ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ပုံင်္ပြင်. Show all posts
Showing posts with label ပုံင်္ပြင်. Show all posts

Tuesday, August 24, 2010

စောက်ချင်းတူမှတော့…

**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**
`ကိုရင် ကတ်ကြေးသွားယူခဲ့စမ်း´
တပည့်ဦးပဉ္စင်းများနှင့်အတူ သင်္ကန်းချုပ်နေသော ဗန်းမော်ဆရာတော်က ကိုရင်တစ်ပါးအား ခိုင်းသည်။
ဆရာတော် ခိုင်းသဖြင့် ကိုရင်လည်း ကျောင်းအောက်သို့ အမြန်ဆင်းသွားသည်။ ထို့နောက် ကတ်ကြေး ယူလာရမည့်အစား အဂ္ဂိရတ်ဖိုမှ မီးညှပ်ကို ယူလာခဲ့လေသည်။
"ကတ်ကြေးယူခဲ့ပါဆိုမှ မီးညှပ်ယူလာခဲ့ရသလား ကိုရင်။ ဒီပစ္စည်းနှစ်ခုက ညှပ်ရတာချင်း တူပေမယ့် အသုံး တည့်ပုံကော၊ အမည်ကော မတူဘူးကွယ့်။ အင်း- ကိုရင်ဟာ ငါးကြင်းစောက်နဲ့ တူရွင်းစောက်မှားသလို ဖြစ်နေတာကိုး"

ဆရာတော်က ပြုံးရယ်ရင်း မိန့်တော်မူသည်။
''ငါးကြင်းစောက်နဲ့ တူရွင်းစောက် မှားပုံ ရှင်းလင်းဟောကြားတော်မူပါဦးဘုရာ;"
တပည့်ဦးဉ္စင်းများက လျှောက်ထားတောင်းပန်ကြလေသည်။ ဆရာတော်က ကွမ်းမြုံရင်း ပုံပြင်ကို စပြောသည်။
"ရှေးတုန်းက အလွန်ရိုး၊ အလွန်အ၊ အလွန် အမြော်အမြင်နည်းတဲ့ လူတစ်ယောက် ရှိတယ်။ သူက မေ့လဲ မေ့ တတ်တယ်။ သူအိမ်ထောင်ကျတော့ အိမ်ခွဲပြီး သီးခြားနေကြတယ်။"
တပည့်ဦးပဉ္စင်းများ၊ ကိုရင်များက ဆရာတော်၏ ပုံပြင်ကို နားထောင်ကြသည်။တစ်နေ့သော် ထိုအညာသား၏ ဇနီးသည်က သားယောင်္ကျား မွေးဖွားလေသည်။ သားဦးဖြစ်သဖြင့် အလွန်ဂရုစိုက်ကြသည်။ ကလေးအတွက် နို့ထွက်ကောင်းရန် လိုသည်။ လင်၏ ရိုး အ ညံ့ဖျင်းပုံကိုသိသော ဇနီးသည်ကပင် လိုလေသေးမရှိ စီစဉ်ရသည်။
"ဒီမှာ ကိုရင်၊ ကလေးအတွက် မိခင်နို့ထွက် ကောင်းဖို့လိုတယ်"
"အေး.... ဟုတ်တယ်"
"ကြောင်ပန်းရွက်နဲ့ ငါးကြင်းစောက် ၀ယ်ပေးပါကိုရင်"
"၀ယ်ပေးမယ်"
"သေသေချာချာမှတ်နော်၊ ကြောင်ပန်းရွက်နဲ့ ငါးကြင်းစောက် မှတ်မိတယ်နော်"
"အေး ... ကြောင်ပန်းရွက်၊ ငါးကြင်းစောက်"
ကိုလူနုံလည်း တဖွဖွရွတ်ရင်း၊ မှတ်ရင်းနဲ့ ဈေးဆီကို ထွက်ခဲ့သည်။တစ်နေရာ အရောက်တွင် ကိုလူနုံ လူအ လည်းအမှတ်တမဲ့ ခလုတ်တိုက်မိသည်။ ဤတွင် မှတ်လာသည်ကို မေ့သွားသည်။ မနည်းပြန်၍ စဉ်းစား ယူ ရသည်။ကြောင်ပန်းရွက်ကို စဉ်းစားမိသည်။နောက်တစ်မျိုး၊ ထိုစာလုံးတွင် စောက်ပါသည်။ အပြန်ပြန်အဖန်
ဖန် စဉ်းစားသည်။ ဟုတ်ပြီ၊ တူရွင်းစောက်၊ သူမှတ်မိပြီ။ဈေးသို့ ရောက်လာသည်။ကြောင်ပန်းရွက်ဝယ်သည်။ တူရွင်းစောက် ၀ယ်သည်။ အိမ်ပြန်ခဲ့သည်။ ကိုယ်တိုင် မီးဖိုထဲ ၀င်သည်။ ကြောင်ပန်းရွက်နှင့် တူရွင်းစောက်
ကို ရောချက်သည်။ဟင်းကျလျှင် မယားဖြစ်သူကို ခူးခပ်ကျွေးသည်။ မယားဖြစ်သူက ဟင်းကို မြည်းကြည့်သည်။ ဟင်းမှာ မချိုချေ၊ သည်ကြားထဲ သံချေးစော်က နံသေးသည်။
"ဘယ်လိုဖြစ်တာလဲ ကိုရင်"
"ဘာလဲ ရှင်မ "
"ကိုရင့် ဟင်းခါးက မချိုတဲ့အပြင် သံချေးစော်ကလဲ နံပါ့ကိုရင်"
"ရှင်မ မှာတဲ့အတိုင်း ၀ယ်လာပြီး ချက်တာပဲ"
"ဟင်းခါးအိုး ယူခဲ့စမ်းပါကိုရင်၊ ကြည့်ရအောင်"
ဟင်းခါးအိုးကို ယူလာပြသည်။ကြောင်ပန်းရွက်ကတော့ ဟုတ်သည်။ ဟင်းခါးအိုးထဲ တူရွင်းစောက်ကြီးက ရောက်နေသည်။
"ကိုရင့်ကို မှာလိုက်တာက ကြောင်းပန်းရွက်နဲ့ ငါးကြင်းစောက်၊ ခုတော့ မယ်နှယ် ကြောင်ပန်းရွက်နဲ့ တူရွင်း စောက်ဖြစ်နေရတာလဲ။ ကိုရင် ဘယ်နေရာမှ အဖြစ်မရှိဘူး"
မယားဖြစ်သူက အပြစ်တင် မြည်တွန်ပြောဆိုသည်။ ဤတွင် ကိုလူနုံက
"အေးကွာ စောက်ချင်းတူမှတော့ မှားမှာပေါ့" ဟူ၍ ခွန်းတုံ့ပြန်လေသည်။
"အင်း - ကတ်ကြေးနဲ့ မီးညှပ်မှားတာက ငါးကြင်းစောက်နဲ့ တူရွင်းစောက် မှားတာနဲ့စာရင် တော်သေး တာ ပေါ့လေ"
ဗန်းမော်ဆရာတော်က ပုံပြင်ကို အဆုံးသတ်သည်။ ကျောင်းရှိ စာသင်သားတို့မှာ ရယ်မောကြလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)

Read More...

Sunday, June 6, 2010

သင်းပိုင် သဲပေမှာစိုးလို့…

(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)

ကိုရင်ပဏ္ဍိတသည် အသက် (၂၀)ပြည့်ပြီး လေပြီ။ သို့သော် ပဉ္စင်းခံပေးမည့် ဒကာဒကာမ မရှိ။ ကိုရင်ကြီး ဘ၀ဖြင့်သာ နေရသည်။ စာပြန်ပွဲပြီးသည့် နောက်ပိုင်းတွင် ရှင်ပဏ္ဍိတ စာပြန်ပုံကို အကြောင်းသင့်တိုင်း ချီးကျူး ပြောဆိုနေကြလေသည်။
နေပြည်တော်စာပြန်ပွဲသမိုင်းတစ်လျှောက် ရှင်ပဏ္ဍိတကဲ့သို့ စာဖြေနိုင်သူတစ်ဦးတစ်ယောက်မျှ မပေါ်ဖူးသေး ဟု ဆိုကြသည်။ “ပညာရဲရင့် ပွဲလယ်တင့်”ဟူသော စကားသည် ရှင်ပဏ္ဍိတလို ပုဂိုလ်မျိုးကို ခေါ်ဆိုသုံးနှုန်းခြင်း ဟုလည်း ပြောကြသည်။ “အစကတည်းက ပဏ္ဍိတလို ကျက်ထားပါလား”ဟူသော စကားသည်လည်း တွင်ကျန် ရစ်သည်။

တစ်နေ့သော် မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့က ရွှေနန်းတော်သို့ ကြွရောက်ရန် ရှင်ပဏ္ဍိတကို ပင့်ဖိတ်သည်။
“ကိုရင်ကြီး သက်တော် ဘယ်လောက်ရှိပြီလဲ” မိဖုရားခေါင်ကြီးက မေးသည်။
“အသက် နှစ်ဆယ်ကျော်ပါပြီ”
“ရဟန်းဘောင်သို့တက်လိုတဲ့ ဆန္ဒများကောရှိရဲ့လား”
“ရှိပါပြီကော၊ ရဟန်းခံပေးမယ့် ဒကာ မရှိလို့ ကိုရင်ကြီးဘ၀နဲ့ နေရတာပ” ရှင်ပဏ္ဍိတက ပွင့်လင်းရိုးရှင်းစွာပင် ဖြေသည်။
“ဒီလိုဆိုရင် တပည့်တော်မကပဲ ပဉ္စင်းအမအဖြစ် တာဝန်ယူပါရစေဘုရား”
“သာဓု သာဓု သာဓု… ဗျာ” ရှင်ပဏ္ဍိတက ကျေနပ်စွာ သာဓုခေါ်သည်။
မိဖုရားခေါင်ကြီး၏ ကောင်းမှုကြောင့် ကိုရင်ကြီး ရှင်ပဏ္ဍိတသည် ဦးပဉ္စင်း ဦးပဏ္ဍိတအဖြစ်သို့ ရောက်သည်။ ရွှေနန်းတော်တွင်းသို့လည်း တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့် ရှိလေသည်။
မှတ်ချက်။ ။ ရဟန်းအဖြစ် ခံယူလိုသောသူသည် ဖြစ်စွာ ဘုရား၏ ပညတ်တော်မူချက်အရ အင်္ဂါငါးပါးနှင့် ပြည့်စုံရသည်။
၁။ ၀တ္ထုသမ္ပတ္တိ = ရဟန်းလောင်းဟူသော ၀တ္ထု၏ ပြည့်စုံခြင်း၊ ရဟန်းလောင်းသည် ရှေးက ပါရာဇိက အာပတ်မသင့်ဖူးသူ၊ ပဏ္ဍုက်တစ်ဆင့်တစ်မျိုးမှလွတ်၊ အသက် နှစ်ဆယ်တင်းတင်းပြည့်သူ ဖြစ်ရသည်။
၂။ ဥတ္တိသမ္ပတ္တိ = ဥတိ၏ ပြည့်စုံခြင်း၊ ကမ္မ၀ါစာမရွတ်ဖတ်မီ သံဃာတော်များအား ကြိုတင်သိစေရသဖြင့် ဥတ်ဟုခေါ်သော ပါဠိတော်များကို ရွတ်ဖတ်ရာတွင် အပြစ် ငါးမျိုးမှ ကင်းရှင်းရသည်။
၃။ သီမာသမ္ပသတ္တိ။ သိမ်၏ ပြည့်စုံခြင်း၊ ရဟန်းခံသော သိမ်သည် သိမ်ပျက် ၁၁-မျိုးမှ လွတ်၍ အောင်မြင်စွာ သမုတ်ထားသော သိမ်ဖြစ်ရသည်။
၎။ အနုဿာဝနာသမ္ပတ္တိ = ကမ္မ၀ါစာ၏ ပြည့်စုံခြင်း၊ ကမ္မ၀ါစာရွတ်ဖတ်ကြရာတွင် အပြစ်ငါးမျိုးမှ ကင်းလွတ်ရသည်။
၅။ ပရိသသမ္မတ္တိ = ပရိသတ်၏ ပြည့်စုံခြင်း၊ ရဟန်းပြုပေးသော သံဃာပရိသတ်သည် ရဟန်းစစ်စစ် အနည်းဆုံး ငါးပါးမရှိခြင်းစသော အပြစ်သုံးမျိုးမှ ကင်းလွတ်ရသည်။
ပဉ္စင်းဟူသော ဝေါဟာရနှင့် ပတ်သက်၍လည်း အယူအဆအမျိုးမျိုး ရှိသည်။ အချုပ်အားဖြင့်-
(က) အင်္ဂါငါးပါးပြည့်စုံသူ (ပဉ္စဂံ - ပဉ္စင် - ပဉ္စင်း)
(ခ) သူတော်သူမြတ်ပြုသူ (ပန်စင် = ပန်စင်း = ပဉ္စင်း)
(ဂ) မြတ်သော အဖြစ်ရောက်သူ ပြည့်စုံသူ (ဥပသမ္ပန္န = ဥပသမ်း = ဦးပစမ်း = ဦးပဉ္စင်း)တို့ ဖြစ်ပါသည်။
ဤအယူအဆ သုံးမျိုးတွင် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ “ပဉ္စင်္ဂ”ဟူသော ပါဠိပု၌မှ ဆင်းသက်လာသည်ဟု အယူအဆကို ပညာရှင်အဆက်ဆက်တို့က အသင့်မြတ်ဆုံးဟု ယူဆ လက်ခံပါသည်။
တစ်ခုသော နံနက်ခင်းတွင် ဦးပဉ္စင်း ဦးပဏ္ဍိတသည် နန်းတော်သို့ ကြွလာသည်။ ထိုစဉ် နန်းရင်ပြင်၌ မင်းမှုထမ်းတို့က ဆွမ်းပွဲများ ပြင်ဆင်နေကြသည်။
“ဒကာကြီး၊ ဒါတွေက ဘာလုပ်နေတာလဲ” မင်းချင်းတစ်ယောက်အား ဦးပဏ္ဍိတက မေးသည်။
“သံဃာတော်များကို ဆွမ်းကပ်မလို့ပါ ဘုရား”
ဦးပဉ္စင်းဖြစ်သော ဦးပဏ္ဍိတကို မင်းချင်းက ချက်ချင်း ရိုသေစွာ အဖြေပေးသည်။
“သံဃာတော်များကို ဆွမ်းကပ်မလို့၊ ဟုတ်လား”
“မှန်လှကြောင်းပါ ဘုရား”
“ဒါဆို… ငါလဲ သံဃာတော်ပဲ၊ ငါ့ကို ဆွမ်းကပ်ပေတော့”
“တင်ပါ့ ဘုရား” မင်းချင်းလည်း ဦးပဏ္ဍိတကို ဆွမ်းကပ်သည်။
ဦးပဏ္ဍိတ၏ စရိုက်တော်ကား ထူးဆန်းသည်။ ဆွမ်းကို ကောင်းစွာ ဘုဉ်းပေးသည်မဟုတ်။ ဆွမ်းပွဲပျက်ရုံ ဘုဉ်းပေးသည်။ ဆွမ်းနှင့် ဆွမ်းဟင်း နယ်လိုက်၊ အနည်းငယ် ဘုဉ်းပေးလိုက်၊ နောက်တစ်ပွဲ ဆွမ်းနှင့် ဆွမ်းဟင်း နယ်လိုက်၊ အနည်းငယ် ဘုဉ်းပေးလိုက်နှင့် ဆွမ်းပွဲများ ပျက်ရုံ ဘုဉ်းပေးသည်။ ထို့နောက် နန်းမဆောင်မှ ပြန်၍ ကြွသွားတော်မူလေသည်။
ဦးပဏ္ဍိတ ပြန်ကြွသွားပြီးနောက် ပင့်သံဃာတော်များ ကြွတော်မူလာကြသည်။
ဆွမ်းပွဲပြင် မင်းချင်းတို့သည် အသော့အလျင် ဆွမ်းပွဲများကို သပ်ရပ်အောင်ပြန်၍ ပြင်ကြရသည်။ ကသုတ်ကရုတ် ပြင်ရသည်ဖြစ်၍ အချိုပွဲမှာ အချိန်မမီတော့၊ အထိုက်အလျောက်မျှသာ ပြင်၍ ကပ်ကြရသည်။ ပင့်သံဃာတော်များထဲတွင် သာသနာပိုင်ဆရာတော်ကြီး၏ ကျောင်းတိုက်မှ ဦးပဉ္စင်းတစ်ပါး ပါဝင်နေသည်။ ထိုပဉ္စင်းက သာသနာပိုင်ဆရာတော်ဘုရားကြီးအား အလုံးစုံပြန်လည်၍ လျှောက်ထားသည်။
မင်းချင်းတို့ကလည်း ဦးပဏ္ဍိတလုပ်ပုံကို မင်းတုန်းမင်းတရားကြီးအား လျှောက်ထားသည်။ သို့နှင့် မင်းတုန်းမင်းတရားကြီးကလည်း သာသနာပိုင်ဆရာတော်ကြီးအား လျှောက်ထားသည်။ တိုင်ကြားသည်။
သာသနာပိုင် ဆရာတော်ကြီးက ဦးပဏ္ဍိတအား ခေါ်ယူစစ်ဆေးတော်မူသည်။ ဦးပဏ္ဍိတကလည်း မကွယ်မထောက်၊ အပြစ်ထင်ရှားသည်။ ထို့ကြောင့် ဆရာတော်ကြီးက သံဒဏ် ၁၀-ခေါက် အပြစ်ပေးသည်။
ဦးပဏ္ဍိတ သဲဒဏ်ခံရသည်။ ဧကသီကို ချွတ်သည်။ သင်းပိုင်ကို တိုတိုဝတ်သည်။ ကုန်း၍ ကုန်း၍ သဲကိုကျုံးသည်။ တောင်းထဲသို့ ထည့်သည်။ ဦးပဏ္ဍိတ သင်းပိုင် ၀တ်ထားပုံမှာ တိုလွန်းသဖြင့် ကုန်း၍ သဲကျုံးတိုင်း အမြင်မတော်အောင်ဖြစ်နေလေသည်။ ထို့ကြောင့် သာသနာပိုင် ဆရာတော်ဘုရားကြီက -
“မောင်ပဉ္စင်းရဲ့ သင်းပိုင်က တိုလွန်းလှတယ်။ သဲကျုံးတာနဲ့ မတူလှပေဘူး” ဟူ၍ သတိပေးမိန့်တော်မူလေသည်။
ယင်းကို ဦးပဏ္ဍိတက-
“မှန်လှပါ ဆရာတော်ဘုရား၊ သင်းပိုင်ကို သဲပေမှာ စိုးလို့ပါဘုရား”ဟူ၍ ပြန်လည်လျှောက်ထားပြီး သဲကို ကျုံးမြဲတိုင်းကျုံး ၍ နေလေသည်။
ဆရာတော်ဘုရားမှာလည်း ဦးပဏ္ဍိတ၏ သဲဒဏ် ၁၀-ခေါက် မပြည့်မီပင် အပြစ်ပေးခြင်းမှ ခွင့်လွှတ်လိုက်ရသည်။
ဗန်းမော်ဆရာတော်လောင်း ဦးပဏ္ဍိတ၏ စိတ်ထား စရိုက်တော်ကား ထူးခြားလှပေသည်။

