ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဘာသာပြန်အက်ဆေး. Show all posts
Showing posts with label ဘာသာပြန်အက်ဆေး. Show all posts

Friday, July 8, 2016

=အတွေး=

“ခင်ဗျား ဘာတွေ တွေးနေလဲ” လို့ ဆရာဝန်က မေးတော့ ကျွန်တော့်မှာ လန့်သွားတယ်။ အဲဒီလိုမျိုး တယောက်ယောက်က ဘာတွေ တွေးနေလဲလို့ မေးလိုက်ရင် ကျွန်တော့်မှာ ဘာတွေတွေးနေမိလဲ မသိတော့။ မမေးရင်တော့ ကိုယ့်အတွေးနဲ့ ကိုယ် သိနေသလိုပဲ။ ဘာတွေတွေးနေလဲလို့ ဆန်းစစ်လိုက်တာနဲ့ တွေးနေတဲ့ အတွေးတွေက လူမိမှာစိုးတဲ့ အလစ်သုတ်သမားလို လှစ်ခနဲ ရှောင်ထွက်သွားလေ့ရှိတယ်။ ဘယ်လိုမှ အစဖော်မရ။ “ခင်ဗျား တခုခုတော့ တွေးနေတယ် မဟုပ်လား” ကြည့်၊ ဆရာဝန်ကတော့ ပုလိပ်စစ် စစ်နေခဲ့ပြီ။ သူ့မှာလည်း ဒီလို စစ်ဆေးပိုင်ခွင့် ရှိတယ် မဟုပတ်လား။ သူက ဆရာဝန် လေ။ ကိုယ်က လူနာ မဟုပ်လား။ ဆရာဝန်က ရောဂါရှာဖွေဖို့ လူနာကို ဒီလို ပဲ မေးခွန်းတွေ မေးရ တာ ထုံးစံပဲလေ။ ဒါပေမယ့် သူက ရောဂါကို မမေးပဲ ကျွန်တော့် အတွေးတွေကိုပဲ မေးနေခဲ့တယ်။ ရောဂါ မရှာ ပဲ ကျွန်တော့် အတွေးတွေကို လိုက်ရှာနေသလိုပဲ။ “ခင်ဗျား ဘာတွေ တွေးနေလဲ သိမှ ခင်ဗျား စိတ်ကို ကျွန်တော်ခန့်မှန်းလို့ရမှာပေါ့” ဟော၊ ဒီ ဆရာဝန် ကျွန်တော် ဘာတွေ တွေးနေလဲ သိနေပုံပဲ။ ခက်ပြီ။ ကျွန်တော်ကလည်း အတွေးထဲမှာဆို စည်းမရှိ ကမ်းမရှိ တွေးတတ်တာ၊ စကားနဲ့ ဖွင့်ပြောလို့မကောင်းတဲ့ အရာတွေ၊ အပြင်လောကမှာ မဖွယ်မရာလို့ သတ်မှတ်ထားတဲ့ အရာတွေ၊ ညစ်တီးညစ်ပတ်တွေ၊ မကြံကောင်း မစည်ရာတွေ အကုန်လုံး ကျွန်တော့်အတွေးထဲမှာ ပါတယ်။ သူတပါးကို မနာလိုဝန်တိုတာမျိုးဆို မကောင်းမှန်း သိပေမယ့် အတွေးထဲက ဘယ်လိုမှ ထုပ်လို့မရ။ “အတွေးဆိုတာတော့ အကောင်းရော အဆိုးရော ပါမှာပေါ့ဗျာ၊ ဘာမှ ရှက်စရာ မလိုပါဘူး၊ ပွင့်ပွင့်လင်းလင်း ထုပ်ပြောလိုက်စမ်းပါ” ကြည့်၊ ဒီ ဆရာဝန် ကျွန်တော့် အတွေးတွေကို ရိပ်မိနေသလိုပဲ။ ကျွန်တော့် မျက်လုံးကို အသေအချာ စိုက်ကြည့် နေလိုက်တာ။ မျက်တောင် တောင် မခတ်။ ကျွန်တော် သူ့မျက်လုံးကို မကြည့်ရဲလို့ အောက်စိုက်ထားလိုက် တယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ကြားဖူးတယ်လေ။ သူက ကျွန်တော့် ပြတင်းပေါက်ကနေ ကျွန်တော့် စိတ်ကို ချောင်းမြောင်းနေပုံပဲ။ ဒီလိုတော့ ဘယ်ရမလဲ၊ ကျွန်တော့်မှာ ကိုယ်ပိုင်ဆိုလို့ ဒီ စိတ်နဲ့ ဒီ အတွေးတွေပဲရှိတာ။ ဒါကို တခြားသူ အမြင်ခံလို့ ဖြစ်မလား။ “ခင်ဗျား အခုလို စကားတခွန်းမှ မပြောရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာနေမှာပေါ့” ပြဿနာပဲ၊ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်း နေချင်လို့ပဲ စကားမပြောတာလေ။ စကားပြောလိုက်ရင် ကျွန်တော့် အတွေးတွေ လူသိကုန်မှာပေါ့။ စကားဆိုတာ ပြောခါစသာ စဉ်းစဉ်းစားစား ပြောလို့ရတာ။ ပြောရင်း ပြောရင်း အရှိန် ရလာရင် အလိုအလျောက်ထွက်သွားတတ်တာမျိုး။ ဘယ်လိုပဲ ထိန်းထိန်း လျှာချော်ပြီးထွက်သွားရင် ဘယ်လိုလုပ်မလဲ။ စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတာ အလကား ပေါ်လာတာမှ မဟုပ်တာ။ နောက်တခုက စကားပြောလိုက်ရင် ကျွန်တော့်အတွေးတွေက ရပ်သွားတယ်။ စကားပြောပြီးသွားရင် စိတ်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုမျိုး ဟာတာတာနဲ့။ ဦးတည်ရာ မဲ့သွားတတ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ အဲဒီ အတွက် အတတ်နိုင်ဆုံး စကားမပြောပဲ နေတယ်။ ခက်တာက လူတွေက စကားမပြောပဲ မနေနိင်ဘူး။ လာလာပြောကြတယ်။ ပြန်မပြောပြန်တော့ အထင်လွဲတယ်။ မကောင်းပြောကြတယ်။ ဒီလူ တခုခုတော့မှား နေ ပြီ ဆိုပြီး သတ်မှတ်လာကြတယ်။ နောက်ဆုံး အခုလို ဆရာဝန်ဆီ အပို့ခံရသည်အထိပဲ။ “ခင်ဗျားကို ခေါ်လာတဲ့ လူတွေက ခင်ဗျား လုံးလုံး စကားမပြောတာ တစ်လလောက်ရှိပြီဆို ဟုပ်လား” တစ်လလား၊ နှစ်လလား ကျွန်တော်လည်း မပြောတတ်၊ ဒါမျိုးကလည်း ပြက္ခဒိန်တွေ ဘာတွေမှာ မှတ်ထားမှသာ သိနိင်တာမျိုး မဟုပ်လား၊ ကျွန်တော့်စိတ်ထဲမှာတော့ အချိန်ကာလဖြတ်သန်းနေတယ်ဆိုတာပဲ ခံစားရတယ်။ ဘယ်လောက်အချိန်ကြာသွားပြီလဲဆိုတာ အမှတ်အသားမရှိ။ အတွေးတွေက ဟိုရောက်သည်ရောက်ဆိုတော့ အချိန်ကာလက ဖဲကြိုးဝါတချောင်းလို တွန့်လိမ်ကောက်ကွေးနေတတ်တယ်။ အတိတ်အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်လဲဆိုတာ မခွဲခြားနိင်။ ပိုဆိုးတာက တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာလား၊ ဖြစ်စေချင်ခဲ့တာလား၊ ဖြစ်တယ်လို့ ထင်ခဲ့တာလား၊ မကွဲပြား။ “ထားပါတော့ဗျာ၊ ခင်ဗျား မပြောချင်လဲနေပါ၊ အခု ကျွန်တော် ခင်ဗျားကို ဘောပင်ပေးမယ်။ အဲဒီ ဘောပင်နဲ့ စိတ်ထဲရှိတာ တခုခု ချရေးကြည့်ပါလား” ဒါမျိုးတော့ လာလုပ်လို့ဘယ်ရမလဲ။ ဒီလောက်တော့ သိပါ သေးတယ်။ အတွေးတွေ လေထဲပျံ့ကုန်မှာစိုးလို့ စကား မပြောတာလေ။ စာရွက်ပေါ်ချရေးမှတော့ အထုပ်အထည်နဲ့ မိတော့မှာပေါ့။ ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ရည်းစားစာတွေဆို တွေ့တာနဲ့ အလျင်အမြန် မီးရှို့ပစ်ရတယ်။ ကိုယ့် ခံစားမှုကို လူမြင်သူမြင်ချပြရတာ အတော် ကသိကအောက် နိင်တဲ့အလုပ်။ အရင်က ဝါသနာပါလို့ ရေးဖြစ်ခဲ့တဲ့ တကိုယ်ရေ အက်ဆေးလေး တွေတောင် သော့အထပ်ထပ် ခတ်ပြီး သိမ်းထားရတယ်။ အဲဒီထဲမှာ ကျွန်တော့် အတွေးတွေ တစွန်းတစ ပါ နေတယ်မဟုပ်လား။ အဲဒီကနေ ခြေရာခံပြီး ကျွန်တော့် အတွေးနယ်ထဲ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အတွေးတွေကို တွေ့သွားခဲ့ရင် လူတွေကျွန်တော့်ကို အတော်လေး ရွံရှာ စက်ဆုတ်ကြမှာ အမှန်ပဲ။ သူတို့လုံးဝ မထင်မှတ်ထားတဲ့ သူတယောက် ဖြစ်နေတာ သိရပြီး ကျွန်တော့်ကို ရှောင်ခွာသွားကြလိမ့်မယ် ဆိုတာ ကျွန်တော် အတတ်ပြောရဲတယ်။ ကုန်ကုန် ပြောရရင် ကျွန်တော် ပေါင်းနေတဲ့ မိန်းမ တောင် ကျွန်တော့်ကို နားလည်တော့မှာ မဟုပ်ဘူး။ ကျွန်တော်ဟာ သူသိထားတဲ့ သူ့ယောကျာ်းမဟုတ်ပါဘူးလို့ အကြောက် အကန်ငြင်းပြီး ကွာရှင်းခွင့်တောင်း မှာ သေချာတယ်။ ကျွန်တော့် သားလေးနှစ်ယောက်တောင်မှ သူတို့အဖေဟာ လေးစားစရာ ဖခင်တယောက် မဟုပ်မှန်း သိသွားကြပြီး ဒီ အဖြစ်ကို လက်ခံနိင်ကြပါ့မလား မသိ။ ဒီ့အတွက် ကျွန်တော့်မှာ ကိုယ့်အတွေးတွေကို ဘယ်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေရတယ်။ ကိုယ်ဘာ တွေ တွေးနေလဲဆိုတာ မျက်နှာမှာမပေါ်အောင် ကြိုးစား လေ့ကျင့်ရတယ်။ စကားနဲ့ မပြော စာနဲ့ ချမရေး ပေမယ့်လည်း မျက်နှာအမူအယာကလည်း စကားအများကြီး ပြောတယ် မဟုပ်လား။ ဖြစ်နိင်ရင် ကျွန်တော့် မျက်နှာမှာ ခံစားမှု မပေါ်အောင် မျက်နှာသေကြီးနဲ့ နေရတယ်။ မရယ်မပြုံးနဲ့၊ ဝမ်းသာတဲ့ပုံလည်း မပြ၊ ဝမ်းနည်းတဲ့ ပုံလည်း မပြ၊ စိတ်လှုပ်ရှားမှုကင်းတဲ့ မျက်နှာမျိုး ဖြစ်အောင်နေရတယ်။ ကျွန်တော့်ရဲ့ မျက်နှာ သေကြီးကို ကြည့်ပြီး ဆရာဝန်လည်း စိတ်လျှော့ လိုက်ပုံရပါတယ်။ ဆေးလိပ်ကို မီးညှိပြီး ကုလားထိုင်နောက် ကျောကို မှီကာ ဖွာနေခဲ့တယ်။ ပြီးမှ သတိရသွားပုံနဲ့ ကျွန်တော့ကို ဆေးလိပ်ကမ်းတယ်။ “ဆေးလိပ်သောက်တတ်လား၊ သောက်ပါဦး” ကျွန်တော်လည်း တလိပ်ယူပြီး ဖွာလိုက်တယ်။ ဖြစ်ပုံက ဆရာဝန်နဲ့ လူနာ စားပွဲရဲ့ တဖက်တချက်မှာ ထိုင်ပြီး ဆေးလိပ်ကိုယ်စီ ထိုင်ဖွာလို့။ သူက ကျွန်တော့်ကို ဘာမှလည်း မမေးတော့၊ ဘာမှလည်း မရေးခိုင်းတော့၊ ဒီတိုင်း ထိုင်ပြီး ကျွန်တော့် အမူအယာကို အကဲခတ်နေခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ဘာမှ မမေး၊ သူမေးတာလည်း မဖြေ၊ ဒီတိုင်း ထိုင်ပြီး ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ မှန်ထဲမှာ ကိုယ့် ပုံရိပ်ကိုယ် ကြည့် ငေးနေကြသလိုမျိုး။ အဲဒီလိုနဲ့ အတော်ကြာသွားတယ်။ ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် မျောလို့။ သူလည်း ကျွန်တော့်လိုပဲ ထင်ပါရဲ့။ သတိရလိုက်တဲ့အချိန်ကျတော့ အတော်နောက်ကျနေခဲ့ပြီ။ ကျွန်တော့်အတွေးတော်တော်များများက ကျွန်တော် ဖွာထုပ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ ပျံ့လွင့်လို့။ စကားလုံးလေးတွေက မီးခိုးငွေ့တွေ လို အထက်ကို တရွေ့ရွေ့တက်နေကြတယ်။ လတ်တလော ကျွန်တော် တွေးနေတဲ့အရာတွေအားလုံး ကို စကားလုံးတွေ အဖြစ် ကျွန်တော့်မှာ မြင်နေရတယ်။ ဆရာဝန်ကို ကြည့်လိုက် တော့ သူက မီးခိုးငွေ့တွေကို လိုက် ကြည့်ပြီး အဲဒီ စကားလုံးတွေကို ဖတ်ရှုနေပုံပဲ။ ကျွန်တော် အရမ်း တုန်လှုပ်သွားတယ်။ ကျွန်တော် လူမမြင်အောင် အထပ်ထပ် သိမ်းဆည်းထားတဲ့အတွေးတွေဟာ အခုတော့ လေထဲမှာ ပေါ့ပါးပျံ့လွင့်လို့နေခဲ့ ပြီ မဟုပ်လား။ အရပ်ရှစ်မျက်နှာက လူအပေါင်းဟာ မကြာမှီမှာ ကျွန်တော့် အတွေးတွေကို ထုတ်ခြင်းခတ် ဖတ်ရှု နိင်တော့မယ် မဟုပ်လား။ ကျွန်တော် အလန့်တကြား ဆေးလိပ်ကို ထိုးချေလိုက်တယ်။ ဒါဟာ ဆရာဝန်ရဲ့ ဥာဏ်နီဥာဏ်နက်ပဲ။ ကျွန်တော့်အတွေးတွေကို ဒီနည်းနဲ့ မလိမ့်တပတ် သူ ဖတ်ရှုလိုက်တာပဲ။ သတိ လက်လွတ် ဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် နောင်တ ရလို့မဆုံး။ တော်ပြီ နောက်ဆို ကျွန်တော် ဆေးလိပ်လုံးဝ မသောက်တော့။ သံန္ဒိဌာန် ချလိုက်မိတယ်။ မရတော့။ သိပ်နောက်ကျသွားခဲ့ပြီ။ ကျွန်တော့်အတွေးတွေက ကျွန်တော် ရှူထုပ်လိုက်တဲ့ လေနဲ့အတူ ပတ်ဝန်းကျင် အနှံ့ပျံ့နှံ့လို့နေတယ်။ ဘယ်လိုမှ တားဆီးလို့မရ။ ကျွန်တော် ဘာမှ မတွေးပဲ နေကြည့်တယ် ခဏပဲ ခံတယ်။ မရ။ အသက်မရှုပဲ အောင့်ထားမိတယ်။ ခဏပဲ ခံတယ် မရ။ ကျွန်တော် သေလောက်အောင် စိတ်ညစ်မိတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက ကျွန်တော့်ကို ပြုံးစစ နဲ့ ကြည့်နေတယ်။ အခုတော့ ကျွန်တော့်အတွေးတွေ အားလုံး သူ မြင်ခွင့်ရခဲ့ပြီ မဟုပ်လား။ ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ခုန်အုပ် ဖို့ ကြိုးစားလိုက်တယ်။ အချည်းနှီးပါပဲ။ သူက ကျွန်တော့်အတွေးတွေကို သိနေတဲ့သူ မဟုပ်လား၊ အသာ အယာပဲ ရှောင်ပြီး ခလုတ်တချက်နှိပ်လိုက်တယ်။ လုံခြုံရေးနှစ်ယောက် ရောက်လာပြီး ကျွန်တော့်လက်တွေကို ဝတ်စုံတခုထဲ အတင်းထိုးထည့်ကာ ချုပ်လိုက်ကြတော့တယ်။ 

