(မိုးကုတ်ဆရာတော်)
ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ ၀ိပရိဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။ အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။
ဝိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။
ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။ သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။
ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။ လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။
နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။
(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။
(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။
နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။
နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။
နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။
အကျဉ်းပြန်ချုပ်လိုက်ရင်-
၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။
၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။
၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။
၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။
၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။
၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။
၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။
ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)
**ဒေါက်တာအရှင်ပါရမီ**
Thursday, December 29, 2011
သောတာပန်၏ ထူးခြားချက် (၇)ရပ်
Wednesday, September 28, 2011
သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်

၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊
၆။ ကဏ္ဏနာသ စ္ဆိန္န - နားရွက်နှာခေါင်း ပြတ်နေသူ၊
၇။ အဂုင်္လ စ္ဆိန္န - လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊
၈။ အဠ စ္ဆိန္န - ခြေမ လက်မများပြတ်နေသူ၊
၉။ ကဏ္ဍရ စ္ဆိန္န - အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊ ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊
၁၀။ ဖဏ ဟတ္ထက - ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊
၁၁။ ခုဇ္ဇ - ခါးကုန်းနေသူ( ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍ ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )
၁၂။ ၀ါမန - ပုပုကွကွ ဖြစ်နေသူ၊
၁၃။ ဂလဂဏ္ဍီ - လည်ပင်းကြီးနာ ရောဂါရှိသူ၊
၁၄။ လက္ခဏာ ဟတ - ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက် စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်ခပ်နှိပ်ခံရသူ၊
၁၅။ ကသာဟတ - ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊
၁၆။ လိခိတက - အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊
၁၇။ သီပဒိ - ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊
၁၈။ ပါပရောဂီ - အနာဆိုးရောဂါများပေါက်ရောက်နေသူဟူသည်ကား အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊ အော့နှလုံးနာဖွယ် ၊စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။
၁၉။ ပရိသဒူသက - ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊
၂၀။ ကာဏ - မျက်စိ တစ်ဖက်ကန်းနေသူ၊
၂၁။ ကုဏီ - လက်၊ ခြေများကောက် ကွေးနေသူ၊
၂၂။ ခဉ္ဇ - ခြေထောက် ခွင်နေသူ၊
၂၃။ ပက္ခဟတ - ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊
၂၄။ ဆိန္နိရိယာပထ - ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊
၂၅။ ဇရာဒုဗ္ဗလ - အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊
၂၆။ အန္ဓ - မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊
၂၇။ မူဂ - စကား ဆွံ့အ၊ ထစ်အ နေသူ၊
၂၈။ ဗဓိရ - နားထိုင်းသူ၊ ပင်းနေသူ၊
၂၉။ အန္ဓ မူဂ - မျက်စိလည်းကန်း၊ စကားထစ်အ ဆွံ့အနေသူ၊
၃၀။ အန္ဓဗဓိရ - မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊
၃၁။ မူဂ ဗဓိရ - စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊
၃၂။ အန္ဓ မူဂ ဗဓိရ - မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊
အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့ ၀င်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။
ကျမ်းညွှန်း။ ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊ ၀ိနယပိဋက
**posted by အရှင်သုနန္ဒာလင်္ကာရ**
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
Monday, May 30, 2011
အချိန်ယူရဦးမှာပါ

သင်ဘယ်လိုလူလဲဆိုတာ သိဖို့
ကျွန်ုပ် ဘယ်လိုလူလဲဆိုတာ သိဖို့
အလိုဆန္ဒရှိနေတဲ့ သင်နှင့်ကျွန်ုပ် ...
နေမြင့်ရှည်ကြာ သွားလာနေထိုင် ဆက်ဆံရင်း
စူးစမ်းလေ့လာကြရဦးမှာပါ။
အမှားအမှန် အဆိုးအကောင်း သိမြင်နိုင်တဲ့
ဥာဏ်ပညာ အဆင်အခြင် ရှိ မရှိပေါ်မှီပြီး ...