*** နေဘုန်းဝေ ***
(ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)မှ ကူးယူဖော်ပြသည်။

Read More...

Saturday, March 20, 2010

စစ်မှန်သော သစ္စာ….

*** (ဇာ ၄၄၄- ကဏှဒီပါယနဇာတ်)*** ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် ရဟန်းတစ်ပါးသည်သာသနာငြီးငွေ့၏။ မြတ်စွာဘုရား သည် ခေါ်တော်မှုပြီး ငါဘုရား၏ မျက်နှာမောက်တော် ပရိသတ်များအလယ်တွင် သာသနာတော်၌ငြီးငွေ့သော အဖြစ်ကို အဘယ်ကြောင့် ထင်ရှားအောင် လုပ်သနည်း၊ အရှက်အကြောက်( ဟိရီ,သြတ္တပ္ပ)ကို အဘယ်ကြောင့် အစောင့်ရှောက်သနည်း။ ရှေ:ပညာတို့သည် သာသနာပမှာဖြစ်လျက် ငါးဆယ်ငါးနှစ်ပတ်လုံး ငြီးငွေ့သည် အဖြစ်ကို မပြ။ ဟိရီ,သြတ္တပ္ပကို စောင့်ရှောက်ကြကုန်၏ ဟုမိန်.တော်မူကာ အတိတ်ဇာတ်ကိုဟောကြား တော်မူသည်။