.......................................


. +ဒီနိုဗို+

Read More...

Friday, January 29, 2016

=Just a minute(အချိန်လေးခဏပေးပါ)=

၁၈၆၃ ခုနှစ် ဇူလိုင်လပထမဆုံးသုံးရက်လောက်မှာ Gettysburg စစ်ပွဲဖြစ်ပွားခဲ့တယ်.။ စတုတ္ထမြောက် ရက်ရဲ့ ညဘက်မှာတော့ မိုးသက်လေပြင်းတွေ ကျရောက်လာတာကြောင့် လီရဲ့ တပ်ဖွဲ့တွေဟာ တောင်ဘက်ပိုင်းကို ဆုတ်ခွာလာကြပါတယ်။ ချိနဲ့နေခဲ့တဲ့ စစ်တပ်နဲ့အတူ လီဟာ Potomac ဆိုတဲ့နေရာကိုရောက်တော့ ရေစီးအလွန်ကြမ်းပြီး ဘယ်လိုမှဖြတ်မရတဲ့ မြစ်တစ်ခုက တားဆီးနေခဲ့တယ်။ သူတို့ရဲ့နောက်မှာတော့ လက်ရှိအနိုင်ရနေတဲ့ စည်းလုံးညီညွှတ်ရေးတပ်မတော်ကရှိနေပြန်တယ်..။ လီရဲ့ အခြေအနေက တကယ့်ကို ကျဉ်းထဲကြပ်တည်းပါပဲ။ ဒီလိုပုံစံဆို သူဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာမဟုတ်။ ဒါကို လင်ကွန်း (အီဗရာဟမ်လင်ကွန်း) က ကောင်းကောင်း မြင်တယ်။ ဒါဟာ တကယ့်ကို ဘုရားပေးတဲ့ဆုပါပဲ။ ဆုမှ တကယ့်ဆုကြီးကြီးပါ..။ လီရဲ့စစ်တပ်ကို အောင်နိုင်ပြီးတော့ စစ်ပွဲကြီးကို ချက်ချင်းရပ်တန့်ပစ်စေနိုင်တဲ့ ဆုလဒ်ကြီးပါ။ မျှော်လင့်ချက်အပြည့်နဲ့ လင်ကွန်းဟာ Meade ဆီကို အမိန့်ပေးပါတော့တယ်။ စစ်ကောင်စီကို မခေါ်တော့ပဲနဲ့ ချက်ချင်းပဲ လီတို့ကို တိုက်ခိုက်ဖို့၊ ဒီအမိန့်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ ကြေးနန်းပို့လိုက်တယ်..။ ဒီအချိန်မှာ Meade လုပ်ခဲ့တာက လင်ကွန်းခိုင်းတာနဲ့ တကယ့်ကို ဆန့်ကျင်ဘက်လုပ်ခဲ့ပါတယ်။ လင်ကွန်း မခေါ်ခိုင်းတဲ့ စစ်ကောင်စီကို ခေါ်ခဲ့တယ်။ တိုက်ခိုက်ဖို့ တွန့်ဆုတ်နေခဲ့တယ်။ အချိန်ဆွဲနေခဲ့တယ်။ နောက်ဆုံး တော့ မြစ်ရေလည်းကျသွားပြီးတော့ လီရဲ့စစ်တပ်က လွတ်မြောက်သွားခဲ့တယ်။ လင်ကွန်းအလွန်ဒေါသပုန်ထသွားတယ်..။ သူ့သားဖြစ်တဲ့ ရောဘတ်ကို ဒေါသတကြီးနဲ့ အော်ဟစ်ပြောပြနေခဲ့တယ်။ `ဒီကောင်တွေ ငါတို့ရဲ့လက်ခုပ်ထဲရောက်နေတာတောင် မဖမ်းမိနိုင်ဘူးလား။ ငါသာအဲဒီနေရာမှာဆို လီကို စိကနဲဆွဲဖမ်းပစ်ခဲ့မှာ` လို့ ဒေါသတကြီးပြောဆို နေခဲ့ပါတယ်..။ သားဖြစ်သူကို ရင်ဖွင့်ရုံတင်နဲ့ လင်ကွန်းမကျေနပ် သေးပါဘူး။ ခါးခါးသီးသီး အလိုမကျမှုတွေနဲ့ Meade ဆီကိုစာရေးပါတော့တယ်။ `လီလွတ်မြောက်သွားခဲ့တဲ့အတွက် တကယ့်ကို မယုံနိုင်စရာပါပဲကွာ။ သူက ငါတို့ရဲ့ လက်တကမ်းမှာပဲ ရှိနေခဲ့တာပါ။ သူ့ကိုသာ ဖမ်းမိနိုင်ရင် ငါတို့အခု ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေကို ရပ်တန့်ပစ်နိုင်ခဲ့မှာပါ။ ကဲ.. အခုလိုဆိုရင်တော့ ဒီစစ်ပွဲကြီး ဘယ်အထိ ဆက်သွားနေဦးမှာလဲ။ ဒီတနင်္လာနေ့တုန်းက လီကို မင်းမဖမ်းနိုင်ခဲ့ရင်ဘယ်လိုလုပ်ပြီး တောင်ဘက်ပိုင်းထိ သွားတိုက်နိုင်မှာလဲ။ မင်းအပေါ်မှာ မျှော်လင့်ချက်တွေ မထားသင့်တော့သလို မင်းဟာ ထိရောက်တဲ့ဆောင်ရွက်မှုတွေပေးနိုင်မယ်လို့လည်း ငါမထင်တော့ဘူး။ ငါတို့ရဲ့ ရွှေရောင်အခွင့်အရေးကြီး လွတ်သွားပြီ။ ယူကြုံးမရလောက်အောင်ကို စိတ်ပျက်မိတယ်` လို့ရေးပါတယ်..။ တကယ်တော့ အဲဒီစာကို Meade လည်းမဖတ်လိုက် ရသလို လင်ကွန်းလည်း မပို့ဖြစ်ခဲ့ပါဘူး။ ဒီစာကို လင်ကွန်းသေဆုံးပြီးမှသာ တွေ့ခဲ့ကြတာပါ။ 

တကယ်တော့ ဒီစာကိုရေးပြီးတဲ့အခါမှာ လင်ကွန်းက ခဏလေးတွေးမိပုံရပါတယ်။
 `ငါအရမ်းအလျင်မလို သင့်ဘူး။ ဒီထိုင်ခုံမှာထိုင်ပြီး အိမ်ဖြူတော်ကနေ ဟိုဟာလုပ်ဒီဟာလုပ်လို့ အမိန့်ပေးရတာလွယ်သလောက် တကယ်တမ်း Meade လိုနေရာမျိုးမှာ ငါရောက်နေခဲ့ရင်နေ့စဉ်ရက်ဆက် သွေးသံတရဲရဲနဲ့ အော်ဟစ်ညည်းညူသံတွေကိုပဲ ကြားနေခဲ့ရမယ်ဆိုရင် ငါလည်း ဒီလိုလုပ်မိမယ်ထင်တယ်။ တကယ်တမ်း ဒီစာကိုငါပို့ဖြစ်ခဲ့ရင် ငါတော့ စိတ်ပြေသွားမယ်။ ဒါပေမယ့် Meade အတွက်တော့ သူဟာ အသုံးမကျတဲ့သူလို့ ခံစားနေမိပြီးတော့ အလုပ်ကနေတောင် အနားယူသွားနိုင်တယ်` လို့ တွေးမိခဲ့ပုံပါ။

 Criticisms ဆိုတဲ့ ပြစ်တင်ပြောဆိုမှုဟာ ကိစ္စတိုင်းအတွက် ဖြေရှင်းချက်မဟုတ်ဘူးဆိုတာကို လင်ကွန်းလိုလူက အချိန်လေးခဏပေးပြီး စဉ်းစားမိလိုက်လို့ပါပဲ..။ တကယ်တမ်း လင်ကွန်းသာ အချိန်လေးခဏလောက် မပေးဖြစ်ပဲ ရှူးရှူးရှဲရှဲနဲ့ စာကိုပို့ဖြစ်ခဲ့ရင် ရလဒ်တွေဟာ အနုတ်ပြကောင်းပြသွားပါလိမ့်မယ်။ ပြီးတော့ လင်ကွန်းဟာ နှုတ်ကြမ်းတယ်ဆိုပြီး နာမည်ထွက် သွားပါလိမ့်မယ်..။ Just a minute ဆိုတာ စကားသုံးလုံးပေမယ့် ကျင့်ကြံအားထုတ်နိုင်ဖို့ကတော့ အင်မတန် ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိပါလိမ့်မယ်။

 //////////////////////////////////////////////////////////////////////////////////

 +နေဝသန်+

Read More...

