
~ ဗာရာဏသီပြည် ၌ ကုမ္မာရ အမည်ရှိ လုလင်သည် သူကြွယ်မျိုးနွယ် တဦးတည်းသား ဖြစ်၍..
သုံးရာသီ လျော်ညီစွာ ခံစားနိုင်သော စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်းနှင့် ပြည့်စုံ၏ ။
~ တနေ့ ...နောက်တေါ်ပါးတို့ နှင့် တောလည်ထွက်ရင်း..လူစုကွဲ လမ်းမှား၍ ဂူတခုကို တွေ့ သည်နှင့်
နားနေညည့်အိပ်ရန်အလို့ ငှာ..အဂူတွင်းသို့ ဝင်ရောက်လေသည် ။
~ ဂူထဲ၌..ထက်ဝယ်ဖွဲ့ ခွေ တရားထိုင် လျှက်ရှိသော ရသေ့ တပါး ကို တွေ့ ရှိ၍..အားတက်ခါ ရသေ့
တရားထိုင် ထမည့်အချိန်ကို စောင့်လေ၏ ။
~ အတန်ကြာသည့်တိုင်.. ရသေ့အိုမှာ တရားထိုင်မှ မထ..ကုမ္မာရ လည်း တနေကုန် ပင်ပန်းဆာလောင်
မှူကြောင့် ငိုက်မြည်းရာမှ အိပ်မော ကျလေတော့သည် ။
~ ကုမ္မာရ .. အိပ်ယာမှ နိုးထပြီး မရှေးမနှေင်းပင်..ရသေ့အိုလည်း တရားမှ ထလေသည် ။ ကုမ္မာရ အား
သောက်ရေ သစ်သီးသစ်ဥ တို့ ကို တိုက်ကျွေး၏ ။
~ ဆာလောင်မှူ ပြေပျောက်သေါ်..ရသေ့အို ကို ရိုသေစွာ ဝတ်ပြုလျှက် ဖြစ်ကြောင်း ကုန်စင် ပြောပြ ၍
ဤသို့  မေးလျှောက်လေသည်...
~ “ရသေ့ကြီး...ယမန်နေ့ မှ ယ္ခုတိုင်အောင် ဤြ ငိမ်သက်ခြင်းမျိုးဖြင့်..ထိုင်နေခဲ့ ပါသလား...”
~ ရသေ့အို မှ..ဟုတ်မှန်သည့်အားဖြင့် ခပ်မဆိတ် နေ၏ ။သူကြွယ့်သား မှ...
~ “ကျွန်တေါ်မျိုး သည်..သူဌေးသား ဖြစ်သည့် အားလျော်စွာ ချမ်းသာမည် ထင်ရသော..ကောင်းနိုး
ရာရာ လောကီ ကာမဂုဏ် အဖုံဖုံ ကို ခံစား ဘူးပါသည် ။ ဒီ့အတွက် ငွေကြေးဝတ္ထု တပည့်တပန်း မောင်းမ
မိဿံ..လောကီတန်ဆာ အစုစုကို အရင်းပြုရပါသည် ။
~ “အံ့ဘွယ် ထူးစွ ရသေ့ကြီး ...တပည့်တေါ် ကဲ့သို့  လောကတန်ဆာတို့ မပါဘဲ..အဘယ်ချမ်းသာမှူမျိုး
ဖြင့် ကာလရှည်ကြာ တကိုယ်တည်း ငြိမ်သက်အေချမ်းစွာ ထိုင်နေ နိုင်ပါသနည်း...”
~ ရသေ့အိုမှ လေပြေညင်း ပမာ အပြုံး ကိုဆောင်လျှက်..ဤသို့ အမေးအဖြေ တို့ ကို ပြုခဲ့လေသည် ။
~ “သူကြွယ့်သား ကုမ္မာရ....အသင်နှစ်သက်ရာ ကာမဂုဏ် အာရုံ သင့်စိတ်ဝယ် မွှမ်းထုံ ကျေနပ်ချိန်၌
ထို အာရုံနှင့် ဆိုင်ရာ..တပည့်လက်သား မောင်းမမိဿံ ကာမလောကတန်ဆာ တို့  သင့်စိတ်ပေါ် သက်ရှိ
ထင်ရှား ရောက်ရှိ လာပါ၏ လော...”
~ “မရောက်ရှိ မဖြစ်နိုင်ပါ ရသေ့ကြီး...”
~ “ကောင်းပြီ...အသင့်ရဲ့ ပျော်ရွှင်ကျေနပ်ပီတိစိတ်သည်လည်း..ထို လောကီတန်ဆာတို့ အပေါ်၌
ထင်ရှား ဖြစ်ထွန်း နိုင်ပါ သလော...”
~ “မဖြစ်ပေါ် မရောက်ရှိနိုင်ပါ...တပည့်တေါ် စိတ်၌သာ ဖြစ်ပေါ်လာရပါသည်...”
~ “ဒါဆို..မြင်,သိ,နံ,ကြား,ထိတွေ့ မှူ အာရုံတို့ နှင့် ဆက်စပ်သည့်အကြောင်းအကျိုး သဘောတရား
တို့ သည်..စိတ်၌သာ ဖြစ်ပေါ်ခံစားရသည်ကို ရော..သင် လက်ခံပါ၏လော...”
~ သူကြွယ့်သားလည်း...ခေတ္တတွေးဆ၍...“လက်ခံပါသည် ရသေ့ကြီး...”
~ “အသင် ကုမ္မာရ...ငါသည် ကာမဝတ္ထု လောကတန်ဆာတို့ မပါဘဲ..ချမ်းသာစွာ နေနိုင်သည့် နည်း
စနစ်ကို ကောင်းစွာ လေ့လာသဘောပေါက်ခဲ့ပြီး၏..အလေ့အထုံ ကောင်းစွာပြုပြီးလည်းဖြစ်၍...
အလိုရှိသလို အလိုရှိသလောက်..ငါချမ်းသာစွာနေနိုင်ပေ၏...”
~ “ငါ၏ တန်ဆာမဲ့ သုခ တရားသည်..ကာမတန်ဆာတို့ ၏ နှောင်ဖွဲ့ ခြင်းမှကင်း၍ ပြုပြင် စီရင်ရခြင်း
ဟူသော ဒုက္ခတို့  မရှိ...ဝါသနာ ဟူသော ကိလေသာ တန်ဆာ ၏ နှောင်ဖွဲ့ မှူ ကြောင့်..အသင် သည်ပင်
ယမန်နေ့ က ဒုက္ခ ကြုံ ခဲ့ ရသည် မဟုတ်လော...”
