Saturday, August 30, 2014
==ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ==
ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။ ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။ ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။ ဘာကြောင့် စာရေးရသလဲ ရေးချင်လို့ ရေးပါတယ်။
**ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း**
ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။ ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊ ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။ နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။ ရေးတာတွေကဖြင့် အပျော်လိုလို၊ နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။ ကြေနပ်တယ်။ သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။ ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား ညာလား ဘာ မှ မ ဟုတ် ဘူး။ ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ
ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။ ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။ တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်" အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again) ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။
**စာအုပ်ထုတ်ဝေခြင်း**
စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။ ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။ ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။ ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး
**လူလုံးထွက်ပြခြင်း မပြခြင်း**
ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။ ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။
**တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့**
လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။ ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ" လို့ ဆိုပါတယ်။ ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။ ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။ သဘောပါရဲ့လား အိမ်း... ခု လက်ရှိ ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။ ဒီလောက်ပါပဲ။ တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။ ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။ သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။ ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။ ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"
ပုံ
အန်တီစီကေအေ
"ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ"
Author: ချစ်ကြည်အေး
Friday, August 1, 2014
==တိုက်စစ်ရသကိုပေးစွမ်းမယ့်အီမရိတ်ဖလား==
အီမရိတ်ဖလား။ တစ်နည်းပြောရရင် ရာသီကြိုခြေစမ်းပွဲတွေ။ ဖိတ်ခေါ်ပြိုင်ပွဲတွေကြားမှာ ဟန်မူကွဲတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာရပ်တည်လာနိုင်တဲ့ ပြိုင်ပွဲတစ်ခု။ အရှင်းဆုံးပြောရရင် အရှုံးကို လက်မခံလိုတဲ့စိတ်ကနေ ဆင်းသက်လာတဲ့ ခံစစ်အသားပေးနည်းစနစ်တွေ လွှမ်းမိုးလာတဲ့ ဒီဘက်ခေတ်ဘောလုံးလောကမှာ တိုက်စစ်ရသကို အပြည့်အ၀ဖော်ဆောင်ပေးတဲ့ ပြိုင်ပွဲတစ်ခု။ ဒီတော့ အီမရိတ်ဖလားဟာ ပရိသတ်ရဲ့စိတ်အာရုံကို ညှို့ယူနိုင်တယ်။ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းရှိတယ်။
;ပြောချင်တာက ဒီပြိုင်ပွဲရဲ့ ကျင်းပ ပုံကျင်းပ နည်းစနစ်ဟာ အခြားရာသီ ကြို ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေနဲ့ လုံးဝ မတူဘူး။ နှစ်စဉ် အသင်းလေးသင်းနဲ့ ယှဉ်ပြိုင်တယ်။ တစ်သင်းကို နှစ်ပွဲစီ ကစားရတယ်။ ဗိုလ်လုပွဲမရှိဘူး။ အမှတ် ပေးစနစ်နဲ့ကျင်းပတဲ့ ပြိုင်ပွဲ။ အဲဒီနှစ် ပွဲစီကစားရာမှာ အမှတ်အများဆုံးရတဲ့ အသင်းကို ချန်ပီယံအဖြစ် သတ်မှတ် တယ်။ ထူးခြားတာကလည်း အဲဒီ အမှတ်ပေးစနစ်ပဲ။ ပြောရရင် ဒီပြိုင်ပွဲမှာ အသင်းတစ်သင်းဟာ ပွဲတစ်ပွဲအတွင်း အနိုင်ရရင် ပုံမှန်အတိုင်းသုံးမှတ်ရတယ်။ သရေဆိုရင်လည်း ပုံမှန်အတိုင်း တစ်မှတ်ရပေမယ့် ဒီပြိုင်ပွဲတွေမှာ ပိုပြီးထူးခြားတာက သွင်းဂိုးတစ်ဂိုး အတွက် တစ်မှတ်ပေးမှုပဲ။ ဥပမာ ပြောရရင် အသင်းတစ်သင်းဟာ ပွဲစဉ် တစ်ခုမှာ သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်တယ်ဆိုရင် အနိုင်ရတဲ့အတွက် သုံးမှတ်အပြင် သွင်းဂိုးသုံးဂိုးအတွက် သုံးမှတ်။ ပေါင်း ခြောက်မှတ်ရမယ်။ ရှုံးတဲ့အသင်းက လည်း ရှုံးတဲ့အတွက် အမှတ်မရပေမယ့် သွင်းဂိုးနှစ်ဂိုးအတွက် နှစ်မှတ်ရမယ်။ ဒီတော့ ဒီပြိုင်ပွဲဟာ တိုက်စစ်ကို အပြည့် အ၀ပုံဖော်မယ့် ပြိုင်ပွဲတစ်ရပ်အဖြစ် သိသာတယ်။ ထပ်ပြောရရင် တကယ်လို့ ဒီပြိုင်ပွဲ မှာ အသင်းနှစ်သင်းဟာ သွင်းဂိုးအရေ အတွက်ရော အမှတ်ပါ တူနေမယ်ဆိုရင် ဂိုးပေါက်တည့်အောင် အကြိမ်အများ ဆုံးကန်သွင်းနိုင်တဲ့အသင်းကို အသား ပေးမယ့်စနစ်ကိုပါ ကျင့်သုံးတာဆိုတော့ သေချာတယ်။ ဒီပြိုင်ပွဲဟာ တိုက်စစ် ရသကို လုံးလုံးလျားလျားခံစားရမယ့် ပြိုင်ပွဲတစ်ရပ်ဆိုတာ မငြင်းနိုင်ဘူး။ တကယ်တော့ ဒီပြိုင်ပွဲမျိုးဟာ အရင်က မရှိခဲ့တာတော့ မဟုတ်ဘူး။ ဒီလိုစနစ်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲတစ်ပွဲကို ဟော်လန် ကလပ် အိုင်းယက်စ်အသင်းက ကြီးမှူးပြီး ၁၉၇၅ခုနှစ်ကတည်းက အမ်စတာ ဒမ်ပြိုင်ပွဲဆိုတဲ့ အမည်နဲ့ ကျင်းပခဲ့ဖူး တယ်။ အဲဒီတုန်းကလည်း အဲဒီ အမ်စတာဒမ်ပြိုင်ပွဲဟာ ဘောလုံးရာသီ ကြိုကာလတွေမှာ ထင်ရှားတဲ့ ပြိုင်ပွဲ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သလို ၂၀၀၉ခုနှစ်အထိ ခိုင်ခိုင်မာမာရပ်တည် နိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ကာ အဲဒီစနစ် ကို အခြေခံပြီး ၂၀၀၇ မှာ စတင်ကျင်းပတဲ့ ဒီအီမရိတ်ဖလားပြိုင်ပွဲဟာလည်း အမ်စ တာဒမ် ပြိုင်ပွဲနည်းတူ အချိန်တိုအတွင်း ရာသီကြိုကာလတွေမှာ ထင်ရှားအောင် မြင်လာခဲ့တာပဲ ဖြစ်တယ်။
အထူးသဖြင့် ဒီပြိုင်ပွဲဟာ ပြောခဲ့ပြီး သလို အနိုင်ရရုံနဲ့ မပြီးဘူး။ သွင်းဂိုး တိုင်းအတွက် အမှတ်ပေးတဲ့စနစ်ရှိတာ ကြောင့် ဂိုးများများသွင်းနိုင်ဖို့ပါလိုတယ်။ ပြီးတော့ အမှတ်တူ၊ ဂိုးတူနေရင်လည်း ဂိုးပေါက်တည့်မှုနဲ့ပါ ထပ်မံဆုံးဖြတ်မှာ ဆိုတော့ တိုက်စစ်ရဲ့အဆုံးသတ်ပိုင်း သေချာမှုကပါ သိပ်အရေးကြီးတယ်။ ၂၀၀၈ပြိုင်ပွဲတုန်းကဆိုရင် ပြိုင်ပွဲဝင်လေး သင်းဖြစ်တဲ့ ဟမ်းဘတ်၊ ရီးရဲ၊ အာဆင် နယ်၊ ဂျူဗင်တပ်စ်တို့ဟာ တစ်သင်းကို တစ်ပွဲစီနိုင်တယ်။ ဒါပေမယ့် အဲဒီမှာ သွင်းဂိုးပိုများတဲ့ ဟမ်းဘတ်က ချန်ပီယံ ဖြစ်တယ်။ ဒီတော့ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ဆိုရင် တိုက်စစ်ဇုန်ကို စနစ်တကျ ဖွဲ့စည်းအထိုင်ချဖို့ သိပ်လိုတယ်။ တိုက်စစ်ပိုင်းက အဆုံးသတ် အားကောင်းမှ၊ ညီညွတ်မျှတတဲ့ စွမ်းရည် ရှိမှ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်မှာဆို တော့ ပရိသတ်အနေနဲ့လည်း ဒီပြိုင်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတိုင်းရဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကို အပြည့် အ၀လေ့လာသုံးသပ်ခွင့်ကိုရမယ်။ ဒါဟာ ရာသီကြိုကာလအတွင်း အသင်းတွေရဲ့ အခြေအနေကို တိတိကျကျခန့်မှန်းနိုင်တဲ့ ပရိသတ်အတွက် အခွင့်ကောင်းတစ်ခု လည်းဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်ပြိုင်ပွဲ ကို လာမယ့် သြဂုတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထုံးစံအတိုင်း အာဆင် နယ်ရဲ့အိမ်ကွင်း အီမရိတ်မှာကျင်းပမယ်။ အိမ်ရှင် အာဆင်နယ်ရဲ့အိမ်ကွင်း အီမရိတ်မှာကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ အိမ်ရှင်အာဆင်နယ်နဲ့အတူ ဘင်ဖီကာ၊ မိုနာကို၊ ဗလင်စီယာတို့ ပြိုင်ပွဲဝင်ကြမှာ ဆိုတော့ ပရိသတ်အတွက် စောင့်ကြည့် ချင်စရာ အကောင်းဆုံး အသင်းနှစ်သင်း ပါနေတယ်။
အထူးသဖြင့် အဲဒီအထဲမှာ တောင် အာဆင်နယ်က စောင့်ကြည့်ချင် စရာပိုကောင်းတယ်။ ပြောရရင် အာဆင် နယ်ဟာ မနှစ်က ပရီမီယာလိဂ်ချန်ပီယံ ဆုကို အရယူဖို့အားစိုက်ခဲ့ပေမယ့် ရာသီ အဆုံးမှာ ထင်သလိုဖြစ်မလာဘူး။ အဲဒီ မဖြစ်မှုရဲ့ အဓိကအားနည်းချက်ဟာ တိုက်စစ်ပိုင်းအဖြစ် အားလုံးက ရှုမြင် လက်ခံသလို ဂီရောက်ဒ်တစ်ဦးတည်းရဲ့ အားနဲ့ မလုံလောက်ဘူးလို့လည်း တွက်ကြတယ်။ ဒီလိုအချိန်မှာ ဒီနွေဈေး ကွက်အတွင်း ဆန်းချက်ဇ်ကို အာဆင် ၀င်းဂါးက အရခေါ်တဲ့အခါ အာဆင်နယ် ရဲ့တိုက်စစ်ပိုင်းက စောင့်ကြည့်ချင်စရာ ဖြစ်လာတယ်။ ထပ်ပြောရရင် မနှစ်က အာဆင်နယ်ရဲ့ တိုက်စစ် အားပျော့မှုမှာ ဝေါလ်ကော့ ဒဏ်ရာရရှိခြင်း ကလည်း အခြေခံအကြောင်းတရားဖြစ်ပါတယ်။ အခုဝေါလ်ကော့ကလည်း ဒဏ်ရာက သက်သာလာပြီဆိုတော့ ဝေါလ်ကော့၊ ဂီရောက်ဒ်၊ ဆန်းချက်ဇ်တို့ သုံးဦးပေါင်း အာဆင်နယ် တိုက်စစ်စွမ်းအားရဲ့ အဖြေတစ်ခုကို ဒီပြိုင်ပွဲမှာ တွက်ထုတ်နိုင် မယ်။ ဒါဟာ ပရိသတ်အတွက် အခွင့် အရေးတစ်ခုလည်းဖြစ်တယ်။ အထူးသဖြင့် ဘောလုံးရာသီ အကြိုကာလတိုင်းမှာ ပြိုင်ပွဲတစ်ခုကို မျှော်ကြည့်တွက်ဆကြတာဟာ ဒီရာသီ အကြိုကာလမှာ ပရီမီယာလိဂ်ကို မျှော်ကြည့်မှုတွေရှိတယ်။ မန်နေဂျာ အပြောင်းအလဲအောက်မှာ မန်ယူရဲ့ နာလန်ပြန်ထနိုင်အား၊ ဒုတိယရာသီ အတွက် မော်ရင်ညိုရဲ့ ပိုပြီးဝါယမစိုက် လာနိုင်မှု။ မန်စီးတီးရဲ့ ချန်ပီယံ ကာကွယ်ရေး ရုန်းကန်အား။ လီဗာပူးရဲ့ ခပ်စိတ်စိတ်ခြေလှမ်းတွေ။ ဖြစ်နိုင်မယ်လို့ ယတိပြတ်မပြောနိုင်ပေမယ့် ဖြစ်နိုင်အား ကတော့ ချန်ပီယံပြေးလမ်းဟာ မနှစ်က ထက်ပိုပြီး ကျပ်ကျပ်သပ်သပ်နိုင်မယ်။ အဲဒီလိုအခြေအနေမှာ ဆန်းချက်ဇ်၊ ဒီဘူချီတို့လောက်သာ အားဖြည့်ထားရုံနဲ့ အာဆင်နယ်အတွက် လုံလောက်ပြီလား ဆိုတာ ဒီပြိုင်ပွဲနဲ့ချိန်ညှိရမယ်။
