Saturday, June 13, 2015
== ပညာနှင့် ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း===
**ပုံပြင်ရဲ့ သင်ခန်းစာ**
(၁) ကျွန်တော်တို့ဟာ အကြိမ်ပေါင်းများစွာပင် ကောင်းကောင်းမွန်မွန် အကဲဖြတ်နိုင်၊ ဥာဏ်မသုံးနိုင်ဘဲ တွေဝေနေတတ်ကြတယ်။
(၂) လူတစ်ယောက်ဟာ အသိဥာဏ် မြင့်မားနိုင်ပေမယ့် ညံ့ဖျင်းတဲ့ အကဲဖြတ်မှု ပြုလုပ်မိတတ်ပါတယ်။
(၃) သင့်ရဲ့ အကြံပေးသူတွေကို ဂရုတစိုက်ရွေးချယ်ပြီး ကိုယ်တိုင် ချင့်ချိန် အကဲဖြတ်လိုက်ပါ။
(၄) လူတစ်ယောက်မှာ (5 Cs )ရှိမယ်ဆိုရင် ပညာတတ်သည့်ဖြစ်စေ၊ ပညာမတတ်သည့်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။ ဒါတွေကတော့ (Character) အရည်အချင်း၊ (Commitment) တာဝန်ယူခြင်း၊ (Conviction) ခိုင်မာတဲ့ ခံယူချက်၊ (Courtesy )စိတ်စေတနာနဲ့ (Courage) ရဲရင့်ခြင်းတို့ပါပဲ။
(၅) ဝမ်းနည်းဖွယ်ကောင်းတာကတော့ ကျရှုံးမှု တွေ့ကြုံနေရတဲ့လူတွေအတွက် လက်ကိုင်တောင်ဝှေးအဖြစ် အသုံးပြုနိုင်တဲ့ စွယ်စုံကျမ်းတွေ အများကြီးရှိနေတယ်ဆိုတာ မသိရှိခြင်းပါပဲ။
==Educational and Good Judgment Written by Krishna Khanna ==
There is a story about a man who sold hot dogs by the roadside. He was illiterate, so he never read newspapers. He was hard of hearing, so he never listened to the radio. His eyes were weak, so he never watched television. But enthusiastically, he sold lots of hot dogs. His sales and profit went up. He ordered more meat and got himself a bigger and a better stove. As his business was growing, the son, who had recently graduated from college, joined his father. Then something strange happened. The son asked, "Dad, aren't you aware of the great recession that is coming our way?" The father replied, "No, but tell me about it." The son said, "The international situation is terrible. The domestic is even worse. We should be prepared for the coming bad time." The man thought that since his son had been to college, read the papers, and listened to the radio, he ought to know and his advice should not be taken lightly. So the next day, the father cut down his order for the meat and buns, took down the sign and was no longer enthusiastic. Very soon, fewer and fewer people bothered to stop at his hot dog stand. And his sales started coming down rapidly. The father said to his son, "Son, you were right. We are in the middle of a recession. I am glad you warned me ahead of time." What is the moral of the story? 1. Many times we confuse intelligence with good judgment. 2. A person may have high intelligence but poor judgment. 3. Choose your advisers carefully and use your judgment. 4. A person can and will be successful with or without formal education if they have the 5 Cs: Character, Commitment, Conviction, Courtesy, Courage 5. The tragedy is that there are many walking encyclopedias who are living failures.
+နေလင်းအောင်+
Friday, March 30, 2012
စကားဆုံးအောင်ပြောခွင့်ပေးပါ

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။
ငါးနှစ်အရွယ် သားငယ်ကို မိခင်ဖြစ်သူက "သား.. သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဗူးလဲမပါခဲ့ဘူးဆိုပါစို့။ ဒါပေမယ့် သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ်လုံး ရှိနေခဲ့တယ်ဆိုရင် သားဘာလုပ်မလဲ?" လို့ မေးခဲ့တယ်။
"ပန်းသီးနှစ်လုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ်" သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။
သားအဖြေက မိခင်ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကို မပြောလည်း သိကြပါလိမ့်မယ်။ မိခင်က တစ်ခြားမိဘတွေလို သားကိုအပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် စကားမစခင် မိခင်ကရုတ်တရက် အကြံပြောင်းသွားပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။
"သား... သားဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေကိုပြောပြနိုင်မလား?"
"ဟို.. ဟို အချိုဆုံးတစ်လုံး မေမေ့ကိုပေးမလို့ပါ" သားက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။
မိခင်ရဲ့မျက်လုံးအိမ်ထဲမှာ ဝမ်းသာတဲ့မျက်ရည်တွေ လက်ခနဲ့ထသွားခဲ့တယ်။
အဲဒီမိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခွင့်လွတ်စိတ်နဲ့ သားရဲ့အချစ်ကို ခံစားခဲ့မိလို့ဖြစ်တယ်။ သားကိုလည်း ကံကောင်းသူအဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှုတွေကို ထုတ်ဖော်ခွင့်ရခဲ့လို့ဖြစ်တယ်။
http://www.duwenzhang.com
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မေမွန်ကျော်
Thursday, March 29, 2012
ဒေါသစိတ်ကို လေနဲ့အတူလွင့်ပါးပါစေ

တစ်ခါက လူတစ်ဦးရှိတယ်။ သူဟာ တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရလို့ ဒေါသထွက်တိုင်း အိမ်ကိုအမြန်ပြန်ပြေးပြီး နေအိမ်ကို ၃ပတ်ပတ်တတ်တယ်။ သူဟာ အလုပ်အရမ်းကြိုးစားသူဖြစ်တာကြောင့် နေအိမ်သေးလေးကနေ အိမ်ကြီး၊ ခြံမြေကြီးတွေကို ပိုင်ဆိုင်ခဲ့တယ်။ နေအိမ်ဘယ်လောက်ကြီးကြီး တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရတိုင်း သူဟာ နေအိမ်နဲ့ခြံမြေကို ၃ပတ်ပတ်တိုင်းဖြစ်တယ်။
ရန်ဖြစ်တိုင်း၊ ဒေါသထွက်တိုင်း နေအိမ်နဲ့ ခြံမြေတွေကို ၃ပတ်ပတ်တတ်တဲ့သူ့ကို မိတ်ဆွေတွေက နားမလည်ခဲ့ဘူး။ ဒါကို မိတ်ဆွေတွေက ဘယ်လိုမေးမေး သူပြန်မရှင်းပြခဲ့ဘူး။
နောက်တော့ အသက်ကြီးပြီး တဖြေးဖြေး သူအိုမင်းလာခဲ့တယ်။ ပိုင်ဆိုင်တဲ့ခြံမြေကလည်း ပိုပိုကျယ်လာခဲ့တယ်။ ဒါတောင် သူဟာ ဒေါသထွက်တိုင်း တုတ်ကောက်ကိုကိုင်ပြီး ခြံမြေကို ၃ပတ်ပတ်တုန်းဖြစ်တယ်။ ကျယ်ပြန့်တဲ့ခြံမြေကို သူပတ်ပြီးရင် နေလည်းဝင်ပါပြီ။
တစ်နေ့မှာ မြေးဖြစ်သူက သူ့ကို မေးတယ်။
"ဘိုးဘိုး အသက်ကြီးပြီ။ ဒီပတ်ဝန်းကျင်မှာ အဘိုးပိုင်တဲ့ခြံမြေက အကျယ်ဆုံးပဲ။ ဒါကြောင့် အရင်ကလို ဒေါသထွက်တိုင်း အဘိုးခြံတွေကို မပတ်သင့်တော့ဘူး။ အဘိုးဘာဖြစ်လို့ စိတ်တိုဒေါသထွက်တိုင်း နေအိမ် ခြံတွေကို ၃ပတ်ပတ်ရတာလဲ? မြေးကို ပြောပြပါ"
မြေးရဲ့တောင်းဆိုမှုကြောင့် နှစ်လကြာ ရင်ထဲထည့်သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူပြောပြလိုက်တယ်။
"အဘိုး ငယ်ရွယ်စဉ်တုန်းက တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်တိုင်း နေအိမ်ကို ၃ပတ်ပတ်တယ်။ ပတ်နေတုန်းမှာ စဉ်းစားတယ်။ ငါ့အိမ် ဒီလောက်ငယ်တာ၊ ပိုင်တဲ့မြေ ဒီလောက်နည်းတာ တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်ဖို့ ဘယ်မှာအချိန်၊ ဘယ်မှာအရည်အချင်းရှိလိမ့်မလဲ? ဒီလိုစဉ်းစားလိုက်ရင် ဒေါသစိတ်ကပြေသွားတယ်။ ကျန်ရှိနေတဲ့အချိန်နဲ့ အလုပ်ကို ပိုကြီးစားလုပ်လိုက်တယ်"
"ဒါပေမယ့် အခု ဘိုးဘိုးအသက်ကြီးပြီ ပိုင်ဆိုင်တဲ့ခြံမြေတွေလည်း ကျယ်သထက်ကျယ်လာခဲ့ပြီ။ ဒါတောင် ဘိုးဘိုးက စိတ်တိုတိုင်း ခြံမြေတွေကို ပတ်တုန်းပဲ။ ဘာဖြစ်လို့လဲ?"
"ဒီအရွယ်ရောက်လည်း ဘိုးဘိုးစိတ်တို ဒေါသထွက်တတ်တုန်းပဲ။ စိတ်တိုလို့ အိမ်ခြံကို ၃ပတ်ပတ်တိုင်း ဘိုးဘိုးစဉ်းစားတယ်။ ငါ့အိမ်ဒီလောက်ကြီးတာ၊ ငါ့ခြံဒီလောက်ကျယ်တာ တခြားလူနဲ့ မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်နေဦးမလဲပေါ့။ အဲဒီလို စဉ်းစားလိုက်ရင် ဒေါသစိတ်က ပြယ်သွားတယ်"
အဘိုးအိုဟာ ဘဝကိုနားလည်တဲ့ အသိဉာဏ်ရှိသူဖြစ်တယ်။ ဒေါသစိတ်ကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာကို သိသူဖြစ်တယ်။
လူတွေဟာ စိတ်တိုဒေါသထွက်နေချိန်မှာ မကောင်းတဲ့စိတ်ခံစားချက်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဟိုမုန်း ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကို ထုတ်လွတ်တတ်တယ်။ ဒါတွေက ခန္ဓာကိုယ်ကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။ စိတ်ပညာရှင်တစ်ဦးက ရေခဲရေဖန်ခွက်ထဲ ဖန်ပိုက်တစ်ချောင်းထိုးထည့်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ အစမ်းသပ်ခံသူက ဖန်ပိုက်ထဲ အသက်ရှုထုတ်လိုက်တယ်။ ရှုသွင်းလိုက်တဲ့လေက ရေခဲပိုက်ထဲ အစိုင်အခဲအဖြစ် စုထွေးသွားတယ်။ သာမန်စိတ်နဲ့လူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲက ကြည်လင်ပြီး အရောင်၊ အဆိပ်မရှိဘူး။ စိတ်တိုဒေါသထွက်နေသူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲမှာတော့ အဆိပ်တွေရှိနေတာကို တွေ့ရတယ်။ တစ်နာရီလောက် ရှုထုတ်တဲ့အစိုင်အခဲက လူကိုတောင် သေစေနိုင်တယ်လို့ ဆိုပါတယ်။
စိတ်တိုဒေါသထွက်ရင် တခြားသူနဲ့ အလွယ်တကူ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူကြောင့်ဖြစ်ဖြစ် အလွယ်တကူ ဒေါသမထွက်သင့်ပါဘူး။
ဒေါသစိတ်ကို ဖြေလျော့နည်းတချို့က...