Sunday, December 20, 2015

=ငွေမက်သူတို့ မှတ်စေဘို့=

ငွေကြေး ချွေတာ စုဆောင်းတတ်သူ တစ်ဦး ရှိတယ်။ သူ့ဘ၀ တလျှောက်လုံးမှာ အမြဲတန်း အလုပ် ကြိုးစားပြီး ရသမျှငွေကို မသုံးရက် မစားရက်ပဲ စုဆောင်းတယ်။ ငွေမက်တဲ့သူ ဆိုပါတော့။ လူ့ဘ၀မှာ ပိုက်ဆံသာလျှင် အဓိကလို့ ခံယူထားတဲ့သူပေါ့။ တနေ့ သူနာမကျန်း ဖြစ်လာတဲ့အခါ သူ့ပိုက်ဆံတွေကို စိတ်မချ ဖြစ်လာတယ်။ ဒါနဲ့ သူ့မိန်းမကို ပြောတယ်။
 “ငါ့ပိုက်ဆံတွေကို နောင်ဘ၀အထိ သယ်သွားချင်တယ်။ ငါသေသွားတဲ့အခါ ပိုက်ဆံတွေ အားလုံးကို ငါ့အလောင်း ထည့်ထားတဲ့ ခေါင်းထဲ ထည့်ပေးလိုက်ပါ။ ထည့်ဖြစ်အောင်ထည့်မယ်လို့ ဂတိပေးပါ။” သူ့မိန်းမကလည်း ထည့်ပေးလိုက်ပါမယ်လို့ အထပ်ထပ် အခါခါ ကတိ ပေးလိုက်တာပေါ့။ ဒီရောဂါနဲ့ပဲ သူသေသွားတယ်။ သူ့ အသူဘ ချတဲ့နေ့ ရောက်လာတယ်။ သူ့ အလောင်းကတော့ သစ်သား ခေါင်းတလားထဲမှာ စန့်စန့်ကြီး လဲလျောင်းလို့ ...။ မိန်းမကတော့ အနက်ရောင် ၀တ်စုံ ၀တ်လို့ ... သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ ဘေးမှာ ထိုင်နေရှာတယ်။ အသုဘ အခန်းအနား ပြီးသွားတဲ့အခါ သဂြီ င်္ုလ်ဘို့ အဆင်သင့် ဖြစ်နေပြီ။ အခေါင်းကို ပိတ်တော့မယ်။ သူ့မိန်းမက ခဏ စောင့်ပါဦး လို့ ပြောလိုက်တယ်။ သူမရဲ့ လက်ထဲမှာတော့ စက္ကူဘူး တစ်ဘူး .... အခေါင်းကို အသာအယာ ဖွင့်ပြီး စက္ကူဘူး ကို ထည့်လိုက်တယ်။ အလောင်းကို သဂြီ င်္ုလ်ဘို့ သယ်သွားကြတယ်။ သူမရဲ့ သူငယ်ချင်းက စိုးရိမ် တကြီးနဲ့ မေးတယ်။ “ပိုက်ဆံတွေ အကုန်လုံး အခေါင်းထဲ ထည့်ပေးလိုက်တာလား။ ညည်း ဒီလောက်တော့ မမိုက်မဲပါဘူးနော်။” 
 “ကျမ သူ့ကို ကတိပေးပြီးသွားပြီ။ ကျမတို့ ကိုးကွယ်တဲ့ ဘာသာရေး အရ မလိမ် မညာရဘူး။ ပိုက်ဆံတွေ အားလုံး သူနဲ့ အတူ ထည့်ပေးလိုက်ဘို့ ဂတိ အတိုင်း လုပ်လိုက်ရတယ်။”
 “ဒါ ...ဒါဖြင့် ပိုက်ဆံတွေကို ခေါင်းထဲ ထည့်ပေးလိုက်တာပေါ့ ... ဟုတ်လား”
 “ဟုတ်တယ်” 
“ရှိရှိသမျှ ပိုက်ဆံတွေ အားလုံးကို ကျမ Account ထဲ ထည့်လိုက်တယ်။ ပြီးတော့ သူ့နာမည်နဲ့ ချက်လက်မှတ် တစ်စောင် ရေးလိုက်တယ်။ ခုနက ထည့်လိုက်တာ အဲဒီ ချက်လက်မှတ်ပေါ့ ….” ။

http://www.funnyjunkz.com မှ Miser’s Final Wish ကို ဘာသာပြန်ပါတယ်။ 

+မချို (ပန်းခရမ်းပြာ) +

*********************************************
 မူရင်းက ဒီမှာပါ။ အားလုံး ပြုံးနှိုင်ကြပါစေ။
 http://www.funnyjunkz.com/short-funny-stories/misers-final-wish/#more-688 There was a man who had worked all of his life and had saved all of his money. He was a real miser when it came to his money. He loved money more than just about anything, and just before he died, he said to his wife, “Now listen, when I die, I want you to take all my money and place it in the casket with me. I wanna take my money to the afterlife.” So he got his wife to promise him with all her heart that when he died, she would put all the money in the casket with him. Well, one day he died. He was stretched out in the casket, the wife was sitting there in black next to her closest friend. When they finished the ceremony, just before the undertakers got ready to close the casket, the wife said “Wait just a minute!” she had a shoe box with her, she came over with the box and placed it in the casket. Then the undertakers locked the casket down and rolled it away. Her friend said, “I hope you weren’t crazy enough to put all that money in the casket.” She said, “Yes, I promised. I’m a good Christian, I can’t lie. I promised him that I was going to put that money in that casket with him.” “You mean to tell me you put every cent of his money in the casket with him?” “I sure did, ” said the wife. “I got it all together, put it into my account and I wrote him a cheque. Collapse... Posted by ပန်းခရမ်းပြာ

Read More...

Sunday, November 22, 2015

= မိတ်ဆွေဖြစ်ရတာ ၀မ်းမြောက်စရာ=

လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် သဘာဝတရားအရ တစ်ဦးတည်း တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မိဘ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း သူငယ်ချင်း ဆိုတာများဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ လူ့သဘာဝအရ တစ်ကိုယ်တည်း ရှင်သန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိနေခဲ့ပါတယ်။ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဖြစ်ခဲ့ရင်သာနေမယ် လူ့အသိုင်းအ၀ိုင်းနဲ့တော့ ဘယ်လိုအကြောင်းကြောင့်မှ ကင်းကွာပြီး နေလို့မရနိုင်ပါဘူး။ အဲဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲမှာ ကျင်လည်နေထိုင် ကြရတဲ့အခါ နေ့စဉ်နဲ့အမျှ လူသားတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး အကြောင်းအမျိုးမျိုးနဲ့ ထိတွေ့ ဆက်ဆံ ပေါင်းသင်းကြရာကနေ ခင်ရာမင်ရာ မိတ်ဆွေ ဖေါ်သဟာ သူငယ်ချင်းများ ဖြစ်ကြရပါတော့တယ်။ အမှန်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ လူတိုင်းအတွက် ဘုရားသခင်ပေးတဲ့ ဆုလာဒ်လို့ ပြောလို့ရသလို သဘာဝကပေးတဲ့ လက်ဆောင်လဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား ရင်းနှီးချစ်ခင်မှုတွေ ရှင်သန် တိုးပွားလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ကူညီယိုင်းပင်းကြရင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးကလက်တွဲလို့ ဖြေရှင်းကြရင်း တသက်တာအတွက် ခင်မင်တွယ်တာစရာ၊ အပြန်အလှန် လေးစားချစ်ခင်စရာ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာတတ်ကြတယ် မဟုတ်ပါလား။ အဲဒီလို လူ့လောက လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ဖြူစင်တဲ့ မေတ္တာပေါ် အခြေခံလို့ ရင်းနှီးခင်မင်စွာနဲ့ တသက်တာ ယုံကြည်လက်တွဲသွားရမယ့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေအဖြစ် အပြန်အလှန် ရပ်တည်ခွင့်ရတာဟာ ဘယ်လောက်တောင် ကောင်းတဲ့အဖြစ်ပါလဲ။ သင်အလွန်ချစ်ခင်ရတဲ့၊ သင့်ဘ၀အတွက် အင်မတန် ယုံကြည် အားကိုးရတဲ့ မိတ်ဆွေ သူငယ်ချင်းများ သင့်အနားမှာ ရှိနေခဲ့ခြင်းအတွက် သင့်အနေနဲ့ ဘယ်လောက်ထိအောင် ကြည်နူး ၀မ်းမြောက်ဖြစ်ရခြင်းများကို ခံစားဖူးခဲ့ပြီလဲ…။ အဲဒီလို အပေါင်းအသင်း မိတ်ဆွေများနဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေ အဆိုအမိန့်လေးတွေကို စုစည်းရေးသားထားတဲ့ လက်တ၀ါးသာသာ စာအုပ်လေးတစ်အုပ်ကို ကြိုက်နှစ်သက်စွာ ဖတ်ရှုမိခဲ့ရာကနေ မိတ်ဆွေ သူငယ်ချင်းများကိုပါ မျှဝေ ခံစား ဖတ်ရှုစေချင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာခဲ့မိပါတယ်။ အဲဒါကြောင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်းအတွက် ဖြစ်ပေါ်လာတဲ့ ကြည်နူးမှု ၀မ်းမြောက်မှု အစရှိသော ခံစားချက် အဖွဲ့အနွဲ့ အဆိုအမိန့် အရေးအသား ကလေးများကို ဟောလ်မာ့ခ် စာအုပ်တိုက်က စုစည်းပြီး ထုတ်ဝေခဲ့တဲ့ “So glad we’re friends (တို့များ မိတ်ဆွေဖြစ်ရတာ အလွန် ၀မ်းမြောက်စရာ)” ဆိုတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာလေးတချို့ကို ကြိုးစားဘာသာပြန်ပြီး မူရင်း ရေးသားချက်ကလေးများနဲ့အတူ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။


 Of all the lovely treasures 
At the rainbow’s brilliant end, 
One brings lasting pleasure:
 A dear and trusted friend. (Anonymous) 

 စွဲမက်မြတ်နိုးဖွယ်ရာ
 ရှိရှိသမျှ ရတနာတို့ရဲ့အမွန်
 ရောင်စဉ်ဖြာကျတောက်ပလှတဲ့
 သက်တန့်ရောင်စုံတွေရဲ့ အလွန်မှာ
တသက်တာ ပျော်ရွှင် ကြည်နူးစရာတွေကို 
ယူဆောင်ပေးလာသူဟာတွယ်တာချစ်ခင်
 ယုံကြည်သက်ဝင်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက်သာ…။ 

* * * @ @ @ @ @ ~ @ @ @ @ @ * * *


 Good friends are like the evening shadows: 
they increase in importance until the sun of life sets. (after Johann Gottfried von Herder) မိတ်ဆွေကောင်းတွေဟာ 
ညနေစောင်းရဲ့ အရိပ်တွေလိုပါပဲ။ 
ဘ၀ရဲ့နေ၀င်ချိန်တွေနီးလာလေ
 မိတ်ဆွေစစ်တွေရဲ့ အရေးပါမှုက တိုးပွားလာလေ…။ 


* * * @ @ @ @ @ ~ @ @ @ @ @ * * *
God chooses our relatives, 
we choose our friends. (Jacques Delille) 
ငါတို့တော်စပ်ရမယ့် မိဘဆွေမျိုးတွေကို ဘုရားသခင်က ရွေးချယ်ပေးတယ်။ ငါတို့ပေါင်းသင်းရမယ့် မိတ်ဆွေတွေကိုတော့ ငါတို့ကိုယ်တိုင် ရွေးချယ်တယ်။

 * * * @ @ @ @ @ ~ @ @ @ @ @ * * * 

A good friend is like a wonderful book….. 
The inside is even better than the cover! (Anonymous) 

မိတ်ဆွေစစ်ဆိုတာ
 စာအုပ်ကောင်းတစ်အုပ်ပမာ…
 စာအုပ်တွင်းကအကြောင်းအရာ
 အဖုံးထက်ကိုသာလွန်စွာ… 

 * * * @ @ @ @ @ ~ @ @ @ @ @ * * * 

A friend is a present you give to yourself! သူငယ်ချင်းဆိုတာ ကိုယ့်ကိုယ်ကိုပေးတဲ့ လက်ဆောင်မွန် တစ်ခု ဖြစ်ပါတယ်။ 

* * * @ @ @ @ @ ~ @ @ @ @ @ * * *

 The Miracle of Friendship
 There’s a miracle called friendship 
That dwells within the heart,
 And you don’t know how it happens
 Or when it gets its start.
 But the happiness it brings you
 Always gives a special lift,
 And you realize that friendship 
Is life’s most precious gift. 