~ ကုမ္မာရ လည်း...ဝန်ခံသည့် အလား ရသေ့အို အား အရိုအသေ ပြု၏ ။ တဖန်..သူ့ ၌ စေးနဲ သော
လောဘ စရိုက် ရှိသည်ဖြစ်ရာ..“အရင်း မစိုက် လှေထိုးလိုက်” ပမာ..အရင်း မလိုသော ချမ်းသာသုခ
နည်း...ငါရလေပြီဟု စိတ်နှလုံး ပိုက်လျှက်...
~ “ရသေ့ကြီး ၏..တန်ဆာမဲ့ သုခ ချမ်းသာ လမ်းစဉ်သည်..ဒုက္ခဝန်ထုပ် ကင်းသော အရင်း ရှိခြင်း
ကြောင့်..တပည့်တေါ် နှစ်ထောင်းအားရ ရှိလှ၍ အစဉ်သနားသည်ကို အကြောင်းပြု၍ ချီူးမြှင့်တေါ် မူပါ
ဟု..လျှောက်တင်လေ၏ ။
~ “အသင် သူကြွယ်သား...မျိုးစေ့ကောင်း ကြဲမည့် လယ်ယာ အား..ပိုမွှား ရောဂါ ကင်းစင်အောင်
ဦးစွာ ပဌမ မြေယာကို ပြုပြင်ရသကဲ့သို့ ..သိမ်မွေ့ သောစိတ် ချမ်းသာသုခ ရရှိရေးအတွက်..မြေရိုင်း
သဖွယ်စိတ်ကို အရင် ပြုပြင်ရပေမည်...အသင် လိုက်နာမည် ဆိုပါက ငါ ရသေ့..နည်းလမ်း ညွှန်ပါအံ့ ။
~ ကုမ္မာရ လည်း...“မိမိ စွမ်းနိုင်က လိုက်နာ ပါမည်”ဟု ပြန်လည်လျှောက်ထား သည့်အခါ...
~ ရသေ့အို မှ...“အသင် ကဲ့သို့  သူကြွယ်သား အတွက် စည်းမျဉ်း ဥပဒေသ များစွာ ငါမပေး လိုပါ..
အသင့် တိုင်းပြည်သို့ ပြန်၍..ရောက်သည့်အခါ မှစပြီး..သူတပါး ကိုလည်း အပြစ်မတင်..မိမိ ကိုယ်ကို
လည်း အပြစ်မတင်သော နေခြင်းမျိုး ရှိပါစေ...
~ “အိပ်ယာဝင် အိပ်ယာ ထတိုင်း...ငါ အပြစ်ကင်းပါ သလော..တပါးသူတို့  ကိုလည်း အပြစ် မြင်ခဲ့
၏လော..ဟူ၍ အမြဲ ဆင်ခြင်ပါ”
~ “အသင့် နေ့ စဉ် ဘဝ ၌...ဤ နှစ်ချက် ပြည့်စုံလျှင် ငါ့ထံ ပြန်လာခဲ့ပါ...ဤသို့  မပြည့်စုံ ဘဲ ငါ့ထံ
လာခြင်းဖြင့်..သင်နှင့် ငါ့ရဲ့  တန်းဘိုးရှိ အချိန်တွေ ကို အချီးနှီး မဖြစ်ပါစေလင့် သူကြွယ့်သား...”
~ ရသေ့အို မှာသည့်အတိုင်း..ကုမ္မာရ လည်း လိုက်နာ ပြုကျင့်၏...အစ၌ အခက်အခဲ ရှိသေါ်လည်း
အလေ့အထုံ များလာသည့် အခါ..သူတပါး အား မြည်တွန် ဆဲဆို ၍ ရသည့် ပူပန်ဒေါသ..မိမိကိုယ် ကို
အပစ်တင်သည့်.. ဖြစ်ရလေ အစရှိသော တဖန်နောင်တ သောကများ ခေါင်းပါးလာလျှက်..စိတ်အစဉ်
သည် ပေါ့ပါးကြည်လင်လာ၏..ဖြူစင်၍ လာ၏ ။
~ ဖြူစင်ခြင်း စိတ်သဏ္ဍာန်၌..စူးစိုက်မှူ အာရုံကို အချိန် အတိုင်းအတာ တခု..ထုံမွှမ်း နိုင်လာသည့်
အခါ..အေးမြတောက်ပ သော အလင်း အဝန်းအဝိုင်း သည်..ထက်ဝန်းကျင် ပြန့် နှံ့ သကဲ့သို့ ရှိတော့၏။
~ ရသေ့အို ဆိုလိုသော..“တန်ဆာ မဲ့ သုခ”ချမ်းသာ သဘောတရားသည်လည်း..ဥာဏ်၌ ထင်ရှား
ဖြစ်ပေါ် လာလျှက်..ရသေ့အို မိန့် ဆိုခဲ့သော “မြေယာ ပြုပြင်ချိန်၌ ပင်..ဤသို့ ချမ်းသာပါက သာလွန်
အဆင့်အတန်းမြင့်မား အခြေအနေ၏ အကျိုး...မည်မျှ ကြီးမားမည်ကို မှန်းဆ လာနိုင်တော့၏ ။
~ လူ့ လောက၌ ကျင်လည် လျှက် ရိနေသေးသော ကုမ္မာရ အဘို့ ..မောင်းမမိဿံ ခြွေရံသင်းပင်း
လောကတန်ဆာ တို့ နှင့် မကင်းသေါ်လည်း..ပူပင်ဒေါသ..ကြောင့်ကျ နောင်တကင်းသော အိပ်ယာဝင်
အိပ်ယာထ ဘဝကို..ရရှိ ပိုင်ဆိုင် ခဲ့ရပေပြီ...
~ ယ္ခင်က...သူ့ စရိုက်ကြောက်၍ ရှောင်ရှားခဲ့သော စီးပွားဘက် မိတ်ဆွေများ..ပြန်လည် ဝင်ဆန့် ၍
လာ၏...သူ၏ အပိုင်စား လယ်ယာမြေ တို့ မှ ဖယ်ခွာခဲ့ကြသော လယ်ယာလုပ်သားများ ဆိတ်ကွယ်ရာ
မနေ..မခိုမကပ် ကြိုးစား အားထုတ်မှူတို့ ကြောင့်..ဖခင် သူကြွယ် အကျိုးစီးပွားတို့ မှာလည်း..ပိုမို ၍
စည်ပင် ဖွံ့ ဖြိုး တိုးပွားလာရ လေသည် ။
~ မျိုးစေ့ မှန်သော မြေခံကောင်း၌ ပွင့်သော ပန်းသည် လေသင့်ရာ မွှေးသကဲ့သို့ ...