(နည်းပြအာဆင်ဝင်းဂါးနဲ့ အာဆင်နယ်ကစားသမားတွေ)
ပြီးတော့ မိုနာကိုလည်း ဒီလိုပဲ။ ကစားသမားအထွက်သာရှိပြီး ထိမိတဲ့ အားဖြည့်မှုမျိုး မရှိသေးတဲ့အတွက် မိုနာကိုရဲ့အနေအထားကိုပါ ဒီပြိုင်ပွဲမှာ ခန့်မှန်းနိုင်မယ်။ ပြောရရင် မိုနာကိုဟာ မနှစ်ကရာသီမှာ ကစားသမားကောင်း တွေ အများအပြားခေါ်ယူခဲ့တာတောင် ပီအက်စ်ဂျီလက်ထဲက ချန်ပီယံဆုကို ယှဉ်မလုနိုင်ဘူး။ အခုရိုဒရီဂွက်ဇ်ကို ဆုံးရှုံးရတယ်။ ဖယ်ကာအိုကိုလည်း ဆက်ထိန်းနိုင်ဖို့ မသေချာတဲ့အတွက် မိုနာကိုရဲ့ တိုက်စစ်ပိုင်းစွမ်းဆောင် ရည်ကိုပါ သံသယရှိလာကြသလို အဲဒီ သံသယကို ဒီပြိုင်ပွဲမှာ အဖြေရှာကြရမှာ သေချာတယ်။ ဒီတော့ ဒီတစ်ကြိမ်ပြိုင်ပွဲကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် တိုက်စစ်အသားပေး ကစားဟန်ကို ဦးစားပေးတဲ့ဒီပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မိုနာကိုတို့ရဲ့ တိုက်စစ်ပိုင်းကိုပါသုံးသပ် အဖြေရှာနိုင်မှာဖြစ်လို့ အီမရိတ်ပြိုင်ပွဲ ဟာ ပရိသတ်ကို ညှို့ယူဖမ်းစားထားဦး မှာ သေချာတယ်။
+ဝေမိုးဆက်+
Thursday, February 2, 2012
ကျွန်တော်နှင့် ပညာရွာ
အဟောင်းတော့အဟောင်းလေးတစ်ပုဒ်ပါပဲ... ကိုနေဘုန်းလတ်ရေးခဲ့တာပါ။ အရမ်းကြိုက်လို့ပြန်ရှယ်လိုက်တာ။
ကောင်းပါတယ် ဖတ်ကြည့်လိုက်ပါ။ မဖတ်ရသေးဖူးဆိုရင်ပေါ့။
ကျနော်လည်းဖတ်ပြီး ပြုံးစိစိတော့ဖြစ်သွားပါတယ်။ ခင်ဗျားတို့လည်းပြုံးမိကြမှာပါ။
********************************************************************
နေဘုန်းလတ် နဲ့ ပညာရွာ
ဟိုးတစ်နေ့က ဘာရယ်ညာရယ်မဟုတ်ပဲဖတ်လိုက်ရတဲ့ဗေဒင်စာအုပ်လေးထဲမှာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရမယ်တဲ့။ ၉နှစ်မှတစ်ကြိမ်ရနိုင်တဲ့ ကံကောင်းခြင်းတွေ ကိုယ့်ဆီကို ရောက်လာလိမ့်မယ်တဲ့ ...။ အဲဒါလေးကိုဖတ်ပြီး သိပ်မကြာတဲ့တစ်နေ့မှာပဲ ကျွန်တော်ခရီးတစ်ခုထွက်ရဖို့ အကြောင်းဖန် လာတယ်။ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က အလည်လာဖို့လှမ်းခေါ်တာလေ။ အဲဒီ့လို့နဲ့ လေယာဉ်ပျံကြီးစီးပြီး ခရီးထွက်လာလိုက်တာ ကျွန်တော့်ရဲ့ထူးခြားဆန်းကြယ် တယ်ဆိုတဲ့ အဖြစ်အပျက်တွေက စတော့တာပဲ။ ကျွန်တော်စီးလာတဲ့လေယျာဉ်ကြီး ဘယ်နေရာမှာသွားဆိုက်ကပ်တယ် ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော့်သူငယ်ချင်းလှမ်းခေါ်တဲ့ နိုင်ငံကို မဟုတ်တာတော့ သေချာပါတယ်။ ခရီးဆုံးပြီဆိုလို့ ကျွန်တော်လည်း လေယာဉ်ပေါ်ကဆင်းလိုက်ရော ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးတစ်မြို့က ကျွန်တော့်ကို မားမားကြီး ရပ်ပြီးစောင့်ကြိုနေလေရဲ့ ...။ ကျွန်တော်လည်း ရှေ့ကလမ်းကလေးအတိုင်း ဟိုဟိုဒီဒီလျှောက်လာလိုက်တာ မြို့အ၀င်ဝမှာ ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုလဲတွေ့လိုက် ရရော အံ့သြခြင်း တွေနဲ့အတူ လှိုက်လှဲဝမ်းသာသွားမိတယ်။
`ပညာရွာ´ တဲ့ ...။
သူတို့ကရွာသာဆိုတယ် ခမ်းနားထည်ဝါနေလိုက်ပုံက မြို့ကြီးပြကြီးတွေတောင် သြချရလောက်တယ်။ သြော် ... ပညာရှင်တွေ၊ ပညာရှိကြီးတွေချည်းပဲ စုနေတာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လို့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ရှည်ရှည်ဝေးဝေးတွေတွေးမနေတော့ပဲ အဲဒီ့ပညာရွာကြီးထဲကို သိချင်နေတဲ့မေးခွန်းတွေ တပုံတခေါင်းကိုဆွဲပြီး ၀င်ခဲ့ လိုက်တော့တယ်။ရွာထဲကိုဝင်ဝင်ခြင်းမှာပဲ ပထမဦးဆုံးစတွေ့တဲ့မြင်ကွင်းက ကျွန်တော့်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဖမ်းစား လိုက်တယ်။ လူတွေအယောက် နှစ်ရာလောက်နီးပါးဟာ အဆောက်အအုံကြီးတစ်ခုရဲ့ရှေ့မှာ တန်းစီ နေကြတာပဲ။ ကျွန်တော်လည်း ထူးဆန်းတာနဲ့ အဲဒီ့အဆောက်အအုံကြီးအနားကိုသွားပြီး အထဲကိုလှမ်းကြည့် လိုက်တော့ အထဲမှာ ခုဏက တန်းစီနေကြတဲ့သူတွေ အမည်စာရင်းတွေပေးသွင်း၊ နောက်တော့ ခွက်တစ်ခွက်ထဲကအရည်တွေကို သောက်သောက်ပြီး လဲလဲကျသွားကြတာ ကိုမြင်လိုက်ရတယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကိုအနောက်ကနေ လူတစ်ယောက်က လက်လာတို့တာနဲ့ လှည့်ကြည့်လိုက်တော့ ... ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ခရတ္တိ (Socrates) ... ။ ကျွန်တော်မမှားဘူးဆိုရင်ပေါ့ ... သူ့ပုံတွေကို ကျွန်တော်စာအုပ်တွေမှာ မြင်ဖူးနေတာပဲ ...။
`` ခင်ဗျား ... ဆော့ခရတ္တိမဟုတ်လား ´´
ကျွန်တော် အဲဒီလိုမေးလိုက်တော့သူက မအီမသာမျက်နှာနဲ့ ခေါင်းညိတ်ပြတယ်။ ကျွန်တော်လည်း ခုဏက ခေါင်းထဲမှာ ရှုပ်နေတဲ့ကိစ္စကို အမြန်အဆန်ပဲ ထုတ်မေးလိုက်တယ်။
