ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဟာသအက်ဆေး. Show all posts
Showing posts with label ဟာသအက်ဆေး. Show all posts

Thursday, February 9, 2012

ဆံပင်ညှိခြင်း (မင်းလူ)


ဆံပင်ညှပ်ခြင်းကိစ္စသည် မြန်မာ့သမိုင်းမှာ အလွန်ကြီးကျယ်သော
အပြောင်းအလဲကြီးတစ်ခုအတွက် အစပျိုးပေးခဲ့ သည်ဟု ဆိုကောင်း
ဆိုနိုင်လိမ့်မည်ထင်၏။

ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံကြီး ပြိုကွဲပြီးနောက် တိုင်းပြည်မှာ
အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူတလူ ငါတမင်း ကိုယ့်ဒေသ
ကိုယ်အုပ်ချုပ်ရင်း အင်အားစုဆောင်းနေကြသည်။ အင်းဝဘုရင်မှာ
နာမည်ခံလောက်သာရှိ၏။ သြဇာအာဏာ မရှိ။

ထိုအချိန်တွင် အောက်မြန်မာပြည်ရှိ ဟံသာဝတီနိုင်ငံသည် တဖြည်းဖြည်း
အင်အားတောင့်တင်းလာသည်။ အထက်ဘက်ကို နယ်ပယ်ချဲ့ထွင်လာခဲ့ရာ နောက်ဆုံးမင်း
အင်းဝနေပြည်တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမျှ မကသေး
အင်းဝနန်းတွင်းမှာ ဟံသာဝတီဓလေ့ထုံးစံများကို ကျင့်သုံးစေသည်။
ဝတ်စားဆင်ယင်မှုသာမက ဆံပင်ကိုပါ ဟံသာဝတီပုံစံ ဖြတ်စေသည်။ ဒါကို
ဟံသာဝတီဇာတ်သွင်းသည်ဟု ခေါ် ဆိုကြသည်။

ထိုကာလက အထက်အညာဒေသရှိ မြန်မာတို့အတွက် ဆံပင်ဆိုသည်မှာ
အထွတ်အမြတ်ထားသောအရာဖြစ်၏။ ဆံပင်ကို ဖြတ်ဖို့မဆိုထား နဲ့
သူတစ်ပါးကလာပြီးထိတာ၊ ကိုင်တာ၊ ဆွဲတာကိုပင် စော်ကားသည်ဟု ယူဆကြသည်။
မြန်မာဘုရင်တွေဆိုလျှင် သူ့တို့ဆံပင်ကို မိဖုရားခေါင်ကြီးကလွှဲပြီး
ဘယ်သူ့ကိုမျှ ထိခွင့်ကိုင်ခွင့်မပေးတာမျိုးတောင် ရှိသည်။

ဒီလို အစွဲရှိသောအချိန်မျိုးမှာ ဆံပင်အဖြတ်ခံရခြင်းသည်
အလွန်ခံပြင်းစရာပင်ဖြစ်၏။ ဒီထဲမှာ မကျေနိုင် မချမ်းနိုင်
အဖြစ်ဆုံးလူကတော့ ရွှေဘိုနယ်ဘက်မှာ အင်အားစုဆောင်းနေသူ ဦးအောင်ဇေယျ
(နောင်အလောင်းဘုရား) ပင်ဖြစ် လေသည်။ ဆံပင်အဖြတ်ခံရသောကိစ္စသည် အင်းဝကို
မရရအောင် တိုက်ခိုက်သိမ်းပိုက်မှဖြစ်မည်ဆိုသော သူ၏ သန္နိဋ္ဌာန်ကိုပို၍
ခိုင်မာစေတော့သည်။ ဒါတွင်မက မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးသောအခါ
ဟံသာဝတီနိုင်ငံတော် ကို ရာသက်ပန် အပြီးတိုင်ဖျက်သိမ်းပစ်လိုက်လေတော့သည်။

အလောင်းမင်းတရားကြီးသည် ဆံပင်ပြဿနာကြောင့် တတိယမြန်မာနိုင်ငံတော်ကြီးကို
တည်ထောင်တော်မူသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့တိုင်အောင် ထိုကိစ္စသည်
သူ့ရင်ထဲမှာ စူးတစ်ချောင်းစိုက်ဝင်နေသလို မြက်ခနဲ မြက်ခနဲ
နာကျင်ခံစားနေခဲ့မှာတော့ သေချာသည်။

x x x

အနောက်နိုင်ငံသားတွေကတော့ ဆံပင်ကို သိပ်တန်ဖိုးမထားကြပုံမရ။
မြင့်မြတ်သည်ဟု ယူဆပုံလည်းမပေါ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တဲ့အခါ
အားပေးနှစ်သိမ့်တဲ့အခါ ခေါင်းကိုပုတ်၊ ဆံပင်တွေကိုလက်ချောင်းနဲ့ ထိုးဖွ
လုပ်ချင်လုပ်တတ်သည်။ သူတို့အဖို့တော့ ဆံပင်ဆိုတာ ရှည်လေရှုပ်လေ၊
အနှောင့်အယှက်ဖြစ်လေဟု သဘောထားဟန်တူသည်။ ရှေးရောမ ခေါမခေတ်တုန်းကတည်းက
(ဘာဘေရီးယန်း ခေါ် လူရိုင်းတွေကလွှဲ၍) ဆံပင်ကို ခပ်တိုတိုထားတတ်ကြသည်။

ကျောက်ခတ်တုန်းက ဆံပင်တွေရှည်လာလျှင် ကျောက်တုံးပေါ်မှာ
ဆံပင်တွေဖြန့်တင်ပြီး ကျောက်ပုဆိန်နဲ့ထုပြီး ဖြတ်မည်။ ကြေးခတ်
သံခေတ်ကျတော့ ဓားနှင့်ဖြတ်မည်။ ကတ်ကြေးပေါ်လာတော့ ဖြတ်ရညှပ်ရတာပိုပြီး
အဆင်ပြေ လာမည်။ စက်ကတ်ကြေးကိုထွင်နိုင်လာတဲ့ အခါမှာတော့
ခုခေတ်ပုံမျိုးဖြစ်လာမည်။ ပုံဆန်းတွေ ထပ်ထွင်လာနိုင်မည်။

မြန်မာနိုင်ငံမှာ ဆံပင်အတိုညှပ်တဲ့အလေ့အထက အင်္ဂလိပ်လက်အောက်ရောက်ပြီးမှ
ထွန်းကားလာခြင်းဖြစ်၏။ အစပိုင်းမှာတော့ အင်္ဂလိပ်အစိုးရလက်အောက်မှာ
အမှုထမ်းသူတွေသာ ညပ်ကြခြင်းဖြစ်ပုံရသည်။ အလုပ်သဘောမို့ မတတ်သာလို့
ညပ်ရသူတွေလည်းပါမည်။ အထက်လူကြီးဆီက မျက်နှာကောင်းရချင်လို့၊
သခင်ကိုဖားချင်လို့ ကိုယ်ကျိုးစီးပွားအတွက် အထောက်အကူပြုလို့
ညှပ်သူတွေလည်း ရှိနိုင်သည်။ ဘိုတွေညှပ်တဲ့ ပုံစံဖြစ်ကြောင့် “ဘိုကေ”
ဟုခေါ်ကြသည်။

မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော လူကြီးတွေက ရောင်ထုံးကိုမပယ်ဘဲ
ဆက်ပြီးထားကြသည်။ လူငယ်တွေကတော့ ဘိုကေမှ ခေတ်မီတယ်ဟုယူဆပြီး
ဆံပင်ညှပ်ခြင်းအလေ့အထ ထွန်းကားပြန့်ပွားလာခဲ့တာ အခုထိပဲ။

(အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့ခြင်းမှာ ဆံပင်ညှပ်ခံရတာကိုအသည်းနာပြီး
ခံပြင်းလှသောကြောင့်မဟုတ်။ လွတ်လပ်ရေးလိုချင်လို့သာဖြစ်၏။)

x x x

ကျွန်တော်တို့ ငယ်ငယ်က နှစ်ပတ်တစ်ခါ ဆံပင်ညပ်ကြရသည်။
ခုခေတ်အမြင်နဲ့ဆိုလျှင်တော့ ရယ်စရာ ဖြစ်ကောင်း ဖြစ်မည်။ ဆယ့်လေး
ရက်အတွင်းမှာ ဆံပင်က ဘယ်လောက်ရှည်မှာ မို့လို့လဲ။ သို့ရာတွင်
ကြီးတော်ကြီးရဲ့ အစီအမံ အတိုင်း လိုက်နာကြရသည်။ တစ်ပတ်ခြားတစ်ခါ
တနင်္ဂနွေနေ့ဆိုလျှင် ဆံပင်ညှပ်ဆရာကြီးက အိမ်ကိုလာသည်။ ကျွန်တော်တို့
ညီအစ်ကိုတစ်တွေ တန်းစီပြီး တလှည့်စီညှပ်ရသည်။

တနင်္ဂနွေဆိုတာ ဆော့လို့အကောင်းဆုံး နေ့လေ။ အိပ်ရာနိုးတဲ့အချိန်ကစပြီး
ညနေမှောင်ရီပျိုးတဲ့အထိ အသားကုန် ကစားကြတာ။ ထမင်းစားဖို့တောင်
အိမ်ကလိုက်ရှာပြီး ခေါ်ယူရသည်။ (ကျူရှင်တွေ ဘာတွေလည်း သွားစရာမလို။
ကျွန်တော်တို့ငယ်ငယ်က ကျူရှင်ဆိုတာ စာညံ့တဲ့ကောင်တွေမှယူရတာမို့
ရှက်စရာကောင်းတယ်လို့ ထင်ကြတာ။)

ဆော့လို့ကောင်းတုန်း ဆံပင်ညှပ်ဖို့လာခေါ်တော့ အတော်စိတ်ညစ်ရသည်။
ဂျင်ပေါက်တာ၊ ဂေါ်လီရိုက်တာ၊ ပိုလို ကားထပ်တာမျိုးဆိုရင် ပိုဆိုးသည်။
ကစားဝိုင်းက နည်းနည်းမှမခွာချင်။ သေးပေါက်ချင်လျှင်တောင် အနီးအနားမှာပဲ
ဆော်ထည့်လိုက်တာ၊ ဒါတောင် လှည့်ကြည့် လှည့်ကြည့်နဲ့။

ညှပ်ရတဲ့ပုံစံကတော့ နောက်နှင့်ဘေးနှစ်ဘက်က အပြောင်၊ အပေါ်ဘက်က
ဆံပင်ကိုကျမှ ခေါင်းလိမ်းဆီလိမ်းပြီး ဘေးခွဲခွဲလို့ရအောင်
နည်းနည်းရှည်ထားသည်။ နွေရာသီကျောင်းပိတ်ရက်ဆိုလျှင်တော့ ကတုံးဆံတောက်ပဲ။