အတိတ်ဇာတ်…
ရှေးရှေးအခါ ၀ံသတိုင်း ကောသမ္ဗိပြည်၌ ကောသမ္ဗကမင်း မင်းပြု၏။ ရွာတစ်ရွာ၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူငယ်ချင်း ပုဏ္ဏားနှစ်ယောက်ရှိ၏။ “ဒီပါယန” နှင့် “မဏ္ဏဗျ” တို့ဖြစ်၏။
ထိုနှစ်ယောက်သည် ကာမဂုဏ်အပြစ်ကိုမြင်၍ ဥစ္စာများကိုစွန့်ပြီးဟိမ၀န္တာသို့ဝင်၍ အနှစ်ငါးဆယ်လုံးလုံး သစ်သီးများဖြင့် စားသောက်နေထိုင်ကြ၏ သို့သော် ဈာန်အဘိညာဏ်မရကြချေ။ ဒီပါယနရသေ့သည် ဘုရားလောင်းဖြစ်၏။
သုသာန်ဓူတင် ကျင့်သုံးစဉ်….
တစ်နေ့တွင် ရသေ့နှစ်ဦးသည် ကောသလတိုင်း နိဂုံးရွာတစ်ရွာရှိ လူ့ဘ၀က “ဒီပါယန” ရသေ့၏မိတ်ဆွေ “မဏ္ဏဗျ” သူကြွယ်ထံသွားကြ၏။ သူကြွယ်က ကျောင်းဆောက်၍ ရသေ့နှစ်ဦးစလုံးကို လုပ်ကျွေး၏။
နှစ်နှစ်သုံးနှစ်နေကြပြီး သူကြွယ်ကိုပန်ကြား၍ ခရီးတစ်ခုထွက်ကြပြန်း၏။ ဗာရာဏသီပြည်မှ “အ၀ိမုတ္တကသုသာန်” ၌နေကြ၏ မကြာမီ “ဒီပါယနေရသေ့သည်” သူကြွယ်ထံသွာနေ၏။ မဏ္ဏဗျရသေ့သည် သုသာန်၌ နေခဲ့၏။
တစ်နေ့တွင် သူခိုးတို့သည်မြို့တွင်း၌ ခိုးကြပြီး လူလိုက်၍ သုသာန်ထဲသို့ ၀င်လာကာ ရသေ့ကျောင်းရှေ့တွင် ပစ္စည်းထုပ်ကိုပစ်၍ပြေး၏။ လိုက်ကြသူများက မဏ္ဍဗျရသေ့ကိုပင် သူခိုးဟု မင်းကြီးထံ ဖမ်းပို့ကြ၏။ မင်းကြီးက မစုံစမ်း၊ သုသာန်တွင် တံကျင်လျို၍ သတ်စေ၏။
အတိတ်ကံ….
မင်းချင်းတို့သည် သုသာန်၌ ရှားနှစ်တံကျင်ဖြင့် လျှိုကြ၏။ ရသေ့၏။ ကိုယ်တွင်းသို့မ၀င်၊ တမာသား တံကျင်၊ သံတံကျင့်၊ တို့ဖြင့် လျှိုပြန်၏။ ကိုယ်တွင်းသို့ မ၀င်။
ရသေ့သည် ဇာတိဿရဥာဏ်ဖြင့် ဆင်ခြင်သော် ရှေးက ပြုခဲ့သော မကောင်းမှုဝိပါကကံကို ခံရမည့်အကြောင်းမြင်၍ မင်းချင်းတို့အား ပင်လယ်ကသစ်သားဖြင့် တံကျင်လျှိုစေ၏။ မင်းချင်းတို့လည်း စအိုဝမှတံကျင်လျှို၍ ကားစင်တင်ထားပြီး အစောင့်ထားကာ ပြန်သွားကြ၏။
သိလအရိပ်ကိုခိုလှုံ၍….
အစောင့်တို့သည် ပုန်းကွယ်၍စောင့်ကြ၏။ ဒီပါယနရသေ့သည် မဏ္ဍဗျရသေ့ထံ ဖူးမြင်ရန်လာခဲ့၏။ တံကျင်လျှိုခံရသည်ကိုမြင်လျှင် `အရှင် အပြုစ်ရှိ၍လော´ ဟုမေး၏။
`မရှိပါ´ဟု ပြော၏။
`သို့ဖြစ်လျှင် ဖမ်းသောသူများနှင့် အပြစ်ပေးသောမင်းကြီးတို့ကို စိတ်ပြစ်မှားသလား၊ အမျက်ထွက်သလော´ဟု မေး၏။
`မပြစ်မှားပါ၊ အမျက်မထွက်ပါ´ဟု ပြော၏။
`အရှင်ကဲ့သို့ သီလရှိသူ၏ အရိပ်ကို ခိုလှုံရခြင်းသည် ချမ်းသာ၏ဟု လျှိုထားသော တံကျင်တိုင်ကို မှီ၍သာနေ၏။
မဏ္ဍဗျရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် ဒီပါယနကိုယ်ပေါ်သို့ တစ်စက်တစ်စက်ကျ၏။ သွေးများ ခြောက်သောအခါ တစ်ကိုယ်လုံး မည်းနက်သော အကွက်တို့ဖြစ်နေ၏။ ဒီပါယနရသေ့အား (ကဏှာဒီပါယန)ဟု တွင်၏။
ရှေးက၀ိပါက်…..
နံနက်လင်းလျှင် ပုန်းကွယ် နားထောင်သော အစောင့်တို့က ရသေ့နှစ်ပါး ပြောသော စကားကို မင်းကြီးအား လျှောက်ထားကြ၏။ မင်းကြီးကြားလျှင် ငါမစုံစမ်းဘဲ ပြုမိချေပြီဟု ရသေ့တို့ထံသွား၏။ အပြစ်မရှိကြောင်းသိ၍ တံကျင်ကို နုတ်စေ၏။ နုတ်၍မရချေ။
ထိုအခါ ရသေ့က…..
`မင်းကြီး ငါတံကျင်လျှိုခံရသည်မှာ ရှေးက၀ိပါက်ကံကြောင့်သာဖြစ်၏။ ရှေးဘ၀ လက်သမားသားဖြစ်စဉ်က ယင်တစ်ကောင်ကို သေးငယ်သော ပင်လယ်ကသစ်သားဖြင့် စအိုမှ ထိုးခဲ့ဖူးသော ကံကြောင့်ဖြစ်၏။ ထိုကသစ်သားသည် ယင်ငယ်ကို ကိုယ်တွင်း၌ပင်ရှိနေ၏။ ထိုသစ်သားကြောင့် ယင်မှာ မသေ၊ အသက်အတိုင်းနေပြီးမှ သေရ၏။
သို့အတွက် ငါ့ကိုအသက်ရှင်စေလိုလျှင် တံကျင်ကို မနုတ်ပါနှင့်၊ အရေနှင့်အညီသာ ဖြတ်ပေးပါ´ဟုပြော၏. မင်းချင်းတို့လည်း ရသေ့၏ အလိုအတိုင်း လုပ်ပေး၏။ ထိုအခါမှစ၍ (အာဏိမဏ္ဍဗျရသေ့)ဟု တွင်၏။
မင်းကြီးသည် ရသေ့နှစ်ဦးကို ဥယျာဉ်တော်၌ နေစေပြီး လုပ်ကျွေး၏။ ကဏှဒီပါယနရသေ့သည် မကြာမီ ပြန်သွား၏။
မြွေဆိပ်ကျလို သစ္စာဆို….
မဏ္ဍဗျသူကြွယ်သည် ဘုရားလောင်း ဒီပါယန ရသေ့ပြန်လာသည်ကြား၍ ဆွမ်းအဖျော်ကို စီမံ၍ သားမယားတို့နှင့် ကျောင်းသို့လာ၏။ (မဏ္ဍဗျရသေ့)၏ အတင်းကို ပြောဆိုနေကြစဉ် သားငယ်သည် ကစားရင်း မြွေကိုက်ခံရသဖြင့် မြွေဆိပ်တက်ပြီး ထိုနေရာမှာပင် လဲကျသွား၏။
မိဘတို့သည် သားကိုပွေ့ချီ၍ ရသေ့ထံ ဆေးကုသပေးရန် တောင်းပန်ကြ၏။
ရသေ့က `ငါသည် ဆေးဝါးလည်းမသိ၊ မန္တန်လည်း မတတ်ပါ´ဟု ဆိုသော် `အရှင်ဘုရား သူငယ်အပေါ် မေတ္တာ ထား၍ သစ္စာပြုတော်မူပါ´ဟု တောင်းပန်ကြ၏။
ဘုရားလောင်း၏ သစ္စာစကား……
ဘုရားလောင်းရသေ့က….“ငါသည် ရသေ့ရဟန်းဖြစ်သည်မှ ခုနှစ်ရက်သာပျော်မွေ့ခဲ့ပါ၏။ နှစ်ပေါင်းငါးဆယ်လုံးလုံး ရသေ့ရဟန်းဘ၀တွင် မနေချင်ပဲ၊ မပျော်မွေ့ပဲ နေခဲ့၏။ ဤမှန်သောသစ္စာစကားကြောင့် ဤသူငယ်၏မြွေဆိပ်တို့ ကျဆင်း၍ အသက်ချမ်းသာပါစေသတည်း” ဟု သစ္စာပြုသည်နှင့် မြွေဆိပ်တို့သည် ဦးခေါင်းမှ ရင်ပတ်အထိ ကျဆင်း၍ သူငယ်သည် သတိရလာ၏။ မျက်တောင်များ ခတ်လာ၏။
ဖခင်၏သစ္စာစကား….
ထိုအခါ ဘုရားလောင်းရသေ့က “ငါ့အစွမ်း ဤမျှသာဖြစ်သည်။ ဖခင်ဖြစ်သူက သစ္စာဆိုပေဦး” ဟုတိုက်တွန်းသ၏။ ဖခင်ဖြစ်သူက..
“ငါ၏အိမ်တွင် အလှူမဏ္ဏပ်ကြီးဖြင့် နေ့စဉ် လှူဒါန်းနေပါ၏။ ငါသည် အလှူခံများအား သဒ္ဒါတရားမရှိဘဲ မလှူချင်ဘဲ လှူနေရပါ၏။ ဤမှန်သောသစ္စာစကားကြောင့် သားဖြစ်သူ မြွေဆိပ်ကျပါစေသတည်း” ဟုဆို၏။ မြွေဆိတ်တို့ ကျ၍ခါးအထိလှုပ်ရှားလာနိုင်၏။
မိခင်၏သစ္စာစကား…
သူကြွယ်က ဇနီးဖြစ်သူအားသစ္စာဆိုပါဦးဟု တိုက်တွန်း၏။ မိခင်က “ ငါသည် ငါ၏လင်သားအပေါ်၌ သားကိုကိုက်သည့် မြွေဟောက်နှင့်အတူ ငါမချစ်၊ မနှစ်သက်ပါ၊ ငါသည်ဤမှန်သော သစ္စာစကားကြောင့် ငါ၏သားမှ မြွေဆိပ်တို့ ကျပါစေသတည်း” ဟုသစ္စာပြု၏။
မြွေဆိပ် အားလုံးကျ၍ သားငယ်သည် ပကတိ ကောင်းသွား၏။
ကဲ့ရဲ့ကြမှာရှက်လို့ ကြောက်လို့ပါ….
ထိုနောက် သူကြွယ်က ဘုရားလောင်းဒီပါယနရသေ့အား “ အရှင်ရသေ့၊ ရသေ့ ရဟန်းဘ၀ငြီးငွေ့ပါလျက် ဘာကြောင်းနှစ်ပေါင်း ငါးဆယ်ကျော်မျှ ဆက်နေသနည်း” ဟု လျှောက်ထားနေလျှင် ရသေ့က “သူကြွယ်ဒါယကာ၊ ငါရသေ့ရဟန်းဘ၀ကို ငြီးငွေ့၍ လူထွက်ပြီး ပြန်လာလျှင် လူအပေါင်းတို့က ဒီပါယနသည် ကလေးကဲ့သို့ စိတ်မတည်ကြည်ဟု ကဲ့ရဲ့ကြခြင်းကို မခံလို၍ အောင့်အီး သည်းခံနေခဲ့ခြင်းဖြစ်သည်” ဟု ရှင်းပြ၏။
ရသေ့က သူကြွယ်အားမေးမြန်း၏။
သင်သည် စေတနာမပါဘဲ၊ မလှူချင်ဘဲ လှူနေရသည်မှာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဤသို့လှူလားခဲ့၍ လှူခြင်းသာ ဖြစ်သည်။ ကျွန်ုပ်မလှူဒါန်း မပေးကမ်းဘဲနေပါက လူအပေါင်းတို့က ဆွေခုနစ်ဆက်မှာ အညံ့ဆုံး အဖျင်းဆုံးဟု ကဲ့ရဲ့မှာ ကြောက်၍သာ လှူနေရပါသည်´ဟု ရှင်းပြ၏။ ထိုနောက် သူကြွယ်က မိမိမယားအား ငယ်ရွယ်စဉ်ကပင် သင့်ကို လက်ထပ်ခဲ့သည်။ ငါ့ကိုမချစ်ကြောင်း တစ်စုံတစ်ရာ မရိပ်မိပါ။ အရိပ်အယောင်မျှပင် မပြုခဲ့၊ မချစ်ဘဲနှင့် ဘာကြောင့် ငါ့ကိုပေါင်းနေသနည်း´ဟု မေး၏။
`အရှင်၊ အကျွန်ုပ်တို့ အမျိုးမှာ ဆွေခုနစ်ဆက်ကစ၍ မိမိ ယောင်္ကျားကိုပစ်ခဲ့ပြီး အခြားယောင်္ကျားကို မယူခဲ့ဖူးကြပါ။ ဆွေခုနစ်ဆက်ထိန်းသိမ်းခဲ့သော ဂုဏ်သိက္ခာကို ဖျက်သောမိန်းမဟု ကဲ့ရဲ့မခံလို၍ သင်၏ အပြုအမူတို့ကို မချစ် မနှစ်သက်ဘဲ အောင့်အီးသည်းခံ၍ ပေါင်းသင်းရခြင်းဖြစ်ပါသည်။´ဟု ရှင်းပြ၏။ ထို့နောက် သူကြွယ်ဇနီးက `ငါသည် မပြောသင့်သော စကားကိုပြောမိ၍ ငါ့မုန်းတော့မည်ဟု ရသေ့ကြီး ရှေ့မှာပင် ချစ်လင်သူကြွယ်အား….
`အရှင် အကျွန်ုပ်သည် သားကိုချစ်ခြင်းကြောင့် မပြောသင့်သောစကားကို ပြောမိပါသည်။ ခွင့်လွတ်တော်မူပါ´ဟု ကန်တော့ တောင်းပန်းလေ၏။
သူကြွယ်က….`ငါခွင့်လွတ်၏။ ယနေ့မှစ၍ ဤစိတ်မျိုး မထားပါနှင့်တော့၊ ငါသည်လည်း သင့်အပေါ် ဆက်ဆံမှုကို ပြုပြင်ပါမည်´ဟု ဆုံးမ ကတိပေး၏။ ဘုရားလောင်း ဒီပါကနရသေ့က….
`သူကြွယ် ယနေ့မှစ၍ ကံ- ကံ၏အကျိုးကို ယုံယုံကြည်ကြည်နှင့် အလှူကို လှူလော့´ဟု ဆုံးမ၏။
မဏ္ဍဗျသူကြွယ်က….`အရှင်ရသေ့ ရဟန်းအဖြစ်၌ ပျော်မွေ့စွာ ကျင့်ဆောင်ပါလော့´ဟု သတိပေး၏။
ဤသစ္စာ၏ တန်ခိုးကြောင့် သူငယ်ရောဂါ ကင်းသွားသည်ကိုအကြောင်းပြု၍ မှန်သော သစ္စာစကား၏ တန်ခိုးတို့အား အလွန်ကြီးမားပါပေ၏ဟု ကိုယ်တွေ့ သိရှိကြပြီးနောက် မယားသည်လည်း လင်အပေါ်၌ ချစ်ခင် လေးမြတ်လေ၏။ သူကြွယ်သည် ကံ၏ အကျိုးကိုယုံကြည်စွာ လှူဒါန်း၏။ ဘုရားလောင်းသည် ပျော်မွေ့စွာ ဈာန်အဘိဥာဏ်ကို ဖြစ်စေလျက် တရားကို အားထုတ်၏။ ဤသို့ အသီးအသီး စိတ်ကိုပြုပြင်ပြောင်းလဲသွားကြ၏။
ဇာတ်ပေါင်းသော်…..
မဏ္ဍှဗျသူကြွယ်သည် - အာနန္ဒာ
သူကြွယ်သားသည် - ရာဟုလာ
အာဏိမဏ္ဍဗျရသေ့သည် - သာရိပုတ္တရာ
ကဏှဒီပါယနရသေ့သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

Read More...

Tuesday, March 16, 2010

သေနက သုခမိန်ဝတ္ထု…

*** (သက္ကကနိပါတ် ၄၀- သတ္တုဘတ္တဇာတ်) ပစ္စုပ္ပန်ဝတ္ထု ***

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် ဘုရားရှင်၏။ ပညာပါရမီတော်ကို အကြောင်း ပြု၍ ဟောတော်မူ၏။
အတိတ်ဇာတ်…..
ဗာရာဏသီ၌ ဇနကမင်းစိုးစံစဉ်- ဘုရားလောင်း ပုဏ္ဏားသည် သေနကသုခမိန် အကြောင်း အကျိုးပြု၍ ဆုံးမ တတ်သည်။ နူညံ့သော စကားသာ ဆိုလေ့ရှိသည်။ တရားဟောကောင်းသည်။ အလှူပေးခြင်း၌ မွေ့လျော် သည်၊ သီလရှိသည်။ ပြည်သူပြည်သားတို့က ဘုရားပွင့်သည်ဟု ထင်ကြသည်။ လပြည့် လကွယ်နေ့တိုင်း ရတနာပလ္လင် ပေါ်မှ တရားဟောလေ့ရှိသည်။

မယားငယ်ငယ်ယူမိသူ….
ဗာရာဏသီမြို့တော်မှ အနီးရွာငယ်တစ်ခု၊ သတ်ကြားအို ပုဏ္ဏားကြီးနှင့် မယားအလှငယ်ငယ်၊ မယားငယ်ငယ်ကလေးက ကာမဂုဏ်မှာ မတင်းတိမ်၊ လင်အိုကို ခရီးထွက်စေပြီး၊ လွတ်လွတ်လပ်လပ်နေချင်သည်။ ဒါကြောင့် သက်ကြီးအိုကို ချွဲသည်။ အိမ်မှုကိစ္စပင်ပန်းလှသည်။ ခိုင်းဖို့စေဖို့ လိုချင်သည်။ အလှူခံထွက်ပြီး ကျွန်ကလေး၊ ကျွန်မလေး၊ ၀ယ်ပေးပါ။ ပုဏ္ဏေးပငယ်ချော့မော့၍ ပုဏ္ဏားကြီး ခရီးထွက်တော့မည်။ မုန့်ဆုပ်ကိုလုပ်၍ သားရေအိတ် (သတ္တုဘတ္တ)တွင် ထည့်ပေးလိုက်သည်။ ပုဏ္ဏားအိုကြီးအိမ်မှ ထွက်ခဲ့သည်။
အိတ်တွင်းမှ ငွေနှင့်မြွေ….
ပုဏ္ဏားကြီးရွာစဉ်လှည့် အလှူခံရာ ငွေခုနစ်ရာရသည်။ ကျွန်တစ်ယောက်တော့ ၀ယ်လောက်ပြီ၊ အိမ်အပြန်ခရီး သစ်ပင်ကြီးအောက်မှာ နားသည်။ အိတ်ကိုဖွင့်၍ မုန့်စားပြီး ရေအိုင်တွင်းသို့ ရေသောက်ဆင်းသည်။ သစ်ခေါင်းတွင်းမှ မြွေဟောက်ထွက်လာပြီး အိတ်တွင်းမှ မုန့်ကို စားကာ အိတ်တွင်းမှာပင် ခွေ၍အိပ်နေသည်။
ပုဏ္ဏားကြီးပြန်လာကာ အိတ်ကိုပိတ်၍ ကျောပိုးပြီး ခရီးဆက်၏။
ရုက္ခစိုးသတိပေး….