(၁) စိတ်တိုဒေါသထွက်ရတဲ့ ရင်းမြစ်ကို အရင်ဆန်းစစ်ပါ။ ရည်ရွယ်ချက်ဖြစ်မြောက်ချင်ရင် တခြားနည်းကို စိတ်အေးအေးနဲ့ တွေးတောပါ။
(၂) ရေတွက်တာဖြစ်ဖြစ်၊ အနှေးပြေးဖြစ်ဖြစ်၊ လူမရှိတဲ့အရပ်မှာ အသံကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ကိုရှာပါ။ ကိုယ့်ကိုယ်ကို စိတ်ဖိအားအရမ်းမပေးပါနဲ့။
(၃) သူ့ဖက်ကနေပြီး ပြဿနာကို တွေးတောကြည့်ပါ။
(၄) မေတ္တာရနိုင်တဲ့ နည်းမျိုးကိုရှာပါ။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ရင်ဘတ်ကျယ်ကျယ် ထားပါ။
(၆) မကျေနပ်တာကို အမှန်အတိုင်း ရိုးသားမှုအပြည့်နဲ့ တာဝန်သိသိပြောပါ။ စိတ်တိုဒေါသထွက်တဲ့နည်းကို အသုံးမပြုပါနဲ့။
(၇) ကိစ္စရပ်ကို ဖြေရှင်းပါ။ ပုဂ္ဂိုလ်ရေးကို မထိခိုက်ပါနဲ့
(၈) အတွေ့အကြုံ သင်ခန်းစာကို ရယူပါ။ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။
စိတ်တိုဒေါသစိတ်တွေ လေနဲ့အတူ လွင့်ပါးခွင့်ပေးလိုက်ပါ....
မူရင်း-- Hu Bao Lin (胡寶林)ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။
**နိုင်းနိုင်းစနေ **ဘာသာပြန်သည်။
--
Be Happy,
Moe Moe.
Tuesday, March 13, 2012
ကျေးဇူးစကား တစ်ခွန်းတော့ပြောပါ

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီတောင်း လိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့် ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်တစ်ဦးက ထွက်လာပြီး “ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။ ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။ ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကိုကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့ အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့ “ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မေးပြန်တယ်။ “ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ” လို့ ကလေးက ပြန်ပြော လိုက်တယ်။
လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကိုအဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
(Forward Mail)
**မေမွန်ကျော်**
ခေတ်သစ်ပုံပြင် (၁)

**ကြက်တူရွေး ဆရာကြီး**
တစ်ခါတုန်းက မြို့လေးတစ်မြို့ရဲ့ ဈေးရှေ့ကို ကြက်တူရေးရောင်းတဲ့လူတစ်ယောက် ရောက်လာသတဲ့။
သူ့မှာ ကြက်တူရွေး ၃ ကောင်ပါလာတယ်။
ဘယ်ဘက်ပခုံးပေါ်မှာ တစ်ကောင်၊ ညာဘက်ပခုံးပေါ်မှာ တစ်ကောင်နဲ့ ခေါင်းပေါ်မှာတစ်ကောင်။
ကြက်တူရွေးရောင်းရန်ရှိတယ်လို့ အော်နေတဲ့အတွက် လူတစ်ယောက်က ဈေးလာမေးတယ်။
ညာဘက်ကြက်တူရွေးက ၅၀၀၀ ကျပ်၊ လို့ ပြောရုံရှိသေး။
အဲဒီလူက ဘာမှ မမေးတော့ဘဲ လှည့်ပြန်သွားသတဲ့။
ကြက်တူရွေးတစ်ကောင် ၅၀၀၀ ကျပ်ဆိုတာ များလွန်းလို့ ယူဆသွားပုံရတယ်။
လူစကားပြောတဲ့ကြက်တူရွေးတွေ ရောင်းဖို့ရှိတယ်လို့ အကျယ်ကြီးအော်ပြောတော့မှ လူတွေက စိတ်ဝင်စားပြီး အနားကပ်လာကြတယ်။
မိန်းမ ယောက်ျား ၁၀ ယောက်လောက်တော့ရှိမယ် ထင်တယ်။
အဲ့ဒီထဲက အသားဖြူဖြူအရပ်ရှည်ရှည် ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက်က မေးတယ်။
“ညာဘက်ကြက်တူရွေးက ဘယ်လောက်လဲ”
ရောင်းသူက “ ၅၀၀၀ ကျပ်”
“ ဟာ… များတာပေါ့။ သူက ဘာအရည်အချင်းတွေ ရှိလို့လဲ။” “ သူက တရုတ်ကားတွေ၊ ကိုရီးယားကားတွေ ကြည့်ပြီး မြန်မာလိုဘာသာပြန်တက်တယ်။”
“နိပ်ဟ… ဝယ်သွားပြီး ကိုရီးယားကားတွေ ငှားကြည့်မယ်။ ကြက်တူရွေးကို ဘာသာပြန်ခိုင်းမယ်၊ ငါးထောင်… အေးအေးဆေးဆေး တန်တယ်” လို့ ဝဝတုတ်တုတ် အသားညိုညို ရွှေသွားတဝင်းဝင်း နားကပ်တလက်လက်၊ လက်ကောက်တရွှင်ရွှင်နဲ့ မိန်းမကြီးက ဘေးကလူတွေကြားအောင် ပြောနေတုန်း။
ပိန်ပိန်သေးသေး ပုပုညှက်ညှက် အသားမည်းမည်း ကောင်မလေးတစ်ယောက်က “ဘယ်ဘက်ပခုံးက ကြက်တူရွေး ဈေးဘယ်လောက်လဲ” လို့ လှမ်းမေးလိုက်တယ်။
ပုံစံကြည့်ရတာ ဝယ်နိုင်ပုံလည်း မပေါက်ဘဲနဲ့ ဈေးမေးနေသေးတယ်လို့ ဘေးက အတင်းပြောနေကြသေးတယ်။
ကြက်တူရွေးရောင်းတဲ့သူက စိတ်ရှည်သလားမမေးနဲ့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်။