တနင်္ဂနွေတစ်ရက်မှာတော့ ပဲခူးက အကိုဝမ်းကွဲတစ်ယောက် လာလည်သည်။ သူက
ဂျင်ပေါက်တာ အရမ်းကျွမ်းသည်။ အထူးသဖြင့် “စို့ စပတ်”ခေါ် ဂျင်ကို
မြေကြီးမကျခင် ကြိုးနှင့်ပြန်ဆွဲယူပြီး လက်ဝါးပေါ်မှာလည်အောင် လုပ်ပြတာ
တော်တော် သဘောကျဖို့ကောင်းသည်။ သူက ကျွန်တော်တို့ကို
စို့စပတ်လုပ်နည်းသင်ပေးနေတုန်း ဆံပင်ညှပ်ဖို့ လာခေါ်သဖြင့်
ဆတ်တငံ့ငံ့ဖြစ်ရသည်။

ဆံပင်ညှပ်ပြီးတော့ အစ်ကိုဝမ်းကွဲလုပ်သူက ပဲခူးပြန်သွားပြီ။

ကျွန်တော်တို့မှာ တော်တော် မခံချိမခံသာဖြစ်ကြရသည်။ စို့စပတ်သင်တန်း
ပြီးဆုံးအောင်မတက်လိုက်ရခြင်းအတွက် ဆံပင်ညှပ်ဆရာကြီးကို
တရားခံအဖြစ်သတ်မှတ်ပြီး …

“ဒီဦးလေးကြီး သေသွားရင်ကောင်းမယ်”ဟု ပြောမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဆံပင်ညှပ်ဆရာကြီးသည် နောက်ထပ် ရောက်မလာတော့။ ဘာကြောင့်လဲဆိုတာတော့ မသိ။
သို့ရာတွင် ငါတို့ကျိန်ဆဲလိုက်လို့များ တကယ်သေ သွားတာလားဟု
ကလေးအတွေးနှင့် စိတ်မကောင်းဖြစ်ကြရသေးသည်။

x x x

နောက်ပိုင်းကျတော့ အိမ်နှင့် ကားတစ်မှတ်တိုင်စာလောက်ဝေးသော
ဆံပင်ညှပ်ဆိုင်မှာ သွားညှပ်ရသည်။ အိမ်မှာတုန်းကလို
ခွေးခြေလေးပေါ်ထိုင်ရတာမဟုတ်တော့ဘဲ ဆုံလည်ကုလားထိုင်နဲ့
ခန့်ခန့်ညားညားဖြစ်သွားပြီ။ ပြီးတော့ ရှေ့နောက်မှန်နှစ်ချပ်တပ်ထားသဖြင့်
ကိုယ့်နောက်စေ့ကို ပထမဆုံးအကြိမ် ပြန်မြင်ဖူး သွားသောကြောင့် လည်း
သဘောကျမိ၏။

သို့ရာတွင် တစ်ခုရှိတာက ဆိုင်ပိုင်ရှင် ဆံပင်ညှပ်ဆရာသည်
အလွန်စကားများသည်။ စပ်လည်း စပ်စုသည်။ အထူးသဖြင့် ကျွန်တော်တို့မိသားစု
အိမ်တွင်းရေးကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သည်။ လှီးလွှဲဖြေလျှင်
လည်း မကြိုက်။ ငါသိပါတယ်ကွာ ဒီလိုမဟုတ်လားဆိုပြီး ထင်ရာမြင်ရာတွေ
လျှောက်ပြောသည်။ မကြားချင်ယောင် ဆောင်နေပြန်တော့လည်း ခေါင်းကိုပုတ်ပြီး
ဟေ့ကောင် အိပ်ပျော်နေလား လုပ်သေးသည်။ တစ်ခါတော့ ကျွန်တော် လည်း
စိတ်ပေါက်ပေါက်ရှိလာသဖြင့် …

“အဲဒါတွေ သိချင်ရင်လည်း အဖေဆံပင်လာညှပ်မှပဲ မေးတော့။ ကျွန်တော်တော့ မသိဘူး”



ဟု ပိတ်ပြောလိုက်မိ၏။ သူထပ်မမေးတော့။ သို့ရာတွင် မကျေနပ်ကြောင်းကိုတော့
အပြုအမူတစ်ခုနှင့်ပြသည်။ စက်ကတ်ကြေးတုံးတုံးကြီးနှင့်ညှပ်နေရာမှ
အစမသတ်ခင် ဆောင့်ဆောင့်ဆွဲလိုက်ခြင်းဖြစ်၏။ ဆံပင်တွေ ဗြုတ်ခနဲ ဗြုတ်ခနဲ
ကျွတ်ပါသွားသည်။ နာလည်း အတော်နာသည်။

တခြားဆိုင် ပြောင်းညှပ်လို့လည်း မဖြစ်။ ကျွန်တော်တို့ကို အိမ်က
ဆံပင်ညှပ်ခပေးလိုက်တာ မဟုတ်။ အဖေက ဆိုင်ကို ငွေကြိုပေးထားသည်။
ကျွန်တော်တို့ ညှပ်သမျှကို ဒီထဲက ခုနှိမ်သွားခြင်းဖြစ်၏။ ထို့ကြောင့်
ဆံပင်ညှပ်တိုင်း စိတ်ညစ်ရ သောဒုက္ခကို နှစ်အတန်ကြာခံခဲ့ရ၏။

x x x

ကျွန်တော် ခြောက်တန်းရောက်သောနှစ်တွင် နောက်စေ့မှာ
ယားနာတစ်မျိုးပေါက်သည်။ ရွှံ့ထဲဗွက်ထဲ ဘောလုံးကန်ပြီး ခေါင်းမှန်မှန်
မလျှော်သောကြောင့်ဖြစ်လိမ့်မည်။ လက်နှင့်စမ်းကြည့်လျှင် အ၀ိုင်းဖုလေးလို
ဖြစ်နေသည်။ ချွေးထွက်တဲ့ အခါ နည်းနည်းယားသည်။ သိပ်
အနေရခက်လောက်အောင်မဟုတ်သဖြင့် ဂရုမစိုက်ဘဲ အမှတ်တမဲ့နေလိုက်၏။

ဆံပင်ညှပ်ပြီးခါစတစ်ရက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်းတစ်ယောက်က …

“ဟေ့ကောင် .. မင်းနောက်စေ့မှာ ပွေး ပေါက်နေတယ်”ဟု သတိပေးသည်။
နောက်တစ်ယောက်က ဒက်ပေါက်တာဖြစ် မယ်ဟု မှတ်ချက်ပြုပြန်သည်။
ကျွန်တော်ရှက်သွား၏။ အတန်းထဲမှာ အေးဖေဆိုတဲ့ကောင်ရှိသည်။ သူ့ဗိုက်မှာ
ပွေး ပေါက်နေသဖြင့် တစ်ချိန်လုံး ကုတ်ဖဲ့နေရသည်။ ထို့ကြောင့်
သူ့နာမည်ပွေးဖေဟု တွင်သွားသည်။ ကိုယ်လည်း ဒီလို နာမည်ပျက်မှာ ကြောက်ရသည်။

ဒီပြဿနာကို ကျွန်တော်ဖြေရှင်းတဲ့နည်းက နည်းနည်းတော့ ကြောင်သည်။ အမှန်က
လွယ်လွယ်လေး။ လူကြီးတွေကို အသိပေးလိုက်လျှင် ဆရာဝန်နှင့်ပြပေးလိမ့်မည်။
သူပေးသောဆေးကို လိမ်းလိုက်၊ တစ်ပတ်ဆယ်ရက်ဆို ပျောက်ရော။ သို့ရာတွင်
ကျွန်တော်က ဒီလိုမစဉ်းစား။ ဆံပင်တိုနေလို့သာ ဒီအကွက်ကို
လူတွေမြင်သာခြင်းဖြစ်သည်။ ဆံပင်ရှည်နဲ့ ဖုံးလိုက်လျှင်
တွေ့မှာမဟုတ်တော့ဟု တွက်သည်။

ကျွန်တော်ဘာကြောင့် ဒီလိုအတွေးပေါက်ခဲ့ကြောင်း ခုချိန်ထိ စဉ်းစားလို့မရ။
ဖြစ်နိုင်တာ တစ်ခုတော့ရှိ၏။ ထိုစဉ်က ကျွန်တော့် အသက်အရွယ်မှာ
လူပျိုပေါက်မဖြစ်သေးသော်လည်း ကြီးကောင်ဝင်ကာစ ပြုနေပြီ။ ထိုအခါ တကယ့်
လူပျိုတွေကိုအားကျပြီး သူတို့လိုပုံစံမျိုးညှပ်ချင်သောကြောင့်
ဟိုအကွက်ကို ရမယ်ရှာခြင်းဖြစ်နိုင်သည်။

နောက်တစ်ခါ ဆံပင်ညှပ်ချိန်ရောက် တော့ …

“အရှည်ညှပ်ပေးပါ”ဟု တောင်းဆိုလိုက်သည်။

ဆံပင်ညှပ် ဆရာက …“မရဘူး .. မင်းအဖေပြောထားတဲ့ ပုံအတိုင်းပဲညှပ်ရမယ်။ ဘာလဲ
ဟေ့ကောင် မင်းက ငယ်ငယ်လေးရှိသေးတယ်။ (....) ချင်နေပြီလား”

နဂိုက သူ့အပေါ် အမြင်မကြည်ရတဲ့ကြားထဲ ခုလို ညစ်ညစ်ပတ်ပတ် ပြောလာသဖြင့်
တင်းသွားပြီး …

“တော်ပြီဗျာ မညှပ်တော့ဘူး”ဟုပြောပြီး ထွက်လာခဲ့သည်။

နောက်တော့ တခြားဆိုင်မှာ သွားညှပ်ဖို့ ပိုက်ဆံတောင်းသည်။ အမေက …

“ဟိုဆိုင်ကို ဘာဖြစ်လို့လဲ”

“ကျွန်တော်နဲ့ ရန်ဖြစ်လာလို့”

ကျွန်တော်ငယ်ငယ်က နည်းနည်းစွာသည်။ ဒါကိုသိသော အမေက ဘာမှထပ်မမေးတော့ဘဲ
ပိုက်ဆံ ထုတ်ပေးလိုက် သည်။ ဈေးရှေ့ နားကဆိုင်ကို သွားသည်။ ညှပ်ခုံပေါ်မှာ
ဝင်ထိုင်သည်။ လူကြီးတွေ ညှပ်တဲ့ပုံစံကို ဘယ်လိုခေါ် သလဲ မသိသဖြင့် …

“အရှည်ညှပ်ပေးပါ”လို့ပဲ ပြောလိုက်၏။

“ပုံကြီးလား”ဆံပင်ညှပ်ဆရာကမေးတော့ …

“ဟုတ်ကဲ့”

“သုံးမတ်နော်”

ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ်က ကလေးငါးမူး၊ လူကြီးသုံးမတ်။ တစ်မတ် (၂၅
ပြား) ပိုပေးရုံနဲ့ လူကြီးစာရင်း ၀င် သွားတာ တကယ်တန်တယ်ထင်တာပဲ။

x x x

ကျွန်တော် ဆယ်တန်းရောက်သောအချိန်တွင် လူငယ်တွေကြားမှာ ဆံပင်ရှည်ထားတာ
ခေတ်စားလာသည်။ ကျွန်တော်တို့ကျောင်းမှာတော့ ဆံပင်ရှည်ထားခွင့်မရှိ။
ရှည်တဲ့ကောင်တွေ့လျှင် ကျောင်းအုပ်ဆရာကြီးက ရုံးခန်းထဲ ခေါ်ပြီး
ကတ်ကြေးနှင့်ညှပ်ပစ်တတ်သည်။ အညှပ်မခံချင်လျှင် ကျောင်းထွက်။

ကျွန်တော်တို့သည် ဆယ်တန်းတစ်နှစ်ကို အောင့်အင်းသည်းခံပြီး
စောင့်နေခဲ့ကြရသည်။ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ အချိန်ကစပြီး ကျွန်တော်
ဆံပင်ရှည်မွေးသည်။ တက္ကသိုလ် ပထမနှစ်စတက်တဲ့အချိန်မှာ ကျွန်တော့်ဆံပင်က
နားရွက်ဖုံး၊ ကုပ်ထောက်ဖြစ်နေပြီ။

အမေက …

“ညင်းသိုးသိုးနဲ့ကွယ်”ဟုပြောသည်။ ကျွန်တော် မကြားချင်ယောင် ဆောင်နေသည်။
အမေက အစ်ကိုကြီးဖြစ်သူ ကိုဝဏ္ဏကို စစ်ကူတောင်းသည်။

ကိုဝဏ္ဏက …“ဒီကောင် တက္ကသိုလ်တောင် ရောက်နေပြီပဲ”

ဆိုပြီး ဒဿနိကသမားချင်း ရိုင်းပင်းသည်။ နောက်ဆုံးတော့
ဗဟိုအဆင့်ကိုရောက်သွား၏။ အဖေက ဆံပင်ရှည်တာကို မကြိုက်။ သူကိုယ်တိုင်လည်း
တစ်သက်လုံး ဆံထောက်သာသာ ခပ်တိုတိုညှပ်တတ်သူဖြစ်၏။

ကျွန်တော်ကိုခေါ်ပြီး …“မင်းဆံပင်ကို ညှပ်မလား၊ ဒါမှမဟုတ် ငါ မင်းလိုဆံပင်
အရှည်လိုက်ထားရမလား”

မေးသည်။ ကျွန်တော်က ရယ်ကျဲကျဲ လုပ်နေလိုက်သည်။

“နေစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ ဆံပင် ရှည်ထားချင်ရတာလဲ”

“ဆံပင်တိုရင် ကောင်မလေးတွေက မကြိုက်ဘူးဖေဖေ”

ကျွန်တော့်အကြောင်းပြချက်ကို အဖေ မငြင်းနိုင်။

“ဒါဆိုရင်လည်း ပြီးရောကွာ”ဆိုပြီး လိုက်လျောပေးလိုက်ရ၏။

x x x

ခေတ်အဆက်ဆက်မှာ လူငယ်များသည် ရုပ်ရှင်မင်းသားများ၏ဆံပင်ပုံစံကို
အတုခိုးလေ့ရှိကြသည်။ ဘတင့်၊ ခင်မောင်ရင်၊ ဗလင်တီးနို၊ ကျော်ဆွေ၊
ဂျိမ်းစ်ဒင်း၊ ပရက်စလေ၊ ၀င်းဦး။ နောက်တော့ ကျော်ဟိန်း၊ ကျော်သူရဲ့အလယ်ခွဲ
ပုံစံ၊ နောက်ဆုံး ဒွေးကေ အထိ။ ဒီကြားထဲမှာ ထိုင်းအဆိုတော် ထုံချိုင်း
ပုံစံမျိုးလည်း ပါသေးသည်။

ကျွန်တော်ကတော့ ဘယ်မင်းသားကိုမှ အတုမခိုးခဲ့။
ကိုယ်ပိုင်ဆံပင်ပုံစံဖြင့်သာ နေသည်။ ကျွန်တော် အတုခိုးခဲ့ဖူးတာ
တစ်ယောက်ပဲရှိ၏။ ရှစ်တန်းတုန်းကဖြစ်၏။ ဘောလုံးကို အသည်းအသန်
အရူးအမူးကစားနေချိန်။ ကျွန်တော်တို့ရဲ့ ဟီးရိုးက
မြန်မာ့လက်ရွေးစဉ်ဘောလုံးအသင်းခေါင်းဆောင် ဗဟာဒူး။ သူ့ဆံပင်ပုံစံက
တိုတိုပါးပါး။ “ခရူးကတ်” ဟု ခေါ်သည်။ ရာဇာနေ၀င်း၏ဆံပင်ပုံစံကို
ရှေ့ပိုင်းနည်းနည်းတိုထားတဲ့ ပုံစံမျိုးဖြစ်၏။ ဒီလိုပုံစံမျိုးကို
ကျွမ်းကျင်ကျင် ညှပ်နိုင်သော သမဂ္ဂအမည်ရှိ ဆံပင်ညှပ်ဆိုင်မှာ
သွားသွားညှပ်ရသည်။

ကျွန်တော် ရည်းစားရတော့ သူကလည်း ဆံပင်ရှည်ထောက်ခံသူ ဖြစ်နေ၏။ သူကတစ်မျိုး
သပ်သပ်ရပ်ရပ်နဲ့ ရှည်တာမျိုးကို ကြိုက်သည်။ ဆံပင်ညှပ်ဆိုင်တွေမှာ
ညှပ်လာတာကို သူ စိတ်တိုင်းမကျ။ တိုသွားပြန်ပြီ၊ ပါးသွားပြန်ပြီ၊
ရှေ့နဲ့နောက် အချိုးမကျဘူး။ (သူ့ခမြာမှာလည်း ကျွန်တော်နဲ့ပတ်သက်လို့
မက်လောက်စရာက ဒီဆံပင်ကလေးပဲ ရှိတာ ကိုး။ ကျွန်တော်ငယ်ငယ်က ဆံပင်သန်သည်။
နက်မှောင်ထူထပ်နေသည်။)

နောက်တော့ ဆိုင်မှာမညှပ်နဲ့၊ သူကိုယ်တိုင်ညှပ်ပေးမယ် ဖြစ်လာရော။
ဟိုတစ်ချိန်က ဆံပင်အရှည်ပုံစံမှာ ညှပ်ရလွယ် သည်။ စက်ကတ်ကြေးသုံးစရာတောင်
မလို။ ရိုးရိုးကပ်ကြေးနှင့် ခွကပ်ကြေးရှိလျှင်ရပြီ။ သူညှပ်ပေးတဲ့ပုံက
ဘယ်လိုနေ သလဲတော့မသိ။ နောက်တစ်ယောက် ထပ်ရစရာအကြောင်းလည်းမရှိတော့သဖြင့်
သူ ကြိုက်လျှင်ပြီးတာပဲ။

ဒီလိုနဲ့ ကျွန်တော့်ဆံပင်ကို သူ့လက်ထဲ နှစ်ပေါင်းအတော်ကြာအောင်
ဝကွက်အပ်ထားခဲ့တာ လက်ထပ်ပြီး ကလေးရတဲ့ အထိပဲ။ နောက်တော့ သူလည်း
ရုံးအလုပ်က တစ်ဖက်၊ ကလေးက တစ်ဖက်၊ ချက်ရပြုတ်ရတာက တစ်ဖက်နဲ့မို့
ကျွန်တော့်ကို ဆံပင်ညှပ်မပေးအားတော့။ ထို့ကြောင့် ဆံပင်ညှပ်ဆိုင်တွေဘက်
ပြန်လှည့်ရသည်။

ဆံပင်ညှပ်ရာမှာလည်း ပုံကောင်းတာတွေ ဂရုစိုက်မနေတော့။ မြန်မြန်ပြီးဖို့ပဲ
အရေးကြီးသည်။ ဆိုင်လည်း မရွေးတော့၊ ကြုံရာ လူရှင်းတဲ့ဆိုင်မှာ
ဝင်ညှပ်လိုက်တာပဲ။ ဆံသဆရာက ဘယ်လိုပုံစံညှပ်မလဲမေးလျှင် ကြည့်ကောင်းသလို
လုပ်လိုက်ပါ။ ဒါပဲ။

တစ်ခုတော့ရှိ၏။ ကျွန်တော်ငယ်ငယ်က အမေးအမြန်းထူသောဆံပင်ညှပ်ဆရာနှင့်
တွေ့ခဲ့ဖူးသဖြင့် သွေးလန့်နေဟန်တူ သည်။ ပြီးတော့ ကျွန်တော့်အကျင့်က
ဆံပင်အညှပ်ခံနေရင်းက နားအေးပါးအေး ဟိုတွေးဒီတွေး နေချင်သည်။ ဒီလို
နည်းနဲ့ စာရေးဖို့စိတ်ကူးလေးတွေ ရတတ်သည်။

ဆံသဆရာတွေမှာလည်း စရိုက်အမျိုးမျိုး ရှိ၏။ တချို့က နှုတ်နည်းသည်။
ဘယ်လိုပုံညှပ်မလဲ တစ်ခွန်းမေးပြီးလျှင် သူ့အလုပ် သူလုပ်သည်။ တချို့က
စိတ်ရှည်သည်။ ဆံပင်တစ်ခါညှပ်လျှင် အသေးစိတ်လိုက်ညှိနေတာ အလွန်ကြာ သည်။
ဒါမျိုးကျတော့ ကျွန်တော်နဲ့ မဖြစ်။ ကျွန်တော်က ပုံကောင်းတာတွေဘာတွေ
အရေးမကြီး။ မြန်မြန်ကိစ္စပြီးဖို့ပဲ လိုသည်။ တချို့ဆရာများဆိုလျှင်
ညှပ်ပြီးလို့ ဆံပင်အစအနတွေကို မျက်နှာသုတ်ပ၀ါနဲ့သုတ်ပြီး ခါပြီးတာတောင်
မကျေနပ်သေး။ ရှေ့နောက်ဝဲယာ လှည့်ကြည့်ပြီး ကတ်ကြေးကိုကောက်ကိုင်ပြန်သည်။
ဒီလိုအခါကျလျှင် ကျွန်တော်က …“ဟာ .. တော်ပြီ၊ ရပြီ၊ နောက်လည်း ပြန်
ရှည်လာမှာပဲဟာ”ဆိုပြီး ထပြေးရသည်။