လမ်းခုလပ်အရောက် ရုက္ခစိုးနတ်တစ်ဦးသည် သစ်ပင်ခွကြားမှ ထိုင်ပြီး ပုဏ္ဏားကြီးကို လက်ညှိုးထိုး၍… `ယနေ့ သင်အိမ်ပြန်မရောက်လျှင် သင်သေမည်´
`ယနေ့ သင့်အိမ်ပြန်ရောက်လျှင် သင့်မယားသေမည်´ဟုပြောပြီးပျောက်ကွယ်သွားသည်။
ပုဏ္ဏားကြီးသည် အသံလာရာဆီသို့ လှမ်းကြည့်သည်။ ဘာမျှမမြင်ရ၍ ထိတ်လန့်ပြီး ငိုကြွေးလေသည်။ ထိုနေ့ကား လပြည့်နေ့၊ သေနကအမတ်ကြီး တရားဟောမည်။ မြို့သူ မြို့သားများ တရားနာရန် သွားနေကြသည်။ ပုဏ္ဏားအိုလည်း တရားနာရန် ငိုကြွေးလျက် လိုက်သွားသည်။ သားရေအိတ်ထမ်းလျက် ငိုရင်းပင် တရားနာသည်။ သေနကအမတ်ကြီးသည် ပုဏ္ဏားကြီး ဣနြေ္ဒပျက်သည်ကို မြင်၍ မေး၏။
ပုဏ္ဏားကြီးသည် `ရုက္ခစိုးနတ်က ကျွန်ုပ်အား လမ်းတွင်နေလျှင် သင်သေမည်။ အိမ်ပြန်ရောက်လျှင် မယားသေမည်ပြော၍ စိတ်ဆင်းရဲနေရပါသည်´ဟု ပြော၏။
ပညာရှိအတွေး….
သေနကသုခမိန်သည် ပုဏ္ဏားကြီးကို ကြည့်သည်။ သားရေအိတ်ကိုမြင်လျှင် `လမ်းတွင် သားရေအိတ်ဖွင့်၍ မုန့်စားပြီး ရေသောက်သွားသေးသလား´ဟု မေးသည်။
ပုဏ္ဏားအိုက မုန့်စားပြီး ရေသွားသောက်ကြောင်း ၀န်ခံသည်။
`ပုဏ္ဏားကြီး သင်၏ အိတ်ထဲတွင် မြွေဟောက်ရှိနေသည်။ သားရေအိတ်ကိုဖွင့်၍ လှံတံဖြင့် ပုတ်ကြည့်လေ´ဟု ပြော၏။
ပုဏ္ဏားကြီး သားရေအိတ်ကိုဖွင့်၍ တုတ်ဖြင့်ပုတ်သည်။
မြွေဟောက်သည် အိတ်တွင်းမှ ပါးပြင်းထောင်ပြ၏။
အလမ္ပာယ်ဆရာတစ်ယောက်သည် မြွေဟောက်ကို ဖွဲ့ချည်၍ တောသို့ လွှတ်လိုက်သည်။
လူအပေါင်းတို့သည် သေနကသုခမိန်အား ချီးကျူးကြသည်။ ချီးကျူးသံကား မြေကြီးကွဲမတတ်ဖြစ်သည်။ ပုဏ္ဏားကြီးသည် သေနကသုခမိန်အား အလှူခံ၍ရသော အသပြာခုနစ်ရာကို ပေးလေသည်။
ထပ်မံသတိပေး….
သုခမိန်က မယူဘဲ အသပြာသုံးရာ ထပ်ပေးလေသည်။ ပုဏ္ဏားကြီးကား အသပြာ တစ်ထောင်ရပေပြီ။ `သုခမိန်က သင့်ကို မည်သူ ငွေရှာခိုင်းသနည်း´ဟုမေးသည်။
`ကျွန်ုပ်မယားက ရှာခိုင်းသည်´ဟု ပြောသည်။
`သင့်မယား ငယ်သေးသလား´
`အလွန်ငယ်ပါသေးသည်´
သို့ဖြစ်လျှင် လင်ငယ်နှင့် လွန်ကျူးလို၍ ပုဏ္ဏားကြီးကို ဥစ္စာအရှာ ခိုင်းခြင်းဖြစ်သည်။ အသပြာများကို လင်ငယ်အားပေးလိမ့်မည်။ `တစ်နေရာမှာ ထားခဲ့ပြီး အိမ်သို့သွားပါ´ဟု မှာကြားလိုက်သည်။
ငွေထုတ်ပျောက်….
ပုဏ္ဏားကြီးသည် သေနကသုခမိန် မှာကြားသည့်အတိုင်း ရွာအနီး သစ်ပင်ခြေရင်းတွင် ငွေကို မြုပ်ပြီး ညအချိမ်မှ အိမ်သို့ဝင်သည်။
ပုဏ္ဏားကြီး ခရီးထွက်ကတည်းက ပုဏ္ဏေးမကလေးသည် လင်ငယ်နှင့်အတူနေသည်။ လင်ကြီးအသံကြားမှ လင်ငယ်ကို အပြင်ထွက်စေ၏။ လင်ငယ်သည်မှောင်ရိပ်မှ ကြည့်နေသည်။ ပုဏ္ဏေးမက အိတ်ကိုဖွင့်ကြည့်ပြီး ငွေမတွေ့၍ မေးလျှင် ပုဏ္ဏားအိုကြီးမှာ မနေနိုင်၊ ရွာအပြင် သစ်ပင်အောက်မှာ မြုပ်ခဲ့ကြောင်း၊ နံနက်ကျမှ ယူပေးမည်ဟု နေရာအတိအကျ ပြောသည်။ ပုဏ္ဏေးမက လင်ငယ်ကိုမျက်ရိပ်ပြ၍ ယူစေသည်။ နံနက်လင်း၍ ပုဏ္ဏားကြီးသွားရှာရာ သူများဖော်ယူသွားလေပြီ။
ကယ်တင်ရပြန်ခြင်း…..
ပုဏ္ဏားကြီးသည် သေနကသုခမိန်ထံ တိုင်ကြားသည်။ ညအခါ အိမ်ရောက်မှ မယားအား ပြောပြပုံကို ၀န်ခံသည်။ သုခမိန်သည် ပုဏ္ဏားကြီးအား အသပြာများပေးသည်။ သင့်ဘက်က ပုဏ္ဏား ခုနှစ်ယောက်ဖိတ်၊ မယားဘက်က ပုဏ္ဏားခုနစ်ယောက်ဖိတ်ပြီး ထမင်းကျွေး….
တစ်နေ့တစ်ယောက်စီ လျှော့၍ကျွေး၊ နောက်ဆုံး ခုနစ်ရက်မြောက် တစ်ဖက်တစ်ယောက် ကျန်မည်။ မယားဘက်ကနောက်ဆုံး တစ်ယေက် မှတ်သားထား။ ပုဏ္ဏားကြီးသည် သုခမိန်၏ အမှာအတိုင်းပြုလုပ်၏။ နောက်ဆုံးတစ်ယောက်ကိုမှတ်၍ သုခမိန်အား ပြောကြားသည်။
သုခမိန်သည် ထိုပုဏ္ဏားကို မင်းအာဏာဖြင့် ခေါ်စေ၏။ သုခမိန် ကိုယ်တိုင်စစ်သည်း။ ငွေကိုမယူပါ ငြင်းသည်။ နောက်ဆုံး ခြိမ်းခြောက်မှ အမှန်ကို ၀န်ခံတော့သည်။ လင်ငယ်ပုဏ္ဏားအား မင်းဒဏ်ပေးသည်။
ပုဏ္ဏေးမငယ်အား သုခမိန်က ဆုံးမပြီး ပုဏ္ဏားကြီးအား စည်းစိမ်းများစွာ ပေးလျက် ပုဏ္ဏား လင်မယား အနီးမှာပင် နေစေသည်။း
ဇာတ်ပေါင်းသော်…
ပုဏ္ဏားကြီးသည်- အာနန္ဒာ
ရုက္ခစိုးသည် - သာရိပုတ္တရာ
ပရိသတ်သည် - ဘုရားပရိသတ်
သေနကသုခမိန်သည် - ငါဘုရားဖြစ်လာသည်ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

Read More...

Monday, March 15, 2010

ပဒကုသလဇာတ်…

*** ဘီလူးကြီး ဦးကပ်စေးနှင့် ပညာရှိမင်းသား ***
(ဧကနိပါတ် ၅၅- ပဉ္စာဝုဓဇာတ်) ပစ္စုပ္ပန်ဇာတ်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် ၀ီရိယလျော့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်ဇာတ်……
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ သားတော်ဖြစ်၏။ အမည်မှည့် သောနေ့၌ တစ်ရာ့ရှစ်ယောက်သော ပုဏ္ဏားတို့က လက္ခဏာ ဖတ်ကြ၏။
ဤမင်းသားသည် ဘုန်းကံနှင့်ပြည့်စုံ၏။
အရှင်မင်းကြီးလွန်လျှင် မင်းဖြစ်လိမ့်မည်။
လက်နက်ငါးပါး အကြောင်းပြု ထင်ရှားသည်။
ဇမ္ဗူဒိပ်ကျွန်း၌ မြတ်သော ယောင်္ကျား ဖြစ်လတ္တံ့ဟု ဟောကြား၏။
ထိုကြောင့် `ပဉ္စ၀ုဓမင်းသား´ဟု အမည်မှည့်၏။

ပဉ္စာဝုဓမင်းသား တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လျှင် မင်းကြီးကခေါ်၍ ပညာသင်ကြားရန် အသပြာတစ်ထောင်ပေး၍ လွှတ်လိုက်၏။
မင်းသားသည် တက္ကသိုလ်၌ ပညာသင်ကြား၏။ ပညာစုံသောအခါ ဆရာပေးအပ်သော ငါးပါးသော လက်နက်ကိုယူ၍ ဗာရာဏသီပြည်သို့ ပြန်ရန် ခရီးဆက်ခဲ့၏။
ဘီလူကြီးဦးကပ်စေး………..
ခရီးအကြား၌ တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားရမည်ဖြစ်၍ ထိုတောအုပ်သို့ အ၀င်ဝတွင် လူတို့က….
`အိုလုလင်- ဤတောအုပ်သို့ မ၀င်ပါနှင့် တောအုပ်အတွင်း၌ ဘီလူးကြီးတစ်ကောင်သည် ထန်းပင်ပမာဏရှိ၍ အမွေးများသည် ထိသမျှအရာတို့ကို ကပ်စေး၍ လူတို့ကို ဖမ်းယူစားသောက်နေသည်´ဟု ပြော၏။
ဘုရားလောင်းသည် တုန်လှုပ်ခြင်းမရှိဘဲ ကေသရာဇာခြင်္သေ့ကဲ့သို့ တောကိုဝင်၏။
တောအုပ်အလယ်သို့ရောက်၏။
ကိုယ်သည် ထန်းပင်လောက်မြင့်၏။
ဦးခေါင်းသည် အိမ်လောက်ကြီး၏။ အချွန်အတက်များရှိ၏။
မျက်စိသည် သပိတ်လုံးလောက်ရှိ၏။
အစွယ်နှစ်ချောင်းသည် ငှက်ပျောဖူးလောက်ရှိ၏။
ဘုရာလောင်းအားမြင်လျှင် ကိုယ်ထင်ပြ၍။
`ဟိတ်…. ဘယ်သွားမှာလဲ ရပ်လိုက်၊ ငါ့အစာဖြစ်ပြီ´ဟု ကြိမ်း၏။ ဘုရားလောင်းသည် ကိုယ်ကို ကြံ့ကြံ့ရပ်၍ မော်ကြည့်ပြီး ဘီလူးအား…..
`သင်သတိနှင့် ငါ့ထံလာခဲ့၊ ဆိပ်လူးမြားဖြင့် ပစ်ပြီး သတ်မည်´ဟု ခြိမ်းခြောက်ပြီး ချက်ချင်းသေစေနိုင်သည့် အဆိပ်ပြင်းသော မြားကိုလွှတ်၏။ မြားသည် ဘီလူး၏ အမွေးမှာ ကပ်ငြိနေ၏။ ထို့နောက် တစ်စင်းပြီးတစ်စင်း မြားတို့ကို ဆက်တိုက်လွှတ်၏။ ဤသို့ဖြင့် မြားငါးဆယ်လွှတ်ရာ အားလုံးသော မြားတို့သည် ဘီလူးကိုယ်၌ စူးမ၀င်၊ အမွေး၌သာ ကပ်ငြိနေကြ၏။ ဘီလူးသည် မြားအားလုံးကိုခါ၍ မိမိခြေရင်း၌ ကျစေ၏။ ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။ မင်းသားသည်…..
`ရှေ့မတိုးနှင့်´ဟု ဟန့်တား၍ သန်လျက်ဖြင့်ခုတ်၏။ သုံးဆယ့်သုံးလက်သစ် သံတွေဖြင့် လုပ်ထားသော သန်လျက်သည် ဘီလူး၏ အမွေး၌သာ ကပ်ငြိ၏။
မင်းသားသည် တစ်ဖန် ခက်ရင်းလှံတံဖြင့် ပစ်လွှတ်၏။ ထိုခက်ရင်းလှံတံသည် အမွေးတို့၌သာ ကပ်ငြိပြန်၏။ တစ်ဖန်ဆောက်ပုတ်၊ လက်ရိုက်တုတ်တို့ဖြင့် ရိုက်ပြန်၏။ အမွေး၌သာကပ်ငြိပြန်၏။ ဤသို့ဖြင့် လေးမြား၊ သန်လျက်၊ ခက်ရင်း၊ လှံတံ(တောက်)၊ ဆောက်ပုတ်တို့တည်းဟူသော လက်နက်ငါးပါးတို့ကုန်ပြီးသည့်နောက် တစ်စုံတစ်ရာ ကြောက်ရွံ့မှု မပြဘဲ….
`ဘီလူး၊ ငါ့ကို ပဉ္စာဝုဓမင်းသားဟူ၍ မကြားဖူးသလော၊ ဤတော အုပ်သို့ဝင်ခဲ့သောငါသည် သင်စောင့်သော တောအုပ်သို့ လက်နက်အားကိုးနှင့် ၀င်ခဲ့သည်မဟုတ်၊ ကိုယ့်ကိုယ်ကို အားကိုး၍ ၀င်ခဲ့၏။ ယခု သင်ကိုသတ်၍ မှုန်မှုန်ညက်ညက် ကြေစေမည်´ဟု တစ်တောလုံး ပဲ့တင်ထပ်စေသော အသံဖြင့် ကြုံးဝါးလျက်ဘီလူးကို လက်ယာ လက်သီးဖြင့် ထိုးသတ်၏။
လက်ယာလက်သီးသည် အမွှေးတို့၌ ကပ်နေ၏။ လက်ဝဲလက်သည်လည်း အမွှေး၌ ကပ်နေ၏။ လက်ယာခြေဖြင့် ခတ်ပြန်၏။ လက်ယာခြေလည်း ကပ်ပြန်၏။ လက်ဝဲခြေဖြင့် ခတ်ပြန်၏။ လက်ဝဲခြေလည်း ကပ်ပြန်၏။ ဦးခေါင်းဖြင့် တိုက်ပြန်၏။ အမွှေးတို့၌သာ ကပ်ပြန်၏။
ဤသို့ဖြင့် ခန္ဓာကိုယ်မှ ခြေနှစ်ဘက်၊ လက်နှစ်ဘက်နှင့် ဦးခေါင်းပါ၊ ငါးဌာနကို အမွေး၌ စေးကပ်ငြိတွယ်၍ တွဲလောင်းရှိသော်လည်း ကြောက်လန့်ရွံ့ရှာခြင်း မရှိပေ။
ဘီလူးက စဉ်းစား၏။
ဤသူသည် သာမညလူမဟုတ်။ ယောင်္ကျားအာဇာနည်ပေတည်း။ ငါကဲ့သို့သော ဘီလူး၏လက်တွင်း ကျရောက်လျက် မကြောက်မရွံ့ မထိတ်မလန့်နှင့် ဤသို့သော ယောင်္ကျားကို တစ်ခါမျှ မကြုံစဖူး `ဘာကြောင့် ကြောက်စိတ် မရှိသနည်း´ဟု စဉ်းစားပြီး ပဉ္စ၀ုဓမင်းသားအား စားရမှာ ကြောက်လာ၏။
သို့ဖြစ်၍ `သင်သည် ဘာကြောင့် သေရမှာ မကြောက်သနည်း´ဟု မေး၏။
ထိုအခါ မင်းသားက….
`ဘာဖြစ်လို့ ကြောက်ရမည်နည်း။ ဒီတစ်ကိုယ်မှာ တစ်ကြိမ်သာ သေရမှာပဲ၊ နောက်တစ်ခုက ငါ့ဝမ်းထဲမှာ ၀ရဇိန်လက်နက်ရှိသည်။ ငါ့ကို စားလျှင် ၀ရဇိန်လက်နက်သည် လူအူတို့ကို အပိုင်းပိုင်းဖြတ်၍ သေလိမ့်မည်။ နှစ်ယောက်စလုံးပျက်စီးမှာကို သိ၍ ငါမကြောက်ဟု ဆို၏။
ဘုရားလောင်းသည် ဤစကားသည် မိမိ ကိုယ်တွင်း၌ (ဥာဏ် လက်နက်)ရှိသည်ကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။ ထိုစကားကို ကြားလျှင် ဘီလူးသည် တုန်လှုပ်လာ၏။
`ဤသူငယ်သည် မှန်ရာကိုသာ ပြောခြင်းဖြစ်မည်။ ထို့ကြောင့်လည်း ကြောက်ရွံ့ခြင်းမရှိဟန် တူသည်း´ဟု စဉ်းစားပြီး မစားဝံ့တော့ဘဲ…
`လုလင်- သင့်ကိုငါ မစားတော့။ သင်လိုရာသွားပေတော့´ဟု ခန္ဓာကိုယ်မှာစေးကပ်နေသော ခြေ၊ လက်၊ ဦးခေါင်းတို့ကို ဖြုတ်၍ လွှတ်ပေး၏။
ပဉ္စာဝုဓမင်းသားသည် ဘီလူးလွှတ်ပေးလည်း မသွားသေးဘဲ ဘီလူးရှေ့မှာရပ်လျက်….
`ငါသွားပါမည်၊ သို့သော် သင့်ကိုပြောလိုသေးသည်။ သင်သည်။ ရှေးဘ၀က အကုသိုလ်အမှုပြုခဲ့၍သာ အသားစားဘီလူး ဖြစ်နေရသေးသည်။ ဤဘ၀၌ ယခုလို အကုသိုလ်အလုပ်သာ ပြုနေလျှင် သင်သည် အမှောင်ထဲကလာပြီး အမှောင်ထဲကိုပင် ဆက်သွားနေရမည်။ ငါနှင့်တွေ့ပြီး နောက်တွင် သင်သည် အကုသိုလ်ပြုဖို့ မသင့်ပါ။ ပါဏာသိပါတကံ မည်သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့မှာ ဖြစ်တတ်သည်။ လူ့ဘ၀ရောက် ငြားသော်လည်း အသက်တိုတတ်သည်။´စသဖြင့် ငါးပါးသီလတို့၏ အကျိုးကို ဟောပြောဆုံးမ၍ ဘီလူးသည် မာနမရှိတော့ဘဲ၊ ငါးပါးသီလကို ခံယူလိုက်သည်။ ဘုရားလောင်းသည် တောအုပ်၌ လူတို့ကို ပြောကြားခဲ့ပြီး ဘီလူးအား ပူဇော်သက္ကာရပြုကြရန် တိုက်တွန်းပြီး လက်နက်ငါးပါးကို ကိုင်စွဲလျက် ဗာရာဏသီသို့ သွား၏။
နောက်၌ ဗာရာဏသီမင်းဖြစ်၏။
ဇာတ်ပေါင်းသော်….
ကပ်စေးသော ဘီလူးသည် - အဂုင်္လိမာလ၊
ပဉ္စာဝုဓမင်းသားသည် - ငါဘုရားဖြစ်သည်ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