သင်နှင့်ကျွန်ုပ် အဖြေမှန်ရသည်လည်း ရှိမယ်၊
အဖြေမှန် မရသည်လည်း ရှိလိမ့်ဦးမယ်လို့တော့
သတိရှိစေချင်ပါတယ်။ ~ ဗုဒ္ဓ ~ သတ္တဇဋိလသုတ်
လွတ်လပ်မှုဆိုတာ
- မိမိရဲ့ လွတ်လပ်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေရင် အဲဒီလွတ်လပ်မှုမျိုးကို လွတ်လပ်မှုလို့ မခေါ်နိုင်ဘူး။
အကျိုးဆောင်တတ်စေချင်ပါတယ်
- အကျိုးဆောင်ပိုင်ခွင့်ဆိုတာ ကြီးကြီးကျယ်ကျယ် လုပ်ရမှမဟုတ်ပါဘူး။ ချစ်ဖွယ်စကား, ချိုမြိန်တဲ့စကား, နားဝင်ချိုတဲ့စကားပြောတတ်ရင် အချိန်တိုင်း အကျိုးဆောင်ပိုင်ခွင့်ရနေပါတယ်။
- သူ့မှာရှိတာနဲ့ သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာ မေတ္တာပါ။ မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်တာကိုတော့ လောဘလို့သာခေါ်ရမယ်။
ရဲရင့်လိုက်စမ်းပါ
- မိမိကိုယ်ကို မိမိ မနှောင်ဖွဲ့ပါနဲ့၊ ပင်ပန်းအောင် မလုပ်ပါနဲ့၊ ဆင်းရဲအောင် မလုပ်ပါနဲ့။
- မိမိကိုယ်ကို မိမိ သိပ်သိတဲ့ သိပ်တတ်တဲ့ပုံစံမျိုး နေထိုင်မိတတ်ကြတယ်။ တကယ်တော့ မိမိတို့မှာ အဲဒီလိုအနေအထားမျိုး ရှိမနေကြဘူး၊ သိနိုင်သလောက် သိအောင် ကြိုးစားနေခြင်းမျှသာဖြစ်ကြတယ်။
- မပြည်ဝသေးတာ မပြည်ဝသေးမှန်းသိရင် စိတ်ဟာလွတ်လပ်သွားတယ်၊ သိယုံနဲ့မလုံလောက်ဘူး၊ ကိုယ်သိတာ ဒီလောက်ပါပဲလို့ လိုအပ်တဲ့အခါ ၀န်ခံလိုက်တာ အနှောင်အဖွဲ့ကနေ ထွက်မြောက်ခြင်းတစ်မျိုးပဲ။ စိတ်မှာ ၀န်ထုပ် ၀န်ပိုးဖြစ်ပီး မကျန်ရစ်တော့ဘူး။ ဟန်ကိုယ့်ထားရတဲ့ ဒုက္ခကနေ ထွက်မြောက်နိုင်လိုက်တဲ့အတွက် စိတ်ဟာတည်ကြည်လာတယ်၊ ခံ့ကျန်းလာတယ်၊ ရင့်ကျက်လာတယ်။
- မိမိကိုယ်ကို မိမိ နှောင်ဖွဲ့နေတာလည်းမသိဘူး၊ သူတစ်ပါးတို့ရဲ့ နှောင်ဖွဲ့တာခံနေရမှန်းလည်း မသိဘူးဆိုရင် မိမိရဲ့ချမ်းသာကို ဆောင်နိုင်ဖို့မလွယ်တော့ဘူး။ သူတစ်ပါးတို့ရဲ့ ချမ်းသာခြင်းကိုလည်း ဆောင်ခြင်းငှာမဖြစ်နိုင်တော့ဘူး။
ခက်ခဲတဲ့အရာ
- လူတွေရဲ့ အလိုဆန္ဒကို အမြဲသိဖို့မလွယ်ဘူး။ ဥာဏ်နှင့်ယှဉ်တဲ့ သည်းခံမှုထိန်းသိမ်းချုပ်တည်းမှုတွေကြောင့် သိဖို့ရန်ခက်သလို, မာယာ သာဌေယျ အလှည့်အပတ် အကွေ့အကောက်တွေ နေရာယူမှုကြောင့်လည်း သိဖို့ရာခက်တယ်။