 ရင်းနှီးမှုဟာ အံ့ဖွယ်ရာ 
 ရင်းနှီးမှုလို့ ဆိုတဲ့အရာ 
ထူးခြား ဆန်းကြယ် အံ့ဖွယ်ပါ
 မိတ်ဆွေတွေရဲ့ အကြားမှာ
 နှလုံးသားချင်းသာ သိနိုင်တဲ့အရာ…။ 

ဘယ်အချိန်က စလို့
 ဘယ်လိုများ ခင်ခဲ့ကြသလဲ သိနိုင်ခဲလှတာ …။

 ဒါပေမယ့်လေ…
 အတူပါလာတဲ့ ပျော်ရွှင်ခြင်းတွေကတော့
 အမြဲထာဝရ ထူးခြားလွန်းလှတဲ့ 
စိတ်အား တက်ကြွခြင်းတွေကိုပေးတယ်။
 ပြီးတဲ့အခါ… 
အဲဒီခင်မင်မှုဟာ
 တသက်တာ အမှတ်တရ 
တန်ဖိုးဖြတ်မရတဲ့ ဘ၀ရဲ့ လက်ဆောင်တစ်ပါးဖြစ်ပေတယ်…။ 


 * * * @ @ @ @ @ ~ @ @ @ @ @ * * *


 A true friend A true friend shares freely, 
advises justly, assists readily, adventures boldly, 
takes all patiently, defends courageously, 
and continues a friend unchangeably. (William Penn)

 မိတ်ဆွေစစ် မိတ်ဆွေစစ်ဆိုတာ လွတ်လပ်စွာ မျှဝေခံစားရင်း 
မျှတစွာ လမ်းညွှန်ဖေးမရင်း 
အသင့်ရှိစွာ ကူညီစောင်မရင်း
 မြဲမြံစွာ စွန့်စားရင်း စိတ်ရှည်စွာ သည်းခံရင်း 
သတ္တိရှိစွာ အကာအကွယ်ပေးရင်း 
ဘယ်သောအခါမှ မပြောင်းလဲစွာနဲ့ 
မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားသူ…။ 

 * * * @ @ @ @ @ ~ @ @ @ @ @ * * *


 The Best Treasure There’s happiness in little things,
 There’s joy in passing pleasure. But friendships are,
 from year to year, The best of all life’s treasure. 

 အကောင်းဆုံး ရတနာ ဘ၀မှာ ပျော်ရွှင်စရာအချို့ ၀မ်းမြောက်ဖွယ် ကြည်နူးခြင်းအတိတ်တို့ ရှိသော်ငြား နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ ခင်မင်မှုသာ ဘ၀ရဲ့ အကောင်းမြတ်ဆုံးသော ရတနာ… 

 * * * @ @ @ @ @ ~ @ @ @ @ @ * * * 


(တတ်သလောက် မှတ်သလောက်ကလေးနဲ့ ကြိုးစားပြီး ဆီလျောာ်အောင် ဘာသာပြန်ထားတာသာ ဖြစ်ပါတယ်။ အမှားအယွင်း ချို့ယွင်းချက်များ ရှိခဲ့ရင် မိမိရဲ့ ဘာသာပြန်အမှားသာ ဖြစ်ပါလိမ့်မယ်။) 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

 +၀ါခေါင်မိုး+

Read More...

Sunday, August 31, 2014

=== Alienation===

ကွန်ဒိုထဲက ထွက်လို့ လမ်းမပေါ် စလျှောက်လိုက်ချင်းချင်းပဲ ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ဘာလို့ ငါက တစ်ယောက်တည်းဖြစ်နေရတာလဲဆိုတဲ့ အတွေးမှာ ကာလအတန်ကြာ တိမ်မြှုပ်နေတဲ့ ရင်ထဲက အထီးကျန်မှုဟာ ဘယ်ဆီကမှန်းမသိ ရုတ်တရက်ဆိုသလို ပြန်ပေါ်လာတယ်။ ရထားလမ်းပေါ်မှာ တွေဝေမိန်းမော ထိုင်နေမိတဲ့လူတစ်ယောက် တဖြည်းဖြည်းနီးကပ်ကျယ်လောင်လာတဲ့ ရထားခုတ်သံကို ရုတ်တရက် သတိပြုမိလိုက်သလိုမျိုး၊ အသည်းငယ်ချင်စရာ ထိတ်လန့်မှုမျိုးပေါ့။ ခုန အပေါ်ထပ်ဝရန်တာမြင့်မြင့်ကနေ ဒီလမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကို ငါ ငုံ့ကြည့်နေသလို အခုငါ့ကို ငုံ့ကြည့်နေသူ တစ်ယောက်ယောက်ရှိမလား။ မရှိဖို့ များတယ်လို့ တွေးမိလိုက်တော့ ပိုပြီးတုန်လှုပ်သွားတယ်။ ကိုယ့်ခြေလှမ်းတွေကို ကိုယ်ပြန်ကြည့်နေတုန်းပဲ အခုလို လမ်းလျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို သတိရလာတယ်။ သူ အခုဘယ်မှာလဲ သူလည်း အခုချိန် ငါ့လို တစ်ယောက်တည်း လမ်းလျှောက်နေမလား။ လျှောက်နေတယ်ဆိုရင် သူလည်း အထီးကျန်နေမလား၊ ဒါမှမဟုတ် ဘာတွေကို တွေးနေမလဲ။ ဒီလိုနဲ့ ဖုန်းခေါ်ပြီး အကြောင်းအရင်းကို အရေးတကြီး ရှင်းပြလိုက်မိတယ်။ သူက ပြန်ပြောတယ်။ ကျွန်တော် အခု လမ်းတော့လျှောက်မနေဘူး၊ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲတဲ့။ ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ ပေါ်တီကိုရှေ့နားလေးကနေ ခေါင်းမော့ရင်း တိမ်တွေကို ငေးငေးကြည့်နေတယ်ဆိုပဲ။ ကျွန်တော်လည်း ရယ်လိုက်မိတယ်။ အခုတော့ ကျွန်တော်ဖုန်းဆက်လိုက်တဲ့အတွက် ခင်ဗျားနည်းနည်းတော့ ဂုဏ်တက်သွားတာပေါ့၊ ကိုယ့်ကို ဂရုမစိုက်တဲ့ ရေးကြီးသုတ်ပြာလူအုပ်ကြီး ကြားထဲမှာ တစ်ယောက်တည်း တိမ်တွေကိုငေးငေးနေတာထက်စာရင်၊ စပ်ဖြဲဖြဲရုပ်နဲ့ ဖုန်းပြောတဲ့ လူတစ်ယောက်က ပိုပြီးတော့ အဆီအငေါ်တည့်မှာ၊ အနည်းဆုံးတော့ သူဟာ တစ်ယောက်တည်းမဟုတ်ဘူး၊ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေပြီး ပြောစရာအကြောင်းတစ်ခုခုရှိနေတဲ့ လူ့အဖွဲ့အစည်းဝင်တစ်ဦးနဲ့ ပိုတူလာတယ် မဟုတ်လား။ ကျွန်တော်လည်း အခု ရင်ဘတ်ကိုကော့ပြီး လမ်းလျှောက်နေတယ်၊ အနည်းဆုံးတော့ ကျွန်တော့်မှာ တစ်ယောက်ယောက်နဲ့ ပြောစရာကိစ္စတစ်ခုခု ရှိနေတယ်ဆိုတာ ဘေးနားကလူတွေသိစေရမယ်လို့ ပြောရင်း ဖုန်းထဲကနေ ရယ်သံချင်း ဖလှယ်လိုက်ကြတယ်။ ဖုန်းချလိုက်ပြီးနောက်တော့ ကျွန်တော်လည်း အရင်အတိုင်း ခြေလှမ်းတွေကိုကြည့်ရင်း လမ်းဆက်လျှောက်နေမိတယ်။ ဟုတ်တယ်၊ ငါ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲ၊ ဒါပေမဲ့ ငါ့လို လမ်းလျှောက်မနေပေမယ့်၊ တိမ်တွေကိုငေးငေးနေတဲ့ လူတစ်ယောက်လည်း တစ်နေရာမှာ ရှိနေတယ်၊ အဲဒီလူရဲ့ အတွေးထဲမှာ ငါရှိနေတယ် ဆိုတဲ့အသိမှာ ကျွန်တော့်ရဲ့ တည်ရှိမှုကို ကိုယ့်ကိုယ်ကိုယ် သက်သေထူလိုက်နိုင်တယ်။ ဒီတော့လည်း ရထားခုတ်သံကို လန့်သွားတဲ့ သံလမ်းပေါ်ကလူဟာ ရထားကြီး တခြားစင်္ကြန်ဘက် လမ်းလွဲသွားတာ မြင်လိုက်ရသလို၊ အဲဒီသံလမ်းပေါ်မှာပဲ နောက်တစ်ခါ ရထားသံကို ရုတ်တရက် မကြားရခင်အထိ ဆက်လက်တွေဝေမိန်းမောနေရုံပဲ။

 Dedicated to ဇာတိ (အန္တိမ)

 Image: kikiandtea.com

+တေဇာ (လရောင်လမ်း)+

Read More...