Read More...

Saturday, March 13, 2010

မေတ္တာစွမ်းအား ဇာတ်တော်များ…

*** ရန်သူကို အေးမြစေသော မေတ္တာ *** (ဇာ၊ ၁၅၄- ဥရဂဇာတ်) ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ…. တွေ့ရာနေရာမှာ ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးသိ၏။ မင်းကြီးမှစ၍ မည်သူမျှ သူတို့နှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။
မေတ္တာအကျိုးပြ သောတာပတ္ထိရ….

တစ်နေ့တွင် မြတ်စွာဘုရားသည် မိုးသောက်အခါ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို ကြည့်တော်မူလျှင် ထိုစစ်သူကြီး နှစ်ယောက်ကို မြင်တော်မူ၍ ဆွမ်းခံချိန်တွင် ကိုယ်တော်တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီး စစ်သူကြီးတစ်ယောက်၏ အိမ်ရှေ့တွင်ရပ်တော်မူ၏။ စစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ပင့်လေ၏။ မြတ်စွာဘုရားသည် စစ်သူကြီးအား မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကို ပြတော်မူသော အဆုံးတွင် သောတာပတ္တဖိုလ်၌ တည်လေ၏။
ဝန်ချတောင်းပန်ကျေအေးရန်….
မြတ်စွာဘုရားသည် သောတာပန်တည်ပြီးသော စစ်သူကြီးအား သပိတ်ကိုထမ်းစေလျက် အခြားစစ်သူကြီး အိမ်ရှေ့တွင် ရပ်ပြန်၏။ ထိုစစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်ပြန်၏။ မြတ်စွာဘုရားသည် ရှေ့နည်းအတူ ဟောကြားတော်မူပြန်လျှင် ထိုအမတ်လည်း သောတာပန် တည်ပြန်၏။
စစ်သူကြီးနှစ်ယောက်လည်း အပြန်အလှန် ၀န်ချတောင်းပန်ကြ၏။
ထိုအကြောင်းနှင့်စပ်၍ မြတ်စွာဘုရားက ရှေးအခါကလည်း သင့်မြတ်စေရန် ဆောင်ရွက် ပေးခဲ့ဖူးပြီးဟု မိန်တော်မူကာ အတိတ်ဇာတ်ကို ဆောင်တော်မူသည်။
အတိတ်ဇာတ်….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည်ရသေ့ဖြစ်၍ မြစ်ကမ်းတွင် နေရ၏။ ဗာရာဏသီမြို့တွင် ပွဲတော်ကြီး ကျင်းပ၏။ နတ်၊ နဂါး၊ ဂဠုန်တို့ပါ လူယောင်ဖန်ဆင်း၍ လာကြ၏။ ထိုပွဲတွင် နဂါးသည် ဂဠုန်၏ ပုခုံးပေါ်တွင် အမှတ်တမဲ့ လက်တင်လျက်ကြည့်၏။ ဂဠုန်က နဂါးမှန်းသိလေ၏။ နဂါးကလည်း ဂဠုန်မှန်းသိသောအခါ မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။
ဘုရားလောင်းရသေ့ ကယ်တင်ခြင်း…..
ထိုအချိန်၌ ဘုရားလောင်းရသေ့သည် မြစ်ဆိပ်တွင် ရေချိုးဆင်းနေ၏။ နဂါးသည် ပတ္တမြားလုံးသဏ္ဍာန် ဖန်ဆင်းကာ သင်္ကန်းကြားတွင် ၀င်နေ၏။ ဂဠုန်သည် သင်္ကန်းကို ရိုသေ၍ မဖမ်းသေးဘဲ ရသေ့အား….
`ရှင်ရသေ့၊ နဂါးသည် ပတ္တပြားလုံးဟန်ဆောင်ကာ သင်္ကန်းအတွင်း၌ ၀င်နေပါသည်။ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ မြတ်သော အဆင်းတော်ကို ရိုသေခြင်းကြောင့် နဂါးကို ဆာလောင်လျက် မစားဝံ့ပါ။ သင်္ကန်းတော်ကို ယူပါလော့၊ နဂါးကိုစားပါမည်´ဟု လျှောက်ထား၏။
ရသေ့သည် ရေ၌နေလျက်ပင် ဂဠုန်မင်းအား……….
`အို-ဂဠုန်မင်း သင်သည် မြတ်သောရသေ့ရဟန်းကို ပူဇော်ခြင်းကြောင့် နဂါးကိုစားလိုလျက် မစားသော သင်သည်။ ဗြဟ္မမင်း စောင့်ရှောက်္က အသက်ရှည်ပါစေ၊ သင့်အတွက် နတ်သုဒ္ဓါ- ရနိုင်ပါစေဟု မေတ္တာပို့ ဆုပေးကာ ရေထမြှ တက်၍ ဂဠုန်နှင့် နဂါးနှစ်ဦးစလုံးကို ကျောင်းတော်သို့ခေါ်ကာ မေတ္တာဘာဝနာအကျိုးကို ဟောကြားသဖြင့် ဂဠုန်နှင့် နဂါးတို့သည် ညီညွတ် ချစ်ခင်သွားကြလေသည်။
ဇာတ်ပေါင်းသော်….
နဂါးနှင့် ဂဠုန်သည် - စစ်သူကြီးနှစ်ယောက်၊
ရသေ့သည် - ငါဘုရားဖြစ်လာ၏ဟုဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

Read More...

Monday, March 1, 2010

1 March, 10// မိတ်ကောင်း ဆွေကောင်း…

*** ကျင့်ဆောင်ဖွယ်ရာ လောကမှာ ရသာခိုက် ယူလိုက်ကြ ***
(ဧကနိပါတ် ၃၊ သေရိ၀၀ါဏိဇ္ဇဇာတ်) ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် ရဟန်းတစ်ပါးသည် တရားကို ကြိုးစားအားထုတ် ပါလျက် မရနိုင်၍ စိတ်ပျက် အားလျော့နေစဉ် အခြားရဟန်းများက မြတ်စွာဘုရား ထံမှောက် ခေါ်ဆောင် လျှောက်ထား လေသဖြင့် မြတ်စွာဘုရားသခင်က `ချစ်သား၊ မဂ်ဖိုလ်ကို ရနိုင်သော သာသနာနှင့် ကြုံကြိုက် ပါလျက် ၀ီရိယကို လျှော့လိုက်လျှင် အဖိုးတစ်သိန်းတန် ရွှေခွက်ကို လက်နှင့်ကိုင်မိပါလျက် ဆုံးရှုံးရသော ရွဲကုန်သည်မိုက်ကဲ့သို့ စိုးရိမ်ပူပန်ရလိမ့်မည်´ဟု မိန့်တော်မူရာ ရဟန်းတို့ လျှောက်ထား၍ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။

အတိတ်ဇာတ်……………
ဤကမ္ဘာမှ ငါးကမ္ဘာထက်၌ သေရီဝတိုင်းမှာ ဘုရားလောင်း ရွဲကုန်သည်နှင့် ဒေ၀ဒတ်ရွဲကုန်သည်တို့သည် နီလ၀ါတမြစ်ကို ကူးပြီး အရိဌပူရမြို့သို့ သွားကြ၏။ ရပ်ကွက် ခွဲပြီး ကိုယ့်လမ်းနှင့် ကိုယ် ရောက်ကြ၏။ တစ်ဦးရောင်းသောလမ်းကို နောက်တစ်ဦးက ရောင်းနိုင်သည်ဟု သဘောတူထား၏။
လောဘဇော…………..
အရောင်စုံ၍ တောက်ပသောရွဲလုံးကလေးများကိုမြင်သဖြင့် အပျိုမကလေးသည် အဘွားအိုကိုပူဆာ၏။ အဘွားကငွေမရှိ၍ ၀ယ်မပေးနိုင်ဟုဆို၏။ မြေးကလေးသည် ခွက်ဟောင်းတစ်ခုကို ယူလာ၍ ဤခွက်နှင့်လဲပေးပါဟုဆို၏။ အဘွားသည် ရှေးက ချမ်းသာခဲံသူဖြစ်၏။ ရွဲကုန်သည်ကို ခေါ်၍ ဤခွက်ကိုယူ၍ ရွဲကလေး အနည်းငယ် ပေးခဲ့ပါဟုပြော၏။ ရွဲကုန်သည်သည် ခွက်ကိုကိုင်ကြည့်၏။ လေးလေးနှစ်နှစ်ရှိ၏။ သံချွန်နှင့် ခြစ်ကြည့်ရာ ရွှေခွက်မှန်းသိ၏။ သို့သော် လောဘကြီးသူ ဖြစ်၍ ထိုရွှေခွက်ကို အလားကားယူချင်၏။ မြေပေါ်မှာ ပစ်ချပြီး ပဲဝက်မှမတန်တဲ့ခွက်စုတ်ဟု ရေရွတ်ခါ ထွက်သွား၏။ မြေးပျိုမကလေးက စိတ်မကောင်းစွာဖြင့် ခွက်ကိုပြန်ကောက်ထား၏။
တန်ရာတန်ကြေး……….
မကြာမီ ဘုရားလောင်း ရွဲကုန်သည်သည် ထိုလမ်းသို့ရောက်လာ၏။ `ရွဲလုံး လှလှကလေးတွေ´ဟု အော်၍ လာ၏။ ထိုအခါ မြေးမကလေးသည် ကိုယ်တိုင် လှမ်းခေါ်ပြီး ဤခွက်ကလေးနှင့် လဲပါဟု ပြော၏။ အဘွားကလည်း မြေးမကလေးက ရွဲလုံးသိပ်လိုချင်နေတာ ပေးချင်သလောက်သာ ပေးခဲ့ပါဟု တောင်းပန်ရှာ၏။
ဘုရားလောင်း ရွဲကုန်သည်သည် ခွက်ကိုကိုင်၍ ကြည့်၏။ ခြစ်၍ကြည့်၏။ ရွှေခွက်မှန်းသိ၏။
`အမေ၊ ဤခွက်သည် ရွှေခွက်ဖြစ်ပါသည်။ ဤခွက်၏ တန်ဖိုးကို ကျနော်မတတ်နိုင်ပါ။ ဤခွက်ဖိုးငွေ ကျနော့်မှာ မပါပါ´ဟု ပြော၏။
အမေအိုက-
`အမောင်၊ ယခင်ရွဲကုန်သည်က ပဲဝက်မျှမတန်ဟုဆိုကာ လွှင့်ပစ်ခဲ့သည်။ အမောင်လက်ထဲရောက်မှ ရွှေခွက်ဟု အမောင်ကပြောသည်။ အမောင်နှင့် ထိုက်၍သာ ဖြစ်လိမ့်မည်။ ယူသွားပါ မြေးကလေးအတွက် ရွဲလုံး အနည်းငယ်သာ ပေးခဲ့ပါ´ဟု ပြော၏။
`အမေ၊ ရွှေခွက်သည် အဖိုးတစ်သိန်းတန်ပါသည်´ဟု ပြောပြန်၏။
အဘွားအိုက-
`အမောင်နှင့် ထိုက်၍ အမောင်ရသည်။ ပေးလိုသမျှသာ ပေးခဲ့ပါဟု ရွှေခွက်ကို အတင်းထိုးပေးလေ၏´ မြေးကလေးကလည်း ရွဲလုံးကလေးတစ်လုံးကို ပေးခဲ့ပါ တော်ပါပြီဟု ဆိုပြန်သည်။
ဘုရားလောင်း ရွဲကုန်သည်သည် ရောင်းပြီး ရထားသော အသပြာငါးရာနှင့် မိမိလက်ဝယ်ရှိ ငါးရာတန် ရွဲလုံးတို့ကို ရှိသမျှ အကုန်ပေးခဲ့ပြီး ဤချိန်ခွင်နှင့် အိတ်ကို ပြန်ယူပါရစေ၊ လှေကူးခအတွက် ရှစ်သပြာကိုသာ ပေးပါဟု ပြန်တောင်းပြီး ရွှေခွက်ကိုယူကာ မြစ်ဆိပ်သို့လျင်မြန်စွာ ထွက်ခွာသွားလေ၏။
ကြုံကြိုက်ခိုက်မှာ မယူလိုက်မိ၍………….
ဒေ၀ဒတ်အလောင်း ရွဲကုန်သည်သည် မကြာမီ ရောက်လာပြီး-
`ဟဲ့… ကောင်မလေး၊ အခုနခွက်စုတ်ကိုယူခဲ့၊ နင့်ကိုသနားလို့ ရွဲလုံးနည်းနည်း ပေးခဲ့မယ်´ဟု အိမ်ရှေ့မှအော်ပြော၏။
မိန်းမပျိုကလေးသည် အိမ်ရှေ့သို့ထွက်၍ ခါးထောက်ပြီး ရပ်ကာ-
`ရှင်က ပဲဝက်မှမတန်တဲ့ခွက်စုတ်ဆိုတာကို နောက်လာတဲ့ ရွဲကုန်သည်က တစ်သိန်းတန်တဲ့ရွှေခွက်ဆိုပြီး ရှိသမျှအကုန်ပုံပေးပြီး သွားလေရဲ့၊ ရှင်နဲ့မထိုက်လို့ မရတာပေါ့´ဟု ငေါ့တော့တော့ ပြောလေ၏။
ဒေ၀ဒတ်အလောင်း လောဘကြီးသော ရွဲကုန်သည်သည် ထိုအခါမှ မျက်လုံးပြူး၍ ငါ့လက်ထဲကရွှေခွက်ကို လုယူသွားပြီဟု အထုပ်ကိုထမ်းကာ မြစ်ဆိပ်သို့ အပြေးလိုက်လေ၏။
မြစ်ဆိပ်သို့ ရောက်လျှင် တစ်စီးတည်းသောလှေသည် မြစ်လယ်သို့ရောက်နေပေပြီ။ ဒေ၀ဒတ်အလောင်း ရွဲကုန်သည်က လှေကို ပြန်လှည့်ရန် ဟစ်၍ခေါ်သည်။ လှေဆရာက ပြန်လှည့်မည်ပြုသည်။ ဘုရာလောင်းရွဲကုန်သည်က-
`သင့်ကို ခရီးအလျင်လို၍ ရှစ်အသပြာပေးပြီး ငှားခဲ့သည်။ စင်းလုံးငှားခြင်းဖြစ်၍ ငါ့ကိုသာ အမြန်ပို့´ဟု ပြော၏။ လှေသမားသည် အမှန်စကားကိုကြားရ၍ လှေကိုဟိုမှာဘက်ကမ်းသို့ ဦးတည်၍ လှော်ခတ်သွားလေတော့သည်။
ဒေ၀ဒတ်ရွဲကုန်သည်-
သံကုန်အော်၍ ခေါ်ပြန်၏။
သံကုန်အော်၍ ခေါ်ပြန်၏။
သံကုန်အော်၍ ခေါ်ပြန်၏။
လှေသည် ပြန်လှည့်မလာ။ ဟိုမှာဘက်ကမ်းသို့ ရောက်၍ ဘုရားလောင်းရွဲကုန်သည် ကုန်းပေါ်သို့ တက်သွားသည်ကိုမြင်ရသောအခါ ဒေ၀ဒတ် ရွဲကုန်သည်က `ဒီတစ်ခါ ငါတော့ ရှုံးပါပြီ´ဟု ၀မ်းနည်းကြေကွဲကာ ထိုင်နေစဉ်ပင် လဲခွေကျပြီး သေဆုံးရရှာလေသည်။
ဒေ၀ဒတ်သည် ဤဇာတ်မှစ၍ ဘုရားလောင်းကိုရန်ငြိုးဖွဲ့ခဲ့လေသည်။
မြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဟောကြားတော်မူပြီးနောက်-
`ဤသာသနာတော်၌ သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်နိုင်ရန် ပေးအပ်ပါလျက် ရတုန်းရခိုက် မယူလိုက်လျှင် ချစ်သားရဟန်းသည် သေရိဝရွဲကုန်သည်မိုက်ကဲ့သို့ အချိန်ကြာမြင့်စွာ ပူပန်ရလိမ့်မည်သာတည်း´ဟု ဟောတော်မူသည်။
ဇာတ်ပေါင်းသော်………….
လောဘသား ရွဲကုန်သည် - ဒေ၀ဒတ်
ပညာရှိ ရွဲကုန်သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်း၏။