``အဲဒီ့လူတန်းကြီးက ဘာလုပ်နေကြတာလဲဗျ ...´´
``အဆိပ်သောက်ဖို့ တန်းစီနေကြတာလေ ...´´
သူက ကလေးတွေကိုပြောမရလို့ဒီအတိုင်းလွှတ်ထားရတဲ့ ဖခင်တစ်ယောက်ရဲ့လေသံနဲ့ပြောတယ်။ သူ့အဖြေကို ကြားတော့ ကျွန်တော်လည်း တော်တော်လေးကို အူကြောင်ကြောင်ဖြစ်သွားတယ်။
``ဘယ်လိုဖြစ်ကြတာတုန်းဗျ ... ကျွန်တော့်ကိုလည်း သေသေချာချာရှင်းပြပါဦး ၊ အဆိပ်ခွက်ကိုသောက်ဖို့ အတွက် သူတို့တွေဘာလို့ဒီလောက်တောင်အလုအယက်ဖြစ်နေကြတာလဲဗျ ... ကျွန်တော်နားမလည် တော့ဘူး´´
`` နာမည်ကြီးချင်ကြလို့တဲ့ဟေ့ ...၊ ဆော့ခရတ္တိနာမည်ကြီးတာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးစီရင်ရဲလို့ဆိုပြီး သူတို့လဲ အဲဒီလိုလိုက်လုပ်နေကြတာလေ´´
``ဟိုက် ...´´
လွဲချက်ကတော့ တော်တော်လေးကိုဆိုးသွားပါပြီ။ ဆော့ခရတ္တိရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့လည်း လူပုံအလယ်မှာ အဆိပ်ခွက်ကိုသောက်ခဲ့မိတဲ့အတွက် နောင်တရနေပုံပါပဲ။
``အမှန်တရားအတွက် လိုအပ်ရင် အသက်ကိုစွန့်ဝံ့ရမယ်ဆိုတဲ့ ဥဒါန်းကို ငါကပြဠာန်းချင်ခဲ့တာ ... အခုတော့
... လွဲကုန်ပြီ ... လွဲကုန်ပြီ ...´´
စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ညည်းတွားရေရွတ်နေတဲ့ သူကို့ကျွန်တော်လည်း ဘယ်လိုဖြောင်းဖျ ရမယ်မှန်းတောင်မသိတော့ပါဘူး။ သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း သူ့လိုပဲဝမ်းနည်းပတ်လက် ဖြစ်မိမှာပဲလေ။ အဲဒါနဲ့ ကျွန်တော်လည်း သူနဲ့လူတန်းကြီးကိုထားခဲ့ပြီး ရှေ့ဆက်လှမ်းခဲ့တော့တယ်။ ``ပညာရွာ´´ ကြီးရဲ့ပထမဆုံး ဆီးကြိုနှုတ်ဆက်မှု ကတော့ အဲဒီလိုမလှမပနဲ့ပြီးဆုံးသွားတယ်။ နောက်ထပ်ဘာတွေများ ဆန်းဆန်းပြားပြားတွေ ထပ်တွေ့ရဦးမလဲဆိုတဲ့ အတွေးနဲ့ ကျွန်တော်နဲနဲတော့ တက်ကြွနေခဲ့သေးတယ်။ သိပ်မကြာပါဘူး ... နောက်ထပ် ထူးခြားတဲ့ မြင်ကွင်းတစ်မျိုးနဲ့ ကျွန်တော်ဝင်တိုးမိပြန်ပါတော့တယ်။
လူတွေ ... လူတွေ ... နေ့ခင်းကြောင်တောင်ကြီးမှာ ဟိုနားတစ်ယောက်၊ ဒီနားတစ်ယောက် ၊ တချို့က လက်နှိပ်ဓါတ်မီးတွေနဲ့ ၊ တချို့က မီးလုံးတပ်ဦးထုပ်တွေနဲ့ ၊ တချို့က မီးအိမ်လေးတွေနဲ့ ဘာတွေကိုလိုက်ရှာ နေကြတယ် မသိပါဘူး။ ကျွန်တော်လည်း အဲဒီ့လူတွေထဲက ဘယ်သူ့ကိုများလှမ်းမေးရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ သူတို့တွေ အားလုံးကို ကျောက်တုံးကြီးတစ်တုံးပေါ်ကနေထိုင်ကြည့်ပြီး သက်ပြင်းတွေ မပြီးမစီး ချနေတဲ့ အဘိုးကြီးတစ်ယောက် ကိုတွေ့လိုက်တယ်။ သူ့ရဲ့နံဘေးမှာက မီးအိမ်တစ်လုံးနဲ့ တောင်ဝှေးတစ်ချောင်း ...။ ဟိုက်ပိုကလိုက်တပ်စ် ဆိုတဲ့ ပညာရှိကြီးပဲဖြစ်ရမယ်လို့ကျွန်တော်သိလိုက်တယ်။ သူ့ရဲ့မအီမသာ၊ မချမ်းမမြေ့ဖြစ်နေတဲ့ မျက်နှာကြီးကိုကြည့်နေရင်း ခုဏကလူတွေရဲ့အဖြစ်ကို ကျွန်တော်တဖြည်းဖြည်းနဲ့ရိပ်မိလာတယ်။
``သြော် ... သူတို့တွေလည်း အဘလိုပဲ အမှန်တရားကို လိုက်ရှာနေကြတာတဲ့လားဟင် ´´
ကျွန်တော်အဲဒီလိုမေးလိုက်တော့ သူက ကျွန်တော့်ကို ရီဝေေ၀ပြန်ကြည့်ရင်းဖြေတယ်။
``အေးလေကွာ ... ရွဲ့လို့ရွဲ့မှန်းလည်းမသိ ... အဟုတ်မှတ်ပြီးလိုက်လုပ်နေကြတယ်။ အမှန်တရားဆိုတာက ဒီလိုမီးထွန်းရှာရုံနဲ့ ဘယ်တွေ့မှာလဲကွ။ တကယ်တမ်းက ကိုယ့်ကိုယ်ကို အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိနိုင်မှ အမှန်တရားနဲ့ နီးစပ်နိုင်မှာလေ။ ဟင်း ... လွဲချက်ကတော့ဆိုးပါတယ်ကွာ ...´´
ဟုတ်တော့လည်း ဟုတ်တာပဲ။ သူ့အစားကျွန်တော်တောင် ငိုချင်လာတယ်။ ဒီလူတွေလုပ်နေပုံက သူ့ကိုပဲပြန်ပြီး အရွဲ့တိုက်နေသလိုကြီးလေ။
``အဘ ... သူတို့ကတကယ်ယုံယုံကြည်ကြည်နဲ့ ရှာနေကြတာလားဟင်´´
``ဟုတ်တယ်ကွ ... သူတို့တွေ အမှန်တရားကိုရှာနေကြတာပဲ။ ဒါပေမယ့် နည်းလမ်းတွေကလွဲနေတော့ အမှန်တရားကိုမတွေ့ကြပဲ အခြားမလိုလားအပ်တာတွေကိုပဲ တွေ့တွေ့နေကြတာပေါ့။ သူတို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေကြတာပါပဲကွာ ´´
သူ့ဒုက္ခကလည်း တော်တော်မသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ အခုလို မဟုတ်က ဟုတ်ကဇာတ်လမ်းကို သူကပဲစလှမ်းခဲ့သလိုဖြစ်နေတာကို ...။ နောက်ကျနေပြီဖြစ်တဲ့နောင်တကြီးကို ရင်မှာပိုက်ပြီး သူဆက်လက်ကြေကွဲနေတာနဲ့ ကျွန်တော်လည်း ရှေ့ဆက်ပြီးထွက်လာခဲ့လိုက်တယ်။ ပညာရှိကြီးတွေကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် အခြားရွာသားတွေက တော်တော်တုံးကြပါလားလို့ ကျွန်တော်စဉ်းစားမိတယ်။ အဲဒီလိုနဲ့ တစ်နေရာ အရောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်လန့်ဖြန့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ လူတွေလေ ... အ၀တ်မပါကိုယ်ဗလာနဲ့ အောင်ပြီ ... အောင်ပြီလို့ အော်အော်ပြီးလျှောက်ပြေးနေကြတာ ရှုပ်ယှက်ကိုခတ်နေတာပဲ။ အဲဒီ့အချိန်မှာပဲ ...
