့်အနေနဲ့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ဖော်ထုတ်ရပါတယ်။ တစ်ဆင့်ချင်းတက်ပြီး ကျွန်တော် ပိုမိုရှင်းလင်းစွာ သိမြင်လာပါတယ်၊ ကျွန်တော်သိတာတွေထဲက အနည်းငယ်သောအစိတ်အပိုင်းကို ကျွန်တော်သင်ယူနိုင်ခဲ့တယ် ဆိုပါတော့။ အဲဒီမတိုင်ခင်အချိန်ကအထိတော့ မေ့ပစ်နိုင်စွမ်းဆိုတဲ့ တမူထူးခြားတဲ့စွမ်းရည်က ကျွန်တော့်ကို ကူညီကာကွယ်ပေးခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ အရာရာတိုင်းကို မေ့ပစ်နိုင်တဲ့ အလေ့အကျင့်ရှိခဲ့တာပါ၊ ကျွန်တော့် သန္နိဋ္ဌာန်တွေကိုတောင်မှပဲ ကျွန်တော် မေ့ပစ်နိုင်ခဲ့ပါတယ်။ အခြေခံအားဖြင့်တော့ ဘာမှ မထူးခြားပါဘူး။ စစ်၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း၊ အချစ်၊ ဆင်းရဲမွဲတေမှု စတဲ့ အကြောင်းအရာတွေဟာ ကျွန်တော့်အာရုံကို ဖမ်းစားနိုင်ပါတယ်၊ မှန်ပါတယ် ဒါကလည်း အခြေအနေတွေက ကျွန်တော့်ကို တွန်းအားပေးတဲ့အခါမှာပေါ့။ တကယ်တော့ ဒါဟာ ယဉ်ကျေးပျူငှာတဲ့ အပေါ်ယံရွှေမှုန်ကြဲ အာရုံစူးစိုက်မှုပါ။ အကြိမ်များစွာမှာ ကျွန်တော်နေထိုင်ရာ နေ့စဉ်ဘ၀အတွက် အဆန်းတကြယ်ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ စိတ်လှုပ်ရှားချင်ယောင် ဆောင်တတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ကျွန်တော်ဟာ အဲဒါတွေနဲ့ တကယ်တမ်း ပါဝင်ပတ်သက်မှုမရှိခဲ့ပါဘူး၊ ကျွန်တော့် လွတ်လပ်ခွင့်ကို အဲဒါက နှောင်ကြိုးမတည်းဘူး ဆိုရင်ပေါ့လေ။ ကျွန်တော် ဒါကို ဘယ်လိုရှင်းပြရမလဲ။ အရာအားလုံးဟာ အပေါ်ယံလွှာတွေချည်းပဲ၊ ကျွန်တော်က အဲဒီအပေါ်ယံလွှာပေါ်မှာ လှိမ့်နေခဲ့တယ်ပဲဆိုပါတော့။
ကျွန်တော့်ကိုယ်ကျွန်တော်လည်း မျှမျှတတ ပြောခွင့်လေးတော့ပြုပါ။ တချို့အခါတွေမှာတော့ ကျွန်တော့်ရဲ့ မေ့ပစ်နိုင်စွမ်းဟာ ချီးကျူးခံထိုက်ပါတယ်။ ကိုယ့်ကို ကျူးလွန်တဲ့ ပြစ်မှုအားလုံးကို ခွင့်လွှတ်ရမယ်လို့ သင်ကြားပေးတဲ့ ဘာသာတရားကို ကိုးကွယ်တဲ့လူတွေရှိတယ်ဆိုတာ နောင်ကြီးလည်း သတိပြုမိမှာပါ။ ဒါပေမဲ့ အဲဒီပြစ်မှုတွေကို မမေ့ဘဲနဲ့တော့ ဘယ်သူကများ တကယ်တမ်းမှာ ခွင့်လွှတ်နိုင်မတဲ့လဲ။ ကိုယ့်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကို ခွင့်လွှတ်နိုင်လောက်အောင် ကျွန်တော့် စိတ်ရင်းမကောင်းလှပေမယ့်၊ နောက်ဆုံးတော့လည်း အဲဒါတွေကို အမြဲတမ်း ကျွန်တော် မေ့သွားခဲ့တာပါပဲ။ ကျွန်တော်က သူ့ကို မုန်းနေတယ်လို့ ထင်တဲ့လူတစ်ဦးဟာ ကျွန်တော်က