ရသေ့ကြီး ပဏ္ဍိတ နှင့် သူကြွယ်သား ကုမာရ တို့ ..ဆုံတွေ့ ခဲ့ရခြင်းကို အကြောင်းပြု၍...
ဗာရာဏသီ ပြည်သူအများ ချမ်းသာခဲ့ ကြရ ပါ၏ ။
( ဗုဒ္ခ္ဖဘုရား အဆူဆူ...ချီးမွှမ်းတေါ်မူခဲ့ သော...“ပါတိမောက် သြဝါဒ” အား...
ဤ စာပန်းဖြင့် ပူဇော် ပါသည် ။)
**Yar Zar**
Wednesday, February 8, 2012
“တန်ဆာ မဲ့ သုခ”
Wednesday, December 28, 2011
ကိုယ်ကြိုက်တာ ကိုယ်လုပ်

တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးကြီးတစ်ယောက်ရှိတယ် - အဲဒီမုဆိုးကြီးက သားကောင်တွေ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ရတာ အင်မတန်ဝါသနာထုံတယ် ။ ကြိုက်တယ်ပေါ့ ။ သူ့မှာ သူ့စရိုက်နဲ့ လုံးဝမလိုက်ဖက်တဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ် ၊ သူ့ဇနီးက နေ့စဉ် အမဲလိုက်တဲ့ အလုပ်ကိုစွန့်လွှတ်ဘို့ တရားချတယ် ၊ ဒါပေမယ့် သူကလက်မခံဘူးတဲ့ ၊ ။
သူက သူ့ရဲ့ မုဆိုးအလုပ်ကို မစွန့်လွှတ်တော့ သူ့ဇနီးဟာ မိန်းမတို့ဝတ်တရားရှိတဲ့အတိုင်း မုဆိုးကြီးတောလိုက်ထွက်ရင် လိုအပ်တဲ့ ရိက္ခာခြောက်တို့ လေး ၊ မြှား တို့ကိုပြင်ဆင်ပေးရတာပေါ့  ။ အဲဒါကိုသူမဟာ အပြစ်ရှိသလိုခံစားနေရသတဲ့ ။
တစ်နေ့တော့ သူမတို့ရွာကို မြတ်စွာဘုရား ကြွလာတယ်တဲ့ ။ အဲဒီအခါမုဆိုးကြီးရဲ့ဇနီးလည်း လှုဘွယ်တို့ ဆက်ကပ်လှုဒါန်းပြီး မြတ်စွာဘုရားကို သူမရဲ့မိသားစုအကြောင်းပြောပြကာ အဲဒီလိုလင်ယောင်္ကျား မုဆိုးကြီး တောလိုက်ထွက်တဲ့အခါ ပြင်ဆင်ပေးနေရလို့ သူမမှာ အ-ကုသိုလ်တရား ရှိနိုင်လား လို့မေးလျှောက်သတဲ့ ။
ဒီတော့ မြတ်စွာဘုရားက ``အဲဒီလို ပြင်ဆင်ပေးနေတဲ့အချိန်မှာ သားကောင်တွေများများရပါစေ လို့များ စိတ်ထားနဲ့ ပြင်ဆင်ပေးတာပါလား ``လို့မေးသတဲ့။
``အဲဒီလိုစိတ်ထားမျိုးမထားပါဘူးဘုရား``လို့ပြန်လျှောက်တယ် ။ ဘယ်လိုစိတ်ထားပါသလဲလို့မေးတော့ ``သတ္တဝါများ မုဆိုးကြီး ရဲ့ဘေးအန္တရာယ်က လွတ်မြောက်ပါစေ - မိမိတို့ အသက်အန္တရာယ်ကို ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ပါစေ ``အဲဒီလိုစိတ်ညွှတ်ပြီးပြင်ဆင်ပေးပါတယ်လို့ ပြန်လျှောက်တယ် ။
ဒါဆို ချစ်သမီးမှာ မည်သည့် အ-ကုသိုလ်မှ မဖြစ်ပါ ``လို့ မြတ်စွာဘုရားက ပြန်မိန့်တဲ့အခါ မုဆိုးကြီးဇနီးလဲဝမ်းသာစွာ အိမ်ကိုပြန်လာခဲ့သတဲ့ ။
အိမ်ရောက်တော့ မုဆိုးကြီးကို မြတ်စွာဘုရားဆီသွားဘို့ အမျိုးမျိုးတိုက်တွန်းသတဲ့ ။ မုဆိုးကြီးက ပထမတော့ ငြင်းဆန်နေပြီး မယားလုပ်သူကအကြိမ်ကြိမ်တိုက်တွန်းတော့ နားညီးတာနဲ့ တစ်ခါတော့သွားမယ် အကြိမ်တော့ငါ့ကိုမလွှတ်နဲ့လို့ ကတိတောင်းပြီးသွားကြသတဲ့ ။
မြတ်စွာဘုရားဆီရောက်တော့ မုဆိုး ကြီးက --
`` အရှင် ဗုဒ္ဓ လူများ စားသောက်မှု အဆင်ပြေစေရန် ကျွန်ုပ် သားကောင်များ ရှာဖွေသည့်အလုပ် လုပ်ပါတယ် ။ အပြစ်ရှိပါသလား `` လို့ မိန်းမရဲ့ အလိုအတိုင်း မလျှောက်တတ်ဘဲ သူပြောတတ်သလိုမေးလိုက်တယ် -
ဒီတော့ မြတ်စွာဘုရားက --
`` မုဆိုးကြီး ကိုယ်ကြိုက်တာကိုယ်လုပ်ပါ အဲဒီလိုလုပ်ရင် အပြစ်မရှိပါဘူး`` လို့ဖြေတော့ မုဆိုးကြီးလဲ အလွန်ဝမ်းသာသွားတယ်။ မုဆိုးကြီးရဲ့ဇနီးကလဲ တရားရဲ့သဘောကို ဖြတ်ကနဲ သိလိုက်ပြီး မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး အိမ်ကိုပြန်လာခဲ့သတဲ့။
အိမ်ရောက်တော့ မုဆိုးကြီး က တဟား ဟား နဲ့ အားရပါးရ ရယ်ပြီး `` ငါ့နှယ်ကွာ -- မင်းတို့ဗုဒ္ဓက သတ္တဝါတွေ မသတ်ဘို့ မုဆိုးအလုပ်ကိုမလုပ်ဘို့ များဟောမယ်မှတ်လို့ ခုတော့ ဘာတဲ့ `` ကိုယ်ကြိုက်တာ ကိုယ်လုပ် အပြစ်မရှိဘူးတဲ့ `` ငါတော့ အဲဒီစကားကို အကြိုက်ဆုံးဘဲဟေ့ `` လို့ပြောပြီးရယ်နေတယ်တဲ့ ။
မုဆိုးကြီးရဲ့ဇနီးဟာ ပြုံးရုံသားပြုံးနေပြီး မုဆိုးကြီးနေ့လည်စာ စားဘို့အတွက် စားကောင်းသောင်ဖွယ်တွေကိုပြင်ဆင်ပေးနေတယ်။
မုဆိုးကြီးလည်း ဇနီးပြင်ပေးတဲ့ အသားဟင်းနဲ့ထမင်းကို မြိန်ယှက်စွာ စားနေရင်း စိတ်ထဲအန္တရာယ်လို့ခံစားရပြီး မော့ကြည့်လိုက်တော့ သူကိုင်နေကျဒူးလေးပေါ်မှာ အဆိပ်လူးမြှုားတင်ပြီး သူ့ကိုချိန်ထားတဲ့ ဇနီးလုပ်သူကို ထိတ်လန့်စွာတွေ့လိုက်ရတယ် ။