``အမလေးလေး ... ရှက်စရာကောင်းလိုက်တာ ... ရှက်စရာကောင်းလိုက်တာ ... ငါ့မျက်နှာကို ဘယ်နား သွားထားရပါ့မလဲ ´´
ကျွန်တော်အနားမှာ မျက်နှာကိုလက်ဝါးကြီးနဲ့အုပ်ပြီး အလန့်တကြားငိုညည်းနေတဲ့သူကို ကြည့်လိုက်တော့ ... အတွေးအခေါ်ပညာရှင်ကြီး အာခီမိဒိ (Archimedes) ... ။ ကျွန်တော်လည်း ရှက်နေတဲ့သူ့ကိုအားနာနာနဲ့ပဲမေးလိုက်ရတယ်။
``သူတို့တွေက ဘယ်လိုဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ တွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်လိုက်ကြလို့ အဲဒီ့လို အော်ပြီးလျှောက်ပြေးနေကြတာလဲဟင် ...´´
``ဘာမှလည်း ထွေထွေထူးထူးရှာတွေ့ကြတာမဟုတ်ပါဘူးကွာ ...။ ငါ့ရဲထူးခြားတဲ့ အပြုအမူတစ်ခုကို လိုက်လုပ်နိုင်ရုံနဲ့ ငါ့လိုဖြစ်ပြီလို့ထင်နေကြတဲ့သူတွေလေ။ သူတို့လုပ်မှပဲ ငါလည်း ငပေါကြီးလုံးလုံး ဖြစ်တော့တယ်။´´
ကျွန်တော် သူ့ကိုကြည့်ပြီး နဲနဲရယ်ချင်သွားတယ်။ တခါက သတိလက်လွတ်ဖြစ်ပြီး လွန်လွန်ကျူးကျူး ပျော်မြူးခဲ့မိတဲ့ သူ့ကိုယ်သူ မကျေမနပ်တွေဖြစ်နေတဲ့သူ့ကို ကြည့်ပြီး ပြုံးလိုက်မိတဲ့အတွက် ကျွန်တော် အားတော့နာသွားတယ်။ သူ့ကို ဘာပြောရမှန်းမသိပဲ အူကြောင်ကြောင်နဲ့ ကြည့်နေမိတဲ့ကျွန်တော့်ကိုသူက ထပ်ပြောတယ်။
``ဘယ်အရာကိုမဆို အပေါ်ယံကြောပဲ ရှပ်ပြီးကြည့်တတ်ကြတာ ဒီရွာသားတွေရဲ့အကျင့်ပဲကွ။ ငါနဲ့ ပတ်သက်ရင် ပဲကြည့်လေ ...။ ငါရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားတွေမှာ ဆက်ပြီးတွေးစရာတွေ၊ ထပ်ပြီးစူးစမ်း လေ့လာ စရာတွေ အများကြီးကျန်နေသေးတယ်ကွ။ တချို့တွေကတော့ အပေါ်ယံအမြင်တွေမှာတင်ရပ်မနေပဲ ဆက်တွေးကြ၊ ကြံဆကြ၊ တီထွင်ဖန်တီးကြတော့ ငါပေးချင်တဲ့အနှစ်သာရကို အပြည့်အ၀ရကြပြီး အဆင့်အတန်းတွေမြင့် ကုန်ကြတာပေါ့။ ဒီရွာလေးကတော့ မင်းမြင်တဲ့အတိုင်း ဒုံရင်းကဒုံရင်းပဲလေ။ ´´
သူလဲပြောချင်တာတွေပြောပြီး ကျွန်တော့်အနားကနေထွက်သွားတာနဲ့ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာလိုက်တယ်။ စိတ်ထဲမှာတော့ သံသယတချို့တ၀က်နဲ့အတူ ဒီရွာကို ဘာကြောင့်များ `ပညာရွာ´လို့ နာမည်ပေးထားတာလဲမသိဘူးလို့ စဉ်းစားနေမိတယ်။ ကျွန်တော် အဲဒီ့လိုစဉ်းစားနေတုန်းမှာပဲ လူတစ်ယောက်က ကျွန်တော့်ကို ၀င်တိုက်လိုက်လို့ ကျွန်တော်ဖင်ထိုင်ရက်ကြီးလဲကျသွားတယ်။ ကျွန်တော်လည်း ကမမ်းကတန်းပြန်ထပြီး ၀င်တိုက်တဲ့သူကို ရန်တွေ့မလို့လှမ်းကြည့်လိုက်တော့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း(Estein)ဖြစ်နေတယ်။
``ဟာ ... အန်ကယ်က အိုင်းစတိုင်းမဟုတ်လား ... ဘာတွေဖြစ်လာတာလဲဗျ ...´´
ကျွန်တော်ကအဲဒီလိုမေးလိုက်တော့ သူက ခေါင်းညိတ်ပြပြီး မောကြီးပမ်းကြီးနဲ့ပြန်ဖြေတယ်။
``ဟုတ်တယ် ... ငါကသူတို့ကို သိပ္ပံပညာရှင်တွေအဖြစ်နဲ့ လောကကောင်းကျိုးဆောင်ရွက်နိုင်အောင် ရှေ့ဆောင်လမ်းပြခဲ့တယ်။ အခု သူတို့က အဏုမြူဗုံးတွေပဲထွင်ပြီး တစ်ယောက်တစ်လုံးစီဆောင်ထားကြတယ်။ အဲဒါကြောင့် ငါလဲ သူတို့နားမှာမနေရဲတော့လို့ထွက်ပြေးလာတာကွ ...´´
သူလဲ ကျွန်တော့်ကိုရှင်းပြပြီးတာနဲ့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ဆက်ပြေးသွားတယ်။ ပထမတော့ ကျွန်တော်လည်း သူ့နောက်ကလိုက်ပြေးရရင်ကောင်းမလားလို့စဉ်းစားမိသေးတယ်။ နောက်တော့မှ ... ဒီရွာသားတွေ ကိုယ့်အသက်ကိုမနှမြောပဲနဲ့တော့ မိုက်ရူးရဲမလုပ်လောက်ပါဘူးလို့တွေးပြီး လေ့လာရအောင်ဆက်လျှောက် လာခဲ့တယ်။ အိုင်းစတိုင်းပြောသွားသလိုပါပဲ ... ရွာသားတွေက ခင်ခင်မင်မင်ရှိကြပေမယ့် အားလုံးလိုလိုရဲ့လက်ထဲမှာ လက်တစ်ဆုပ်စာ အဏုမြူဗုံးလေးတွေ ကိုင်ထား ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ရင်တောင် လက်နှစ်ဖက်နဲ့ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်နှုတ်ဆက်လို့မရကြဘူး။ အဏုမြူဗုံးတွေကိုင်ထားတဲ့လက်တွေကို နောက်ပစ်ပြီး ကျန်လက်တစ်ဖက်တည်းနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့တွေ ဘယ်လိုစိတ်ထားတွေကြောင့်များ ဒီလိုမျိုးဖြစ်နေကြရတာလဲဆိုတာကို သိချင်လာတာနဲ့ ... အနီးဆုံး လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။
``ဟေ့လူ ... ခင်ဗျားတို့ဟာက မဟုတ်သေးပါဘူးဗျာ ... ခင်ဗျားတို့ကိုကြည့်ရတာ အင်္ဂါမစုံတဲ့ ရင်းနှီးမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နေကြသလိုတောင်ဖြစ်နေပြီ ... ဘယ်လိုဖြစ်ကြတာလဲဗျာ ...´´
ကျွန်တော်က အဲဒီလိုပြောတော့ သူကတစ်ခွန်းမခံပါဘူး။ ကျွန်တော့်ဘက်ကို ဒေါကြီးမောကြီးနဲ့လှည့်လာပြီး အဏုမြူဗုံးကြီးတမြှောက်မြှောက်နဲ့ ကျွန်တော့်ကိုရှင်းပြပါတယ်။
``မင်းဘာနားလည်လို့လဲကွ ... လူဆိုတဲ့အမျိုးက ဘယ်လောက်ပဲခင်မင်ရင်းနှီးတယ်ပြောပြော ယုံရတာ မဟုတ်ဘူးကွ။ တစ်ခါတစ်ခါ ... ကိုယ့်ဒူးခေါင်းနဲ့ကိုယ်ပြန်တိုက်မိပြီး နှုတ်ခမ်းပေါက်တဲ့အဖြစ်မျိုးတောင် ရှိသေးတယ် မဟုတ်လားကွ။ အဲဒီ့တော့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတာ မမှားပါဘူးကွာ´´