ခပ်ပြုံးပြုံးလေးလုပ်ပြီး ကျွန်တော့်ဦးထုပ်နဲ့ သူ့ကို တို့ထိလိုက်တဲ့ အပြုအမူကို တင်းခံနိုင်လောက်အောင် မမာကျောပါဘူး။ သူ့ဆီမှာရှိတဲ့ လူသားသဘာဝအရ အဲဒီနောက်မှာတော့ ကျွန်တော့်ရဲ့ သဘောထားကြီးရင့်မှုကို သူက အလေးအမြတ်ပြုပါလိမ့်မယ်၊ ဒါမှမဟုတ်လည်း ကျွန်တော့်ရဲ့ မဖွယ်မရာအပြုအမူအတွက် ငြူစူမိမယ်ပေါ့။ ဒါတွေအတွက် ကျွန်တော့်နောက်ကွယ်က တကယ့်အကြောင်းရင်းဟာ ဒီထက်ပိုမိုရိုးစင်းမှန်း သူမသိလို့ ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့က သူဘယ်သူလဲအသာထား သူ့ရဲ့ နာမည်ကိုတောင် မေ့သွားခဲ့ပြီကိုး။ ဒီလိုအဖြစ်အပျက်မျိုးတွေမှာတော့၊ ကျွန်တော့်ကို ခံစားချက်ကင်းမဲ့သူ၊ ဒါမှမဟုတ် ကျေးဇူးမသိတတ်သူဖြစ်အောင် မကြာခဏလုပ်တတ်တဲ့ အဲဒီ (မေ့ပစ်နိုင်စွမ်းဆိုတဲ့) နာတာရှည်အားနည်းချက်ကပဲ ရန်သူကိုတောင် မေတ္တာထားနိုင်တဲ့ ခန္ဓီပါရမီရှင်ကြီးတစ်ဦးဖြစ်အောင် ကျွန်တော့်ကို လုပ်ပေးခဲ့ပြန်တာပေါ့။
ဒါကြောင့်ပဲ ငါ၊ ငါ၊ ငါ ဆိုတာမှတစ်ပါး တခြားဘာကရိကထမှပါဘဲ ကျွန်တော်ဟာ တစ်နေ့ချင်းစီကို ရှင်သန်ဖြတ်သန်းခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး မနက်ဖြန်ဆိုတဲ့ အတွေးမရှိဘဲ၊ ကုသိုလ်အကုသိုလ်တွေနဲ့ပတ်သက်ပြီး မနက်ဖြန်ဆိုတဲ့အတွေးမရှိဘဲ တစ်နေ့ချင်းအတွက်စီပဲ ရှင်သန်နေထိုင်တဲ့၊ ဆိုပါစို့ ခွေးတွေလိုမျိုးပေါ့။ ဒါပေမဲ့ နေ့တွေတိုင်းကတော့ ကျွန်တော့်ကို ကျွန်တော်ရှိနေရမယ့် အဆင့်မှာပဲ သေချာခိုင်မြဲစေခဲ့ပါတယ်။ ဒီတော့လည်း ပြောရမယ်ဆိုရင် ဘ၀ရဲ့အပေါ်ယံမျက်နှာပြင်မှာ ကျွန်တော်ဟာ တိုးတက်ထွန်းကားနေခဲ့တယ်ပေါ့၊ ဒါဟာ ဝေါဟာရတွေရဲ့ နယ်နိမိတ်အတွင်းမှာပါပဲ၊ တကယ့်အစစ်အမှန်တော့ ဘယ်ဟုတ်လိမ့်မလဲ။ ကျွန်တော် အပေါ်ယံလေးရှပ်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ အပေါ်ယံလေးချစ်ခဲ့တဲ့ မိတ်ဆွေတွေ၊ အပေါ်ယံလေး လည်ပတ်ခဲ့တဲ့ မြို့တော်တွေ၊ အပေါ်ယံလေးပိုင်ဆိုင်ခဲ့တဲ့ အမျိုးသမီးတွေပေါ့။ မောဟနဲ့ ငြီးငွေ့ပျံလွင့်မှုတို့က ထွက်ပေါ်လာတဲ့ အပြုအမူနေတွေနဲ့ပဲ ကျွန်တော် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ အဲဒီထဲကို လူသားတွေဆိုက်ရောက်လာတော့ သူတို့ဟာ တစ်ခုခုကို တွယ်ကပ်ထားချင်ကြတယ်၊ ဒါပေမဲ့ တွယ်ကပ်ထားစရာက ဘာတစ်ခုမှမှ မရှိဘဲ၊ ဒါဟာ အကြောင်းမလှတဲ့ အဖြစ်ပါပဲ။ သူတို့အတွက်ပေါ့လေ။ ကျွန်တော့်အတွက်တော့ ကျွန်တော်က မေ့သွားရုံပဲ။ ကျွန်တော့်အကြောင်းသက်သက်ကလွဲလို့ တခြားဘာတစ်ခုကိုမှ ကျွန်တော် သတိမရခဲ့ပါဘူး။