ဒါတောင် တချို့ ဆရာတွေက “ပုံမကောင်းရင် ဆိုင်နာမည်ပျက်မယ်ဗျ”ဟုပြောပြီး
အတင်းညှိပေးနေသေးသည်။

တချို့ကျတော့ ဝေဖန်ရေးအမြင်ရှိသည်။ ညှပ်နေရင်းက လူကိုအကဲခတ်ပြီး
“နားရွက်နည်းနည်း ကားတယ်နော်”

“ဗောက်တွေ သိပ်များတာပဲ၊ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဗျ”

“၀မ်းမှန်မှန်နုတ်ပေးဦး ဒါမှ ၀က်ခြံတွေပျောက်မှာ”

စသည်ဖြင့် သုံးသပ်တတ်သည်။

အကြောင်းမရှိအကြောင်းရှာပြီး စကားဖွာတာမျိုးကျတော့ စိတ်ညစ်ဖို့ကောင်းသည်။
ဆံပင်ညှပ်တုန်းတန်းလန်းဆို တော့ ထလစ်သွားလို့လည်းမရ။
မကြားချင်ယောငဆောင်နေလို့လည်း မဖြစ်။ စပ်စပ်စုစု အမေးအမြန်းထူတာမျိုးဆို
လျှင် အတော် ကသိကအောက် ဖြစ်ရသည်။

“ဘာအလုပ်လုပ်သလဲ”မေးတာအဆိုးဆုံးပဲ။ စာရေးဆရာပါ ဖြေလို့မဖြစ်။
ကလောင်နာမည်ကဘာလဲ ဆက်မေး တော့မည်။ ပြောပြလို့ ကိုယ့်စာဖတ်ဖူးတဲ့လူဆို
တော်သေးသည်။

“တစ်ခါမှ မကြားဖူးပါဘူး၊ ဘာစာတွေရေးတာလဲ”ဆိုလျှင် နေရင်းထိုင်ရင်း
သိက္ခာကျတော့မည်။ ထို့ကြောင့် ပုံနှိပ်တိုက်မှာလုပ်တယ်၊ ဒါမှ မဟုတ်
“ဒီလိုပါပဲ ကြုံရာကျပန်းပေါ့”ဟု မရေမရာ ဖြစ်ရသည်။ ဒီလိုဆိုမျိုးကို
ကျွန်တော် ရှောင်လေ့ရှိ၏။ ခုနောက်ပိုင်း ဆံပင်ညှပ်ဆိုင်တချို့မှာ
ဗီဒီယိုပြတတ်သည်။ တီဗီကို ဆိုင်ထဲမှာပဲထားသည်။ ဆိုင်က
ကျဉ်းကျဉ်းလေးဆိုတော့ တီဗီက ဆံပင်ညှပ်ခုံနဲ့ သုံးလေးပေလောက်သာကွာသည်။
အပြင်ကလူတွေပါ ကြားရအောင် အသံကိုလည်း အကျယ်ကြီးဖွင့်ထားရသေးသည်။
များသောအားဖြင့် မြန်မာဗီဒီ ယိုကားတွေ ပြတတ်သည်။ ဒီတော့ ဆံပင်ညှပ်ခံရင်းက
“ဒုံးဒိုင်းခွပ်အင့်” ဆိုသော မြည်သံစွဲတွေ၊ သရုပ်ဆောင်တွေအချင်းချင်း
အော်ဟစ်ငြင်းခုံကြတာ တွေ၊ မင်းသမီးတွေရဲ့ဖျစ်ညှစ်ရှိုက်ငိုသံတွေကို
ကြိတ်မှိတ်နာခံရသည်။

တစ်ခါတော့ ဗီဒီယိုဇာတ်လမ်းထဲမှာ လူကြမ်းက မင်းသားကိုအကောက်ကြံပြီး
လူသတ်တရားခံဖြစ်အောင် လုပ်တဲ့ အခန်းပါလာသည်။ လူကြမ်းက
ကြိုးနဲ့အတုပ်ခံထားရသော မင်းသားကို

“မင်း တော်တော်ယုတ်မာတဲ့ကောင်ပါလားကွ .. ဟေ”ဟု မခန့်လေးစားဟန်ပန်ဖြင့်
ပြောလိုက်သောအခါ ဆိုင်ရှေ့မှာ လာရပ်ကြည့်နေသော မိန်းမကြီးတစ်ယောက်မှာ
သည်းမခံနိုင်တော့ဘဲ“နင်သာ ယုတ်မာတာဟဲ့၊ နင်သာ လူယုတ်မာ”

ဟု လက်ညှိုး ငေါက်ငေါက်ထိုးပြီး လှမ်းအော်လိုက်သည်။ ကျွန်တော်သည်
တီဗီနားကပ်ထိုင်နေရသူဖြစ်သဖြင့် ကိုယ့်ကို အပြောခံရသလို
တွန့်ခနဲဖြစ်သွားရသေးသည်။ ဒီလိုဆိုင်မျိုးထက်စာလျှင် စကားဖွာတတ်သော
ဆံသဆရာဆီမှာ ညှပ်ရတာမှ နားပူသက်သာသေးသည်ဟု ထင်မိ၏။

x x x

တစ်ရက်တွင် ဈေးဘက်သွားရင်း ဆံပင်ညှပ်ဆိုင်ကလေးတစ်ဆိုင်ကို တွေ့လိုက်မိ၏။
ပျဉ်ထောင်အိမ်ကလေးဘေးမှာ ထိုးပြီး ဖွင့်ထားတာ။ ဆိုင်ကတော့ ခပ်နုတ်နုတ်ပဲ။
လူရှင်းနေသဖြင့် ဆိုင်ထဲဝင်လိုက်သည်။

ဆိုင်က သွပ်မိုး၊ ၀ါးထရံကာ။ ခုံကလည်း ခေတ်ဟောင်းပုံ တုံးတုံးကြီး။
သားရေခင်းကပေါက်ပြဲပြီး အထဲက အုန်းဆံဖတ် တွေကို မြင်နေရ၏။ မှန်တွေကလည်း
ဘေးထောင့်တွေမှာ ပြဒါးကွာပြီးကွက်စပြုပြီ။ ပြီးတော့ နံရံကပ်စင်ကလေးပေါ်မှာ
ရှားရှားပါးပါး နေရှင်နယ်ဟိုင်ဖိုင် ရေဒီယိုလေးတစ်လုံး။
တိုက်ဆိုင်ချင်တော့ လွန်ခဲ့သော နှစ်ဆုံးဆယ်လောက်က ခေတ်စားခဲ့သော
သီချင်းတစ်ပုဒ်လာနေသည်။ အနေအထားမှာ ကျွန်တော်တို့ငယ်ငယ်ကညှပ်ခဲ့ရသော
ဆံပင်ညှပ် ဆိုင်တွေနဲ့ တစ်ပုံစံတည်းပဲ။ လူငယ်ဘ၀ကို
ပြန်ရောက်သွားသလိုတောင် ခံစားရသည်။ ကျွန်တော် သဘောကျသွား၏။ နောက်ကို
ဒီဆိုင်မှာပဲညှပ်တော့မယ်ဟု ဆုံးဖြတ်လိုက်သည်။ ဆံသဆရာ
စကားကြောရှည်ချင်လည်း ရှည်ပါစေတော့။

ဆံပင်ညှပ်ဆရာသည် သက်လက်ပိုင်း အရွယ်၊ မျက်မှန်ထူထူ တပ်ထားသည်။ ကျွန်တော်
ထိုင်ခုံပေါ်ထိုင်ပြီးနောက် သူကမေးသည်။

“ဘယ်လိုညှပ်မလဲ”

“ကြည့်ကောင်းသလိုသာ ညှပ်ပါ”ဟု ပြောလိုက်သည်။ သူက ကျွန်တော့် ခေါင်းကို
လှည့်ပတ်အကဲခတ်ကြည့်ပြီးနောက်

“ရှေ့ထိပ်ပိုင်းက ဆံပင်တွေ ကွက်ပြီးတော့ပါးနေပါလား”ဟုပြောသည်။
ကျွန်တော်လည်း ရှေ့က မှန်ထဲကို လှမ်းကြည့် လိုက်သည်။ ခုမှ သတိပြုမိ၏။
ကျွန်တော့် ရှေ့ပိုင်းကဆံပင်တွေ တော်တော်ပါးနေပြီ။ ဦးရေပြားကိုတောင်
ဖောက်မြင်ရ လောက်သည်။ ကျွန်တော်သည် မှန်လည်းမကြည့်၊ ခေါင်းလည်းမဖြီးတာ
ကြာပြီဖြစ်သောကြောင့် အမှတ်တမဲ့ ရှိနေခဲ့ ခြင်းဖြစ်၏။

အသက်အရွယ်ရလာလို့လည်း ဖြစ်နိုင်သည်။ ဟိုအရင်က ဆံပင်ကို
ဂရုတစိုက်မထိန်းသိမ်းနိုင်ခဲ့လို့လည်း ဖြစ်ကောင်း ဖြစ်မည်။ ငယ်ငယ်တုန်းက
ဆံပင်အရှည်ကြီးထားပြီး ခေါင်းတော့မှန်မှန်မလျှော်ဖြစ်။ တော်တော်ညစ်ထပ်
ထပ်ဖြစ်လာ ပြီဆိုမှ အ၀တ်လျှော်ပစ်လိုက်တာ။ ဂျီးတော့ တကယ်ပြောင်သည်။
ဆံသားတွေကတော့ ပျက်စီးကုန်ဟန်တူလေသည်။

“အေးဗျာ .. အတော်ပါးသွားတာပဲ”

“မပူပါနဲ့ဗျာ ကျွန်တော်ကြည့်လုပ်ပေးပါ့မယ်”

ဆံသဆရာကပြောပြီး ဆံပင်စညှပ်သည်။ ကျွန်တော်လည်း ထုံးစံအတိုင်း
ဟိုတွေးဒီတွေး လုပ်နေလိုက်သည်။ အတန်ကြာတော့ ဆံသဆရာက
ကျွန်တော်လည်ကုပ်တွေကို မျက်နှာသုတ်ပ၀ါလေးနှင့်ပွတ်ခါပေးရင်း

“ဘယ်လိုလဲ ကြည့်ပါဦး”ဟုပြောသည်။ မှန်ထဲကို လှမ်းကြည့်လိုက်တော့ စောစောက
ဦးခေါင်းထိပ်ရှေ့ပိုင်းမှ ပါးပြီး ကွက်နေတာ မရှိတော့။
အတော်ကြည့်ကောင်းသွားသည်။ အံ့သြစရာပဲ။

“တယ်ဟုတ်ပါလား" ဟု ကျွန်တော်က ချီးကျူးလိုက်တော့ ဆံသဆရာက..