Tuesday, August 5, 2014

==ဒိုင်နိုဆောများကိုကွယ်ပျောက်မျိုးသုဉ်းသွားစေသောကံဆိုးမိုးမှောင်ကျမှုကြီး==

ဒိုင်နိုဆောများမျိုးသုဉ်းသွားစေသော ဂြိုဟ်သိမ် ဂြိုဟ်မွှား၏ဘေးအန်္တရာယ်ကျရောက်ချိန်သည် အနည်း ငယ်စောမည် သို့မဟုတ် အနည်းငယ်နောက်ကျမည် ဆိုပါက ဒိုင်နိုဆောများ အသက်ရှင်လျက်ရှိနေနိုင်ကြောင်း ဗြိတိသျှသိပံ်္ပပညာရှင်၏ လေ့လာတွေ့ရှိချက်တစ်ရပ်က ဆိုသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား အန်္တရာယ်ကျရောက်ခြင်းသည် ကမ်္ဘာပေါ်၌ နှစ်သန်းပေါင်း ၁၆၀ ခန့် ကျင်လည်ကျက်စား ခဲ့သည့် ဒိုင်နိုဆောများအတွက် ကံဆိုးမိုးမှောင်ကျမှုကြီး တစ်ရပ်ဖြစ်ခဲ့သည်။ အီဒင်ဘတ်ရှ်တက်္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာ ရှင်များပါဝင်သော နိုင်ငံတကာပညာရှင်အဖွဲ့က ယင်း ဂြိုဟ်သိမ်ဂြိုဟ်မွှားအန်္တရာယ်မကျရောက်မီ နှစ်သန်းပေါင်း အနည်းငယ်က မြောက်အမေရိကမှ ဒိုင်နိုဆောများ အများစုပါဝင်သည့် ဒိုင်နိုဆောများမည်ကဲ့သို့ အသွင် ပြောင်းခဲ့သည်ကို လေ့လာခဲ့ကြသည်။ ၄င်းတို့လေ့လာတွေ့ ရှိချက်များအရ ၁၀ ကီလိုမီတာ အကျယ်အ၀န်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံး၏ အန်္တရာယ်မကျရောက်မီ နှစ်သန်းပေါင်းအနည်းငယ်က ကမ်္ဘာကြီးသည် များပြား သောမီးတောင်ပေါက်ကွဲမှု၊ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုနှင့် အပူချိန်ကွာဟချက်မြင့်တက်လာမှု စသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကသောင်းကနင်း ဖြစ်မှုနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းသဘာဝတရားဖောက် လွဲဖောက်ပြန်မှုများကြောင့် အပင်စားဒိုင်နိုဆောများ လျော့နည်းပပျောက်ကာ အသားစားဒိုင်နိုဆောများ၏ ဆင့်ကဲအစာကွင်းဆက်ဆုတ်ယုတ်သွားသဖြင့် ဒိုင်နိုဆော များ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုနှင့်ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် သိပံ်္ပပညာရှင်များက အကယ်၍ ဒိုင်နိုဆောမျိုးစိတ်ပို၍ များပြားပြီး ဆင့်ကဲအစာကွင်းဆက်များပို၍ သက်ဝင် နေချိန်ထက်စောပြီးမှ သို့မဟုတ် မျိုးစိတ်သစ်များ အဆင့် ဆင့်ပြောင်းလဲဖြစ်ပေါ်ချိန်ထက် နောက်ကျပြီးမှ ယင်း ဂြိုဟ်သိမ်ဂြိုဟ်မွှား အန်္တရာယ်ကျရောက်ခဲ့ပါက ဒိုင်နိုဆော များ ယနေ့တိုင် အသက်ရှင်လျက်ရှိနေနိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ (ဆင်ဟွာ) 

+ဘာသာပြန်-ကျော်သဲအိမ်+

Read More...

Wednesday, December 4, 2013

--စိတ်ဝတ်စုံ--

ညီမဝမ်းကွဲ မင်္ဂလာဆောင်သွားခါနီးတွင် ဗာဂျီးနီးယားဝုဖ်ရဲ့ ဝတ်စုံသစ်ထဲက ‘ ပန်းကန်လုံးနံရံကို တွယ်တက်ဖို့ ကြိုးစားနေတဲ့ ယင်ကောင်တွေ’ ဆိုတဲ့ စကားကို အမှတ်ရသည်။ ယင်ကောင်တွေ၊ ယင်ကောင်တွေလို့ စိတ်ထဲမှာ မြည်နေမိသည်။ ဒီလောကမှာ သူမကို နားအလည်နိုင်ဆုံးမှာ မေဘယ်လ်ဆိုသည့် ထိုအမျိုးသမီးပင် ဖြစ်လိမ့်မည်။ မေဘယ်လ်၏ ရဲရဲဝံ့ဝံ့ရင်မဆိုင်တတ်မှု၊ သရဲဘောကြောင်မှု၊ မရေမရာဖြစ်မှုနှင့် ကြောက်သွေးပါမှုများကိုလည်း သူမကသာ ကိုယ်ချင်းအစာနိုင်ဆုံး ဖြစ်လိမ့်မည်။ မေဘယ်လ်ကို သတိရတိုင်း လောကမှာ ငါတစ်ယောက်တည်း လူတောမတိုးတာ မဟုတ်ဘူးလို့ သက်သာရာရသလို ဖြစ်သည်။ ဒါပေမယ့် ဘာကြောင့် ဒီလိုမိန်းမမျိုးဖြစ်ရသလဲဟုလည်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်ဒေါသထွက်ရပြန်သည်။

သို့သော် ကျရှုံးသော၊ ပွဲလယ်မတင့်သော၊ လူရာမဝင်သော မေဘယ်နှင့် ‘ သူမ၏ ပင်ကိုယ်ရုပ်အတိုင်း အဘယ်ကြောင့် သွား၍ မရသနည်း’ ဟုသော အတွေးချင်းကအစ တူနေလေသည်။ ပွဲတက်လျှင် အဘယ်ကြောင့် အပြိုင်အဆိုင်ဝတ်စားအလှပြင်ကြရသနည်း။ လောကဓမ္မတာဆိုသည်ကို သစ်သီးဖျော်စက်ထဲထည့်ကာ ထည့်ပြီးကြိတ်ချေချင်သည့်အထိ မကျေမချမ်းဖြစ်ရသည်။ အဒေါ်တွေက 'အင်္ကျီဝယ်ပေးမယ်။ ဈေးဝယ်ထွက်မယ်' ပြောတိုင်း ငြင်းမိသောအခါ ညီမဝမ်းကွဲမင်္ဂလာဆောင်ကို သူမ မတက်ချင်သောကြောင့် အကြောင်းအမျိုးမျိုးပြရှောင်တယ်လို့ ထင်နေပေမယ့် မတတ်နိုင်။ ဈေးဝယ်ထွက်ရမှာ အလွန်စိတ်ပျက်သလို၊ အင်္ကျီတွေကို ရွေးလိုက်၊ ဝတ်ကြည့်လိုက် လုပ်ရမှာ စိတ်ကုန်ခမ်းလွန်းလှသည်။ မဝတ်ကြည့်ဘဲ အဆင်ပြေမယ်ထင်ပြီး ဝယ်လာပြီးမှ ဝတ်ကြည့်သောအခါ အဆင်မပြေသဖြင့် ပစ်ရတဲ့အဝတ်တွေလည်း များလှပြီ။ ထိုအကျင့်ဆိုးကို ကြိုးစားဖျောက်ပေမယ့် အင်တာနက်မှတဆင့် ဈေးဝယ်ချင်နေဆဲ။ မျက်ခုံးမွှေးဆွဲတံမရှိသော၊ မျက်တောင်ကော့ဆေး၊ဆိုးဆေးအပါအဝင် မျက်နှာပြင်ချယ်သစရာ ဘာပစ္စည်းမှ မရှိတဲ့မိန်းမဖြစ်သလို ဈေးဝယ်ထွက်ရမှာပျင်းသောမိန်းမက ဒီလောကမှာ သူမတစ်ယောက်တည်းတော့ မဟုတ်တန်ရာ။ မလှသောမိန်းမ မရှိ၊ ပျင်းသောမိန်းမသာရှိသည်ဆိုသော စကားကို ကြားဖူးသည်။ သူမက အဝတ်အစားဝယ်ဖို့ အလှပြင်ဆင်ရမည်ကို ပျင်းရိခြင်းထက် အချိန်ပေးပြင်ဆင်ပေးရမည်ကို နှမျောတွန့်တိုသော မိန်းမဖြစ်သည်။ သို့သော် တော်ရာဝတ်သွားလျှင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသော သူမသည် မေဘယ်လ်ကဲ့သို့ပင် မလှပ၊ မတင့်တယ်သော ဝတ်စုံဖြင့် သိမ်ငယ်နေရမည်ဟု ကြောင့်ကြမိပြန်သည်။ ဒါပေမယ့်အရွဲ့တိုက်ရာတွင် ထက်သန်သောစိတ်ကလေးက အလံကလေး တလွင့်လွင့်နှင့် ထကြွလာပြန်သည်။ အဘယ်ကြောင့် ပတ်ဝန်းကျင်နှင့် ရုပ်ဝတ္ထုများရဲ့ လွှမ်းမိုးမှုကို ခံရမည်နည်း။ မျက်နှာပြောင်နှင့် ထသွားထလာဝတ်စုံဖြင့်ပင် ပွဲတက်ချင်လည်း လောကကို မထီမဲ့မြင်ပုန်ကန်လိုစိတ်က ကြံစည်ရုံမျှနှင့် အထမမြောက်။ ဝစီကံခြင်း စီးချင်းထိုးလျှင်ပင် အောင်နိုင်ချေမရှိ။