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကင်းမဲ့နေတာကို ဒီလိုနည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတဲ့အကြောင်း ...။ သံသယတွေကို ယုံကြည်မှုအသွင်ပြောင်းနိုင်မှ အနာဂတ်ဆက်ဆံရေးလမ်းကြောင်းတွေ ဖြောင့်ဖြူးနိုင်မယ်ဆိုတဲ့အကြောင်း ...။ ကာကွယ်ဖို့ ကာကွယ်ဖို့နဲ့ အင်အားကြီးမားလာတဲ့အခါ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှု၊ ကျူးကျော်ရန်စလိုမှုတွေ ဖြစ်လာနိုင်တဲ့အကြောင်း စတဲ့ ... စတဲ့ ... အကြောင်းတွေ သူ့ကိုကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။ တော်တော်ကြာ ပြောပြလိုက်လို့ ဒေါပွသွားပြီး သူ့လက်ထဲက အဏုမြူဗုံးကြီးနဲ့ ဆုံးမလွှတ်လိုက်မှ ဒုက္ခဖြစ်နေဦးမှာကို တွေးမိတာနဲ့ ကျွန်တော် သူတို့ကိုထားပြီး အိုင်းစတိုင်းရဲ့လမ်းစဉ်အတိုင်း ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။
အဲဒီလိုနဲ့ တစ်နေရာကိုအရောက်မှာ သူကိုယ်တိုင်ဖြတ်ပစ်ခဲ့တဲ့နားရွက်ကို သူ့ဖာသာသူ ပြန်တပ်ဖို့ကြိုးစား နေတဲ့ ဗင်းဆင့်ဗန်ဂိုး (Vincent Vangoe)နဲ့သွားတွေ့တယ်။ ကျွန်တော် အနားကပ်သွားတာတောင် ဂရုမစိုက်နိုင်အားပဲ နားရွက်တစ်ဖက်နဲ့ အလုပ်တွေရှုပ်နေတဲ့ သူ့ကို ကျွန်တော်ကပဲ စကားစလိုက်တယ်။
``ကိုဗန်ဂိုးကြီး ... ဘယ်လိုဖြစ်နေတာလဲဗျ ... အခုမှ နားရွက်ကိုပြန်တပ်ချင်စိတ်တွေပေါက်နေပြီလား´´
``နောင်လာနောင်သားတွေ အတုခိုးမှားကြမှာစိုးလို့ဟေ့ ...။ နုံနုံအအရွာသား ငတုံးတွေကတော့ နားရွက်တွေ မရှိကြတော့ဘူးကွ´´
သူပြောမှ ဘေးဘီဝဲယာကိုကျွန်တော်အကဲခတ်ကြည့်လိုက်တော့ ... ဟုတ်သားပဲ ... နားရွက်တစ်ဖက်ပြတ်နဲ့ ရွာသားတွေ ... မှင်နဲ့ မောင်းနဲ့ ဗန်ဂိုးစတိုင်ဖမ်းနေလိုက်ကြတာ သူတို့ကိုကြည့်ပြီး ကျွန်တော် တော်တော်ရယ်ချင် သွားတယ်။ ရွာသားတွေကတော့ ဘယ်လိုသဘောနဲ့ နားရွက်တွေဖြတ်ကြတယ်ဆိုတာကို ကျွန်တော်စိတ်မ၀င်စားပေမယ့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဗန်ဂိုးကိုတော့ တွေ့တုန်းတွေ့ခိုက်လေး ဘာ့ကြောင့် နားရွက်ဖြတ်ပစ်ရတာလဲဆိုတာမေးကြည့်ဖို့ ကျွန်တော်စဉ်းစားမိလိုက်တယ်။
``ဒါနဲ့ ... ခင်ဗျားက ... ဘာဖြစ်လို့ကိုယ့်နားရွက်ကိုယ် ဖြတ်ပစ်လိုက်ရတာလဲဗျ ...´´
``ဒီလိုပါပဲကွာ ... အချို့စကားလုံးတွေကိုလည်း မကြားချင်၊ သူတို့ရဲ့ပါးစပ်တွေကို ပိတ်ပစ်နိုင်ဖို့ကလည်း မတတ်နိုင်တော့ ... ကိုယ့်နားရွက်ကိုယ်ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ကွာလို့ ဂွကျကျတွေးမိလို့ပါ။ ဒါပေမယ့် ... နားရွက်ဖြတ်ပစ်လိုက်တာ အသံတွေကိုတားမြစ်နိုင်ခြင်းမှမဟုတ်တာပဲကွ။ နာတာပဲ အဖတ်တင်တာပဲ ...။ အဲဒါကြောင့်လည်း ငါနောက်နားရွက်တစ်ဖက်ကို ဆက်မဖြတ်တော့တာပေါ့ ´´
သူပြောတာကိုကြားတော့ ကျွန်တော်ပြုံးစိစိဖြစ်သွားတယ်။ နောင်တအရမြန်ပေလို့တော်သေးတယ်လို့လဲ စဉ်းစားမိတယ်။ နို့မို့ဆို ... နားရွက်လုံးဝမရှိတဲ့ သတ္တ၀ါကြီးဆိုပြီး ဒီ့ထက်တောင်နာမည်ကြီးသွားနိုင်သေးတယ်။ အဲဒီလိုနဲ့ ကျွန်တော်သူ့ကိုထားခဲ့ပြီး ပြန်ရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ နောက်ကြောင်းပြန်လှည့်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်စဉ်းစားတယ်။ ဒီရွာလေးက ရွာသားတွေဘာလို့များ ဒီလိုဖြစ်နေကြ ရတာလဲလို့ ...။ သေချာတာတစ်ခုကတော့ သူတို့တွေအားလုံး နာမည်ကြီးချင်ကြတယ်၊ ပညာရှိကြီးတွေ ဖြစ်ချင်ကြတယ်။ နောက်ပြီး သူတို့အားလုံး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေကို အတုခိုးကြတယ်။ ဒါပေမယ့် ... သူတို့လုံးဝမစဉ်းစားမိတာတစ်ခုက ကမ္ဘာကျော်ပညာရှိကြီးတွေ၊ အောင်မြင်ကျော်ကြားကြသူတွေ အားလုံးဟာ နာမည်ကြီးချင်တဲ့စိတ်၊ အောင်မြင်ကျော်ကြား ချင်တဲ့စိတ်တွေနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပဲ သူတို့အလုပ်ကိုပဲ သူတို့ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတယ် ဆိုတာပဲ။
ကျွန်တော့်ရဲ့အပြန်လမ်းမှာ တစ်နည်းမဟုတ်တစ်နည်း လွဲချော်နေကြတဲ့ ရွာသားတွေနဲ့ ပြန်တွေ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးစတွေအကြောင်း သူတို့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ တိတ်တိတ်လေးပဲ ကျွန်တော့်ကို စောင့်နေတဲ့ လေယာဉ်ကြီးပေါ်ကိုပြန်တက်ပြီး `ပညာရွာ´ လေးကို လက်ပြနှုတ်ဆက်လိုက်တယ်။ အဆင်ပြေရင်တော့ ရွာသားတွေနဲ့ စကားပြောဖို့ ဒီရွာလေးကို နောက်ထပ်တစ်ခေါက်ထပ် လာချင်ပါသေးတယ်။
နေဘုန်းလတ်
******************************************************************
ကျနော်ပြောပါတယ် ကာင်းပါတယ်လို့.....