“ဒါက လွယ်လွယ်လေးပါ၊ ပါးနေတဲ့နေရာကို လုံးဝမတို့ထဲပဲ
ဘေးကထူနေတဲ့ဆံပင်တွေကိုပဲ ပါးအောင်ညှပ်ထုတ်ပစ် လိုက်တော့
တညီတည်းဖြစ်သွားတာပေါ့ဗျ”

သူ့အိုင်ဒီယာက ဘယ်ဆိုးလို့လဲ။ တပြိုင်နက်ထဲမှာ ခေါင်းထဲသို့
ခပ်ကြောင်ကြောင်အတွေးတစ်ခု ၀င်ရောက်လာသည်။ လီနင်တို့ စတာလင်တို့
မော်စီတုံးတို့ဟာ သူတို့ရဲ့ ကမ္ဘာကျော် တွေးအခေါ်တွေကို
ဆံပင်ညှပ်ရင်းနဲ့များ စဉ်းစားမိခဲ့ကြ လေသလား မသိဘူးနော်။



**မင်းလူ**

(၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မြန်မာသစ် မဂ္ဂဇင်းဖေါ်ပြခဲ့သော ဆရာမင်းလူ၏
အက်ဆေးကို ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်။)

(ဒီနေရာကယူပါတယ်)
http://www.kaungkin.com/index.php?option=com_content&view=article&id=716:2012-02-06-22-47-35&catid=42:2009-04-17-01-31-38&Itemid=62
Rest of your post

Read More...

Tuesday, January 10, 2012

သံတမန်နှင့် အပျိုစင်



**သံတမန် နှင့် အပျိုစင်တို့၏ မိမိအကြိုက်နှင့် တုန့်ပြန်စကားခြားနားချက်**



**သံတမန်**

မိမိ မကြိုက်သော အကြောင်းအရာကိစ္စတစ်ခုကို ပြောဆိုလာလျှင် အကူအညီတောင်းခံလာလျှင် ဘယ်တော့မှ ငြင်းပယ်လေ့မရှိ။ စဉ်းစားပေးမည်။ အကြောင်းပြန်မည်။ "NO" ဟု သုံးလေ့မရှိ။



မိမိ ကြိုက်နှစ်သက်သော လိုလားသော အကြောင်းအရာ ကိစ္စဆိုလျှင် ထောက်ခံသည်။ အကူအညီပေးသည်။ "YES" ဟု ပွင့်ပွင့်လင်းလင်းပြောသည်။



**အပျိုစင်**

မိမိ မကြိုက်သော ကောင်လေး တစ်ယောက်က ရည်းစားစကားလိုက်ပြောပါက တစ်ခါတည်း ငြင်းလွှတ်လိုက်မည်။ တစ်ဖက်သား မျှော်လင့်ချက်မရှိအောင် "NO" ဟု ပြတ်ပြတ်သားသား အဖြေပေးလိုက်မည်။



မိမိကြိုက်သော ကောင်လေး တစ်ယောက်က ရည်းစားစကား လိုက်ပြောပါက စဉ်းစားဦးမည်။ အချိန်စောင့်ပါ။ ကျောင်းပြီးမှ။ အလုပ်ရမှ စသည်ဖြင့် နည်းနည်း မူတတ်ကြသည်။ "YES" ဟု တိုက်ရိုက်ပြောလေ့မရှိ။

အချုပ်အားဖြင့် သံတမန်လောကတွင် "YES" သာရှိပြီး အပျိုစင် လောကတွင် "NO" သာရှိသည်။

ထိုကြောင့် သံတမန်လောကတွင် Yes မဟုတ်ပါက No ဖြစ်ရန်သေချာပြီး အပျိုစင်ကို ရည်းစားစကားလိုက်ပြောပါက No မဟုတ်လျှင် အခွင့်အလမ်းရှိနိုင်သည်....

**Naing Min**

-

Read More...

Thursday, November 17, 2011

အလေးအနက် စဉ်းစားပြီးမှ မိန်းမယူ


မိန်းမ များယူတော့မယ်ဆိုရင်
မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု

ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ

**အမှတ်စဉ် ၁-ဆရာဝန်မ**

ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။

သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း
မူယာမာယာများ၍ မြBoldဖစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု
သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ
ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့
လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ
အိမ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

**အမှတ်စဉ် ၂ ဖြစ်သောကျောင်းဆရာမ**

ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန်
ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက်
ပိုသိနေပေမည်။

အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ
ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင်
ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား
ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏
မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍
မရနိုင်တော့ချေ။

**အမှတ်စဉ်၃ ဖြစ်သောစာရင်းကိုင်အမျိုးသမီး**

စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန်
စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန်
လမ်းမမြင်။

သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင်
သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည်
ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင်
ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ…

--
** မာမာ**

Read More...

Wednesday, November 2, 2011

ချစ်သူဘ၀ နဲ့ အိမ်ထောင်သည်ဘ၀ ကွာခြားချက်


**ချစ်သူဘဝနှင့် အိမ်ထောင်သည် ဘဝ**

ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏

အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏

အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏

အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏

ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏

အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏

ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ

အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏

ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏

အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ

ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏

အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ

ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏

အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏

ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏

အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏

ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏

အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏


ချစ်သူဘ၀ခေါ်ပုံလေးက အချစ်လေး တဲ့။

မင်္ဂလာဆောင်ပြီးအကြင်လင်မယားဖြစ် တော့ အသဲလေး တဲ့။

ခလေး တစ်ယောက်လည်းရရော အမေကြီးတဲ့။

ခလေးလည်းကြီးလာရော ခေါ်ပုံက ဟေ့ တဲ့။

ကဲ...... ....?
ဘယ်လိုဖြစ်ကြတာလည်း...တိဘူး....ဟိ....သယ်ချင်းတို့ကော...ဒီလိုပဲဖြစ်မလား...ဟိ

--


*(¯`•.•´¯) (¯`•.•´¯)
*`•.¸(¯`•.•´¯)¸.•´ ♥
☆ º ♥ `•.¸.•´ ♥ º ☆.¸¸.•´¯`♥
:¨•.•¨:☆.¸¸.•´¯`♥
`•. ပျော်ရွှ့င်ချမ်းမြေ့ကျပါစေ ♥
▬▬▬▬▬▬▬▬▬▬▬x▬▬▬**
*

**ကေခိုင် **

Read More...

Tuesday, October 25, 2011

အညာစကား ....


တခါက အညာဘက်မှ တောသားကြီးတစ်ဦးသည် ရန်ကုန်မြို့ရှိဈေးတစ်ခုတွင် ကုန်များဝယ်ရန် အကြောင်းဖန်လာသတဲ့ ။ ရန်ကုန်ကိုလည်း တစ်ခါမှမရောက်ဖူး ၊ မိမိတို့ရွာမှ ကားစီးသွားလျှင် ရောက်တယ် ဆိုတာတော့ သိတယ်တဲ့ ရန်ကုန်သားဖြစ်ဖူးသော ရွာဦးဆရာတော်က လိပ်စာလေးရေးပေးကာ ကူညီလိုက်လို့တော်သေးတာပေါ့ ။ အဲဒါနဲ့ပဲ အရဲစွန့်ပြီး ရန်ကုန်သို့ တက်လာခဲ့တော့တယ် ။

ရန်ကုန်ကားဂိတ်ရောက်တော့ တောသားတို့ ထုံးစံအတိုင်းပေါ့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူးတဲ့ ။ ယောင်ပေ ယောင်ပေနဲ့ အနားကဖြတ်သွားတဲ့ လူတစ်ယောက်ကို ဘုန်းဘုန်းရေးပေးလိုက်တဲ့ စာကိုပြပြီး အကူညီတောင်းလိုက်တာ ပေါ့ ။ ထိုလူက ကူညီရှာပါတယ် ။ သူ့ကို ကားတစ်စီးပေါ်တင်ပေးလိုက်ပြီး ဆင်းရမယ့်မှတ်တိုင်ကို စပယ်ယာကို ပြောထား ပေးခဲ့သတဲ့ ။ သူကိုယ်တိုင်လဲ မှတ်ထားတာပေါ့ ။ ဘာတဲ့ “မင်္ဂလာဈေး” ဆိုလားပဲ ။ ကားစီးလာရင်း ခဏမျှကြာတော့ သူတော်တော်လေး ညောင်းလာတော့တယ် ။ ရွာကနေကားစီးလာရတဲ့ခရီးကလဲ ရှိခဲ့သေးတာကိုး ။ တော်တော်လေး ပင်ပန်းလာတယ်ထင်ပါရဲ့ ခေါင်းထဲလဲ မူးနောက်နောက်ဖြစ်လာတာနဲ့ သူ့ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို အကူညီ တောင်းလိုက်သတဲ့ ။

“ အမ ဟိုဘက်နဲနဲလေးတိုးပေးပါလား ၊ ဖင်လေးနဲနဲချချင်လို့ပါ ”

“ ဘာ……. ဘာပြောတယ်……… ပြန်ပြောကြည့်စမ်းပါဦး ”

“ ဟုတ်ကဲ့….. ကျွန်တော်သိပ်ညောင်းလာလို့ပါဗျာ ၊ ကျေးဇူးပြုပြီးတော့ပေါ့ ဖင်လေးချချင်လို့ပါဗျာ နော်…. နော်လို့……”

“ ရှင် မိုက်ရိုင်းလှချည်လား ၊ လူကို ဘယ်လိုအစားမျိုးထဲက အောင့်မေ့လို့လဲ ၊ ဒီမှာကားစပယ်ယာ ကားကိုအခုချက်ခြင်း ရပ်ပေးပါ ။ ”

အော်ကျယ်အော်ကျယ် အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့်ကုန်ကြတယ် ။ ဒီမှာစပယ်ယာလေးရောက်လာပြီး

“ ဘာဖြစ်ကြတာလဲဗျာ ”

“ ဒီမှာ ကျွန်မကို လာဆော်ကားနေတယ်လေ ၊ ဒီလိုလုပ်လို့ရမလား ဟင်းးးးးး ၊ ခုချက်ချင်း ရဲစခန်းသွားမယ်”


ဒီမှာ စပယ်ယာလေးက “ ကဲ ဒီက အကိုကြီးက ဘယ်လိုစော်ကားတာလဲ ပြော ”

“ မဟုတ်ပါဘူးကွာ ငါကညောင်းလွန်းလို့ ဖင်လေးချချင်တယ်လို့ ပြောတာပါကွာ ”

“ ဟာ မှားကုန်ပါပြီ အကိုကြီးကလဲ အဲလိုမပြောရဘူးလေ ထိုင်ချင်တယ်လို့ ပြောရတယ်ဗျာ ဒုက္ခပါပဲဗျာ”

“ ဆောရီးပါအမရယ် ဒီကအကိုကြီးက အညာသားမို့ စကားပြောမတတ်တာပါ ၊ ဟိုသဘောမျိုးပြောတာ မဟုတ်ရပါဘူးဗျာ ကျွန်တော်သူ့အစား တောင်းပန်ပါတယ်နော် အမ ။ ”