*** ဦးလှခင် - ဆန်းညွန့်ဦး ***

Read More...

Saturday, February 27, 2010

မိတ်ကောင်း၊ ဆွေကောင်း….

နှုတ်ချိုမှ လူကြည်ညိုမည်…..
(၂၆၉၊ သုဇာတာဇာတ်) ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်ဌေးကြီး၏ ချွေးမဖြစ်သော သုဇာတာကာ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ၀ိသာခါ၏ ညီမဖြစ်၏။ သုဇာတာသည် အနာထပိဏ် သူဌေးကြီး၏ ချွေးမအဖြစ် သူဌေးကြီးအိမ်သို့ ရောက်လျှင် `ငါသည် ဆွေကြီး မျိုးကြီး၏ သမီးဖြစ်သည်´ဟု အလွန်မာနကြီး၏။ လင်ဝတ်၊ ယောက္ခမ၀တ်များကို ပြုလေ့မရှိ။ အိမ်သူအိမ်သားတို့ကို ကြိမ်းမောင်၏။ ရိုက်နှက်၏။ တစ်နေ့၌ မြတ်စွာဘုရားသည် အနာထပိဏ် သူဌေးကြီးအိမ်သို့ ရဟန်းငါးရာနှင့်ြွကွလာ၏။

သူဌေးကြီးသည် မြတ်စွာဘုရားထံ တရားနာနေစဉ် သုဇာတာသည် အိမ်သားတို့အား ဆူဆူညံညံ ကြိမ်းမောင်းနေ၏။ မြတ်စွာဘုရားသည် တရားဟောကို ခဏရပ်ကာ `မည်သူ့အသံနည်း´ဟု မေး၏။ သူဌေးကြီးက `ချွေးမ သုဇာတာ အသံဖြစ်ပါသည်။ လင်ဝတ်၊ ယောက္ခမ၀တ်ကိုမပြု၊ အိမ်ရှိလူကုန်နှင့် အမြဲတမ်း ကြိမ်းမောင်း ရန်ဖြစ်နေပါသည်´ဟု လျှောက်၏။
မြတ်စွာဘုရားသည် သုဇာတာကို ခေါ်စေ၍- `သုဇာတာ မယားအပြားခုနစ်ပါးတွင် သင် အဘယ်သို့သော မိန်းမ ဖြစ်သနည်း´ဟု မေး၏။
`အရှင်ဘုရား အကျယ်မိန့်တော်မူမှ သိပါမည် ဘုရား´ဟု လျှောက်ထား၏။
၁/ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် `လူသတ်´နှင့် တူသော မယား၊
၂/ လင်၏ ပစ္စည်းကို ခိုးသဖြင့် `သူခိုး´နှင့် တူုသောမယား၊
၃/ လင်ကို အနိုင်ယူတတ်သဖြင့် `အရှင်´နှင့် တူသော မယား၊
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊
၇/ လင်ကို အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့် တူသော မယား၊ဟူ၍ မယား ခုနစ်ယောက်ရှိသည်။ ထိုခုနစ်ယောက်တို့တွင်- `လူသတ်နှင့်တူသော မယား၊ သူခိုးနှင့် တူသော မယား၊ အရှင်နှင့် တူသော မယား၊ ဤမယား သုံးယောက်တို့သည် သေလျှင် ငရဲသို့ ရောက်၏။ `ကျန်မယား လေးယောက်တို့သည် နိမ္မာနရတိ နတ်ပြည်သို့ရောက်၏´ဟု ဟောတော်မူ၏။
ဤသို့ ဟောတော်မူစဉ်ပင် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
မြတ်စွာဘုရားသည် သုဇာတာအား `မယား ခုနစ်ယောက်တွင် အဘယ်မယားနည်း´ဟု မေးတော်မူ၏။ သုဇာတာက `ကျွန်နှင့် တူသော မယားပါဘုရား´ဟု လျှောက်ထား၏။
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး ဇေတ၀န်ကျောင်းသို့ ကြွတော်မူ၏။
တရားသဘင်ဝယ် ရဟန်းတို့က `မြတ်စွာဘုရားသည် သုဇာတာအား တစ်ကြိမ်တည်းဆုံးမရုံနှင့် သောတာပတ္တိဖိုလ်၌ တည်စေကုန်၏´ဟု ပြောကြားနေကြရာ မြတ်စွာဘုရားကြားသိတော်မူ၍ `ရှေးကလည်း တစ်ကြိမ်တည်းပင် ဆုံးမခဲ့ဖူးပြီ´ဟု မိန့်တော်မူပြီး အတိတ်ဇာတ်ကို ဟောတော်မူ၏။
အတိတ်ဇာတ်…….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းဖြစ်၏။ မယ်တော် မိဖုရားကြီးသည် ကြမ်းကြုတ်၏။ ဒေါသကြီး၏။ မင်းကြီးသည် မယ်တော်ကို အဆုံးအမ ပေးနိုင်ရန် အခွင့်ကို ရှာကြံလျက်နေ၏။
တစ်နေ့တွင် ဘုရားအလောင်း ဗြဟ္မဒတ်မင်းသည် ဥယျာဉ်ကစားသွားရာ မယ်တော်လည်းပါလာ၏။ လမ်းတွင် တီတီတွက်ငှက်သည် စူးစူးရှရှအော်၏။ ထိုအသံကိုကြားလျှင် ရှိသမျှ လူအပေါင်းတို့က `ငှက်ယုတ် မအော်လင့်´ဟု ဆိုကြကုန်၏။
တီတီတွက် ငှက်ဟူသည် အရပ်အခေါ် တစ်တီးတူးဖြစ်သည် ထပ်တလဲလဲ ကျယ်လောင်စူးရှစွာ အော်မြည်သဖြင့် လူတို့သည် သူ့အသံကို မုန်းကြ၏။ ကြောက်စရာကောင်းသည်ဟု ထင်ကြသည်။
ဥယျာဉ်တော်သို့ ရောက်လျှင် ပွင့်ဖူးစုံလင်သော အင်ကြင်းပင်ပေါ်မှ ဥသြငှက်သည် သာယာသော အသံဖြင့် မြည်၏။ လူတို့က `သာယာလိုက်တာ၊ မြည်ပါဦး´ဟု အင်ကြင်းပင်ပေါ်သို့ မော့ကြည့်ကာ ပြောကြ၏။
နှုတ်ချိုမှ လူကြည်ညို…….
ထိုအခါ မင်းကြီးက မယ်တော်အား ပြောကြားသင့်ပြီဟု- `မယ်တော် တီတီတွက် ငှက်သည် အနက်နှင့် အဖြူစပ်လျက် တင့်တယ်သော မျက်လုံးရှင် ဖြစ်ပါသော်လည်း ရုန့်ရင်းကြမ်းတမ်းသောအသံ စူးစူးရှရှ အော်မြည်သံကြောင့် မည်သူမျှ မနှစ်သက်ပါ။ ထို့အတူ ကြမ်းကြုတ်သောစကားကြိမ်မောင်းသောအသံကို မည်သူမျှ နားမထောင်လိုပါ။ နားကိုပိတ်ကြသည်။ အဆင်းမလှဘဲ တစ်ကိုယ်လုံး မည်းနက်နေသော ဥသြငှက်သည် သိမ်မွေ့နူးညံသော စကားသံကြောင့် လူများစွာက သာယာလှ၍ နှစ်သက်စွာ ကြားချင်ပါသေးသည်ဟု ဆိုကြသည် မဟုတ်ပါလော။ ထို့ကြောင့် သိမ်မွေ့နူညံ့စွာ ဆိုလေ့ရှိသူ၏ စကားသည် ချိုမြိန်ကောင်းမြတ်လှ၏´ဟု တရားဟော၏။
ထိုနောက် ဘုရားအလောင်းသည်- မယ်တော် ရုန့်ရင်းကြမ်းကြုတ်သော အသံရှိသည့် တီတီတွက်ငှက်ကို လူတို့မနှစ်သက်ပါ။ သိမ်မွေ့နူညံ့သော အသံရှိသည့် ဥသြငှက်ကိုလူတို့ ချစ်ခင်နှစ်သက်ကြပါသည်။ ဤအကြောင်းနှစ်ပါးသည် စဉ်းစားတော်မူပါ´ဟု မယ်တော်အား ပြောဆိုလေသည်။
ထိုအခါမှစ၍ မယ်တော်သည် တစ်ကြိမ်တည်းဖြင့် သိမ်မွေ့နူညံ့ကာ မာန်မာနမရှိဘဲ အကျင့်သီလကို စောင့်ထိန်းလေ၏။
ဇာတ်ပေါင်းသော်………
မယ်တော်မိဖုရားသည် - ယခု သုဇာတာ
ဗာရာဏသီမင်းသည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

Read More...

Friday, February 26, 2010

မိတ်ကောင်း ဆွေကောင်း….