“ဘယ်ဘက်ကြက်တူရွေးက တစ်သောင်းကျပ် ကြိုက်ရင် ဝယ်သွား။ တစ်ပြားမှ မလျှော့ဘူး” လို့ ခပ်တင်းတင်းပြောလိုက်သတဲ့။
“ ဟင်း……… သူ့ကြက်တူရွေးက ဘာတွေတက်လို့ ဈေးမြောက်နေရတာလဲ” လို့ သူကြားအောင် အကျယ်ကြီးပြောလိုက်သတဲ့။
“တက်မှတက်၊။ တရုတ်ကား။ ကိုရီးယားကားတွေကြည့်ပြီး ဘာသာပြန်တက်တဲ့အပြင် အင်တာနက်ကြည့်ပြီး အီးမေးလ်တောင် ပို့တက်တယ်။”
“နိပ်ပါ့… နိုင်ငံခြားက သားသမီးတွေဆီကို အီးမေးလ်ပို့ခိုင်းရမယ်။ ကိုယ်က ပါးစပ်နဲ့ပြောသမျှ သူက ကွန်ပျူတာနဲ့ရိုက်ပြီး အီးမေးလ်ပို့ပေးနိုင်တယ်ဆိုရင် တန်တယ်။ တစ်သောင်းကျပ် ပေးမယ်။”
လူခပ်ထွားထွား ကတုံးနဲ့ထီးကောက်ကြီးချိတ်ထားတဲ့ လူတစ်ယောက်က ဝင်ပြောလိုက်တယ်။
အရောင်းအဝယ်ကတော့ အဆင်ပြေမယ့်ပုံပဲ။
အဲဒီအချိန်မှာ ပိန်ပိန်ရှည်ရှည် ဝေလေလေပုံစံပေါက်တဲ့ လူတစ်ယောက်က “ ခေါင်းပေါ်က ကြက်တူရွေးက ဘယ်လောက်လဲဗျ” လိုက အကျယ်ကြီး အော်မေးလိုက်တယ်။
“အဲဒီကြက်တူရွေးကတော့ တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်။ ကြိုက်ရင်ဝယ်။ တစ်ပြားမှ မလျှော့နိုင်ဘူး။”
“ဒီလောက်ဈေးကောင်းနေပြီဆိုတော့ ပညာတွေ အရမ်းတက်လို့နေမှာပေါ့နော်။” လူတစ်ယောက်က ဝင်ထောက်လိုက်တယ်။ ကြက်တူရွေးရောင်းသူက အားကျမခံ ပြန်ဖြေတယ်။
“အဲဒီကြက်တူရွေးက ဘာပညာတွေတက်ထားမှန်း ကျုပ်တော့ မသိဘူး။ ဒါပေမဲ့ ဘယ်ဘက်ပခုံးပေါ်က ကြက်တူရွေးနဲ့ ညာဘက်ပခုံးပေါ်က ကြက်တူရွေး နှစ်ကောင်စလုံးက အဲဒီကောင်ကို ဆရာကြီးလို့ ခေါ်တဲ့အတွက်… တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်” တဲ့။
ကဲ…… ကြည့်။ ကြက်တူရွေး ရောင်းတဲ့သူက ဘုမသိ ဘမသိ ပညာတက်ကြက်တူရွေးနှစ်ကောင်က ဆရာကြီး ခေါ်တာနဲ့ပဲ ဈေးကို စွတ်တင်ထားလိုက်တော့တာပဲ။
ဆရာကြီး အခေါ်ခံရပြီဆိုတာနဲ့ ဈေးကြီးသွားပြီးလား။
အမှန်တကယ်တက်ကျွမ်းပြီး နှစ်ကောင်စလုံးက တကယ်ပဲ လေးလေးစားစားနဲ့ ဆရာကြီးလို့ ခေါ်ရတဲ့ ကြက်တူရွေးလား။
ဟိတ်ဟန်နဲ့ အကြံအဖန်လုပ်ပြီး ဆရာကြီးအဖြီးအဖြန်းလား။
ဈေးကွဲတဲ့အချိန်အထိတော့ အဲဒီကြက်တူရွေးဝယ်သူမရှိသေးကြောင်းပါခင်ဗျား…..။
**အုန်းပင်ပေါ်က မျောက်အသည်းနှလုံး**
တစ်ခါတုန်းက မြစ်ကမ်းစပ်တစ်ခုမှာ မိကျောင်းလင်မယား ရှိသတဲ့။
အဲဒီ မြစ်ကမ်းစပ်က အုန်းပင်ပေါ်မှာ မျောက်တစ်ကောင်လည်း နေသတဲ့။
တစ်နေ့ကျတော့ မိကျောင်းမက ကိုယ်ဝန်ဆောင်ပြီး မျောက်နှလုံးသား စားချင်ကြောင်း ချင်ကြင်းတပ်သတဲ့။
မိကျောင်းဖိုကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။
တို့က ရေထဲမှာ၊ မျောက်က အုန်းပင်ပေါ်မှာ ငါလည်း အုန်းပင် မတက်တက်တော့ မျောက်ကိုဖမ်းပြီး အသည်းနှလုံးထုတ်ဖို့ ဆိုတာ ဘယ်လွယ်မလဲလို့ ပြန်ပြောသတဲ့။
ဒါပေမဲ့ မိကျောင်းမက လက်မခံဘူး။ အလျှော့မပေးဘူး။
“ရှင် ဒီလောက်လေးတောင် အစွမ်းအစမရှိဘူးလား။ တစ်ခါတလေ ပူဆာတာကိုတောင် ရအောင် မလုပ်နိုင်ဘူးလား” ဆိုပြီး ပူညံပူညံလုပ်တော့တယ်။
သိတယ်မဟုတ်လား မိန်းမတွေအလိုကြီးလာရင် ယောကျာ်းတွေက အဆင်ခြင်မဲ့စွာနဲ့ ခိုင်းတာလုပ်ပေး ရတော့တာပဲလေ..။
အခုလည်းကြည့်။ မျောက်နှလုံးသားမှ စားချင်သတဲ့။ မဖြစ်နိုင်ဘူးပြောတော့၊ ဖြစ်ပါတယ်။ သူခိုင်းသလိုသာလုပ်ပါတဲ့။
မိကျောင်းဖိုလည်း သူခိုင်းတဲ့အတိုင်းလုပ်တယ်။
ပထမ၊ မျောက်အုန်းသီးတက်နေကျ အုန်းပင်အောက်မှာ နေပူဆာလှုံရင်း သစ်တုံးလို မလှုပ်မယှက် အကြာကြီး အိပ်နေတယ်။
မျောက်ကိုတွေ့ရင် နေကောင်းလား။ အစားအသောက်အဆင်ပြေလားလို့ နှုတ်ဆက်မေးမြန်းလေ့ ရှိတယ်။
တဖြည်းဖြည်း မိကျောင်းက မျောက်နဲ့ ရင်းနှီးလာတော့ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးတွေ အရမ်းပေါတယ်။ အုန်းသီးတွေပဲ စားရတာ ငြီးငွေ့ဖို့မကောင်းဘူးလား။ ဟိုဘက်ကမ်းက ငှက်ပျောသီး သွားစားရအောင်။ ကျုပ်လိုက်ပို့ပေးမယ်လေ။
ပထမတော့ မျောက်က မယုံဘူး။ သူ့အကျိုးစီးပွားမပါဘဲနဲ့တော့ ဒီလောက်ကြီး အပင်ပန်းခံပြောမှာမဟုတ်ဘူး။ အကြံအစည် တစ်ခုခုတော့ ရှိပုံရတယ်ဆိုပြီး မိကျောင်းနားကို မကပ်ဘူး။
မိန်းမအလိုဖြည့်ချင်တဲ့ မိကျောင်း လွယ်လွယ်နဲ့ ဘယ်လက်လျှော့မလဲ။ နေ့တိုင်းလိုလို မြှူဆွယ်ပြောဆိုနေတော့တာပေါ့။