ဒါပေမဲ့လည်း တဖြေးဖြေးနဲ့ ကျွန်တော့်မှတ်ဉာဏ်တွေဟာ ကျွန်တော့်ဆီပြန်ရောက်လာတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်က သူတို့ဆီ ပြန်ရောက်သွားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့အထဲမှာ ကျွန်တော့်အတွက်စောင့်ကြိုနေတဲ့ ပြန်လည်အမှတ်ရခြင်းတွေကို ကျွန်တော် ပြန်တွေ့ရှိခဲ့ရတယ်ပေါ့။ ဒီအကြောင်းလေး မပြောပြခင်တော့၊ နောင်ကြီးရေ၊ သာဓကအဖြစ်အပျက်လေး တချို့လောက်တော့ မျှဝေခွင့်ပြုပါဦး။ (ဒါတွေက အသုံးတည့်မယ်လို့ ကျွန်တော် အာမခံပါရဲ့) ဒါတွေဟာ ကျွန်တော့် (မှတ်ဉာဏ်ထဲကို) စူးစမ်းရှာဖွေမှုလမ်းကြောင်းတစ်လျှောက် ကျွန်တော် ရှာတွေ့ခဲ့တဲ့ အကြောင်းအရာတွေပဲ။
တစ်နေ့မှာတော့ မီးပွိုင့်စိမ်းသွားတဲ့အချိန် ကျွန်တော့်ကားဟာ ထွက်ခွာဖို့ အနည်းငယ်နှေးကွေးသွားစဉ်မှာပဲ ကျွန်တော်တို့ရဲ့ စိတ်ရှည်သည်းခံတတ်တဲ့ မြို့ကြီးသားတွေဟာ ကျွန်တော့်နောက်ကနေ ကားဟွန်းတွေကို ဒေါသတကြီးတီးနေတာ ကြားလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ မနှီးရိုးစွဲ အဖြစ်အပျက်တစ်ခု ကျွန်တော့်ခေါင်းထဲကို ဖျပ်ကနဲ ပြန်ဝင်ရောက်လာတယ်။ ဘောင်းဘီတိုဝတ်ပြီး၊ မျက်မှန်တပ်ထားတဲ့ လူဖလံလေးတစ်ဦး စီးလာတဲ့ ဆိုင်ကယ်တစ်စီးဟာ ကျွန်တော့်ကားနံဘေးက ပတ်ပြီး မီးနီနေတဲ့ မီးပွိုင့်မှာ ကျွန်တော့်ရှေ့က ပိတ်ရပ်သွားခဲ့တယ်။ ဆိုင်ကယ်ကိုရပ်လိုက်စဉ်မှာပဲ ငနဲလေးဟာ စက်ကိုပါသတ်လိုက်ပြီး တစ်ချောက်ချောက်နဲ့ ပြန်နှိုးလို့မရ ဖြစ်နေပါတော့တယ်။ မီးပွိုင့်အရောင်ပြောင်းသွားတဲ့အချိန်မှာ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ရှိရင်းစွဲ ဖော်ရွေပျူငှာမှုနဲ့အတူ ကျွန်တော် ဖြတ်သွားလို့ရအောင် သူ့ရဲ့ မော်တော်ဆိုင်ကယ်ကို ဘေးနည်းနည်းကပ်ပေးနိုင်မလားလို့ ပြောလိုက်ပါတယ်။ ငနဲလေးဟာ သူ့ရဲ့ ဖွတ်ချက်ဖွတ်ချက် ဆိုင်ကယ်ကြောင့် အတော်လေး အစာမကြေဖြစ်နေတယ်။ ဒီတော့လည်း ပါရီသားတွေရဲ့ ယဉ်ကျေးမှုထုံးစံနဲ့အညီ၊ မိုးပျံဂီယာထိုးပြီး ကျော်သွားပါလားလို့ သူက ကျွန်တော့်ကို တုံ့ပြန်လေရဲ့။ ကျွန်တော်ကလည်း ဖယ်ပေးဖို့ကို ထပ်ပြောရပြန်တာပေါ့၊ ဒီတစ်ကြိမ်မှာလည်း ယဉ်ကျေးနေသေးတယ်ဆိုပေမယ့် စိတ်မရှည်တဲ့လေသံလေး အနည်းငယ်တော့ ပါသွားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ၊ သွားသေလိုက်ပါလားလို့ ပြစ်ပြစ်နှစ်နှစ်ကြီး