*** တမာလို မခါးနှင့် ပျားလိုသာချိုစေ ***
(၁၄၉- ဧကပဏ္ဏဇာတ်) ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်၊ ကဋာဂါရ ကျောင်း၌ သီတင်းသုံးစဉ် ဒုဠလိစ္ဆ၀ီမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအကြောင်းကား ထိုစဉ်က ဝေသာလီမြို့သည် တစ်ဂါဝုတ်လျှင် တံတိုင်း တစ်ထပ်စီဖြင့် တံတိုင်း သုံးထပ်ကာထားသော မြို့ကြီးဖြစ်၏။ သုံးထပ်စလုံး၌ တံခါးပစ္စင်နှင့် အလွန်တင့် တယ်၏။ ဝေသာလီပြည်ကို မင်းပေါင်း ခုနစ်ထောင် ခုနစ်ရာနှင့် ခုနစ်ယောက်တို့ မင်းပြုကြ၏။ အိမ်ရှေ့မင်း သည်လည်း ထိုမျှ၊ ဘဏ္ဍာစိုးတို့လည်း ထိုမျှရှိကြ၏။

ထိုမင်းသားတို့အတွင်း၌ တစ်ယောက်သော ဝေသာလီမင်းသည် ဒေါသကြီး၏။ ရုန့်ရင်းကြမ်းကြုတ်၏။ မြွေဟောက်ကဲ့သို့ အမြဲပင် ရှူးရှူးရှားရှားလုပ်တတ်၏။ သူတစ်ပါးကို နိုင်လိုမင်းထက် ပြုတတ်၏။ သူ့ကို ဒုဠလိစ္ဆ၀ီ မင်းသားဟု ခေါ်ကြ၏။
သူ့ကို ဘယ်သူမှ ပြောမရ၊ မိဘဆွေမျိုးတို့က လက်လျှော့ထားရသည်။ မြတ်စွာဘုရားမှတစ်ပါး ဆုံးမနိုင်မည့်သူ မရှိဟု မိဘတို့က မြတ်စွာဘုရားထံ ချော့မော့၍ ခေါ်သွားကြ၏။ မြတ်စွာဘုရားသည် ဒုဠလိစ္ဆ၀ီမင်းသားအား ဆုံးမ၏။
`မင်းသား သတ္တ၀ါတို့သည် ရုန့်ရင်း ကြမ်းကြုတ်ပြီး နိုင်ထက်ကလူ လုပ်ခြင်း၊ သူတစ်ပါးအား ညှဉ်းဆဲခြင်းများ မပြုသင့်၊ ကြမ်းကြုတ်သော စကားကို ပြောလေ့ရှိသူအား အဖေ၊ အမေ၊ သား၊ မယား၊ ညီအစ်ကို၊ မောင်နှမ၊ သား၊ သမီး၊ သူငယ်ချင်းမိတ်ဆွေတို့သည် မနှစ်သက်ကြ။
ကိုက်ရန်လာသော မြွေ၊ နှိပ်စက်ရန်လာသော လူဆိုး၊ သူခိုး၊ စားရန်လာသော ဘီလူးကဲ့သို့ ကြောက်လန့်တတ်ကြ၏။
တမလွန်ဘ၀၌ ငရဲသို့ ကျတတ်၏။ ဤဘ၀၌ပင် ဒေါသကြီးသော ပုဂ္ဂိုလ်သည် အဖိုးတန် တန်ဆာများ လှပစွာ ၀တ်ဆင်ထားသော်လည်း အသွင်အပြင်မလှ။
ဒေါသကြီးသောသူ၏ မျက်နှာသည် မီးလျှံထိသော ပဒုမ္မာကဲ့သို့လည်းကောင်း၊ အညစ်အကြေး ကပ်သော ကြေးမုံပြင်ကဲ့သို့ လည်းကောင်း၊ မကြည်မလင် အဆင်းမလှ ဖြစ်ရ၏။ ထိုဒေါသကြောင့် လူတို့သည် ကိုယ့်ကိုယ်ကို သတ်ကြ၏။ အဆိပ်သောက်ကြ၏။ ကြိုးဆွဲ၍ သေတတ်ကြ၏။ ကမ်းပါးပြတ်သို့ ခုန်ဆင်းကြ၏။
ဒေါသဖြင့် သေလျှင် ငရဲ အစရှိသည်တို့၌ ဖြစ်ကြ၏။´
နိုင်ထက်ကလူ ပြုတတ်သူမှာ….
သူတစ်ပါးကို နိုင်ထက်ကလူညှဉ်းဆဲတတ်သော သူတို့သည် မျက်မှောက်တွင်ပင် လူအပေါင်းတို့ ကဲ့ရဲ့ခြင်းကို ခံကြရပြီး၊ သေသည်၏နောက်၌ ငရဲ အစရှိသည်တို့၌ ကျကုန်၏။
လူအဖြစ် တစ်ဖန် ရပြန်ပါလည်းေ မွးကတည်းက ရောဂါအထွေထွေနှင့် မွေးလာတတ်၏။ လူနှင့် ရောဂါ အဆက်မပြတ်ဖြစ်နေတတ်၍ အမြဲပင် ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဖြစ်နေရ၏။
ထို့ကြောင့် သတ္တ၀ါအားလုံးအပေါ်၌ မေတ္တာနှင့် ယှဉ်သောစိတ်ရှိပြီး နူးညံ့သောစိတ်ကို မွေးရာ၏။
ဒေါသ အမျက်ကြီးသော ပုဂ္ဂိုလ်သည် ငရဲဘေးမှ မလွတ်ဟူ၍ မြတ်စွာရားသည် မိန့်တော်မူ၏။
တစ်ကြိမ်ဟောရုံဖြင့် သဘောပေါက်သူ…….
ထို ဒုဠလိစ္ဆ၀ီမင်းသားသည် မြတ်စွာဘုရား အဆုံးအမကို တစ်ကြိမ်သာ နားကြားရုံဖြင့် မာနကင်းကွာ ယဉ်းကျေးနူညံ့လာသည်ဖြစ်၏။ သူတစ်ပါးဆို့ ဆဲရေး ပုတ်ခတ်သော်လည်း ပြန်၍ မကြည့်၊ အစွယ်ကျိုးသော မြွေကဲ့သို့ ဒေါသ၊ မာန်မာန၊ မရှိတော့သည်သာဖြစ်၏။
ရဟန်းတို့သည် ထိုအကြောင်းကို တအံ့တသြ ပြောကြားဆွေးနွေးကြ၏။
မြတ်စွာဘုရား ကြွာလာတော်မူလျှင် အဘယ်စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူ၍ ဒုဠလိစ္ဆ၀ီ မင်းသားကို တစ်ကြိမ်တည်း ဆုံးမခြင်းအကြောင်းကို စည်းဝေးကြပါသည်ဟု နားတော်လျှောက်၏။
မြတ်စွာဘုရားသည် ရှေးကလည်း တစ်ကြိမ် တည်းဖြင့် ဆုံးမခဲ့ဖူးပြီဟု အတိတ်ဇာတ်ကို ဟော်တော်မူသည်။
အတိတ်ဇာတ်……….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဈာန်ရ ရသေ့ဖြစ်၍ ဟိမ၀န္တာမှ ဗာရာဏသီသို့ ချဉ်ဆားအလို့ငှာ ကြွရာ၊ ယင်းမင်း၏ ပင့်လျှောက်ချက်အရ မင်းဥယျာဉ်တွင် သီတင်းသုံးနေ၏။ မင်းသည် တစ်နေ့နှစ်ကြိမ် သုံးကြိမ် ဘုရားလောင်းထံ ခစား၏။
ထိုမင်းတွင် ရိုင်းစိုင်းကြမ်းကြုတ်သော တစ်ဦးတည်းသော သားရှိ၏။ မိဘဆွေမျိုးတို့က ဆုံးမလည်းမရ၊ ထင်ရာပြော၊ ထင်ရာလုပ်နေ၍ ဒုဠကုမာရဟု ခေါ်ကြ၏။
ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ရသေ့အား လျှောက်ထား၍ ဒုဠကုမာရအား အပ်၏။
တမာပင်ပေါက်………
ဘုရားလောင်းသည် မင်းသားကို ခေါ်၍ ဥယျာဉ်တွင်း၌ လှည့်လည်၏။ တစ်နေရာတွင် ရွက်ညွန့်နှစ်ရွက်သာထွက်သော တမာပင်ငယ်ကို တွေ့လျှင် မင်းသားအား ထိုအရွက်တစ်ရွက်ကို စားကြည့်စေ၏။ ခါး၍ `ထွီး´ဟု ထွေးပစ်လိုက်သည်။ ဘုရားလောင်းက- `ဘာဖြစ်လို့လဲ´ဟု မေး၏။
`အရှင်ဘုရား ဤသစ်ပင်ငယ်သည် အရွက်ကလေး နှစ်ရွက်သာ ထွက်ပြီး မြေကြီးပေါ် လက်လေးသစ်မှ မတက်ရသေး၊ ယခုပင် အဆိပ်ကို စားရသလို ခါးနေသည်။ ကြီး၍ အသီးများ သီးလျှင် လူများစွာကို သတ်လိမ့်မည်´ဟု ပြောပြောဆိုဆို တမာပင်ကို နုတ်ယူပြီး လက်ဖြင့်နယ်ခြေကာ မြေပေါ်သို့ လွှင့်ပစ်၏။
ထိုအခါ ဘုရားလောင်း ရသေ့က- `မင်းသား သင်သည် ဤတမာပင်ငယ် ကြီးလာလျှင် ခက်မည်ဟု ယခုကပင် နုတ်၍ နယ်၍ လွှင့်ပစ်၏။ ထို့အတူ သင်သည် တမာပင်ကဲ့သို့ ရုန့်ရင်းကြမ်းကြုတ်ကာ ထင်ရာစိုင်းနေမည်ဆိုလျှင် ငယ်ငယ်ကပင် ဆုံးမ၍မရ။ ကြီး၍ မင်းဖြစ်လျှင် ခက်ခြိမ့်မည်ဟု သင့်ကို တမာပင်ကဲ့သို့ ပြည်မှ နှင့်ထုတ်ကြလိမ့်မည်။ သင်သည် တမာရွက်လို လူအများ မရွံရှာအောင် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံပါစေ´ဟု ဟောကြား၏။
ထိုနေ့မှစ၍ မင်းသားသည် မာနကင်း၍ ခန္တီ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ပြည့်စုံလေသဖြင့် အဖလွန်လျှင် မင်းအဖြစ်သို့ ရောက်ပြီး ကံအားလျော်စွာ နတ်ပြည်သို့ လားလေ၏။
ဇာတ်ပေါင်းသော်………..
ဒုဠကုမာရသည် - ယခုလိစ္ဆ၀ီမင်းသား
ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ
ရသေ့သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။

*** ဦးလှခင် - ဆန်းညွန့်ဦး ****

Read More...

Tuesday, January 19, 2010

အလိမ္မာ ပုံပြင်များ…

***ကိုယ့် အတိုင်းအတာနှင့် ကိုယ်***

တစ်ခါတုန်းက ကင်းခြေများတစ်ကောင်ရှိတယ်။ ကင်းခြေများဆိုတော့ ခြေထောက်တွေက အများကြီးပဲပေါ့။ လမ်းသွားရင် ခြေထောက်လေးတွေက ညီညီညာညာနဲ့ လှုပ်ရှားနေကြတာ သိပ်ပြီး ကြည့်လို့ကောင်းတယ်။ ယုန် ကလေးဖိုးသဲဟာ ကင်းခြေများကို သိပ်ပြီး သဘောကျနေတယ်။

`ခင်ဗျား လမ်းလျှောက်သွားရင် သိပ်ပြီးလှတာပဲ၊ ခြေထောက်လေးတွေက စီစီရီရီနဲ့ ဘယ်ညာခြေလှမ်းကို မှန်နေတာပဲ။´
`ဟုတ်လား၊ အေးကွ အားလုံးက ငါ့ခြေထောက်တွေကို သိပ်ပြီး သဘောကျနေကြတာပဲ´
`ကျနော်က ခြေထောက်နှစ်ချောင်းတည်းရှိတော့ သိပ်ပြီးမလှဘူး။ ပြီးတော့ လမ်းသွားရတာ ခရီးလဲမတွင်ဘူး´
`ဟာ ဒီလို ဘယ်ဟုတ်မလဲ ငါတို့ဟာ တစ်ကောင်နဲ့ တစ်ကောင် တိရစ္ဆာန်အမျိုးအစားချင်း ဘယ်တူပါမလဲ လူဆိုရင် ခြေထောက် နှစ်ချောင်း၊ ကြက်တွေဆိုလဲ ခြေထောက် နှစ်ချောင်းပဲ မဟုတ်လား၊ တစ်မျိုးစီပေါ့´
ဘယ်လိုပဲ ပြောပြော ယုန်လေးဖိုးသဲကတော့ ကင်းခြေများရဲ့ ခြေထောက်တွေကို သဘောကျနေတယ်။
တစ်နေ့မှာ… ကင်းခြေများဟာ သူ့လမ်းကို သူသွားရင် ပုတ်သင်ညိုတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတယ်။
ပုတ်သင်ညိုဟာ ကင်းခြေများကို အတင်းလိုက်ကိုက်တယ်။ ရန်သူကလိုက်တော့ ထွက်ပြေးရတာပေါ့။
အသက်လုပြေးရင် ပုတ်သင်ညိုရဲ့ ခြေထောက်နဲ့ နင်းမိလို့ ကင်းခြေများဟာ ခြေထောက် တစ်ချောင်းပြတ်ကျန်ရစ်ခဲ့တယ်။
ဒါပေမယ့် ကျင်းခြေများဟာ အရင်လိုပဲ ကျန်ခြေထောက်တွေနဲ့ ဟန်မပျက် သွားလာနေနိုင်တယ်။
`ဟာ၊ ကိုကင်းခြေများ ခင်ဗျားမှာ ခြေထောက် တစ်ချောင်း မရှိတော့ပေမယ့် ဘာမှ မထူးခြားဘူးနော်၊ အသွားအလာ ဘာမှ မထိခိုက်ဘူး´
ယုန်ကလေး ဖိုးသဲက အံ့အားသင့်နေတယ်။
`ငါ့မှာ ခြေထောက်တွေအများကြီးကျန်သေးတာပဲကွာ၊ အရေးမကြီးပါဘူး´လို့ ပြုံးပြုံးလေး ပြန်ပြောသတဲ့။
သိပ်မကြာပါဘူး ယုန်ကလေး ဖိုးသဲဟာ သစ်ပင်ပေါ်တက်ဆော့ရင်း မတော်တဆပြုတ်ကျလို့ ခြေထောက်လွဲသွားတယ်။ လမ်းလျှောက်တဲ့ အခါမှာတော့ ထော့နဲ့ ထော့နဲ့နဲ့ အားမရရင် ခြေတစ်ချောင်းတည်းထောက်ပြီး ခုန်ခုန်သွားတယ်။ ယုန်ကလေးဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထားမိတယ်။
`အင်း ကိုကင်းခြေများဟာ ခြေထောက်တွေ အများကြီးမို့ တစ်ချောင်းလောက် မရှိလဲ အကြောင်းမဟုတ်ဘူး။ ငါက ခြေထောက်နှစ်ချောင်းတည်းရယ်။ ခုကြည့်စမ်း ခြေတစ်ဖက်နာနေတာနဲ့ ခုန်ဆွခုန်ဆွသွားရတာ ဘယ်လိုမှကြည့်မကောင်းဘူး။ ကိုကင်းခြေများက ခြေထောက်တစ်ချောင်းကြောင့် အရေးမကြီးပေမယ့် ငါ့ခြေထောက်တစ်ချောင်းက ပိုအရေးကြီးတယ်။ မထိခိုက်ဖို့ ဂရုစိုက်ရမယ်´လို့ အသိတရားရသွားသတဲ့ကွယ်….
***၀င်းရွှေနောင်***

Read More...