ကားစပယ်ယာလေး ၀င်ရှင်းပြတော့မှပဲ အားလုံး နားလည်သွားကြတယ်လေ ။

“ ကဲ အကိုကြီး ရှေ့မှတ်တိုင်ဆို အကိုကြီးဆင်းရမယ့် မင်္ဂလာဈေးမှတ်တိုင်ရောက်ပြီ ”

“ အေးအေး ကျေးဇူးပဲ ငါ့ကောင်ရာ ငါ့လခွေး မင်းကူညီလို့သာပေါ့ ”

“ ( _ )နံပါတ်ပါတဲ့ ကားကိုစီးနော် ” ကားပေါ်မှာလဲ ထိုင်ချင်တယ်ဆိုင် ထိုင်ချင်တယ်ပဲပြောနော် လို့မှာခဲ့လေ၏ ။

ဒီလိုနဲ့ပဲ ရွာသားကြီးဟာ သူ့ရဲ့လွယ်အိတ်လေးနဲ့ မင်္ဂလာဈေးကိုရောက်ခဲ့လေတယ် ။ ရွာကမှာလိုက်တဲ့ ကုန်တွေစုံအောင် ပါလာတဲ့စာရွက်လေးနဲ့ တိုက်ရင်း ၀ယ်ရင်းနဲ့ အားလုံးဝယ်ပြီးသွားတော့ သူဝင်လာတဲ့ အပေါက်ကို လိုက်ရှာသတဲ့ ။ မမှတ်မိတော့ဘူး သွားပြီ…… အဲဒါနဲ့ အနီးမှာရှိတဲ့ မိန်းမကြီးတစ်ယောက်ကို မေးကြည့်လိုက်တယ် ။

“ ဟို အမကြီး ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး နဲနဲပြပေးပါလား ဗျာ”

“ ဘာ……. ”

“ ဟုတ်ကဲ့ ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး တစ်ချက်လောက် ပြပါလားလို့ ”

“ ရှင် မိုက်ရိုင်းလှချည်လား ” “ ဟဲ့ ဈေးကလူကြီးတွေကိုသွားခေါ်ပေးစမ်
း ” “ xxxxxxxxxxxxxxxxx ”

ဈေးကလူကြီးတွေရောက်လာကြတော့တယ် ။ အညာသားလဲ ကြောင်တောင်တောင်နဲ့ပေါ့

“ ကဲ ဘယ်လိုဖြစ်ရတာလဲ ဗျ ”

ဒီမှာ မိန်းမကြီးက ဖြစ်ကြောင်းကုန်စင်အောင် ပြောပြတော့တယ် ။ ဒီမှာလူကြီးတွေက……

“ ကဲ ခင်ဗျားက ဘာလို့ အဲလိုမေးတာလဲ ”ဆိုတော့

သူက ကြောင်တောင်တောင်နဲ့

“ ကျွန်တော် ၀င်လာတုန်းက မှတ်မိတယ်ဗျ ၊ ဈေးဝယ်ရင်းနဲ့ ပြန်ထွက်မယ်ဆိုတော့ မမှတ်မိတော့တာ ဒါကြောင့် အဲဒီ အမကြီးကို အကူညီတောင်းရတာပေါ့ဗျာ ”

“ သြော် ဒီလိုလား ”

“ ခင်ဗျားသွားရမှာက ( _ _ _ _ ) အတိုင်းပဲ ၊ ကဲမှတ်မိပြီနော် နောက်ဆိုဒီလို မမေးနဲ့ အပြင်ထွက်တဲ့လမ်းလို့မေးနော်လို့ ပြန်ပြီးပြောပြလိုက်သတဲ့ ”

“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ နောင်ကြီးတို့ ကူညီလို့ပါပဲ ငါ့လခွေး ”

ဒီလိုနဲ့ရွာပြန်ရောက်ခဲ့တယ် ။ ရွာကအမျိုးတွေကတော့ မေးကြတာပေါ့ ။ ရန်ကုန်က ပျော်ဖို့ကောင်းလား ၊ ဘာလား ဆိုတော့

အညာသားကြီးက တစ်ခွန်းပဲပြန်ဖြေရှာသတဲ့

“ ဟေ့ နောက်တစ်ခါ ရန်ကုန်ဆိုရင် ငါ့ပါးစပ်ကို တိတ်နဲ့ အရင်ကပ်ပြီးမှ လွတ်ဟ ” တဲ့


--
(¯`•.•´¯) (¯`•.•´¯)
*`•.¸(¯`•.•´¯)¸.•´ ♥
☆ º ♥ `•.¸.•´ ♥ º ☆.¸¸.•´¯`♥
:¨•.•¨:☆.¸¸.•´¯`♥
`•. ပျော်ရွှ့င်ချမ်းမြေ့ကျပါစေ ♥
▬▬▬▬▬▬▬▬▬▬▬x▬▬▬
**ကေခိုင်**

Read More...

Thursday, October 20, 2011

စိတ်ကောက်လို့ရေးတဲ့စာ



ချစ်ရတဲ့မိန်းမရေ....

မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...

အိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊ အဝတ်ခံဘောင်းဘီ(၇)ထည်နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေက ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။

ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။

ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။

အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။

ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။

နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။

စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....

နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား

....................................




ချစ်ရတဲ့ ယောက်ျားရေ....

နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။

နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။

မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။

အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!

မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...


မူရင်း-- http://www.duwenzhang.com/wenzhang/gaoxiaowenzhang/20110323/175988.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


မိန်းမတွေများ အိမ်ကဆင်းသွားတာတောင် ကြောင်ပါခေါ်သွား၇တယ်လို...:D
--
Be Happy ,
Moe Moe.

Read More...

Monday, October 17, 2011

“ လွဲနေတဲ့အတွေးအစများ”


ဖြစ်စဉ် (၁)
ပန်းခြံထဲမှာ ကောင်မလေးက ကောင်လေးကို ပြောနေတာပါ။
“မောင်”
“အင်..”
“မောင့်ကို ချစ် …. ပုံပြောပြမယ် သိလား”
“အော် … အင်း … ပြော”
(ကေင်လေးက ပုံပြင်ကို အာရုံကျပုံမပါ်)
“ဟိုးရှေးရှေးတုန်းကတဲ့ ………”
“အာ ….. တိတိကျကျပြောကွာ …..
လွန်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်တုန်းကလည်း”
“မောင်နော် ! အကောင်းပြောနေတဲ့ဟာကို”
“ကဲပါ … ဆက်ပြော ဆက်ပြော”
“ဘုရင်ကြီးတစ်ပါးရှိသတဲ့”
“အန်……. မဖြစ်နိုင်တာ။ ဘုရင်ကြီးက တစ်ပါးထဲလား။ အများကြိးရှိမယ်
ထင်တယ်”

“တော်ပြီ …. တော်ပြီ ….. ဘာမှမပြေတော့ဘူး”
(စာရှုသူများ မျှော်လင့်ထားတဲ့အတိုင်း ကောင်မလေးက ၀တ္တုထဲကလို၊
မြန်မာဗီဒီယိုကားတွေထဲကလို စလင်းဘက် ကောက်လွယ်ပြိး
ခြေဆောင့်ထွက်သွားပါပြီ)

ဒီဖြစ်စဉ်လေးမှာ
(၁) ကောင်မလေးက ပုံပြောရမှာမဟုတ်တဲ့ နေရာမှာ ပုံလာပြောနေပါတယ်။
(၂) ကောင်လေးကလည်း တခြားနည်းနဲ့ စကားစဖြတ်လို့ရရဲ့သားနဲ့
ကောင်မလေးစကားကို ယုတ္တိဗေဒနည်းနဲ့ချိန်ညှိပြီး ဖြတ်ဖို့ကြိုးစားနေပါတယ်။
လွဲနေကြတာကတော့ နှစ်ယောက်စလုံးပါပဲ။ နေရာလွဲ၊ အသုံးချလွဲပေါ့။
____________________________
ဖြစ်စဉ် (၂)
လူငယ်လေးတစ်ယောက်က ဂုဏ်သရေရှိလူကြီးတစ်ယောက်ကို ပီရ၀ါစာ
စကားနဲ့နှုတ်ဆက်တာပါ။ အလွန်ရိုကျိုးစွာနဲ့ မျက်နှာကို အချိုဆုံး ပြုံပြီး ………..
“အန်ကယ် …. စားပြီးပြီလားခင်ဗျာ”
“ဘာ ! …… ဘာကွ .. မင်းမိုက်ရိုင်းလှချေလား ဟေ့ကောင်
မင်း … မင်း ခွေးစကားမပြောနဲ့”
ဟုတ်ကဲ့။ အဲဒီလူကြိးက အိမ်သာထဲကအထွက်မှာ အမေးခံရလို့
ဒေါကန်သွားတာပါ။
ချိုသာသော စကားဆိုပေမယ့်လို့ နေရာလွဲရင် “ခွေးစကား”တဲ့။
________________________
ဖြစ်စဉ် (၃)
ကျွန်တော်တို့ ငယ်ငယ်က ဗိုလ်အောင်ဒင်ဇာတ်လမ်းကို
အရမ်းသဘောကျခဲ့တာ။
“ဟား …. ဟား …. ဟား …. လွယ်သလား ခက်သလား ရာမ။ ဟေ့ ! ဒီမှာ ….
ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဟောသလို လက်ညိုးလေးကွေးတတ်ရတယ်ကွ”
သိပ်ခိုက်ခဲ့တဲ့ စကားပေါ့။ လူဆိုးကြီး ဗိုလ်အောင်ဒင်က သူ့ကိုအံတုလာတဲ့
တပည့်ကျော် ရာမနဲ့ သေနတ်စွမ်းပြိုင်ပြီး သူအနိုင်ရသွားလို့ ပြောတဲ့စကား.။
“လက်မြှေက်ထားလိုက်ပါ ဗိုလ်အောင်ဒင်။ နည်းနည်းလေးလှုပ်တာနဲ့
ကျုပ်ကသေနတ်နဲ့ ပစ်ချလိုက်တော့မှာဗျ”
ဗိုလ်အောင်ဒင်ကို ရဲအရာရှိမင်း ဦးဘချစ်က ဖမ်းတဲ့ အခန်းပါ။
ကျွန်တော်သာ ဗိုလ်အောင်ဒင်နေရာမှာဆို “ပစ်ပေါ့” လို့ပြောပြီး
လျှာတောင်ထုတ်ပြလိုက်ဦးမယ်။ ဟုတ်တယ်လေ သူက သေနတ်နဲ့ ပစ်မယ်
ဆိုတာကိုး။လွန်ရောကျွံရော“ဘု”ထွက်ရုံပေါ့။ ကျည်ဆံနဲ့ ပစ်ရင်သာ …..။
ငယ်ငယ်ကတည်းက ညစ်ပေါက်ကပ်ကျယ်တွေးတတ်တဲ့ကျွန်တော်က ဦးဘချစ်ကို
စကားလုံးတွေမှားလို့ သနားခဲ့ဖူးတယ်။
“ကျည်ဆံနဲ့ပစ်” တာကို “သေနတ်နဲ့ပစ်” တယ်လို့
သုံးနှုန်းတာမှားနေပါတယ်လို့ပြောတဲ့ ကျွန်တော်သာလျှင် လွဲမနေဘူးလားဗျာ။
အဲဒီလိုသာလိုက်ပြင်ရရင်.....
ထမင်းချက်တာကို “ဆန်ချက်တာ”
မော်တော်ကားစီးတာကို “လူစီးတာ”
ကျောင်းပြေးတာကို “ကျောင်းသားပြေးတာ” လို့လိုက်ပြင်ရတော့မှာ။
______________________
ဖြစ်စဉ် (၄)
အပျော်စီး သင်္ဘောကြီးတစ်စီးပေါ်က ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်ပေါ့……
“မောင်”
“ချစ်”
“ဟိုမှာဝဲနေတာ ဘာငှက်လေးတွေလဲဟင်”
“အချစ်ငှက်ကလေးတွေပေါ့ကွယ်”