လောကကို ကောင်းစေချင်သူများ
- ပုံမကျတာတွေ မဟုတ်တာတွေ တရားမမျှတတာတွေ အချိုးမကျတာတွေတွေ့လို့ ဝေဖန်ထောက်ပြသူ တွန်းလှန်သူ ဆန့်ကျင်သူတွေကိုတွေ့ရင် အမှန်တရားထွန်းကားဖို့ လောကကြီးကို ပုံစံတကျတည်ဆောက်ဖို့ စေတနာဆန္ဒရှိနေသူများလို့ လက်ခံတတ်တဲ့စိတ် ကျွန်ုပ်တို့မှာရှိဖို့ လိုအပ်ပါတယ်။
- He has a right to criticize, who has a heart to help. " အားနည်းချက်တွေ အမှားတွေ ပုံမကျတာတွေ မကောင်းတာတွေကို ဝေဖန်ထောက်ပြခြင်းဆိုတာ ကူညီလိုတဲ့ နှလုံးသားရှိသူရဲ့ အခွင့်ပဲ။ " ~ Abraham Lincoln
ဒီအခွင့်ကိုပေးသင့်သလို ခံယူနိုင်တဲ့နှလုံးသားကိုလည်း ကျွန်ုပ်တို့တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကြီးမြင့်တဲ့ စိတ်ထားရှိသူဖြစ်နိုင်မယ်။ လူကြီးလို့ခေါ်နိုင်မယ်။
- သို့သော် " မစူးစမ်း မဆင်ခြင်ပဲ တစ်ပါးသူတွေရဲ့ဂုဏ် တစ်ပါးသူတွေရဲ့ အပြစ်ကို ပြောဆိုတတ်သူတွေကိုတော့ မိုက်မဲသူ မလိမ္မာသူလို့ " ဘုရားရှင် မိန့်တော်မူထားတဲ့အတွက် ကျွန်ုပ်တို့ဟာ မိုက်မဲသူ မလိမ္မာသူတွေတော့ မဖြစ်သင့်ကြဘူး။
သညာရှိနှင့် ပညာရှိ
- သညာဆိုတာ သင်အံလေ့ကျက်ခြင်းကို အမှီပြုပီး ဖြစ်ပေါ်လာတဲ့တရားပါ။ အဲဒီသညာနဲ့ မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ သညာရှိလို့သာဆိုရတယ်၊ ပညာရှိလို့မဆိုနိုင်ဘူး။
စာတတ်တယ်ဆိုတာ
- စာတတ်တယ်ဆိုတာ အာဂုံနှုတ်တက်ဆောင်နိုင်ရုံမျှကို ခေါ်တာမဟုတ်ဘူး။ နားလည်သဘောပေါက်အောင် ကြည့်ရှုနိုင်စွမ်းကိုခေါ်တာ။
~ မဟာဂန္ဓာရုံဆရာတော်
မနှောင်ဖွဲ့ပါနဲ့
- ပုဂ္ဂိုလ်တစ်ဦးကို စိတ်တည်ကြည်လွတ်လပ်မှုရစေချင်တယ်။ မိမိရဲ့ အပြုအမူ အပြောအဆိုကြောင့် အနှောင်အဖွဲ့တစ်ခု မဖြစ်စေချင်ဘူး။ မိမိလည်း စိတ်တည်ကြည်လွတ်လပ်မှုနဲ့ နေထိုင်လိုပါတယ်။ အနှောင်အဖွဲ့ဖြစ်စေမည့် ဘာကိုမှ ဘယ်သူ့ကိုမှ မပြုစေ မပြောစေချင်ပါဘူး။ လွတ်မြောက်ကြပါစေ။
ဘယ်အချိန်ဟာ အောင်မြင်တဲ့အချိန်လဲ
- Suffering arises out of desire not to suffer."