``ဟ -ဟ ဘယ်လိုလုပ်တာလဲ မတော်တဆ ခလုပ်ပြုတ်သွားမှဖြင့် ငါသေသွားပါဦးမယ် မိန်းမရဲ့ ``
ဇနီးလုပ်သူက ခက်ထန်တဲ့မျက်နှာနဲ့ --
`` သင့်ကို ကျွန်ုပ် အဆိပ်လူးမြှားနဲ့ သတ်ဘို့ချိန်ထားတယ် သင်ကြိုက်လား ``
`` ဟာ --ရှုးနေလား မိန်းမရယ် သတ်ဘို့ချိန်ထားရင်ကြိုက်ပါ့မလား ``
``ခလုပ်နှိပ် လိုက်ရင် လည်မြိုကိုစိုက်သွားမယ် နော် ကြိုက်လား ``
``ဘာတွေ မေးနေတာလဲကွာ -- အဲဒီအဆိပ်သိပ်ပြင်းတာနော် --ကြိုက်မလားကွ --``
``ပစ်လိုက်ရင် သေသွားမှာသိတယ်နော် အဲဒါကိုရော ကြိုက်လား ``
``သေတာကြိုက်တဲ့လူ ရှိမလားကွ ငါကကြိုက်စရာလား ``
အဲဒီလိုမေးပြီး ဇနီးလုပ်တဲ့သူဟာ ခလုပ်နှိပ်လိုက်သတဲ့ ။ အဆိပ်လူးမြှားဟာ မုဆိုးကြီးရဲ့ လည်တိုင်ဘေး လက်သုံးလုံးလောက်နားက ဖြတ်ပြီး နောက်က အိမ်နံရံကို ဒုတ်ကနဲ စိုက်ဝင်သွားတယ် ---
ဒီတော့မှ ဇနီးလုပ်တဲ့သူဟာ မုဆိုးကြီးကိုထိုင်ရှိခိုးပြီး ``မုဆိုးကြီး ဗုဒ္ဓဟောကြားသော ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ဆိုတာ ကိုယ်ချင်းစာတရားထားဘို့ပြောတာပါ - ကိုယ်လုပ်ချင်တာလုပ်ပါလို့ပြောတာ မဟုတ်ပါဘူး။ မုဆိုးကြီး စကားလုံးတွေနဲ့ ဟောပြောလို့ မရမှန်းသိလို့ ခုလိုလုပ်ရတာပါ - ဒီအတွက် စိတ်ဆိုးရင် ကျွန်မကိုသတ်လိုက်ပါ`` လို့ပြောသတဲ့ ။
မုဆိုးကြီးလဲ ဇီးကင်းလောက်ရှိတဲ့ချွေးတွေကိုသုတ်ရင်း `` အေး အေး ငါနားလည်ပါပြီကွာ မုဆိုးအလုပ်လဲ ငါစွန့်လွှတ်လိုက်ပါပြီ `` ``မင်းကိုလဲခွင့်လွှတ်ပါတယ်`` လို့ပြောသတဲ့ ။
သူငယ်ချင်းတို့ရေ -- ပုံပြင်လေးကတော့ဒါပါဘဲကွယ် -- တိရိစ္ဆန်ဖြစ်ဖြစ် လူဖြစ်ဖြစ် အသက်ရှင်သန်ချင်ကြတာကတော့ အတူတူမို့ ဖြစ်နိုင်ရင်ပေါ့လေ --- သတ္တဝါများအပေါ်လည်းကိုယ်ချင်းစာတရား ထားနိုင်အောင်ကြိုးစားကြရအောင်လား -----။
ခင်မင်စွာဖြင့်--
**Ko Soe Naing**
/span>
Thursday, December 22, 2011
ကောင်းမှုကိုယ်၌တည်စေမင်း
(From The king and four queens movie)
ဟိုးရှေးရှေးတုန်းကပေါ့ မိဖုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်
ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဖုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံ
ပါသတဲ့။ တတိယမြောက် မိဖုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက်
မိဖုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီမိဖုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့
သူစိုးရိမ်နေတတ်ပါတယ်။
ဒုတိယမြောက် မိဖုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဖုရားကို သူ့ရဲ့တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်
အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဖုရားနဲ့တိုင်ပင်လေ့
ရှိပြီး မိဖုရားကလည်း အမြဲကူညီ ဖြေရှင်း ပေးပါတယ်။ ပထမဦးဆုံး မိဖုရားကတော့ဘုရင်ကြီး အပေါ်မှာ တော်
တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်
ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကိုတစ်ခြား မိဖုရားတွေလောက် မချစ်ပါဘူး။
တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀သက်တမ်း ကုန်ဆုံးတော့မှာ
ကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစား မိပြီး
"ငါ့မှာ မိဖုရားလေးယောက် ရှိတယ်.. ဒါပေမယ့်ငါသေရတော့ တစ်ယောက်ထဲပါလား" လို့တွေးမိတော့တယ်။
နောက်တော့ သူကသူ့ရဲ့စတုတ္ထမြောက်မိဖုရားကိုခေါ်ပြီး မေးလိုက်တယ်..။
"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်..မင်းကိုကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစား
တွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့အတူတူ လိုက်
သေနိုင်မလား" ။ မိဖုရားက "လုံးဝပဲ" လို့ ပြန်ပြောလိုက်တယ်။ နောက်ထပ် စကား တစ်လုံး တလေမှ မပြောပဲ
လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစားရစေပါတယ်။
ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဖုရားကို ခေါ်ပြန်တယ်။ "ငါဟာမင်းကို ငါ့ဘ၀နဲ့ ချီပြီး ချစ်ခဲ့