ထိုသို့ ပွဲတက်မယ်ဆိုလျှင် အမေက သမီးအဖြစ်မှ စွန့်လွှတ်မည့် သဘောမှာရှိသည်။ သူဆင်ပေးသည် ရွှေလက်ပတ်ကို မဝတ်ချင်ဘူးလို့ ပြောနေရသည့်တိုက်ပွဲပင် အတော်ပြင်းထန်နေပေပြီ။ မတတ်နိုင်လေပြီ။ အခုတော့ဖြင့် သူမသည် စစ်ရှုံးမည့်အရိပ်အယောင်မြင်သဖြင့် ငြိမ်းချမ်းရေးယူလိုက်သည်ဟု စကားအလှသုံးရတော့မည်။ လက်ထပ်ပွဲမတက်မီတရက်အလိုအမှာတော့ ကံကောင်းထောက်မစွာပင် အင်္ကျီတစ်ထည်ရသည်။ မေဘယ်လ်ကို သတိရပြန်သည်။ ဝတ်စုံကို ကြိုတင်ဆင်ယင်သည့်ခဏတော့ မေဘယ်လ်လို ချစ်စရာမိန်းမငယ်လို့ ကိုယ့်ကိုယ်ကိုယ်မမြင်ပေမယ့် မဆိုးပါဘူးလို့ စိတ်ထားတတ်အောင် ကြိုးစားသည်။ မျက်နှာချေပါးပါးလူးပြီးသောအခါမှာတော့ ဒါဟာသဘာဝပဲလေလို့ စိတ်ဖြေဖျောက်နိုင်ရန် အားထုတ်သည်။ 

သို့သော် ဝတ်ကောင်းစားလှဆင်ယင်ထားသူများကိုမှ လူကြီးလူကောင်းလို ဆက်ဆံသောအတုအယောင်ကမ္ဘာကို မြင်ရပြန်သည့်အခါ မွန်းကျပ်လာပြန်သည်။ လူထူထူ၊ပွဲဆူဆူတွင် နေသားမကျ တကိုယ်တည်း လွတ်လပ်စွာနေချင်စိတ်က တရိပ်ရိပ်ထလာပြန်သည်။ ဝမ်းနည်းဖွယ်ပင်။ကြောက်စရာလူများအကြားတွင် ပျံသန်းပြေးချင်စိတ်မှာ ငုံ့လျှိုးပုန်းကွယ်နေရသည်။မပေါ့ပါးရုပ်ကို ဟန်လုပ်ပြုံးဖြင့် ကြိုးစားဖုံးထားသည်။ ပကာသနမျက်နှာဖုံးဖြင့် ကျပ်တောက်သောအဝတ်အစားများကို မသက်မသာဆင်ယင်ထားသူများကို တွေ့လျှင်လည်း ယင်ကောင်တွေ ဟု မရေရွတ်ဖြစ်အောင် ကြိုးစားဆောက်တည်နေရသည်။ တရားထိုင်သကဲ့သို့ တစ်နာရီခွဲလောက်တော့ ငါ ရအောင် နေဦးမယ်ဟု သံန္နိဌာန်ချမှတ်ထားရသည်။ ဗာဂျီးနီးယားဝုဖ်ဥပမာပေးထားသည့် လှပမြူးတူးစွာ ပျံသန်းနေသည့် ပုစဉ်ကောင်လေးများ၊ လိပ်ပြာများ၊ ပိုကောင်းလေးများကဲ့သို့ မဖြစ်နိုင်ရင်တောင်မှ ပန်းကန်လုံးထဲသို့ ပြုတ်ကျသွားသော ယင်ကောင်မဖြစ်အောင်တော့ စွမ်းစွမ်းတမံ ဆောက်တည်နေလေသည်။ ။

 +မယ့်ကိုး+

Read More...

Thursday, March 15, 2012

ပုံပျက်သွားတဲ့ ရိုးသားမှု


တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ် လေတော့သည်။

တစ်နေ့တွင် သူသည် အ၀တ်အစား အစုတ်အပြတ်ကို ၀တ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ် ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ" ဟု ပြောလေသည်။

မြင်းပိုင်ရှင်က " ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ"
" မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်"
" တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ"
"ဘာလို့လဲ..."
"ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက ကယ်ရဲတော့မလဲဗျာ"

မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။

"ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွတ်ပါဗျာ"

နိုင်းနိုင်းစနေဘာသာပြန်သည်

**မေမွန်ကျော်**

Read More...

Sunday, March 11, 2012

`စိတ္တဇ သင်္ဘောပျက်´


ဒွိဟ…။ ဒွိဟဆိုတာ ဘာများလဲ။ စိတ်နှစ်ခွလား။ လမ်းနှစ်မွှာလား။ မထွေးနိုင် မမျိုနိုင်လား။ ဆီတ၀င်းဝင်း သဲတရှပ်ရှပ်လား။ နှလုံးသားနဲ့ ဦးနှောက်လား။ စဉ်းစားရင်း `ဒွိဟ´ ဟာ ဒွိဟဖြစ်စရာ ဖြစ်လာတယ်။ ဒါဆို `ကျင့်ဝတ်´ ဆိုတာကရော ဘာလဲ။ ငါးပါးသီလလား။ ပဉာတ်တော် ဆယ်ပါလား။ လိုင်းကားပေါ် ဆေးလိပ်မသောက်ရတာလား။ လူတွေစားမယ့် သားငါးတိရိစ္ဆာန်တွေကို အနာအကျင်မရှိအောင် `ပေါ်´ (သတ်ဖြတ်) ရခြင်းလား။ ကျင့်ဝတ်ကို ဘယ်သူတွေက သတ်မှတ်ပြီး ဘယ်သူတွေက အတည်ပြု လက်မှတ်ရေးထိုးထားသလဲ။ ကမ္ဘာဦးကျောက်စာတိုင်ပေါ်မှာ ရေးထွင်းထားပါသလား။ စဉ်းစားရင်း ကျင့်ဝတ်ဟာ ခါးပေါ်က ကွင်းလုံးကျွတ်ကျသွားတယ်။ ဒီလို ခပ်ရှုပ်ရှုပ် အကြောင်းအရာနှစ်ခု သမအောင် ရောမွှေထားတဲ့ `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ (Moral Dilemma) အကြောင်းကို အနည်းငယ်မျှ တီးခေါက်ကြည့်ပါမယ်။

တစ်ခါတုန်းက ပင်လယ်ပြင်ကြီးမှာ သင်္ဘောတစ်စင်း ရွက်လွှင့်လာခဲ့တယ်။ ကံမကောင်းစွာပဲ သင်္ဘောဟာ ရေခဲတောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားခဲ့ပါတယ်။ ပိုပြီးအဖြစ်ဆိုးတာက လူ (၇) ယောက်သာ တင်ဆောင်နိုင်တဲ့ အသက်ကယ်လှေကလေး တစ်စင်းထဲ ရှိပြီး အသက်ရှင်ကျန်ရစ်သူက (၃၀) ကျော်တောင် ဖြစ်နေခဲ့တယ်။ အဲဒီ လှေကလေးတစ်စင်းပေါ်မှာ လူ (၃၀) ကျော် မဆံ့မပြဲ စုပြုံနေကြပါတယ်။ ရာသီဥတုကလည်း ဆိုးရွားနေလို့ ဆက်လက် ခရီးဆက်နိုင်ဖို့ဆိုရင် အသက်ကယ်လှေကို ပေါ့သွားအောင် လုပ်မှဖြစ်တော့မယ်။ ဒီလိုမှမဟုတ်ရင် အသက်ကယ်လှေပါ နစ်ပြီး ရှိသမျှလူအားလုံး ပင်လယ်အောက် ခေါင်းချရဖို့သာ ရှိတော့တယ်။ အဲဒီအခါမှာ သင်္ဘောမာလိန်မှူးက ဒီလိုအခြေအနေမှာ လုပ်သင့်တဲ့ကိစ္စက လူတချို့ကို လှေပေါ်က ကန်ချဖို့ပဲလို့ ဆင်ခြေပေးပါတယ်။ ဒါဆို ဘယ်သူတွေကို ကန်ချမလဲ။ လူကြီးလူကောင်းတွေပီပီ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေး ကန်ချမလား။ ရာသီဥတုက ဆိုးနေတယ်။ လှေဝန်ပေါ့သွားရင်တောင် အားကောင်းမောင်းသန် ယောက်ျားကြီးတွေ ၀ိုင်းလှော်မှ ကယ်သူပေါ်ဖို့ မျှော်လင့်နိုင်မယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလိုသာဆိုရင် ကန်ချခံရတဲ့သူတွေက သနားစရာ ကောင်းမနေဘူးလား။ သူတို့အတွက် မျှတပါ့မလား။ မာလိန်မှူးရဲ့ ဆင်ခြေက ကန်ချခံရတဲ့လူတွေအတွက် မမျှတဘူးလို့ မဆိုနိုင်ပါဘူးတဲ့။ ဘာဖြစ်လို့ဆို သူတို့ဟာ ကန်ချခံရရ၊ မခံရရ သေမှာက သေမှာပဲ ဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။ လှေပေါ်ဆက်နေလည်း လှေနစ်ပြီး သေကြရမှာပဲဆိုတော့ သူတို့အနေနဲ့က မထူးခြားလှပါဘူး။ ဆက်တွေးကြည့်ရအောင်။