ကျွန်တော် အပြောခံလိုက်ရပါတယ်။ အဲဒီအချိန်တော့ ကျွန်တော့်နောက်က ကားဟွန်းသံတွေ အတော်လေး ဆူညံနေပါပြီ။ ကျွန်တော်ကတော့ သမာဓိတည်တည်နဲ့ပဲ၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုဖို့နဲ့ သူ့ကြောင့် လမ်းပိတ်နေတယ်ဆိုတာ သတိပြုဖို့ ပြောပါတယ်။ သူ့ဆိုင်ကယ်ကို စိတ်မရှည်တာကြောင့် ယမ်းပုံမီးကျနေပြီဖြစ်တဲ့ ဒေါသအိုးက၊ သူ့အခေါ်အရတော့ ဆော်ပလော်အတီးခံချင်တယ်ဆိုရင် သူက ၀မ်းသာအားရ ကူညီပေးမယ်ဆို့ ဆိုလာပါတယ်။ ကျွန်တော့်ဆီမှာလည်း ဒေါသက အားကောင်းမောင်းသန် ထကြွလာပြီး ပါးရွဲ့မှတော့နားရွဲ့ရတော့မှာပဲ၊ ဒီလောက်အာချောင်တဲ့ကောင်ကို တီးပစ်ရမယ်ဆိုတဲ့ အတွေးနဲ့ ကားထဲက ထွက်လိုက်ပါတယ်။ ကျွန်တော်ဟာ ကျွန်တော်ရန်ဖြစ်ရမယ့်လူထက် ခေါင်းတစ်လုံးမြင့်ပြီး ကျွန်တော့်ကြွက်သားတွေကလည်း အကောင်းဆုံးအခြေအနေမှာ ရှိနေခဲ့တာဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် သူရဲဘောကြောင်တယ်လို့တော့ မထင်မိပါဘူး (ဒါပေမဲ့ အခြားတစ်ယောက်ကရော အဲဒီလို မထင်ဘူးတဲ့လား)။ သူများကို ဆော်ပလော်တီးလိုက်တာထက် ကိုယ်က ဆော်ပလော်တီးခံလိုက်ရတယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပဲ။ ကျွန်တော် ခြေတစ်လှမ်းတောင် မလှမ်းလိုက်ရသေးဘူး၊ လူအုပ်ထဲက တစ်ယောက် ထွက်ချလာပြီး ကျွန်တော့်ဆီပြေးလာတယ်၊ ကျွန်တော်ဟာ အရှက်မရှိတဲ့ကောင်ပဲ၊ ဆိုင်ကယ်ကိုခွထားလို့ အဆင်သင့်မဖြစ်တဲ့လူတစ်ယောက်ကို ကျွန်တော် ထိုးခွင့်မရှိဘူးလို့ ပြောပါလေရော။ ကျွန်တော်လည်း အဲဒီစစ်သားလိုလိုလူဘက်ကို လှည့်လိုက်ပေမယ့် အမှန်တော့ သူ့ကို ကျွန်တော် မြင်တောင်မမြင်လိုက်ပါဘူး။ တကယ်ဖြစ်သွားခဲ့တာက၊ ဆိုင်ကယ်စက်နိုးသွားသံ ကျွန်တော့်နားထဲကို စူးစူးဝါးဝါးဝင်သွားတဲ့တစ်ချိန်တည်းမှာ ကျွန်တော့် ခေါင်းကိုလှည့်မပစ်နိုင်တော့ဘူး။ ဘာတွေဖြစ်ပျက်သွားလဲ ကျွန်တော် မဝေခွဲနိုင်ခင်မှာပဲ မော်တော်ဆိုင်ကယ်က မောင်းထွက်သွားခဲ့ပြီ။ စိတ်ထဲမှာနောက်ကျိကျိနဲ့ ကားဆီကို ကျွန်တော်စက်ရုပ်တစ်ရုပ်လို ပြန်လျှောက်လာတဲ့ တစ်ချိန်တည်းမှာ မော်တော်ယာဉ်တန်းရှည်ကြီးဆီက ကားဟွန်းသံတွေ ယမ်းပုံမီးကျ ပြိုကျလာခဲ့တယ်။ မီးက စိမ်းသွားပြီး။ အဲဒီနောက်မှာတော့ ဝေခွဲမရဖြစ်နေရင်းပဲ၊ ကျွန်တော့်ကို စော်ကားသွားတဲ့ ခပ်တိမ်တိမ်ကောင်ကို ပညာပေးရမယ့်အစား ကျွန်တော့်ကားဆီပဲ ရိုရိုကျိုးကျိုး ပြန်လာပြီး စက်ကိုနှိုး လိုက်မိပါတယ်။ အဲဒီ ခပ်တိမ်တိမ်ကောင်ကို ကျွန်တော်ဖြတ်မောင်းလာချိန်မှာပဲ သူက ကျွန်တော့်ကို လှမ်းပြောလိုက်သံကြားရတယ်၊ "စောက်ချိုးမပြေတဲ့ကောင်" တဲ့။ အဲဒီစကားသံကို ကျွန်တော် အမှတ်ရနေတုန်းပဲ။