ကျနော်တို့လည်းအတုယူမမှားစေဖို့နဲ့ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးလုပ်နိုင်ကြပါစေလို့
စိုးမင်းဦး
by So Min Oo on Wednesday, February 1, 2012 at 9:39am
Saturday, November 19, 2011
ရှေးဟောင်းအောက်မေ့ဖွယ် ဘဘတို့ခေတ်က ကာကာဆိုင်

ဘာရယ်တော့ အတိအကျမဟုတ်ပါဘူး။ ဘဘကသတိရတမ်းတလို့ပါ။ သားတို့သမီးတို့ကျတော့
ကာကာဆိုတဲ့ စကားရော၊ ကာကာဆိုင်ဆိုတဲ့စကားပါသိကြမှာမဟုတ်တော့ဘူးထင်တယ်။
အခုလက်ရှိ တို့မြန်မာပြည်အနှံ အပြားမှာတော့ လူတိုင်းလိုလို အညာသားတွေရော၊
အောက်သားတွေရော၊ အခြား တိုင်းရင်းသားတွေရော၊ အိန္တိယအနွယ်ဘွားတွေရော၊
တရုတ်အနွယ်ဘွားတွေရော စုံလို့ လက်ဖက်ရည် ဆိုင်ဖွင့်ပြီးရောင်းနေကြတာ တွေ့ရတယ်။
ဘဘတို့ခေတ်မှာတော့ 'ဟိုကျူး' လို့ခေါ်တဲ့ တရုတ်ပြည်က လာတဲ့
ဆရာကြီးတွေရယ် 'ကာကာ' လို့ခေါ်တဲ့ အိန္တိယတိုင်းသားတွေကသာအများအားဖြင့်
လက်ဖက်ရည် ဆိုင်ဖွင့်ပြီး ရောင်းတာတွေ့ဖူးတယ်။ တို့ဗမာတွေထဲမှာတော့
လက်ဖက်ရည်ဆိုင်ပိုင်ရှင် တော်တော်ရှား တယ်။
အဲဒီတုန်းက ကာကာဆိုင်မှာ လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့အစရှိတဲ့
အဖျော်ရည်တွေလည်းရတယ်။ နောက်ပြီး ခါချာမုန့်တို့ နန်ကထိုင်မုန့်တို့ဆိုတဲ့
အဲဒီကာကာကြီးတွေ ကိုယ်တိုင်လုပ်တဲ့မုန့်မျိုးစုံလည်းရတယ်။ သူတို့က
သိပ်စေ့စပ်သေချာတာ။ ကာကာရေေ ဆာလားပေးပါလို့ပြောရင် အခုခေတ်ဆိုင်တွေမှာလို
အကြမ်း လက်ဖက်ခြောက်နဲ့ထည့်ထားတဲ့ လက်ဖက်ရည်ကြမ်းမပေးဘူး။ လက်ဖက်ရည်
အချိုတည်ကတုန်းက ကျန်တဲ့ အချိုလက်ဖက်ခြောက်ကို ရေနွေးထဲ ထည့်ပေးတော့
သူတို့အတွက် ဗမာလက်ဖက်ခြောက်၊ အကြမ်းခြောက်ဖို့ သက်သာတာပေါ့။
ဘဘတို့လူငယ်တွေကလည်း အားမနာတမ်း လက်ဖက်ရည်၊ ကော်ဖီတစ်ခွက်သောက်ပြီး ရင်
အဲဒီဆာလားခေါ် အလကားရတဲ့ ရေနွေးကြမ်းကို ထိုင်သောက်ပြီးတစ်နာရီလောက်
လေကန်ကြတာကိုး။
အဲဒီကာကာတွေက မြို့စွန်ရောက်တော့ လက်ဖက်ရည်ဆိုင်လည်းဟုတ်တယ်။
ကုန်စုံဆိုင်လည်းဖြစ် သွားကြတယ်။ မန္တလေးမှာဆိုရင် အောင်ပင်လယ်တို့ဆိုတဲ့
မြို့စွန်မြို့ဖျား၊ ရန်ကုန်မှာဆိုရင် ပြည်လမ်း ၅မိုင်မှာတို့လို
နေရာတွေမှာကျတော့ ဆန်၊ ပဲ၊ ရေပုံးကြိုး၊ အိမ်ရိုက်သံ၊
ဘက်ထရီအစရှိတဲ့ပစ္စည်းတွေပါ စုံအောင် ရောင်းကြတယ်။ အဲဒီနေရာတွေမှာကျတော့
ထမင်းလည်းစားလို့ရတယ်။ မဆလာများများနှင့် ငါးဟင်း၊ ကြက်သားဟင်း
အစရှိသည်တို့နဲ့လည်း ထမင်းစားလို့ရတယ်။
စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီကာကာကြီးတွေ ဘယ်ကလာလို့ဘာကြောင့်
ဘယ်ပျောက်သွားသလဲ၊ အသေအချာမသိပါဘူး။ ဘဘနဲ့သူငယ်ချင်း တမီးလ်လူမျိုး
ကိုတင်ဦးတို့၊ ကိုတင်လှတို့ပြောတာတော့ သူတို့က အိန္တိယပြည် Karnataka State
ကလာတာတဲ့၊ အိန္တိယပြည်တောင်ပိုင်းပေါ့၊ သူတို့နယ်ရဲ့မြို့တော်က Bangalore
လို့ခေါ်ပြီး သူတို့က မူဆလင်တွေပဲတဲ့။ ဘာကြောင့်ပျောက်သွားကြသလဲဆိုတာတော့
မသိပါဘူး။ အဲဒီတုန်းက သူတို့ဆိုင်တစ်ဆိုင်မှာ ယောင်္ကျားကြီးတွေ လေးငါးယောက်
လက်ဖက်ရည်နှပ်တဲ့ လူကနှပ်၊ မုန့်လုပ်တဲ့လူကလုပ်၊ နှံပြားရိုက်တဲ့လူက ရိုက်နဲ့
နံနက်မိုးလင်းရင် ကိုယ်တာဝန်နဲ့ကိုယ်လုပ်ကြပြီး ညလည်းအဲဒီဆိုင်ထဲမှာ
ခင်းပြီးအိပ်ကြတာပဲ။ သူတို့စီးပွားရေးဟာ စုပေါင်းလုပ်ကြတာလား၊
တစ်ဦးတည်းပိုင်ပြီး ကျန်တဲ့လူတွေက တပည့်တွေလား ဆိုတာတော့မသိဘူး။ ဘဘကလည်း