တယ်။ ခုတော့ ငါသေရတော့မယ်.. မင်းငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ
ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ.. ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ ဖြေ
လိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်တောင့်တင်း သွားလေရဲ့။
နောက်တော့ တတိယမြောက် မိဖုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို
ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ လိုက်သေနိုင်မလား အချစ်
ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး..အဲဒါပေမယ့် ရှင့်ရဲ့ အသုဘ
ကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်"လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်
ကြီးဟာအတော်လေးကို စိတ်ဆင်းရဲသွားတယ်။
အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်.. ရှင်ဘယ်သွားသွားရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါ
ပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမ
ဆုံးမိဖုရားကို သူ တွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာခံစားနေရပုံ ပေါက်နေ
တယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကိုပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘဝ
မှာ အခွင့်အရေးရှိမယ်ဆိုရင် ငါ ပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာဇနီးလေးယောက် ရှိပါတယ်..။ စတုတ္ထ
မြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေးပြုစုခဲ့
ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။ တတိယမြောက်ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု
တွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာတစ်ပါးသူ လက်ထဲ ရောက်သွားတာပဲလေ။ ဒုတိယမြောက် ဇနီးကတော့
ကျွန်တော်တို့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့
ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ
လိုက်ပို့မယ်..နောက်တော့ အုတ်ဂူလေးဆီ လာကြမယ်.. ဆုတောင်းပေးကြမယ်။ အဲ. ပထမဆုံး ဇနီးကတော့
ကျွန်တော်တို့တွေရဲ့ .. စိတ် (ကုသိုလ်စိတ်-အကုသိုလ်စိတ်) ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့
အချိန်မှာ ကိုယ်သွားရာ နောက်ကိုလိုက်နိုင်တဲ့ သူတွေပေါ့။
အဲဒီတော့ ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊ စိတ်အင်အားကို ခုကတည်းက တောင့်တင်း
ခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင်
ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိကဖြစ်ပါတယ်။ ဒီအတွက် အဆင်သင့်
နဲ့ အကောင်းဆုံး ဖြစ်နေမှာပဲပေါ့။
ရဲရင့်သူများဖိုရမ် မှ ဤစာသားကို ကူးယူဖော်ပြပါသည်..။
(မှတ်ချက်- အနည်းအကျဉ်း ပြင်ဆင်ဖြည့်စွက် ထားပါသည်..။)
………….
ဒါကတော့ ကျနော့ရဲ့ အမြင်လေးပါ..
အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးလေးဟာ တကယ် တွေးကြည့်မယ်ဆိုရင် အရမ်းကို သံဝေဂရဖို့ ကောင်းပါတယ်။
သူဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပြန်တိုက်ကြည့်တော့
တကယ်ကို ဟုတ်နေတာပါ။ ကျနော်တို့တွေ အချစ်ဆုံးလို့ထင်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ တကယ်တော့သေရင်
ကိုယ်နဲ့ ပါမလာပါဘူး..မီးရှို့ပြီး ပြာ ဖြစ်သွားရတာပါ။ ဒီလိုပါပဲ.. ဥစ္စာ ပစ္စည်းဆိုတာလည်း အသက်ရှင်နေတုန်း
မှာသာ ဒါငါ့ဟာ.. ဒါင့ါပစ္စည်း.. ဒါငါ့ပိုက်ဆံနဲ့ပြောနေကြရတာပါ။ သေသွားရင်တော့ ကိုယ်နဲ့ ပါသွားတာဆိုလို့
ဘာဆိုဘာမှမရှိပါဘူး။ ကိုယ်မရှိတဲ့ အချိနှ်မှာ တခြားသူတွေ ဝေမျှ သုံးစွဲသွားကြရတာပဲ မဟုတ်ပါလား။ နောက်
တစ်ခုကတော့.. အရင်းနှီးဆုံးလို့ပြောလို့ရတဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစုတွေပါပဲ.. သူတို့လည်း သေခါနီး
အချိန်မှာ ကိုယ့်အတွက် ဘာမှ မတတ်နိုင်ပါဘူး။ ဘေးနားကနေအသာလေးကြည့်ပြီး.. သူတော့ သွားရှာပြီ..