ဇွဲကောင်းကောင်းနဲ့ လှုပ်ရင် ကြာတော့ သစ်တုံးတောင် နဲ့လာနိုင်တယ် မဟုတ်လား။ လွတ်လွတ်မရှောင်နိုင်လို့ကတော့ ငြိမှာပဲ။
မျောက်က လွတ်လွတ်မှ မရှောင်တာ။
နောက်ဆုံးတော့ မိကျောင်းစကားနားဝင်ပြီး မိကျောင်းကျောပေါ် ရောက်တော့တာပေါ့။ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးလိုက်စားမလို့တဲ့လေ..။ မိုက်လိုက်တဲ့မျောက်။
ရေလယ်ရောက်တော့ မိကျောင်းက မျောက်ကို ပြောတယ်။
“ ဟိုဘက်ကမ်းမှာ ငှက်ပျော်သီးမရှိဘူး။ မင်းကို ညာခေါ်လာတာ။ ငါ့မိန်းမက မင်းနှလုံးသားစားချင်တယ်လို့ ပူဆာတဲ့အတွက် ငါ အကွက်ဆင်ပြီး ဖမ်းလာတာ။ မင်း ဘုရားတရားသာ တပေတော့”
အဲဒီတော့မှ မျောက်က ကျောချမှ ဓားပြမှန်းသိတော့တယ်။ နောင်တရလို့လည်း အကျိုးမထူးတော့ဘူး။ သေဘေးကလွတ်အောင်ကြံမှပဲဆိုပြီး စဉ်းစားလိုက်တော့ စိတ်ကူးတစ်ခုရလိုက်တယ်။
“ဟာဗျာ… ခင်ဗျားစောစောက ပြောရောပေါ့။
အခုလိုတောင် အကွက်ဆင်ပြီး အပင်ပန်းခံ ဖမ်းလာစရာ မလိုပါဘူး။ ကျုပ်လို့ မျောက်တွေက ဟိုခုန်သည်ခုန် ခုန်ရလွန်းလို့ အသည်းနှလုံး ပြုတ်မကျအောင် အုန်းပင်ပေါ်မှာ ချိတ်ထားတာဗျ။
ခင်ဗျားမိန်းမစားချင်တဲ့ အသည်းနှလုံး ကျုပ်ပြန်ယူပေးမယ်။ ကျုပ်နေ့တိုင်းတက်နေတဲ့ အုန်းပင်ပေါ်မှာရှိတယ်။ ဟိုဘက်ကမ်း အမြန်ပြန်။ ခင်ဗျားမိန်းမ မျှော်နေရော့မယ်။ နောက်မကျစေနဲ့။ မိန်းမဆိုတာ သူတို့လိုချင်တာကို လိုချင်တဲ့အချိန်မရရင် သိပ်စိတ်ဆိုးတာဗျ။”
မိကျောင်းက နောက်ပြန်လှည့်လာတယ်။
ကမ်းစပ်လည်းရောက်ရော မျောက်က မိကျောင်း ကိုယ်ပေါ်က ခုန်ထွက်ပြီး အုန်းပင်ပေါ်ပြေးတက်သွားတယ်။
အုန်းသီးတစ်လုံးခူးပြီး…. “ဗျို့ ကိုမိကျောင်း၊ ခင်ဗျားမိန်းမအတွက် ကျုပ်ရဲ့နှလုံးသားကို အုန်းသီးထဲမှာ ထည့်ထားတယ်။ ခွဲပြီး ကျွေးလိုက်ပေတော့ဗျို့” ဆိုပြီး မိကျောင်းခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။
မိကျောင်းခေါင်းပေါ် အုန်းသီးအလုံးကြီးကြီး အထုခံလိုက်ရတော့ တော်တော်အီသွားပုံရတယ်။ ခေါင်းဖုသွားတယ်။
ငါ့ခေါင်းကိုဖုအောင်ထုလိုက်တဲ့ မျောက်နှလုံးသားက အတော် မာကျောပုံရတယ်။ အသည်းနှလုံးထည့်ထားတဲ့ အုန်းသီးတောင် ဒီလောက်မာကျောနေရင် အတွင်းက မျောက်နှလုံးသားက ကျောက်တုံးတွေလိုပဲ ဖြစ်နေမလား။ ငါ့မိန်းမ စားမှစားနိုင်ပါ့မလား ဆိုပြီး စဉ်းစားနေသတဲ့။
ဘာပဲဖြစ်ဖြစ် ငါ့မိန်းမဆီ မျောက်နှလုံးသား ပါသွားလို့ ငါ့တာဝန် ကျေရင်ပြီးရော။ သူစားနိုင်တာ မစားနိုင်တာ ငါ့အလုပ်မှမဟုတ်တာလို့တွေးပြီး ဉာဏ်ပေတုံး မိကျောင်းကြီး မျောက်နှလုံးသားပါမယ်ထင်တဲ့ အုန်းသီးကြီးကို ပါးစပ်နဲ့ ကိုက်ပြီး အားရဝမ်းသာ သယ်သွားရှာသတဲ့………
ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..။
ကောင်းသန့်ရဲ့ ခေတ်သစ်ပုံပြင်စာအုပ်မှကောက်နှုတ်ဖော်ပြသည်………
ခင်မင်စွာဖြင့်…
**ဇော်သိင်္ခ**
Thursday, February 23, 2012
မိန်းမဖြစ်ရတာဘယ်လောက်ဂုဏ်ယူဖို့ကောင်းသလဲဆိုတာ သိမြင်နိုင်ပါစေ။

**ပုံပြင်အစ**
တစ်ခါတုန်းကဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင်
နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း
အားညွှန်ပြလိုက်ပြီး....
"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း
၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း
ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင်
ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး
ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင်
စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...
"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။
"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို
တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ
့ရလိမ့်မယ်"
ဘုရားသခင်က ဆက်ပြောပြန်၏ ။
"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။
ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "
"..........."
"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။
ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို
့တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
"နူးညံ့လွန်းလှချည်လား
"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။
အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"
"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး
ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ
ဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"
"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"
"ဘာအတွက်လဲ"
"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊
အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့
စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ
အထင်ကြီးသွားလေ၏ ။
"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း
စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း
ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး
ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ
လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ
့ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"
"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ
ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက
ပြုံးပြနိုင်တယ်"
"အဲ့ဒီလောက်တောင်ပဲလား"
"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။
ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့
အချိန်မှာလည်း သီချင်းဆိုတယ် "
"အို"
"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို
့ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့ 
ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ
့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"
"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း
ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း
တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က
လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ ....
သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်
ပြောင်းလဲအသုံးပြုတတ်သေးတယ်"
"............"
"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ
ကိုလည်း သူမကသိသေးတယ်"
"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"
"ဘယ်လို"
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"
"ဘာချို့ ယွင်းချက်လဲ"
"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"
"ဟင်"
"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ
့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို
့မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး..
စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့
အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ
အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီ
းဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း ..
**Win Sandar**
အဖိုးအိုနှင့်အာလူးခင်း

တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။
“ သား
အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။
ချစ်တဲ့ --အဖေ ”
သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။
“ အဖေ
ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ ။အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ
ချစ်တဲ့ -- သား ”
အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။
အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။
“ အဖေ
အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ။ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ
ချစ်တဲ့ --သား ”
######################################
ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။
**သက်တန့်ချို**
--
Be Happy,
Moe Moe.