(၁)နှစ်ခန့်ကြာသော်ဒီသဘောင်္ကြီးနဲ့ ဒိလင်မယားနှစ်ယောက်ပါပဲ ။
`` မောင် ´´
`` ဟေ ´´
`` ဟိုမှာဝဲနေတာ ဘာငှက်တွေလဲဟင် ´´
``ဇင်ယော်တွေလေ ´´
ပထမဦးဆုံး သားဦးလေး(၃) နှစ်လောက်မှာလေ။ ဒီသဘောင်္ကြီးပေါ်မှာပဲ၊
ဒီမိသားစုသုံးယောက်ပေါ့။
`` ယောက်ကျားရေ ´´
`` ပြော ´´
`` ဟိုမှာဝဲနေတာ ဘာငှက်ကလေးတွေလည်းဟင် ´´
`` မင်းကလည်း..... ဇင်ယော်တွေပေါ့ကွာ ´´
သား(၃)ယောက်၊ သမီး(၂)ယောက်နဲ့ ဆွေပြမျိုးပြထွက်လာတဲ့အဲဒီမိသားစုပဲ၊
ဒီသဘောင်္ကြီးပေါ်မှာပဲ......

`` အဖေကြီးရေ ´´
`` ဟေလကွာ ´´
`` ဟိုဟာဘာငှက်တွေတုန်း ´´
`` ငါ့လခွီး...နင့်အမေလင်ငှက်တွေဟေ့...တကတဲ မှုန်ပဲမှုန်နိုင်လွန်း ´´
အင်းအခြေအနေနဲ့ အချိန်ကာလအလွဲပေါ့... .... ....။

_________________________
အခုကျွန်တော်ပြောခဲ့တဲ့ အလွဲတွေကိုပြန်ကြည့်တဲ့အခါ
ရယ်စရာကောင်းချင် ကောင်းနေပါလိမ့်မယ် ။ ကျွန်တော်တွေးမိသလောက်... ....
(၁) နေရာလွဲ
(၂) အချိန်ကာလလွဲ
(၃) အခြေအနေလွဲ
(၄) အသုံးအနှုန်းလွဲ
(၅) အသုံးချလွဲ ဆိုပြီး နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး ကြုံနေကြရမှာပါ ။
အလွဲတွေနဲ့ထိပ်တိုက်ကြုံနေချိန် တုန်းက ရယ်စရာကောင်းမှာမဟုတ်ပါဘူး။
အဲ ... အဲဒိအချိန်နဲ့လွဲသွားပြီး ပြန်ပြောင်းပြောတဲ့ အချိန်ကျတော့လည်း
ရယ်စရာကောင်းနေပြန်ရော ။
တကယ်တော့ အလွဲတွေလည်း လွဲတာပါပဲ။




**ကိုကြည်နိုင်**
___________________________________________________









--


ပျော်ရွှင်ချမ်းမြေ့ပါစေ....
**yaminn**

Read More...

Sunday, October 16, 2011

၉၀% သောယောက်ျားများ အကြောင်း


၉၀%သော ယောက်ျားများဟာ ဇနီးတွေနဲ့အတူ ဈေးမထွက် ၀ယ်ချင်ကြဘူး။

၉၀%က သွားဝယ်ဖြစ်ရင်လည်း မိန်းမတို့ရဲ့ စေခိုင်းမှုကြောင့်ဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ ယောက္ခမအိမ်ကို အလည်အပတ် မသွားချင်ကြဘူး။


၉၀%က သွားဖြစ်ရင်လည်း ဇနီးကို မျက်နှာသာ ပေးခြင်းတာဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ သူဌေးအိပ်မက်ကို မက်တတ်ကြတယ်။ ချမ်းသာရင်
သားသမီးကလွဲလို့ အရာအားလုံးကို လဲပစ်ချင်ကြတယ်။ ဒါပေမဲ့ ၉၀% က ဘယ်မှ မလဲဖြစ် ကြဘူး။

၉၀% သော ယောက်ျားများဟာ မိန်းကလေးတွေနား ချည်းကပ်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့ အပြုအမှုနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ရဖို့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ ၉၀% က မျှော်လင့်ချက် မပြည့်ခဲ့ကြဘူး။

၉၀% သော ယောက်ျားများဟာ တဏှာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ ၉၀%က သူတို့ စိတ်ကူးယဉ်တဲ့ အထဲမှာ အိမ်က မိန်းမ ပါမနေဘူး။

၉၀% သော ယောက်ျားများဟာ ကိုယ်လုပ်သမျှ အကောင်းချည်းလို့ ထင်ကြပေမဲ့
၉၀%က မိန်းမတွေရဲ့ အပြစ်ပြောတာကို ခံရတယ်။

၉၀% သော ယောက်ျားများဟာ မိန်းမကို ပစိပစပ်များတယ်လို့ ထင်ကြပေမဲ့
၉၀%က အဲဒီ ပစိပစပ်ကိုပဲ နားထောင်နေရတယ်။

၉၀% သော ယောက်ျားများဟာ ကိုယ့်ရဲ့ အားနည်းချက်ကို သိတယ်။
ဒါပေမဲ့ ၉၀%က ပြုပြင်လို့ မရခဲ့ဘူး။


၉၀% သော ယောက်ျားများဟာ မိန်းမလှလေးကို မြင်ရင် ၉၀%က သူဘယ်သူနဲ့ ဖြစ်နေလဲ။ ငါ မရလိုက်တာ နာသကွာဟု တွေးတတ်ကြသည်။







**ကေခိုင်**

Read More...

Sunday, October 2, 2011

မိန်းကလေးများ သိသင့်ပါတဲ့ အချက်

(Bikini Miss Bean)
...........................................................................................
၁။ နင်မှားတယ် မမှားဘူး ဆိုတာကို ထားလိုက်... ငိုတယ်ဆိုကတည်းက တန်းတူ
အခွင့်အရေး တောင်းနေတဲ့ မိန်းမတွေကို အားနာသင့်ပါတယ်လေ။

၂။ စက္ကန့်တိုင်း သတိရဖို့ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတာပါ... ဟုတ်တယ်ဟုတ်။

၃။ မင်းကို ကောင်လေးတွေက လာလာကြည့်မှတော့ ငါလည်း ကောင်မလေးတွေကို
ပြန်ကြည့်ရတော့မှာပေါ့။

၎။ ငါမင်းကို မရစ်ဘူး၊ မရှုပ်ဘူး... အဲဒါကို ဂရုစိုက်သင့်တယ်။

၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူနောက် လိုက်မသွားပါဘူး
ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။

၆။ တခါတလေ အပြင်မသွားတဲ့အခါ သိပ်ပြီးတော့ သပ်သပ်ရပ်ရပ်တွေ ၀တ်မနေနဲ့လေ။

၇။ ငါကလည်း အချောဆုံး အဖြောင့်ဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ဟိုလူက ငါ့ထက်
ပိုချောတယ် ပိုဖြောင့်တယ် ဆိုတာတော့ မကြားချင်တာ အမှန်ပါ။

၈။ ငါဆံပင်ပုံစံ မပြောင်းတာ၊ မျက်လုံးအရောင်မခြယ်တာ၊
ဆံပင်အရောင်မပြောင်းတာ၊ ဖိနပ်အသစ် မ၀တ်တာတွေကို မင်း သတိထားမိ
စေချင်ပါတယ်။

၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိနေမှတော့ ငါထပ်သိလည်း အပိုပဲလေ။

၁၀။ ငါရဲ့ကိစ္စတွေအားလုံးမဟုတ်ပါဘူး။ မင်းကို ဝေမျှချင်တာ အနည်းကျဉ်းက
မင်းဘာကို လိမ်းထားတယ်ဆိုတဲ့ အလှပြင်တဲ့အကြောင်းကို ဘယ်လိုမှ
နားမလည်တဲ့လူကို မပြောသင့်ဘူးဆိုတာပါ။

၁၁။ တခါတလေ ဖုန်းမဆက်ခင်လေး အိပ်ကြည့်ပါလား။ အိပ်သွားပြီဆို
ဖုန်းပြောတာထက်တောင် ကြည်နူးဖို့ ကောင်းမှာ...း)

၁၂။ မင်း ခေတ်ဆန်ဖို့မလိုပါဘူး။ သိပ်ပြင် သိပ်ထွင်မနေပါနဲ့၊
ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေစမ်းပါ။

၁၃။ ငါလည်း ဒေါသထွက်တတ်တာပေါ့။ အဲလိုဆိုရင် တစ်လမှာ ၃ ရက်ကြီးတောင်
ခွင့်မလွှတ်ပါနဲ့။

၁၄။ လျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းကောင်းကောင်းသုံးတတ်တယ်၊ ပျက်အောင်
မလုပ်ဖူးလို့လည်း ငါက ယူဆထားတယ်။ ပြီးတော့ မသိရင်တောင် သွားပြင်တဲ့
နေရာလေးမှာ နောက်တခါ အဆင်ပြေအောင် ဘယ်လိုသုံးရမလဲဆိုတာ လေ့လာသင့်တယ်လေ။
တနည်းပြောရရင် စေ့စပ်တာပေါ့။
(Miss Bean)

၁၅။ တချို့တွေကို ငါမလုပ်တတ်တာ အမှန်ပါ။ အဲဒီအခါ
မင်းကိုယ်တိုင်လုပ်လိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။

၁၆။ ငါဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီး ခဏခဏ
မပြောပြခိုင်းပါနဲ့။ ငါ့ရဲ့ တကယ့်အရိပ်ဆိုရင် အသံမှ မထွက်ဘဲ။ တဆင့်စကား
မကြားချင်ဘူးဆို... နောက်ဆိုရင် ၂ ဆင့် ၃ ဆင့်လောက်မှ သိစေရပါမယ်...း)