- " ဒုက္ခမဖြစ်လိုတဲ့ ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ။ "
- တစ်လောကလုံး ရင်ဆိုင်နေကြရတဲ့ ဒုက္ခဟူသမျှဟာ လိုချင်ခြင်းကြောင့် ရရှိလာတဲ့ ဒုက္ခများသာဖြစ်ကြတယ်။ မလိုချင်ပဲနှင့် ရရှိလာတဲ့ အရာတွေမဟုတ်ကြဘူး။
- လောကမှ မလွတ်မြောက်နိုင်သေးတဲ့ အောင်မြင်မှုမှန်သမျှဟာ အောင်မြင်မှု အစစ်အမှန်မဟုတ်ဘူး။ အောင်မြင်မှု ကျော်စောမှု ထင်ပေါ်မှုအတွက် အလုပ်လုပ်နေသူမှန်သမျှရဲ့ စိတ်ဟာ တဏှာကြောင့် ဆာလောင်နေတယ်၊ စိုးရိမ်နေတယ်၊ မ၀ံ့မရဲဖြစ်နေတယ်၊ မလိုမကျဖြစ်နေတယ်၊ သူတစ်ပါးလက်ခံအောင်ကြိုးစားဖို့ ကြောင့်ကြဗျာပါရများနေတယ်၊ တွေဝေနေတယ်၊ တုန်လှုပ်နေတယ်၊ မငြိမ်းချမ်းဘူး။
- တဏှာကြောင့် လိုနေတဲ့လောကကြီးက မိမိလိုချင်တာ ပေးနိုင်မည့်သူထံ သွားကြ လာကြတယ်။ မိမိလိုချင်တာ မပေးနိုင်ဘူးလို့ အထင်ရောက်တဲ့အခါ ဖယ်ခွါသွားကြမှာပါပဲ။ လိုချင်တာ ပေးနိုင်မယ်လို့ ယူဆတဲ့ တစ်ပါးသူတွေထံချဉ်းကပ်ဖို့ပေါ့။ အဲ့ဒီအခါမျိုးမှာ မတုန်လှုပ်ပါနဲ့။ ဒါဟာ လောကသဘာဝတစ်ခုပါ။ တစ်ပါးသူတို့ရဲ့ လက်ခံခြင်းဟာ လွတ်မြောက်လိုသူတွေအတွက် အနှောင်အဖွဲ့တွေပါ။ အနှောင်အဖွဲ့ခံနေရတယ်လို့ သဘောမပေါက်နိုင်လောက်အောင် လိုချင်မှုတဏှာရဲ့ လှည့်ကွက်ကို သတ္တ၀ါတွေခံကြရတယ်။ တဏှာမရှိတော့တဲ့ အချိန်ရောက်မှ စိတ်ဟာလွတ်လပ်သွားမယ်၊ ငြိမ်းချမ်းသွားမယ်။
- တဏှာကင်းတဲ့အချိန်ဟာ အောင်မြင်တဲ့အချိန်ပဲ။ တဏှာကင်းသွားတဲ့အချိန်မှာ လွတ်မြောက်ခွင့်ရကြတယ်။ လွတ်မြောက်နိုင်ကြပါစေ။ ~ အရှင်ရေ၀တ
မှန်ကန်တဲ့နည်းလမ်း
- ရန်သူတွေကို ဖျက်ဆီးချင်နေသူတွေအတွက် အကောင်းဆုံးနည်းလမ်းပေးလိုက်မယ်။ မိတ်ဆွေဖွဲ့လိုက်ပါ။
- မိတ်ဆွေဖွဲ့လိုက်ရင် ရန်သူဆိုတာကို သတ်ဖြတ်ဖျက်ဆီးအဆုံးစီရင်လိုက်တာပါ။
ဆုံးရှုံးမှု
- တန်ဖိုးမသိရင် တန်ဖိုးရှိတဲ့သူတွေကို ဆုံးရှုံးရတတ်ပါတယ်။
လူ့တန်ဖိုးသိအောင်လုပ်ပါ
- လူ့တန်ဖိုးဟာ သက်မဲ့ပစ္စည်းအောက် မရောက်သင့်ဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သက်မဲ့ပစ္စည်းလောက်တောင် တန်ဖိုးမထားဘူးဆိုရင် ဒီလောကကြီးကို လူ့တန်ဖိုးသိတဲ့လောကလို့မခေါ်နိုင်ဘူး။ သက်မဲ့ပစ္စည်းနဲ့ ဂုဏ်သိက္ခာကို အလဲအလှယ်လုပ်နေကြတာ, သက်မဲ့ပစ္စည်းအတွက် ငြင်းခုန် စကားများနေကြတာ, သက်မဲ့ပစ္စည်းအတွက် သက်ရှိတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေကြတာ ဘာကိုတန်ဖိုးထားကြတာလဲ၊ ဒီလိုလူတွေဟာ လူမဖြစ်ကြသေးဘူး၊ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်အတင့်မှာပဲ ရှိနေကြသေးတယ်။
ကျွန်ုပ်၏ဆန္ဒ