Tuesday, February 7, 2012
ရှင်ဘုရင်ရဲ့ လျှို့ဝှက်ချက် ...

..
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်
တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့
ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”
“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။
အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။
အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
“အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့
ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့
သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။
သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့
စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က
သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။
ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က “တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့
နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”လို့ပြောတယ်။
“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့
တောင် တော် မလုပ်နိုင်တော့ဘူးလား”
“အစားပဲရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို
ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား”
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။
ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း
လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြောင်နှစ်ကောင်ရဲ့ စကားပြောသံကို
ဘုရင်က ကြားလိုက်မိပြန်တယ်။
“ဘေးဖယ် ရှင်မရေ..”
“ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”
“အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့
စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့..
ဖယ်စမ်းပါ”
“မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင်
မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”
အိမ်မြောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။
“တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ” ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက
မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး
တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်
တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။
ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြော
နေတာကို ဘုရင်ကြီးက ကြားမိတယ်။
“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေမယ်ဆိုပြီး တောင်းဆို
တာကို ဘုရင်က ချက်ချင်းပဲ လိုက်လျောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။
ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ”
“ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက
ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တဝါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တဝါကမှ ကိုယ့်ကိုယ် အဆုံးစီရင်
တဲ့လမ်း မရွေးဘူး။ သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။
ကိုယ့်ကိုယ်အဆုံးစီရင်တာကို တခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီ
ရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..?
ကြိုက်ရာလမ်းကို ရွေးပေးတော့”
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး
“ငါဟာ တိုင်းပြည်ရဲ့အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့အသိဥာဏ်
လောက်တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့
အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။
အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
“စိတ်ထဲမှာထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့
ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ဝမ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံ
နှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး” ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
***********************************
“နှစ်သက်တယ်” ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်” ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့
နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်
တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ
ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
"သူငယ်ချင်း"လို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ .... “တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ
တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။
ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး” တဲ့.....
**Naing Min **
--
Wednesday, January 11, 2012
လောကအလှ ပံ့ပိုးကြသူများ

တခါတုံးက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့ အိုးကလေးနှစ်အိုးရှိတယ်တဲ့ ။
အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီး ကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ
အနည်းငယ်ရှိသတဲ့ ။ အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ၀ါးပိုးတဖက်တချက်မှာ ချိတ်ပြီးစမ်းချောင်းမှာ ရေသွား
ငင်လေ့ရှိတယ် ။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးက ရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ
စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတ၀က်ပဲပါတာပေါ့ ။
အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ
ကျန်တဲ့အိုးကလေးကတော့ စိတ်ပျက်အားငယ်နေရှာတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီး စမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုး
ကလေးက သူ့သခင်မကို ပြောသတဲ့..........
.. "ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်း
စိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်" လို့ ပြောတော့
အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး "ငါတို့ ရေခပ်ရာလမ်းတလျှောက်
နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကို
နင်သတိထားမိလား" လို့ ပြန်မေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။
"နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့
လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ် ။
နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းက
ပန်းဥယျာဉ်လေးပဲပေါ့ ။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီ
ဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းက
ပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလို
ပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ" တဲ့ ။
လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ် ။
ခြွင်းချက်မရှိ ရာနှုန်းပြည့် ကောင်းမွန်ပြည့်စုံနေတဲ့ လူသားရယ်လို့ မရှိကြပါဘူး။
အက်ကြောင်းတွေနဲ့ အိုးကလေးကတောင် သူ့နည်းသူ့ဟန်နဲ့ လောကကို
အလှဆင်ပေးနိုင်ခဲ့ပါတယ် ။
ဒါကြောင့် လူသားတွေလဲ ကိုယ့်မှာရှိတဲ့အားနည်းချက်လေးကို သတိပြုဆင်ခြင်မိတဲ့အခါ
စိတ်ပျက်အားငယ်နေမဲ့ အစားလောကကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှ
အလှဆင်ပေးနိုင်ကြပါတယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေချင်ပါတယ် ။
**Naing Min**
Sunday, January 8, 2012
တယူသန်နဲ့မောက်မာ

တခါတုန်းက တယူသန်နဲ့မောက်မာတို့ ကမ္ဘာကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ်တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင် တည်ရှိနေလို့ပါဘဲ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုတော့ သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ ထင်နေကြတာပါ။
တစ်နေ့မှာ တယူသန်နဲ့ မောက်မာဟာ တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိလိုက်လို့ တအံ့တသြဖြစ်သွားကြတယ် ( အမှန်က သူတို့ကသာ ၀င်တိုက်မိတယ်ထင်တာနော်။ တကယ်တော့ ခန္ဓာကိုယ်တစ်ခုထဲမှာ)။ အဲဒီ့လို ၀င်သာဝင်တိုက်မိကြတာ တစ်ယောက်ကို တစ်ယောက်မမြင်မတွေ့နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ တယူသန်မှာ မျက်လုံးဆိုလို့ လုံးဝမပါဘူး။ ဒါပေမယ့် မောက်မာမှာတော့ ဦးခေါင်းထိပ်တည့်တည့်မှာ မျက်လုံးတစ်လုံး ရှိနေတယ်။
မောက်မာက ပြောတယ်။ “ မင်းဘာကြောင် ငါ့ကို အလောသုံးဆယ်နဲ့ ၀င်တိုက်ရတာလည်း.. မင်းမှာ မျက်စိမပါဘူးလားကွ.. တော်တော် ရိုင်းတဲ့ကောင် ”.. လို့ဒေါကြီးမောကြီးနဲ့ ပြောလိုက်တယ်။
အဲ့ဒီတော့ တယူသန်က “ မပါပါဘူးဗျာ..မျက်လုံးဆိုတာ ဘာမှန်းတောင်မသိပါဘူး”..လို့ ခေါင်းကို ခါရမ်းပြီးပြောလိုက်တယ်။
ဒီတော့ မောက်မာက နှာခေါင်းကိုရှုံ့လက်ပြီုး.. “အလို..မင်းမှာမျက်စိမရှိဘူး.. ဟုတ်လား?.. ဒါဆိုမင်း ကောင်းကင်ကြီးကို ဘယ်ကြည့်လို့ရမလဲ.. ကောင်းကင်ဆိုတာ ဘာမှန်းတောင် မင်းသိမယ့်ပုံမရပါဘူး..ငါကတော့ ငါ့ရဲ့တစ်ခုထဲသော မျက်လုံးနဲ့ ကောင်းကင်ကို မြင်နိုင်တယ် ကွ..။ ဒီစင်္ကြာဝဋ္ဌာကြီးမှာ ငါ့လို ကောင်းကင်ကို မြင်နိုင်တဲ့သူရှိမှာ မဟုတ်ဘူးကွ.. ငါဘာကိုဆိုလိုလည်း.. မင်းသိရဲ့လား ”..လို့ ပြောလိုက်တယ်။
တယူသန်ကတော့ “ မသိပါဘူးဗျာ.. သိလည်းမသိချင်ပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီး ပြောပြန်တယ်။
ဒီတော့ မောက်မာက “ ငါသာလျှင် ဒီစင်္ကြာဝဌာကြီးမှာ အရှင်သခင်ကွ..ငါလိုလူ ငါတစ်ယောက်ထဲရှိတယ်ကွ”လို့ ပြောပြန် ရော။
တယူသန်ကတော့ထုံးစံအတိုင်း ခေါင်းကိုတွင်တွင်ခါလို့ “ ငါသိတာက.. စားမယ်.. အိပ်မယ်.. ငိုစရာရှိငိုမယ်..ဒါဘဲ.. မင်းရှိတာလည်း ငါအတွက် ဘာမှမထူးခြားဘူး” လို့ ပြောတယ်။
ဒီတော့ မောက်မာက နှာခေါင်းရှုံ့လိုက်ပြီး “ ဟင်း.. ဒီကောင် ဘယ်လိုလူစားမျိုးပါလိမ့် ” ဆိုရှုံ့ချလိုက်တယ်။
ဒီတော့ တယူသန်က “ ဟုတ်တယ်.. ဘုရားက ဖန်တီးပေးထားသလောက်ပဲ ငါယူထားတယ်.. ငါဘ၀ကို ငါကျေနပ်တယ် ” လို့ပြောလိုက်ရော မောက်မာက တယူသန်ကို “ ငနုံ.. ငနုံ.. မင်းဟာ ငနုံဘဲ ” ဆိုပြီး မြေပြင်ကို စိတ်တိုတိုနဲ့ ဆွဲလဲပစ်လိုက် တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေကြပါရော။ အတော်ကြာအောင်သူတို့ နပန်းလုံးကြတယ်။ ဘယ်သူ့ ဘယ်သူမှမနိုင်ပါဘူး။ နပန်းလုံးလို့ အားလည်းအားရသွားရော မောက်မာက စိတ်လျှော့လိုက်ပြီး “ အင်း.. ငါက.. ငါနဲ့ ကောင်းကင်ကြီးရယ်သာ ဒီစင်္ကြာဝဋ္ဌာကြီးထဲမှာ ရှိတယ်ထင်နေတာ.. ခုတော့ ဒီငနုံတစ်ကောင်ပါရှိနေတာ ငါလက်ခံ ရတော့မှာပေါ့” ဆိုပြီး တယူသန်ကို အသိအမှတ် ပြုလိုက်ရတော့တယ်။
အဲ့ဒီအချိန်ကစပြီး တယူသန်နဲ့မောက်မာကို အမြဲအတူ ယှဉ်တွဲတွေ့နေရတော့တယ်။ သူတို့နှစ်ယောက်ဟာ ခွဲခွာလို့ မရအောင် ဘယ်သွားသွား ဘယ်လာလာ အတူတူ ဖြစ်နေကြတော့တယ်။
ဒါကြောင့် တစ်ယူသန်စိတ်ရှိလာရင် မောက်မာလာတာနဲ့အမျှ မောက်မာလာရင်လည်း လူတွေဟာ ငါဘဲမှန်တယ်.. ငါ…ဆိုတဲ့ တစ်ယူသန်စိတ်တွေ ရှိလာတတ်ကြတာပါ။ ဒီစိတ်နှစ်ခုဟာ ခွဲခြားလို့ကို မရတော့ပါဘူး။
**Mya Thway Ni**
Wednesday, January 4, 2012
Tuesday, January 3, 2012
ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။
တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။
ဒီလိုနဲ့ နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။
နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။
ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။
လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရော သဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။
တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။
လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။ လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ တင့်သင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။
လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။
မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--
With Regards,
**May Thet Htwe**
Tuesday, December 27, 2011
ဘယ်သူ့ကို အရင်ဖိတ်မလဲ

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။
"မရှိဘူး...အပြင်သွားတယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို
့ကို ပြန်သွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။
ဆက်၍ "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို
ဘယ်သူအရင် ၀င်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင်
သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....
စာရေးသူ -ယွန်း