သနားလိုက်တာ.. မခွဲနိုင်ပါဘူး..ဒီလောက်ပဲ ပြောနိုင်ကြပါတယ်။ အတူတူ လိုက်မလားဆိုတော့ နိုး လို့ပဲ ပြော
ကြမှာပါ။
တကယ်တော့.. ကျနော်တို့တွေနဲ့ အတူတူ လိုက်လာတာဟာ ကျနော်တို့တွေ လုပ်ခဲ့တဲ့ ကုသိုလ်တွေ အကုသို
လ်တွေပါပဲ။ ရေဗူးနဲ့ ဖိနပ်မပါရင် နွေအခါမှသိ.. ဒါနနဲ့သီလမပါရင် သေခါမှသိ… တဲ့။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့
ကုသိုလ်တရားတွေလုပ်ဖို့မေ့နေတာဟာ စိတ်ကိုပစ်ထားတာပါ။ စိတ်ကိုပစ်ထားတယ် ဆိုရင်တော့ သေခါနီးကျ
မှ သိပါလိမ့်မယ်။ သေခါနီးမှာ ကိုယ်နဲ့ နှဖူးတွေဒူးတွေရင်ဆိုင်ရမှာက သေမင်းပါ.. ဒါ့ကြောင့် ကျနော်တို့တွေ
ဟာ သေဖို့အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ?.. နောက် နေ့စဉ်နဲ့အမျှ စိတ်ကိုပစ်မ ထားပဲနဲ့..ဒါန၊ သီလ၊
ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘယ်လောက် စုဆောင်းမိပြီိလဲ?..ဒီအချက်တွေကို အမြဲတမ်းမေးပြီး စိတ်ကို
ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နေရပါမယ်။ ဒါမှလည်း.. ပုံပြင်ထဲက ဘုရင်ကြီးလို သေခါနီးကျမှ အားကိုးစရာ
လိုက်ရှာရတဲ့ အဖြစ်က လွတ်မှာပါ။ သေခါနီးအချိန် ကိုယ့်မှာ အားကိုးစရာမရှိရင် စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့
ဘ၀ကို ရောက်သွား နိုင်ပါတယ်။ ကုသိုလ်တရား မေ့ပြီး စိတ်ကိုပစ်ထားတယ် ဆိုရင်တော့.. အများဆုံးရောက်
မှာကတော့ အပါယ်လေးဘုံပေါ့။ ဒါ့ကြောင့် ကျနော်တို့တွေဟာ သေခါနီးမှာဘယ်သူ့ကိုမှ အားကိုးစရာမလို
အောင် ကုသိုလ်တရားတွေ များသထက်များအောင်ပြုပြင်ပြီး စိတ်ကို ပြုပြင်ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။
သေခါနီးအချိန်မှာ ပုံပြင်ထဲကဘုရင်ကြီးလို နောက်တမရမိအောင်.. ဘုရားရှင်ဟောပြဆုံးမတဲ့ မကောင်းမှုရှောင်
ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့စကားလေးကို လက်ကိုင်ထားပြီး စိတ်ကိုပစ်မထားပဲနဲ့.. အမြင့်
ဆုံးကုသိုလ်ဖြစ်တဲ့ ၀ိပဿနာ ကုသိုလ်စိတ်နဲ့ သေနိုင်အောင် ကြိုးစား ကြပါလို့ဆန္ဒပြု ရေးသား လိုက်ရပါတယ်။
ကျနော်လည်း ကြိုးစား နေတုန်းပေါ့...။။။
**Naing Min**
Wednesday, December 21, 2011
တစ်ဖက်တည်း တီးတဲ့ လက်ခုပ်သံ

ဇင် ပုံပြင်တော်တော် များများ နားထောင် ဖူးကြပါလိမ့်မယ်။
ဇင်ဆရာတွေဟာ သူတို့ ရောင်းရင်းတွေကို ဘာဝနာ ပွားခိုင်း တဲ့ အခါ - ကိုအာန် (
Koan ) လို့ ခေါ်တဲ့ အမေး ပုစ္ဆာတွေ ပေးလေ့ ရှိပါတယ်။ နာမည် ကျော်ကြား ပြီး
ရှေးကျ တဲ့ ကိုအာန် ကတော့ - လက်တစ်ဘက်ထဲ တီးတဲ့ လက်ခုပ်သံ ပုစ္ဆာ ဖြစ်ပါတယ်။
ကျနော်တို့ လက်ခုပ်တီးတဲ့အခါ လက်နှစ်ဖက် အပြည့် တီးရတယ်။ အဲ့လိုမှ မတီးရင်
လက်ခုပ်သံ မထွက်ဘူး။ ဒါပေမယ့် ဇင်ဆရာတွေကတော့ - “သွားရှာ ပါ။ - အခြား အရာမပါဘဲ
လက်တစ်ဘက် ထဲ ကို သုံးပြီး လက်ခုပ်သံ ဘယ်လို ထွက်ပါသလဲ ။ ရှာကြည့်ပါ” ။ ဒီ
လမ်းညွှန်မှုကို ပြုတတ်ကြပါတယ်။
ဒီစကားက အဓိပ္ပာယ်မဲ့ လွန်း ကြောင်း ကျနော်တို့ သိတယ်။ အသံ ဆိုတာ နှစ်ခု
နှစ်ဘက် ထိစပ် မှ ထွက် တယ် မဟုတ်လား။ အရာတစ်ခု နဲ့ မဟုတ်ရင် ၊ လက်နှစ်ဖက်
ထိစပ် ရိုက်ခတ် နိုင်မှ အသံထွက်တယ်။ ဇင်ဆရာ တွေကရော ဒါကို မသိကြဘူး တဲ့လား။
သိကြပါတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာ ကိုပဲ ဘာဝနာ ပွားဖို့ရာ ပုစ္ဆာ အဖြစ် ရာစုနှစ်
ပေါင်း များစွာ အသုံးပြု ခဲ့ကြတယ်။ ဗုဒ္ဓ ခေတ်လောက် ကနေ ကနေ့ အထိ ဒီပုစ္ဆာကိုသာ
ဇင်ဆရာတွေ ပေးလေ့ ရှိတတ်ကြပါတယ်။ သူတို့ရော ၊ သူတို့ ရောင်းရင်း အများရော - ဒီ
ပုစ္ဆာ ရဲ့ အဓိပ္ပာယ် မဲ့မှုကို သိပါတယ်။ ဘာထူးခြားမှု ရှိနေ လို့ ပါလဲ။ --
ဖန်တီးလို့ ဘယ်လို မှ မရတဲ့ အသံကို ဘာလို့ အာရုံစိုက် ရမလဲ။၊ ခင်ဗျား
စူးစိုက်ကြည့်တယ်။ ခင်ဗျား မျက်ခြည်မပြတ် စောင့်ကြည့် နေမယ်။ ဒါဟာ တစ်ဖက်တည်း
တီးတဲ့ လက်ခုပ်သံကို ရှာဖွေကြည့်ပုံ ပဲ ဖြစ်ပါတယ်။
ပုံပြင် တစ်ပုဒ် ပြောကြည့်မယ်။
ဆယ့်နှစ်နှစ်သား အရွယ် လူငယ်လေး တစ်ယောက် က ဇင် ဘုရားကျောင်း နားမှာ
နေထိုင်တယ်။ အဲ့ ဘုရားကျောင်းက ကျောင်းထိုင် ဆရာတော်ကြီး ဆီကို နေ့စဉ်
နေ့တိုင်း တရားစကား လာ လျောက်ကြားကြသူတွေ ရှိတယ်။ သူလည်း နေ့တိုင်း
တွေ့နေရတယ်။ လာရောက် လျောက်ကြား သူတွေက ပုစ္ဆာ အမျိုးမျိုး၊ မေးခွန်း
အမျိုးမျိုး သယ်ယူ လာကြတယ်။ ဆရာတော်ကို မေးလျောက်တယ်။ ဆရာတော်ကလည်း
အဖြေအမျိုးမျိုး၊ လမ်းညွှန်ချက် အမျိုးမျိုး ပြန်လည် ဖြေကြား ပေးတာ တွေ့နေ
မြင်နေ ရတယ်။ အဲ့လိုနဲ့ သူငယ်လေးက စိတ်ဝင်စားလာတယ်။
တစ်နေ့ မနက်မှာတော့ ဆရာတော်ကြီး ဆီ ချဉ်းကပ်ပြီး အမေးပုစ္ဆာ လျောက်လိုကြောင်း
တရိုတသေ ဝပ်တွားပြီး စကား ဆိုလာပါတယ်။ အရင်ဦးဆုံး သူက ဆရာတော်ကို ဦး
အကြိမ်ကြိမ် ညွှတ်တွား ကန်တော့တယ်။ အဲ့အခါ ဆရာတော်က ပြုံး ရယ်ပြီး -
“ဘာဖြစ်လို့လဲ သူငယ်”
ဆရာတော့် စကားကို ကြားတော့ သူငယ်လေး က ဇင်ဆရာတွေ ထိုင်လေ့ ရှိသလိုမျိုး
ထိုင်လိုက်တယ်။ ပြီးတော့ ဆရာတော့်ဆီ လာလေ့ ရှိတဲ့ အခြား ကိုရင် ဦးဇင်း တွေလို
ငြိမ်ငြိမ်ဝပ်ဝပ် ထိုင်နေတယ်။ ဆရာတော်က ထပ်မေးတယ် -
“သင် ကျွန်ုပ်ဆီ ဘယ်အကြောင်းနဲ့ လာတာပါလဲ - တိုယို”
သူငယ်လေး နာမည်က တိုယို ပါ။ အဲ့အခါ တိုယိုက ဦး တစ်ကြိမ် ညွှတ်၊ ထပ်
ရှိခိုးတယ်။ - “ဆရာတော် ဘုရား၊ တပည့်တော် အမှန်တရား အလို့ငှာ လာတာ ဖြစ်ပါတယ်။
တပည့်တော် အမှန်တရား ကို သိမြင်ဖို့ မည်သည့် အမှုမျိုး ပြုရပါမလဲ၊ မည်သို့
လေ့လာပွားများ ရပါမလဲ”
ဆရာတော်က သူငယ်လေး စိတ်ဝင်စားမှု ကို ရိုးရိုးစင်းစင်း သိမြင် လိုက်ပါတယ်။
ဘာလို့ဆို သူ့ဆီကို ရောက်လာသူတိုင်း ဒီလို မေးခွန်းမျိုးသာ မေးလေ့ ရှိကြတယ်။
ဆရာတော်က - ရယ်ရယ်မောမောနဲ့ပဲ - “ဒါဆို တိုယို- အခု သွားပြီး ဘာဝနာ
ပွားချည်ပါ။ လက်နှစ်ဘက် တီးရင် လက်ခုပ်သံ ထွက်တယ် မဟုတ်လား။ အခု လက်တစ်ဘက်
တည်း တီးမယ်။ အဲ့လို ဆိုရင် ဘယ်လို လက်ခုပ်သံ ထွက်မလဲ ။ အဲ့ဒီ အသံကို
နားထောင်ကြည့်ပါ ။ ရှာကြည့်ပါ။ အခု သွားပြီး ဘာဝနာ ပြုပါ။”
ဆရာတော်ရဲ့ လမ်းညွှန်စကားကို ကြားတော့ တိုယို လည်း ခုနှစ်ကြိမ် ခုနှစ်ခါ
ဦးညွှတ်ပြီး သူ့အိမ် ကို သူပြန်တယ်။ စပြီး ကမ္မဋ္ဌာန်း ထိုင်ကြည့်တယ်။ အဲ့အခါ သူ