၁၇။ မင်းဖုန်းကို ဒီတိုင်းမချခင်... ပြန်ဆက်စေချင်ရင်...
ပြန်ဆက်နော်လို့တော့ ပြောသင့်တာပေါ့။

၁၈။ မင်းနည်းနည်းဝလာတာကို ငါမပြောပါဘူး ဒါပေမဲ့ ဖက်တီးမကြီးတော့ မဖြစ်စေနဲ့လေ။

၁၉။ နှုတ်ခမ်းနီတွေ ပါးနီတွေကက ခုခေတ်ယောက်ျားလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။
ရွံစရာကောင်းပါတယ်။

၂၀။ ငါ့ကို ဆုံးမသင့်တယ်လို့ မြှောက်ပေးတဲ့ အပေါင်းအဖော်တွေ
မင်းဆီမှာရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို
မင်းဆိုးမှာစိုးလို့ပါ။

၂၁။ ငါ့သူငယ်ချင်းတွေကိုလည်း မင်းလက်ခံနိုင်အောင်ကြိုးစားပါ။

၂၂။ ငါထမင်းဟင်းတွေ (တစ်ခါလောက်) ချက်ကျွေးရင် စားမကြည့်ဘဲနဲ့
မကောင်းဘူးလို့ မပြောပါနဲ့။

၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းလည်း
တတ်သင့်တယ်။ ဂိမ်းကစားတာလည်း မင်းသိသင့်တယ်။ ဒါမှလည်း ငါလုပ်တာတွေ
ခံစားပေးနိုင်မှာပေါ့

၂၄။ နင်လုပ်တဲ့ လေးစားသင့် လေးစားထိုက်တဲ့ အလုပ်ဆို လေးစားပါ့မယ်။

၂၅။ Lady First ဆိုတိုင်း ဦးစားပေးခံရမယ် ထင်နေလားဟေ။

၂၆။ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိတိုင်း ယောက်ျားတွေ
နူးညံ့ညံ့ မဆက်ဆံတတ် ဘူးလို့ မထင်ပါနဲ့။

၂၇။ ငါပန်းကန်ဆေးပြီးရင် ထမင်းထည့်ဖို့ ပြင်ထားပါ။ ငါကြမ်းတိုက်တဲ့အခါ
တံမြက်စည်း သိမ်းဖို့ပြင်ပါ။

၂၈။ မင်းအဖော်လိုချင်တာ ငါသိတာပေါ့။ ဒီတော့ ငါ့အလုပ်တွေမှာ အဖော်လာလုပ်သင့်တာပေါ့။

၂၉။ ငါက ဟိုမသွားနဲ့လို့ ပြောရင် စိတ်မကောက်နဲ့။ မင်းနဲ့ ချိန်းတွေ့တာ
စိတ်မပါသလို ငါခံစားရလို့ပါ။
(Miss Bean)

၃၀။ ငါက မင်းလေးကိုချစ်နေမှာပဲလို့ပြောရင်... ပိန်အောင်တော့ နေပေးသင့်တယ်လေ။




၃၁။ ယောက်ျားလေး သူငယ်ချင်းတွေကို နင်လည်း
ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး
စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့ လူလုပ်နေတယ်ဆိုတာ
သိပါ။

၃၂။ နင့်မှာ ယောက်ျားလေး သူငယ်ချင်း ရှိတာ မပြောလိုပါဘူး။ အချစ်တွေ၊
ခင်မင်မှုတွေ၊ စည်းတွေ၊ တံတိုင်းတွေ ခဏထားလိုက်ပြီး အပေါ်က အချက် (၃၁) ကို
သတိပြုသင့်တယ်နော်။

၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ ယောက်ျားလေးတွေအားလုံးကို ဘယ်အရွယ်ပဲဖြစ်ဖြစ်
ကြည့်မရတာ အမှန်ပါ။

၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းကို ပြောမနေလည်း ရပါတယ်... ငါ့ကိုသာ
အသေးစိတ် ချစ်ဖို့ပဲ လိုတယ်။

၃၅။ ငါကတော့ ရှိသမျှ ရည်းစားဟောင်းတွေ၊ လက်ရှိတွေထက်... အသစ်တွေပဲ
တွေးနေမိတာ ခက်တယ်ဟာ။

၃၆။ မထင်မှတ်တဲ့ surprise တွေ အလကားရတိုင်း မတောင်းဆိုပါနဲ့။ အဲလိုဆို
ငါတို့တွဲတာ ကြာမှန်း မင်းဘယ်သိတော့မှာလဲ။

၃၇။ ငါကို ချစ်သေးရဲ့လားလို့ ခဏခဏ မမေးပါနဲ့။ မေးရင်... ငါ
မချစ်တတ်တော့ဘူးလားဆိုပြီး ပြန်တွေးနေမိလို့ပါ။

၃၈။ လူတွေကွယ်ရာမှာ မင်းငါ့ကို ပြဿနာ မလုပ်ပါနဲ့။ ငါလည်းမင်းကို
လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းတွေ ရှေ့မှာတောင် မင်းကို
မျက်နှာပျက်အောင် မလုပ်ပါဘူး။

၃၉။ မင်းလုပ်တာမှားသွားလို့ ဆုံးမတာ အော်တာလေ။ အဓိကက... အဓိကပဲလေ။
လုပ်ချင်တာ လုပ်ပြီးမှ အနမ်းလေး ချီးမြှင့်ပါဦးဆိုတာက မဟုတ်သေးဘူးလေ...
း)

၄၀။ မင်းအတွက် ငါက ပြည့်စုံနေပြီဆိုရင် တခြားသူတွေ လာပိုးပန်းနေတာကို
အပြတ်ဖြတ်သင့်တယ်။

၄၁။ မင်းစိတ်ဆိုးလို့ မင်းကို နောက်လာမရှာနဲ့
ဖုန်းမဆက်တော့နဲ့လို့ပြောနေပြီးတော့... မင်းကို လာရှာခိုင်းတာ
ဖုန်းဆက်ခိုင်းတာက ဘယ်လိုလဲဟ။ (နည်းနည်းဝေးလို့ပါ)

၄၂။ မင်း ငါ့ဘေးမှာရှိတဲ့ မိန်းကလေး သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ရင်း
ယှဉ်ရင်း... သူတို့ ငါ့ကို စိုးမိုးသွားလို့၊ ရင်ခုန်သွားလို့
ဖြစ်ခဲ့ရင်... ရန်မလုပ်သင့်ဘူးနော်။

၄၃။ ငါချော့ရင်လည်း ချက်ချင်း စိတ်ဆိုးပြေပါ။ အေးဆေးသွားဖို့
အချိန်မပေးပါနဲ့။ ငါ အေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။

၄၄။ ငါ ၀ယ်မပေးတဲ့ ပစ္စည်းတွေကို နင်ကြိုက်စရာ မလိုပါဘူး။
ဝယ်ပေးတဲ့ဟာကိုလည်း အမှတ်တရဖြစ်ဖို့ ၀ယ်ပေးတယ်ဆိုပြီး မင်းစိတ်ထဲမှာ
ကျေနပ်သင့်တယ်။

၄၅။ ချစ်သူ နားမထောင်ချင်တဲ့အခါဆိုရင် အတင်းလိုက်မပြောပါနဲ့...
နားရွက်နှစ်ဘက်လုံးက ၀င်သွားရင် ပါးစပ်က ပြန်ထွက်လာမှာနော်...။

၄၆။ ငါအပြင်ထွက်တိုင်း လိုက်ခဲ့မယ် မပြောပါနဲ့... ငါ့ရဲ့ သူငယ်ချင်းတွေက
မင်းနဲ့ နှစ်ယောက်သား လည်ချင်တဲ့အချိန်ကျမှ လိုက်ချင်တယ်ဆို ဘယ့်နှယ်
လုပ်ကြမလဲဟ...။

၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ ပြောတဲ့အချိန်မှာ စာသားလေးကိုပါ
ရိုက်ပို့ပေးလေ... သီချင်းစာသားထဲမှာ နင်ပြောချင်တဲ့ စကားရှိတယ်ဆိုရင်။

၄၈။ Shopping မထွက်တာ ယောက်ျားလေးတွေရဲ့ သဘာဝလေ။ ဒါကို အပစ်မပြောပါနဲ့။
တခါတလေမှာ ငါ့ကို မခေါ်ဘဲ ၀ယ်ကြည့်ပါလား။

၄၉။ ငါ့မိဘနဲ့ ငါနဲ့ ကြားမှာ မင်း ကာဆီးကာဆီး မလုပ်ပါနဲ့လေ...။

၅၀။ ၀ယ်ပေးတဲ့ လက်ဆောင်ကိုလည်း ဖြစ်သလို မလုပ်ပစ်ပါနဲ့။



(မှတ်ချက်။ ။ ဖိုဝါဒ မဟုတ်ပါ။ ဖိုဟာသအဖြစ် မှတ်ယူကြပါ။)

**ကိုတင့်**

Read More...

ယောင်္ကျားလေးများသိသင့်ပါတဲ့ အချက်


၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။
၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။
၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။
၎။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့
ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။
၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ်
ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။
၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊
ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။
၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။
၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ
အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။
၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ
မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။

၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့
ကိုယ့်စတိုင်လ်နဲ့ ကိုယ် နေပါ။
၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။
၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းပြင်တတ်တယ်
ကျွမ်းကျင်တယ်လို့ ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့
နေရာလေးတော့ လိုက်ပို့ပြီး အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။
တနည်းပြောရရင် အားကိုးတာပေါ့။

၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။
၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့
အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင်
မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။
၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ……
၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မ၀စေနဲ့။
ငါ့ထက်လဲ မပိန်စေနဲ့။
၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။
ရွံစရာကောင်းပါတယ်။

၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။
သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။
၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို
မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး
ကျန်တာတွေကို သိသင့်သလောက်သိရမယ်။
၂၄။ ငါ့အလုပ်ကို လေးစားရမယ်။
၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။
၂၆။ နူးညံ့သိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။
၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။
ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။
၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုံး။
၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။
အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို
ငါခံစားရလို့ပါ။

၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမ၀ဘူး အစားမလျော့နဲ့
မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။
၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။
ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က
အရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။
၃၂။ ငါမှာ ယောင်္ကျားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက
အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။

၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး
ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။
၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။


၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့
တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင်
ချစ်သွားမှာက မင်းကို လေ။
၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။
၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။
၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။
မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။
၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။
အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။
၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို
ပိုးပန်းနေကြမှာပဲ။
၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက
မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။
၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က
ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင်
ငါပဲလုပ်နိုင်တာပါ။ ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို
သိချင်နေလို့ပါ။
၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။
ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။
၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။
အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။
မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။
၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။
၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။
မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။
၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး
နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။
၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။
တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။
၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့။
လုပ်တတ်တယ်လဲမပြောပါနဲ့။
၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။


**ကိုတင့်**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)