Wednesday, January 6, 2010

ဝတ်ကြောင်ကို ဇွတ်ရှောင်ရုန်းသည့် ၀တ္ထု… (သြော်… မိန်းမ၊ သြော်… မိန်းမ)

(သတ္တကနိပါတ် ၄၁၁၊ သုသီမဇာတ်) ပစ္စုပ္ပန်ဝတ္ထု…..

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ အတိတ် ဇာတ်ကိုဆောင်၍ ဟောတော်မူသည်ကား…။
အတိတ်ဇာတ်…
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဘုရားလောင်းသည် ထိုမင်းကြီး ပုရောဟိတ်၏သား၊ သုသီမ သတို့ သားဟု ခေါ်တွင်၏။
ထိုနေ့၌ပင် မိဖုရားကြီးမှာလည်း သားတစ်ယောက်ဖွားမြင်သည်။ ဗြဟ္မဒတ္တ သတို့ သားဟု မှည့်ခေါ်၏။
မင်းကြီးသည် သားတော်နှင့် တစ်နေ့တည်း ဖွားသော ပုရောဟိတ်၏ သား သုသီမကို နို့ထိန်းတို့ထံတွင် အတူ နေစေ၏။ သတို့သား နှစ်ယောက်မှာ အလွန်လှပသော အဆင်းတို့ဖြင့် အလွန်တင့်တယ်ကြကုန်၏။

သတို့သားနှစ်ဦးတို့သည် ကစားအတူ၊ သွားအတူ၊ လာအတူ ဖြစ်ကြပြီး တစ်ဦးနှင့် တစ်ဦး အလွန်ချစ်ခင် ကြင်နာကြ၏။
တက္ကသိုလ်ပညာများကိုလည်း အတူသွားသင်ကြပြီး အပြန်ခရီးတွင်လည်း အတူတူပင် ပြန်ခဲ့ကြလေသည်။
ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံလျှင် သားတော် ဗြဟ္မဒတ္တမင်းသား နန်းမွေဆက်ခံရ၏။ ပုရောဟိတ်၏သား သုသီမကို ပုရောဟိတ်အရာ၌ပင် ထား၏။ မင်းဖြစ်သည့်တိုင် သူငယ်ချင်း သုသီမနှင့်အတူစား၊ အတူနေပင် ဖြစ်သည်။
မြို့တော်တစ်ခွင် အဆန်းဆင်…
တစ်နေ့သ၌ ဗြဟ္မဒတ်မင်းသည် မင်းပျိုမင်းလွင် ဖြစ်သည့် အတိုင်း မြို့တော် တခွင်လုံးရှိ လမ်းများ၊ နေအိမ်တိုက်တာများကို မုခ်ဦးများနှင့်တကွ အလှအပ တန်ဆာဆင်စေ၏။
နောက်တစ်နေ့တွင် မင်္ဂလာဆင်တော်၌ သူငယ်ချင်း ဖွားဖက်တော် သုသီမကို နောက်ကစီးစေပြီး မြို့ကိုလယ်ယာရစ် လှည့်လည်ကြည့်ရှု၏။
ချစ်တဲ့စိတ်ဟာဆန်းကြယ်…
မင်း၏ မယ်တော် မိဖုရားကြီးသည် နန်းလေသာပြတင်းမှ သားတော်ကိုကြည့်ရှုရင်း ဆင်နောက်က ပုရောဟိတ် သုသီမ၏ ကျက်သရေရှိလှသော မျက်နှာကို မြင်လိုက်သည်နှင့် အလွန်တိမ်းညွတ်သော စိတ်ဖြင့် မစားနိုင် မအိပ်နိုင်ဖြစ်၏။ ဖွင့်ပြောရမှာလည်း ရှက်လွန်းလှ၍ အသေခံတော့မည်ဟု ခန်းဆောင်တွင် ၀င်ကာ အစာအဟာရကို လုံးဝဖြတ်ပြီး အိပ်၍သာ နေလေတော့သည်။
မိန်းမအချင်းချင်း မချန်ခြွင်း…
ထိုအခါသားတော်သည် သူ၏ မိဖုရားကို မိန်းမတို့အချင်းချင်း လျှို့ဝှက်မချန်ဘဲ ပြောမည်ဟုသိ၍ ပရိယာယ်ဖြင့်မေးစေ၏။ မင်းမိဖုရားသည် ယောက္ခမ မယ်တော်ထံသွား၍ ခြေဆုပ်လက်နယ်ပြုပြီး အကျိုးအကြောင်း မေးမြန်းသည်။ ထိုအခါ မယ်တော်မိဖုရားကြီးက ချွေးမတော်အား ဖွင့်ပြောပြ၏။
မိဖုရားလျှောက်ထားသဖြင့် အကြောင်းစုံသိရသော် သုသီမပုရောဟိတ်အား မင်းမြှောက်ကာ မယ်တော်အား မိဖုရားအရာပြုစေမည်ဟု နှစ်သိမ့်စေ၏။
မလျော်ကန်ပါ တောင်းပန်ရှာ…
ဗြဟ္မဒတ္တမင်းသည် သုသီမ ပုရောဟိတ်ကိုခေါ်စေပြီး….
`အဆွေ… ငါ့မိခင်၏ အသက်ကိုကယ်ပါ၊ အဆွေကို မင်းမြောက်မည်။ ငါ၏ မယ်တော်ကို မိဖုရားကြီးမြှောက်၍ ငါက အိမ်ရှေ့မင်းအဖြစ် နေမည်´ဟု ပြောဆိုလေသည်။
ထိုအခါ သုသီမက ဘယ်နည်းနှင့်မှ မဖြစ်နိုင်၊ မလျော်ကန်နိုင်ကြောင်း ငြင်းပယ်၏။ တောင်းပန်သူကလည်း အခါခါ တောင်းပန်၏။ ငြင်းပယ်သူကလည်း အကြိမ်ကြိမ် ငြင်းပယ်၏။ နောက်ဆုံးတွင် သုသီမက လက်မြှောက်၍ ၀န်ခံလိုက်ရလေသည်။
မင်းကြီးသည် ပုရောဟိတ်ကို မင်းမြှောက်၍ မိမိမူကား အိမ်ရှေ့မင်းအဖြစ် ခံယူလိုက်၏။
ပါရမီဓာတ်ခံ ရင့်သန်သူ
ပုရောဟိတ်သုသီမသည် မင်းအဖြစ် စည်းစိမ်ခံစားနေရသော်လည်း အာရုံငါးပါးကာမဂုဏ်တရားတို့ကို ငြီးငွေ့လှသဖြင့် တောထွက်၍ ရသေ့ရဟန်းပြုရန်သာ စိတ်တော် ညွတ်ကိုင်းလျက်ရှိသည်။ မိဖုရားကြီးနှင့် မပျော်ပိုက်ဘဲ တစ်ယောက်တည်းသာ နေသည်။ နန်းတော်ကြီးကိုပင် လှောင်အိမ်ကြီးဟု ထင်လာ၏။ လှောင်အိမ်၌ နေရသော ငှက်ကဲ့သို့ စိတ်တို့မှာ ကျပ်တည်း ကျဉ်းမြောင်းနေ၏။
မိဖုရားကြီး၏ လှည့်ကွက်…
ထိုအခါ မိဖုရားကြီးသည် ဤမင်းငယ်ကား နုပျိုသေး၏။ ငါနှင့် မမွေ့လျော်ဘဲ တစ်ယောက်တည်းသာ နေလေ့ရှိ၏။ ငါကား အရွယ်အို၍ ဆံပင်တို့သည် ဖြူကုန်၏။ ငါ့ခေါင်းမှ ဆံပင်ဖြူနုတ်ပြီး သူ့ခေါင်းမှ ဆံပင်ဟု ပြောလျှင် သူလည်းအသက်ရင့်ပြီဟု ထင်စေကာ မွေ့လျော်မည်ဟု ကြံစည်၏။
တစ်နေ့တွင် သုသီမခေါင်းတွင် သန်းရှာဟန်ပြု၍ ဆံပင်နက်တစ်ချောင်းကို နုတ်ယူပြီး မိမိဆံပင်ကိုပြ၍ အသက်အရွယ်တူနီးပါး ဖြစ်ပြီဟုပြော၏။
မင်းကြီး၏ သံဝေဂ…
မင်းကြီးသည် ဆံပင်ဖြူ လက်ထဲရောက်ခါမှ ချွေးသီး ချွေးပေါက်များ နဖူးပြင်မှ လျှောကျလာ၏။ ဆံပင်ဖြူကို လက်ဝါးပေါ်တင်၍-
`အို… သုသီမ… ရှေးအခါက ငါ၏ ဆံပင်တို့သည် မည်းနက်သော အဆင်းရှိကုန်၏။ ယခုမူ ဖြူကုန်ပါပကော၊ အကျင့်ကို ကျင့်ရန် အချိန်တန်ပြီ´ဟု မိမိကိုယ်ကိုတိုက်တွန်းနှိုးဆော်ကာ မြတ်သောအကျင့်၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုလေ၏။
မိဖုရားဆင်ကွက် လွဲချက်ပေါ်…
မိဖုရားကြီးမှာ ဆံဖြူပင်ကိုပြလိုက်လျှင် သူနှင့်အရွယ်တူလေသည်ဟုထင်ကာ ကြည်ဖြူစွာမွေ့လျော်လိမ့်မည်ဟု အကွက်ဆင်ခဲ့သော်လည်း သူဆင်သည့်အကွက်မပေါ်တော့ပါ၊ သံဝေဂညွတ်ပြီး ရသေ့ဝတ်၍ တရားကျင့်ရန်သာ အာရုံစူးစိုက်၍ နေပေတော့၏။ ထိုကြောင့် မိဖုရားကြီးက သံဝေဂစိတ် ပျောက်ပြီး အာရုံတစ်မျိုးရောက်ရန် ကြိုးစားပြန်သည်။
အရှင်မင်းကြီး ဤဆံပင်ဖြူကား ကျွန်ုပ်၏ ဦးခေါင်းမှ ဆံဖြူဖြစ်ပါ၏။ မင်းကြီး၏ ဆံဖြူမဟုတ်ပါ။ အကျွန်ုပ်မုသားဆိုမိပါ၏။ သည်းခံတော်မူပါ´
`အရှင်မင်းကြီး ပေါက်ထွက်စ အညှောင့်သည် ရှုချင်စဖွယ်ရှိသကဲ့သို့ အရှင်မင်းကြီးသည်လည်း နုပျို၍ ရှုချင်စဖွယ်ရှိပါ၏။ မင်းအဖြစ်ကိုလည်း ပြုတော်မူပါ၊ အကျွန်ုပ်ကိုလည်း ကြည့်ရှုတော်မူပါ။ နောက်ဘမှ အကျိုးရှိမည့်ရဟန်းအဖြစ်ကို မပြုပါလင့်´ဟု မင်းကြီးအား နုပျိုလန်းဆန်းသည့် အရွယ်ဖြစ်ကြောင်း ချီးကျူး၍ ရဟန်းမပြုရန် တောင်းပန်လေ၏။
မင်းကြီးသည် မိဖုရားကြီးအား `မိဖုရားကြီး ငါ့အား ရှုချင်စဖွယ် တင့်တယ်သော အစို့အညှောင့်ကဲ့သို့ ထင်သော်လည်း အိုမင်းလာသောအခါ ငါ၏ ဆံတို့ကား ပိုက်ဆံလျော်ကဲ့သို့ ဖွေးဖွေးဖြူရမည်မှမလွဲပါ။ သူငယ်တို့၏ လည်းကောင်း၊ လှပသော မိန်းကလေးတို့၏ လည်းကောင်း အဆင်းမှန်သမျှ ပျက်စီးရမည်ကိုသာ ငါမြင်နေ၏။
`မိဖုရားကြီး ငါ့အား အချိုးအစားပြေပြစ်သောအမျိုးသမီးကိုမြင်ရ၏။ လေပြည်လေအေး တိုက်ခတ်၍ လှုပ်ရှားသော သန္တာမည်းကဲ့သို့သော ထိုမိန်းမတို့၏ ဆံပင်တို့သည် ယောင်္ကျားတို့၌ ကိလေသာ၏ အရွယ်ဖြင့်ဖြားယောင်းသကဲ့သို့ဖြစ်၏။ ငါ့စိတ်တွင်းမှ ထိုမိန်းမတို့ကို အသက်ရှစ်ဆယ်၊ ကိုးဆယ်အရွယ်ရှိသော တောင်ဝှေးလက်စွဲ၍ ယိမ်းယိုင် ကုန်းကွနေသည်ဟု ငါမြင်၏။
`မိဖုရားကြီး ငါကား လောကီအာရုံကာမဂုဏ်၌ မပျော်မွေ့တော့ပါ.။ မိန်းမတို့အပေါ် ချစ်ခင်ဖွယ်- မချစ်ခင်ဖွယ်တို့ကို အပြစ်မြင်၍ တစ်ယောက်တည်းသာ အိပ်ရာထက်၌ ရှုပွားပါ၏။ လောကီကာမဂုဏ်အားလုံးတို့ကာ နှောင်ကြိုးနှင့် တူကုန်၏။ ရှေးပညာရှိတို့သည် ထိုနှောင်ကြိုးတို့ကို စွန့်ပယ်သကဲ့သို့ ငါလည်း စွန့်ပယ်၍ ရသေ့ရဟန်းပြုတော့အံ့´ဟု မိဖုရားကြီးအား ပြောကြား၏။
ထိုနောက် သုသီမမင်းသည် သူငယ်ချင်းဗြဟ္မဒတ္တကိုခေါ်၍ `အဆွေ… အဆွေသည် မင်းအဖြစ်ကိုပြန်လည်၍ လက်ခံပါတော့´ဟု ပြောပြီး အခြံအရံတို့နှင့်တကွ ဆွေမျိုးများငိုကြွေးနေစဉ်မှာပင် ဟိမ၀န္တာသို့ဝင်ကာ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီး သေလွန်သောအခါ ဗြဟ္မာပြည်သို့ လား၏။
ဇာတ်ပေါင်းသော်…
မိဖုရားကြီးသည် - ရာဟုလာမယ်တော်
ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ
သုသီမင်းကြီးသည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်-ဆန်းညွန့်ဦး ***

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)