အိမ် အနီးအပါး က ဂေရှားမယ် ( ကချေသည်မ ) လေး တစ်ဦးရဲ့ သီချင်းဆိုသံ
ကြားလိုက်ရတယ်။
“အာာ - ဟုတ်ပြီ။ ဒီအသံပဲ ဖြစ်မယ်”
သူ ဆရာတော်ဆီ ချက်ချင်း ပြန်လာတယ်။ ရှိခိုး ဦးချတော့ - ဆရာတော်က ရယ်တယ်။
“သင် ဘာဝနာ ပွားပြီးပြီလား တိုယို”
“မှန်ပါ ဘုရား။ တပည့်တော် ရှာတွေ့ပါပြီ။ ဂေရှားမယ် တစ်ယောက်ရဲ့ သီချင်းဆိုသံ
လို ပါပဲ ဘုရား”
“မဟုတ်သေးဘူး၊ မှားနေသေးတယ်။ ပြန်သွားပြီး ပွားချည်ဦး”
သူငယ်လေးက အိမ်ပြန်လာပြီး ကမ္မဋ္ဌာန်း ထပ်ထိုင်တယ်။ သုံးရက်ကြာသွားတယ်။
အဲ့အခါ အိမ်ခေါင်ပေါ်ကို မိုးစက်ပေါက်လေး ကျလာသံ ကြားရတယ်။
“ဟုတ်ပြီ။ ဒီ အသံပဲ ဖြစ်မယ်။ ငါ ရပြီ”
ဆရာတော်ဆီ ထပ်လာပြီးလျောက်တယ် - “အဲ့အသံဟာ - ရေကျသံနဲ့ တူပါတယ် ဘုရား”
ဆရာတော်က - “တိုယို - ဒါလဲ မှားနေသေးတယ်။ ပြန်သွားပြီး ဘာဝနာ ပွားချည်ဦး”
သူငယ်လေး ပြန်သွားပြီး ဒီတစ်ခေါက် ဘာဝနာ အမှု ပြုတာ - သုံးလ ကြာ သွားပါတယ်။
အဲ့အခါ သူ့နားထဲမှာ သစ်ရွက်ခတ်သံ ကြားလိုက်ရတယ်။ “ဟုတ်ပြီ။ ငါ အဖြေရပြီ
ထင်တယ်” - ဆရာတော်ဆီ သူ ပြန်ရောက်လာပြန်တယ်။ ဆရာတော်က- မဟုတ်သေးဘူး ။
မှားနေသေးတယ် လို့ပဲ ပြန်ပြောလိုက်တယ်။
အဲ့လိုနဲ့ တိုယို - ဘာဝနာ ဆက်ပြုနေတာဟာ နှစ်နဲ့ ချီသွားတယ်။ တစ်နှစ်ကျော်
ကြာသွားတဲ့ အထိ သူငယ်လေး ပြန်ပေါ်မလာတော့ဘူးရယ်။ တိုယို ပြန် လာတာ ကို
မတွေ့ရတော့ - ဆရာတော်က သတိရသွားတယ်။ “သူငယ်လေး ဘာဖြစ်နေသလဲ။ သူ မလာတာ
ကြာပြီပဲ” လို့ တွေးမိတယ်။ အဲ့လိုနဲ့ သူငယ်လေးကို သူရှာဖို့ ထွက်လာ ခဲ့တယ်။
တိုယို ကို သစ်ပင် တစ်ပင် အောက်မှာ သူတွေ့လိုက်ပါတယ် ။
လေမလာတဲ့ အခါ သစ်ပင် သစ်ရွက်တွေ ငြိမ်သက် နေသလို သူငယ် တိုယို ဟာလည်း
ရိုးရိုးစင်းစင်း ငြိမ်သက်နေတယ်။ သစ်ရွက်တွေ လေတိုက်လို့ လွင့်မျှော နေရင်
သူငယ်လေး တိုယို လည်း လွင့်မျော နေတယ်။ သစ်ရွက်လေးတွေ ယိမ်းနွဲ့နေသလို သူလည်း
ယိမ်းနွဲ့နေတယ်။ ညင်ညင်သာသာ လေးပဲရယ်။
ဆရာတော်က အဲ့ဒါကိုမြင်တော့ မနှောင့်ယှက် ဘဲ ထိုင်ကြည့်နေလိုက် တယ်။ သူ
စောင့်ကြည့်နေတာ တော်တော်ကြာ သွားပါတယ်။ သူငယ် ကတော့ မျက်လုံး မှိတ်ရက်သား -
ကမ္မဋ္ဌာန်း ထိုင်နေလျက်ပဲ။ နာရီတွေ တစ်ရွှေ့ရွှေ့ ကုန်သွားတယ်။ နေစောင်းပြီး
ညမိုးချုပ် လုလု ဖြစ်လာတယ်။ သူငယ်လေး က ငြိမ်သက် လျက်ပဲ။ အဲ့တော့ ဆရာတော်က -
“တိုယို” လို့ လှမ်းခေါ်လိုက်တယ်။ သူငယ်လေး မျက်လုံး ဖွင့်ကြည့်တယ်။ “သင်
အဖြေရပြီ တိုယို”
သူငယ်လေး ရလိုက်တဲ့ အဖြေဟာ - ကိုယ့် စိတ်တွင်း သန္တာန်မှာ အသံတွေ အားလုံး
ပျောက်ကွယ်သွားချိန်ပဲ ဖြစ်ပါတယ်။ စိတ် အတွင်း အဇ္ဈတ္တ မှာ အသံ တွေ အားလုံး
ပျောက်ကွယ် သွားတဲ့ အခါ ခင်ဗျား ကြားလိုက်ရမှာက တစ်ဖက်တည်း တီးတဲ့
လက်ခုပ်သံပဲ။ အသံတွေ အားလုံး ဆိတ်သုဉ်း သွားတယ်။ ဆူညံသံ - ဂီတသံ တွေ ပေါင်းစပ်
နစ်မြုပ်သွားတယ်။ အသံ ဖြစ်ပေါ်သမျှ တစ်ညီတစ်ညွတ်တည်း ငြိမ်သက် သွားတယ်။ အိန္ဒိယ
ဥပနိသျှဒ် တွေမှာ ဒီလို အသံကို “ဥုံမ်” လို့ ခေါ်ဆို သမုတ် ပါတယ်။ အသံတို့
အားလုံးရဲ့ ညီညွတ်ခြင်း - “ဥုံမ်” ရဲ့ ဂီတသံ ဟာ အားလုံး ဆိတ်သုဉ်း ချိန်မှာ
ပေါ်ပေါက် တယ်။ သူငယ်လေး တိုယို ဟာ အဲ့အသံကို ရှာတွေ့သွားခဲ့ပါတယ်။
**Zay Ya**
.....................
Osho: Vedanta: Seven Steps to Samadhi
--
Posted By လူဗိုလ်
ကိုယ်သန့်သူ နှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။
သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း
ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး
ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို
ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ
နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင်
အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။
တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့်
ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့်
တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့်
ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း
ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ
အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ
သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။
နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။
နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။
သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင်
ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏
ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။
ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ
တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး
ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော်
ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။
ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက
ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက
ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။
ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို
လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက်
သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။
သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ
သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ
မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို
မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင်
မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင်
အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ
မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။
ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က
လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက်
မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍
ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့
ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။
သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့
ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က
သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ်
မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ
အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ
ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။
ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို
တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။
သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး
အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု
အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ
ကြည့်ပါ။
နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ
အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက
မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ်
သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ်
လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု
နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ
မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက
စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။
နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော
ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို
ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏
တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင်
လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက်
မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့်
အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။
ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ
ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍
ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍
မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။
အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည်
ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍
------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည်
အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန်
ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော
ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ
ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ
ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ
လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း
ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။
တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော
ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို
ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား
တိုးတက်လာလေသည်။
ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ
အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍
မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏
မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည်
ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့
ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော
ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ
မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို
အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့်
ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ
မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။
၎င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။
နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို
ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း
ဇရပ်ကုန်းရွာဟု တွင်လေသတည်း။
ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော
ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။
ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး
ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။
ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က
လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန်
တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍
ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး
ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့
မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။
ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို
ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး
ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ
သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ
တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့်
မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက
သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို
ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။
ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။
အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---
**ဦးကသာ-လောကမှန်ကူ**
http://www.mawluu.com/
သူငယ်ချင်တို့တတွေလဲး ဖြူစင်သန့်ရှင်းသောစိတ်ဓါတ် ပိုင်ရှင်များဖြစ်ကြပါစေ...။
ရေချမ်းအေးအေးလေးသောက်လိုက်ရသလို ဘဝအမောများ
လွင့်ပျောက်ကြပါစေ......
** From-ကိုတင့်**