အဲဒီတုန်းက ငယ်သေးတော့ သူတို့ဆီ က ခါချာမုန့်စားချင်တာပဲ သိခဲ့တယ်လေ။
**ဗမာအမည်များ**
ဘဘက အသက် ၇၀ကျော် ဘဘတို့အဖေများခေတ်က ဗမာတွေ တော်တော်များများ နာမည်တစ်လုံးပဲ
ရှိလေ့ ရှိတယ်။ အဲဒီခေတ်က ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ ကြည့်လေ။
ဦးနု၊ သခင်မြ၊ ဦးသန့်၊ ဦးဝင်း (ဝန်ကြီးဟောင်း)၊ ဦးလတ်(စံပယ်ပင်)၊
ဦးလှ(လူထု)စသည့်ဖြင့်ပေါ့၊ ဗိုလ်ချုပ်ကတော့ အတော်ကိုထူးပြီး
သူ့နာမည်ကလည်းအောင်လို့ 'အောင်ဆန်း'ဖြစ်ခဲ့ဟန်တူပါတယ်။ ထားကြပါစို့၊
နာမည်နှစ်လုံးတွေလည်း တော် တော်များပါတယ်။ ဦးဘဆွေ (ဝန်ကြီးဟောင်း)၊
ဦးဘဝင်း(ဗိုလ်ချုပ်အစ်ကို)၊ ဦးအောင်သန်း(ဗိုလ်ချုပ်အစ်ကို) စသည်ဖြင့်ပေါ့။
ဒါပေမယ့် အဲဒီဘဘတို့အဖေ၊ ဦးလေးတို့ခေတ်မှာ နာမည်သုံးလုံးဆိုတာတော့
အတော်ကိုရှား တယ်။ ဦးခင်မောင်မောင်(ရဲမင်းကြီး)၊
ဆရာဦးမောင်မောင်တင်(မြန်မာပညာရှင်)၊ရှိတော့ရှိတယ်။ ဒါပေမယ့် အဲဒီ
လိုနာမည်သုံးလုံးရှိတဲ့ သူတွေကတော့ မင်းမျိုး၊အမတ်မျိုးတွေလို့ကြားဖူးတယ်။
ဘဘတို့အရွယ် ၇၀-၈၀ တွေတောင် နာမည် နှစ်လုံးတွေပဲများတယ်။ ဒါပေမယ့်
ဘဘတို့ငယ်ငယ်က စပြီး နာမည်သုံးလုံးခေတ်စားလာတယ်။ အစပထမကတော့ ငယ်ငယ်တုန်းက
ဗမာနာမည်မရလိုက်တဲ့ အိန္တိယ အနွယ်ဖွားတွေက အတော်အသက်ကြီးမှ
နာမည်အကောင်းဆုံးကိုရွေးပြီး 'ခင်မောင်လတ်' တို့ 'ခင်မောင်တင်' တို့လို
ကိုယ့်ကိုယ်ကိုယ်မှည့်ကြတယ်လို့ ထင်တာပဲလေ။ ငယ်ငယ်တုန်းက
ဘဘတို့အတန်းထဲမှာ 'အစ်မေး' နဲ့ 'အာမက်' ဆိုတဲ့ အိန္တိယ အနွယ်ဖွား ၂
ယောက်ရှိတယ်။ နောက် ဘဘတို့က အစိုးရစစ် ရ တန်းဖြေတော့မယ် ဆိုတော့ သူတို့ထဲက
တစ်ယောက်က 'ခင်မောင်လတ်' လို့ပြောင်းလိုက်ပြီး
နောက်တစ်ယောက်ကတော့ 'တင်မောင်လတ်' လို့ပြောင်းလိုက်ပြီး သူတို့နာမည်တွေက
အပျံစားဖြစ်သွားတယ်။ ဒါပေမယ့် မထူးပါဘူး။ ဘဘတို့က ကလေးတွေဆိုတော့ ဘယ်သူတွေ
ဘယ်နာမည်ယူထားတာကိုရော ရှုပ်သွားပြီး အခုထက်တိုင် သူတို့နဲ့တွေ့ရင် 'အစ်မေး'
နဲ့ 'အာမက်' ပဲခေါ်ကြတာပါ။ တစ်ယောက်က မြေနီကုန်းမှာ ကားတာယာဆိုင်နဲ့
သူဌေးဖြစ်နေတယ်။ တစ်ယောက်ကတော့ ၁၉၆၄ ခုနစ်မှာ သူ့မိသားစုနဲ့အတူ
ပါကစ္စတန်ပြည်ကို ပြောင်း သွားတယ်။ တလောကတော့ ခဏပြန်လာလည်တယ်။
အခုခေတ် သားတို့သမီးတို့ခေတ်မှာတော့ နာမည် ၃ လုံး၊ ၄ လုံး၊ ၅ လုံး၊ ၆
လုံးလောက်တောင် ရှိကြတယ် နော်။ ဘဘသားတွေက တစ်ယောက်နာမည် ၄ လုံးစီ။
သူတို့သူငယ်ချင်းတွေကြတော့ ပိုပြီးများတဲ့ လူတွေ
တောင်ရှိသေးသဗျာ။ 'ခင်ပပလျာနွယ်ဝင်း' တဲ့၊ ဆန်းတယ်နော်။ ဘဘတို့ခေတ်က
အင်္ဂလိပ်ကျောင်းထွက်တွေ က အင်္ဂလိပ်နာမည်တွဲပြီးရှိကြတယ်။ ဂျော်နီခင်မောင်၊
မေရီသူဇာစသည့်ဖြင့်ပေါ့။ နောက်ဆိုရှယ်လစ်ခေတ်မှာ အဲဒီလို အဲဒီနာမည်ထားရင်
မလိုလားကြတော့ အတော်လေးပျောက်သွားတယ်။ အခုတလောပြန်ခေတ်စားလာ ကြပြန်ပြီ။
ဘဘကတော့ ရှေးအဖိုးကြီးမို့လို့လားမသိပါဘူး။ ဗမာတွေဟာ ဗမာနာမည်ပဲကောင်းပါတယ်။
မြန်မာ တိုင်းရင်းသားတွေကလည်း သက်ဆိုင်ရာ တိုင်းရင်းသားနာမည်ပဲကောင်းးပါတယ်။
ဒါပေမယ့် ခရစ်ယာန် ဘုရင် ဂျီဘာသာဝင်တွေကတော့ ခရစ်ယာန်နာမည်ရှိရမည်ဟု
အယူရှိတော့ သူတို့နာမည်တွေက 'စောအာသာချိန်' တို့ 'စောပီတာသန်းမောင်'
တို့လိုဖြစ်သွားတာပေါ့။ ဒါလည်းသူ့စရိုတ်နဲ့၊ သူ့အယူအဆနဲ့သူ ကောင်းပါတယ်။
လက်ခံသင့်တာပေါ့။
**ဘဘ**
(ပြည်သူ့ခေတ်၊ အတွဲ (၂)၊ အမှတ် (၆၈) မှ)
--
Posted By လူဗိုလ်
To: lubo601@gmail.com