- မိမိနေထိုင်တဲ့တိုင်းပြည်, မိမိနေထိုင်တဲ့နေရာ, မိမိနေထိုင်သီတင်းသုံးတဲ့ ကျောင်းတိုက်ဟာ ဘယ်လိုတိုင်းပြည် ဘယ်လိုနေရာ ဘယ်လိုကျောင်းတိုက်မျိုးပေါ့လို့ ဂုဏ်ယူစွာပြောဆိုလိုတဲ့စိတ် ကိန်းဝပ်လာတဲ့သူတွေကို တွေ့ချင်သလိုပါပဲ အဲဒီလိုနေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း နေရာဟာ ဂုဏ်တင့်နေတာကို နေမြင့်ရှည်ကြာမြင်လိုလှပါတယ်။
အသစ်တဖန် မွေးဖွားခွင့်ပြုပါ
- လူဆိုတာ အသိဥာဏ်ရှိတဲ့သူ, ကောင်းချင်တဲ့သူ, တိုးတက်ချင်တဲ့သူပါ။ သတိလွတ်ကင်းလို့ တစ်ချိန်ကမှားခဲ့ပေမယ့် မိမိကိုယ်ကိုပြန်လည်ပြုပြင်ပီး ဖြစ်နေတဲ့ပုဂ္ဂိုလ်တွ လောကမှာ များစွာရှိနိုင်ပါတယ်။ ဒါကြောင့် နေ့သစ်တွေမှာ တွေ့ဆုံရတဲ့သူတွေကို ဘ၀သစ်တဖန် မွေးဖွားလာတဲ့သူတွေအဖြစ် ကြည့်တတ်အောင်လေ့ကျင့်မယ်။
သက်တမ်းရှိသလောက် ရပ်တည်သွားစမ်းပါ
- တစ်လောကလုံး တရားပျက်နေကြရင်တောင် တရားမပျက်စေရဘူး။ လူမိုက်တွေအကြောင့် စဉ်းစားပီးစိတ်မပျက်ပါနဲ့။ ဆူးနွယ် ချုံရှုပ်တွေပေါများတဲ့ တောကြီးထဲက သစ်ပင်ကြီးဟာ ဆူးနွယ် ချုံရှုပ်တွေမည်မျှပင်ရှိနေပါသော်လည်း သက်တမ်းရှိသလောက် သူရဲ့ဘ၀ကို ငါဟာသစ်ပင်ကြီးပါလို့ ကွဲကွဲပြားပြား ရပ်တည်သွားသလိုပဲ ... မိမိအကြောင်း မိမိသိတဲ့ပုဂ္ဂိုလ်ဟာ ဆူးနွယ် ချုံရှုပ်ကဲ့သို့သော ကျေးဇူးမဲ့ပြုတတ်သူတွေ ရှိနေပါသော်လည်းပဲ သက်တမ်းရှိသလောက် ငါဟာ ကျေးဇူးပြုသူတွေရဲ့ ကျေးဇူးကိုသော်လည်း ပြုနေသူပါလို့ မပြောသော်လည်း ပြောသကဲ့သို့ မိမိဘ၀ကို ကွဲကွဲပြားပြားရပ်တည်သွားမယ်။
ညီညွတ်ဖို့ဆိုရင်
- ညီညွတ်ဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကဲ့ရဲ့ခြင်းကို မပြုလုပ်ပါနဲ့၊ ကဲ့ရဲ့ခြင်းဟာ သွေးကွဲခြင်းရဲ့ သပ်လျှိုမှုဖြစ်တယ်။ ညီညွတ်ဖို့အတွက် တစ်ဦးကိုတစ်ဦး ပြုပြင်ဖေးမရမယ်။
- ပြုပြင်ဖေးမခြင်းဟာ ညီညွတ်သွေးစည်းခြင်းရဲ့ စည်းကြိုးဖြစ်တယ်။ မအောင့်အီးနိုင်လို့ သူတစ်ပါးအကြောင်းကို ပြောချင်ရင် ကောင်းတာလေးတွေကို ရွေးပြောပါ။ ~ ဘဒ္ဒန္တပညာဘောဂ (ဆဌသင်္ဂီတိထေရ)
- စေတနာကို မကြည့်ပဲ လူပြောသူပြောမျှကို ကြည့်မယ် အလေးဂရုပြုမယ်ဆိုရင် အမှန်ကိုသိခွင့်ရဖို့ မလွယ်တော့ဘူး။
ခွင့်လွတ်ခြင်းဆိုတာ
- ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အား နှုံ့သူတွေရဲ့ အလုပ်မဟုတ်ဘူး။ ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အားကြီးမြင့်သူတို့ရဲ့ အရည်အချင်းသာဖြစ်တယ်။ ဒါကြောင့် The weak can never forgive. Forgiveness is the attribute of the strong. လို့ မဟတ္တဂန္ဓီကြီးက ဆိုခဲ့တယ်။
* ဖားအောက်တောရ နိုင်ငံတကာ သာသနာပြုကျောင်းတော်ကြီးမှ ဓမ္မဒါနလက်ကမ်းစာစောင်အား ပြန်လည်ကူးယူဖြန့်ဝေခြင်း ဖြစ်ပါသည်။ *