ဘာမှ ထူးထူးခြားခြားမရှိလှတဲ့ဇာတ်လမ်းလို့ ခင်ဗျားထင်တယ်မဟုတ်လား။ ဖြစ်နိုင်ပါပေရဲ့။ ဒါနဲ့တောင် အဲဒီအဖြစ်ပျက် မေ့ပစ်ဖို့ ကျွန်တော့်မှာ အတော်အချိန်ယူခဲ့ရပါတယ်၊ အဲဒါ ကျွန်တော် ပြောချင်နေတဲ့ အချက်ပဲ။ ကျွန်တော် အယူခံဝင်နိုင်စရာစကားတွေ ရှိနေတုန်းပဲလေ။ ကျွန်တော်ဟာ ဘာမှပြန်မပြောဘဲ အထုအထောင်းခံရဖို့ ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုခဲ့တယ်၊ ဒါပေမဲ့ သူရဲဘောကြောင်သူလို့တော့ ကျွန်တော် အစွပ်စွဲမခံနိုင်ဘူး။ နှစ်ဖက်စလုံးက ကျွန်တော့်ကို ၀ိုင်းပြောနေတာကို အံအားတကြီး ခံလိုက်ရတယ်၊ ကျွန်တော့်မှာ သူတို့ ဘယ်သူတွေမှန်းလဲ သေသေချာချာမသိဘဲ စိတ်ရှုပ်ထွေးနေခဲ့တဲ့အချိန်မှာ ကားဟွန်းသံတွေ ထွက်လာတော့ ကျွန်တော့်ရဲ့ ရှက်စိတ်ကို အဆုံးစွန်ထိ ရောက်သွားစေတော့တာပေါ့။ ဒါနဲ့တောင်၊ ဂုဏ်သိက္ခာအရ ထိန်းရမယ့်စံနှုန်းတွေကို ချိုးဖောက်မိတဲ့လူလို ကျွန်တော် စိတ်မသာမယာ ဖြစ်ရပါတယ်။ တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုနိုင်ဘဲ ကားထဲပြန်ဝင်နေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တွေ့နေရတယ်၊ လူအုပ်ကြီးဆီက မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းတွေအောက်မှာပေါ့။ အဲဒီမျက်ဝန်းတွေမှာလည်း ပျော်ရွှင်မစ္ဆရိယတွေ စွန်းထင်းနေပါသေးတယ်၊ ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကျွန်တော်အဲဒီအချိန်က ၀တ်ထားခဲ့တဲ့ အပျံစား အပြာရောင်ဝတ်စုံကြောင့်ဖြစ်မှာပါ။ "စောက်ချိုးမပြေတဲ့ကောင်" ဆိုတာကို ကျွန်တော် ကြားရတယ်၊ အံ့သြစရာကောင်းတာက အဲဒီစကားလုံးဟာ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်အတွက်သင့်လျော်တဲ့စကားလုံးလို့ တွေးမိလိုက်တာပဲ။ ချုပ်ရရင်တော့ ကျွန်တော်ဟာ လူပုံအလယ်မှာ ပြိုလဲခဲ့ရတယ်ပေါ့။ သေချာအောင်ပြောရရင်တော့ (ကျွန်တော့်ရဲ့ ငွေကြေးအခြေအနေအပါအ၀င်) ၀န်းကျင်အနေအထားပေါင်းများစွာရဲ့ မီးခိုးကြွက်လျှောက် အကျိုးဆက်ပေါ့၊ ဒါပေမဲ့ ကိုယ်ကြုံတွေ့ရမယ့် ၀န်းကျင်အနေအထားတွေကတော့ ရှောင်လွှဲမရအောင် အမြဲတမ်းရှိနေတာပဲလေ။ အေးအေးဆေးဆေး ပြန်တွေးကြည့်တဲ့အခါမှာတော့ ကျွန်တော် ဘာလုပ်ခဲ့သင့်သလဲဆိုတာ ရှင်းရှင်းကြီး မြင်လာပါတယ်။ မေးရိုးပေါ် ချက်ကောင်းကောင်း တုတ်နဲ့အရိုက်ခံရပြီး ကျွန်တော် လဲကျသွားမယ်၊ ကျွန်တော့် ကားထဲ ပြန်သွားပြီး၊ ကျွန်တော့်ကို ဆော်သွားတဲ့ မျောက်နောက်ကို ထပ်ကြပ်မကွာလိုက်မယ်၊ သင်းရဲ့ ဆိုင်ကယ်အစုတ်ကို ပလက်ဖောင်းကြားထဲ ကျွန်တော့်ကားနဲ့ အမိအရညှပ်ပစ်မယ်၊ ပြီးတော့မှ ဂုတ်ကဆွဲယူပြီး သင်းနဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပေးဖို့ပဲလေ၊ အဲဒီလိုလုပ်နေတဲ့ ကျွန်တော့်ကိုယ်ကိုယ် ပြန်မြင်နေရတယ်။ ဇာတ်လမ်းပုံစံလေးတွေ မဆိုသလောက် ကွဲနိုင်ပေမယ့် အဲဒီငနဲသားလေးကို ကျွန်တော့်စိတ်ကူးထဲမှာ ကားနဲ့ဖြတ်တိုက်ခဲ့တာ အကြိမ်တစ်ရာဘယ်ကလိမ့်မလဲ။ ဒါပေမဲ့ သိပ်နောက်ကျသွားပြီလေ၊ ကျွန်တော့်မှာ ဗျာပါဒဖိစီးပြီး အံတကြိတ်ကြိတ်နဲ့ နေ့ပေါင်းများစွာကြာခဲ့ရတယ်။
ဘာလို့လဲ၊ မိုးရွာနေပြန်ပြီလား။ ကျွန်တော်တို့ ခဏနားကြမလား၊ ဟိုက ဆင်ဝင်အောက်မှာလေ။ ကောင်းပါပြီ။ ဒါနဲ့ ကျွန်တော် ပြောနေတာ ဘယ်ရောက်သွားပြီလဲ။ သြော် ဟုတ်ပြီ၊ ဂုဏ်သိက္ခာ။ ဒီလိုနဲ့ အဲဒီဇာတ်ကွက်လေးကို ပြန်လည်အမှတ်ရမှုတွေ ကျွန်တော်ရှာတွေ့တဲ့အချိန်မှာ၊ ဒါ ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော် သိလာရပါတယ်။ တကယ်တော့လည်း ကျွန်တော့် အိပ်မက်ဟာ အချက်အလက်တွေလိုတော့ မခိုင်မာပေဘူးပေါ့။ အခုတော့ ရှင်းသွားပြီလေ၊ ကျွန်တော် အိပ်မက်မက်ခဲ့မိတယ်၊ ကိုယ်ကျွမ်းကျင်ရာ သက်မွေးမှုမှာရော၊ ပုဂ္ဂိုလ်ရေးမှာပါ လူအများလေးစားဦးညွတ်ရတဲ့ လုံးဝပြည့်စုံတဲ့ လူသားတစ်ဦးဖြစ်အောင် လုပ်ဆောင်ဖို့ ကျွန်တော် အိပ်မက်မက်ခဲ့မိတယ်လေ။ ဆာဒန်တစ်ဝက်၊ သမ္မတဒီဂေါ်လ်တစ်ဝက် လူသားလို့ ပြောပေါ့။ ချုပ်ရရင်တော့ ကျွန်တော်က အရာအားလုံးကို လွှမ်းမိုးချင်ခဲ့တာပဲ။ ဒါကြောင့်ပဲ ကျွန်တော် လေဖမ်းဒန်းစီးခဲ့တာပဲ၊ ကျွန်တော့်ရဲ့ ဉာဏ်ရည်ပါရမီအစား၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုပဲ အများမြင်သာအောင်ပြသ၀င့်ဝါတဲ့ အလုပ်ကို အမှတ်တစ်ခုထိရောက်အောင် ပြုလုပ်ခဲ့ရင်းနဲ့ပေါ့။ အများသူငါမြင်ကွင်းမှာ ပြန်လည်ချေပနိုင်ခြင်းမရှိပဲ ပိတ်မိခံခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ အဲဒီ စံနမူနာကိုယ်ရေးရုပ်ပုံလွှာကို အပွန့်အပဲမခံဘဲ မြင်ကြည့်ဖို့ ဘယ်ဖြစ်နိုင်တော့ပါ့မလဲ။ ကျွန်တော် ကြွေးကြော်ခဲ့သလို၊ ကျွန်တော်ဟာ အမှန်တရားနဲ့ ဉာဏ်ပညာတို့ရဲ့ အသိမိတ်ဆွေသာဆို အဲဒီဇာတ်ကွက်လေးဟာ ကျွန်တော့်အတွက် ဘာများအရေးကြီးပါ့မလဲ။ အဲဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ရှိခဲ့သူတွေတောင် မေ့သွားလောက်ကြပြီပဲ။ ဘာမဟုတ်တာလေးတစ်ခုကို ဒေါသထွက်မိပြီး၊ အဲဒီ ဘာမဟုတ်တာလေးကြောင့်ပဲ ဒေါသထွက်ခံခဲ့ရပြီး၊ ကျွန်တော့်ဒေါသရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပြီး၊ တည်ငြိမ်အေးချမ်းသူတစ်ဦးလည်း ဖြစ်ချင်နေသေးတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်နေရုံပဲ။ ဒီလိုဖြစ်ရမယ့်အစား၊ ကျွန်တော်ကတော့ လက်စားချေဖို့ပဲ စိတ်အားထက်သန်နေပြီး၊ ထိုးမယ်နှက်မယ် အောင်ပွဲခံမယ်လို့ချည်း တွေးနေခဲ့မိတာ။ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ဆန္ဒဟာ ကမ္ဘာပေါ်မှာ သဘောအကောင်းဆုံး၊ ဉာဏ်ရည်အမြင့်ဆုံးသတ္တ၀ါတစ်ကောင်ဖြစ်ဖို့ မဟုတ်တော့ဘဲ၊ ကျွန်တော်စိတ်မထင်တဲ့လူကို အနိုင်ယူပြီး၊ ကျောက်ခေတ်ကလူပြိန်းတွေရဲ့နည်းနဲ့ ပိုမိုသန်မာသူတစ်ဦးဖြစ်လာအောင် လုပ်ဖို့လို ဖြစ်နေပါတော့တယ်။
အမှန်တော့၊ နောင်ကြီး သိတဲ့အတိုင်းပါပဲ၊ ဉာဏ်ရည်ရှိတဲ့လူသားတိုင်းဟာ ဂိုဏ်းစတားတစ်ယောက်ဖြစ်အောင်လုပ်ပြီး လူ့အဖွဲ့အစည်းကို အင်အားချည်းသက်သက် ကြီးစိုးဖို့ အိပ်မက်မက်တတ်ကြတာပဲ။ ဒါပေမဲ့လည်း ဒီလိုလုပ်ဖို့က စုံထောက်ဝတ္ထုတွေထဲမှာလို မလွယ်တော့၊ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် နိုင်ငံရေးကိုပဲ အားကိုးပြီး အရက်စက်ဆုံးပါတီတစ်ခုကို အပြေးအလွှားဝင်ရောက်တော့တာပဲ။ ဒါတွေအားလုံးဟာ တကယ်တော့ ဘာများအရေးပါလို့လဲ၊ ထားပါတော့ လူတစ်ယောက်ရဲ့ စိတ်သန္တာန်ကို အရှက်ခွဲလိုက်ရုံနဲ့ လူတိုင်းကို လွှမ်းမိုးချုပ်ကိုင်ဖို့ရာ အောင်မြင်သွားပြီလား။ ဖိနှိပ်ချုပ်ချယ်မှုဆိုတဲ့ ပျားရည်ဆမ်းအိပ်မက်တွေပဲ ကျွန်တော့်အတွင်းသားထဲမှာ ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
+တေဇာ (လရောင်လမ်း)+
The Fall by Albert Camus, page 37-42 ကို ထုတ်နုတ်ပြီး ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: www.inlog.org
+တေဇာ (လရောင်လမ်း)+
The Fall by Albert Camus, page 37-42 ကို ထုတ်နုတ်ပြီး ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: www.inlog.org
Labels:
ဘာသာပြန် ဝတ္ထုတို
Monday, August 25, 2014
==မိကျောင်းတစ်ကောင်ရဲ့မျက်ရည်==
ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?
အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။
ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။
ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။
ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။
အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။
ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲတိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။ အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွှတ်နိုင်ရသတဲ့...
ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ... အမေ!
ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာကသိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့မနက်စာဖြစ်တယ်။
ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။
ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ "စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်" လို့ တွေးနေမိတယ်။
ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကိုမေးတယ်။
"သူဒီလောက် ငယ်တာ... သူ့မေမေရော?"
ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။
အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင်ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ? ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။ မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။ တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကနေကျွန်မခွါခိုင်းတယ်။ ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။ အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့တယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်ထဲ တောထဲပြောင်းရွေ့သွားကြပြီ။ အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။ မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။ ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။ ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။ ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး... ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ.။
...... မူရင်းလင့်-- http://book.qq.com/s/book/0/10/10929/47.shtml
+နိုင်းနိုင်းစနေ +

Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)