မာလိန်မှူးအနေနဲ့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင် အသက်ရှင်နိုင်ချေရှိတဲ့ လူတချို့ရဲ့ သေဆုံးမှုအတွက် သူ့မှာ တာဝန်ရှိနေပါတယ်။ လူတချို့ကတော့ မာလိန်မှူးရဲ့ ဆင်ခြေကို ကန့်ကွက်ပါတယ်။ သူတို့အလိုအရ ဒီတိုင်းပဲနေပြီး အားလုံးသေသွားခဲ့ရင် ဒီသေဆုံးမှုအတွက် ဘယ်သူ့မှာမှ တာဝန်မရှိတော့ပါဘူး။ အခြားတစ်ဘက်မှာ အားနွဲ့သူတချို့ကို ရေထဲကန်ချပြီး လူတချို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ရင် သေဆုံးသူတွေအတွက် `တာဝန်ရှိမှု´ (Responsibility) ဟာ မာလိန်မှူးရဲ့ ငယ်ထိပ်ပေါ် ရောက်ရှိလာပါပြီ။ ဒီအခြေအနေဟာ ဘာမှမလုပ်ဘဲ အားလုံးသေသွားတာထက်ကို ပိုဆိုးတယ်လို့ သူတို့က အကြောင်းပြပါတယ်။
မာလိန်မှူးအနေနဲ့ လူတချို့ရဲ့ အသက်ကို `တာဝန်ရှိမှု´ ကို ပေးပြီး ၀ယ်ယူရမယ့် အနေအထား ဖြစ်ပါတယ်။ `အမှန်´ နဲ့ `အကောင်း´ လွန်ဆွဲနေရခြင်း ဖြစ်ပါတယ်။ ထိုမာလိန်မှူးဟာ `အမှန်´ ကို အနိုင်ပေးလိုက်ပြီး လှေပေါ်က အားအနည်းဆုံးလူအချို့ကို ရေထဲကန်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


ရှေ့ဆက် ရုန်းကန်ရဦးမယ့်ခရီးဟာ ကြမ်းတမ်းတဲ့အတွက် အားကောင်းမောင်းသန်တွေပဲ ကျန်နေမှ အသက်ရှင်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒီလိုနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ပလုံစီပြီး စတေးပစ်လိုက်တယ်ဆိုပါတော့။ အခြေအနေအရ မဲလိပ်နှိုက်ပြီး ဆုံးဖြတ်နေရမှာမျိုး မဟုတ်ဘဲကိုး။ နောက်ဆုံးမှာတော့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးထဲ အားသွန်ခွန်စိုက် လှော်ခတ်ရင်း မေခလာမဟုတ်ဘဲ `ဟယ်လီကော်ပတာ´ (Helicopter) [-] လာကယ်လို့ အသက်ချမ်းသာရာရသွားခဲ့တယ်။ ဒါနဲ့တစ်ဆက်တည်း အမှန်တရား မြတ်နိုးသူ မာလိန်မှူးကြီးလည်း လူသတ်တရားခံအဖြစ် တရားရုံးရောက်သွားခဲ့ပါတယ်။ သူကယ်ဆယ်ခဲ့တဲ့ လူတွေအတွက် ပေးဝယ်ခဲ့တဲ့ တာဝန်ရှိမှုကို သူပြန်ပေးဆပ်ရတော့မယ်။

ဒီ ဇာတ်လမ်းလေးဟာ ၁၈၄၂ ခုနှစ်ခုနှစ်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုဖြစ်ပါတယ်။ (မူရင်းမှာတော့ အားအနည်းဆုံးလူများလို့ပဲ ပါပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ကို ကျွန်တော်က စိတ်ကူးနဲ့ဖြည့်စွက်ပြီး ကန်ချလိုက်ပါတယ် :P) `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ နဲ့ပတ်သက်လို့ ဥပမာများစွာရှိတဲ့အထဲက ထင်ရှားလှတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ ကျင့်ဝတ်ဒွိဟအတွက် သာဓကပေါင်းများစွာ ရှိပေမယ့် `ဒွိဟ´ လို့ ဆိုထားတဲ့အတွက် (မှန်ကန်ကောင်းမွန်သော) အဖြေတစ်ခုကိုတော့ တွေ့ရလိမ့်မှာ မဟုတ်ဘူး။ နှလုံးသားနဲ့ ဦးနှောက်၊ အမှန်တရားနဲ့ ကောင်းမြတ်ခြင်းတရားတို့ ထိပ်တိုက်တိုးပြီး သူသေကိုယ်သေ သတ်ရတဲ့ ရက်စက်လှတဲ့ ဗိုလ်လုပွဲတစ်ရပ်သာ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို ဒီနေရာမှာ ကျင့်ဝတ်နဲ့ပတ်သက်လို့ လူ့ကျင့်ဝတ်ကို ဘယ်စံနဲ့ တိုင်းထွာမလဲ၊ ဘယ်တရားတော်နဲ့ အခြေတည်ပြီး ဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းဟာ အလွန် စဉ်းစားစရာကောင်းပါတယ်။ စာအုပ်တွေထဲမှာပါတဲ့ ကျင့်ဝတ် စံချိန်စံညွှန်းတွေနဲ့ တိုင်းထွာဆုံးဖြတ်လို့ လုံလောက်ပါသလား။ တချို့ကိုကယ်ဖို့ တချို့ကို သေခိုင်းပြီး တာဝန်ယူလိုက်မလား။


ဒါဆိုရင် အကြင်နာတရားကင်းမဲ့သူဘ၀ ရောက်ရမယ်။ ဒါမှမဟုတ် မျှတသွားအောင် အသက်ရှင်မယ့်သူ တချို့ကိုပါ သေစေလိုက်မလား။ တာဝန်တော့ကင်းပါတယ်၊ မှန်ကန်တဲ့လုပ်ရပ်လို့တော့ မဆိုနိုင်တော့ပြန်ဘူး။ [*] ဒီလို `အပေါက်ကျဉ်း´ အခြေအနေမျိုးမှာ ဘယ် ဘုရားဟောတရားကို အားကိုးရပါမလဲ။ အထက်က မာလိန်မှူးရဲ့အမှုကို ဆုံးဖြတ်ရမယ့် ဂျူရီလူကြီးမင်းနေရာမှာဆိုရင် မိတ်ဆွေရော ဘယ်လို ဆုံးဖြတ်မလဲ။ ကျွန်တော့်မှာတော့ ကိုယ့်ကျင့်ဒွိဟအတွက် ကြိုတင်ရွေးချယ်ထားမှုတစ်ခု ရှိမနေဘူး။ ဒါပေမဲ့ ထင်မြင်ချက် တချို့တော့ ရှိတယ်။ (ပုံပြင်အရ ပြောရရင်) အမှန်တရားဘက်တော်သားတွေ ရုံးရောက်ဂတ်ရောက် ဖြစ်တတ်တယ်။ ကောင်းမြတ်ခြင်းတရား လက်ကိုင်ထားရင် ရေနစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ လူ့အသက်ဟာ တန်ဖိုးတစ်စုံတစ်ရာတော့ ရှိနေတယ်လို့ မဆိုနိုင်ဘူးလား…။

**တေဇာ (လရောင်လမ်း)**

Ref: Moral Dilemmas: Overcrowded lifeboat

[-] စကားလှအောင် ရေးထားခြင်းသာ ဖြစ်ပါသည်။ ပထမဦးဆုံး “ဟယ်လီကော်ပတာ” သည် နှစ်ဆယ်ရာစု ဦးပိုင်း (၁၉၀၇, ၁၉၂၄) မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ Source: About.com



[*] ဒါကို မှန်ကန်ပါတယ်လို့ ဇွတ်ငြင်းချင်သူများ အထက်က ဇာတ်လမ်းလေးကိုပဲ ကမ္ဘာကြီးရေလွှမ်းလို့ လှေကလေးနဲ့ ပြေးရတယ်လို့ သဘောထားပြီး စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ် ရှိသမျှလူတွေအားလုံး ရေအောက်ရောက်သွားလို့ လူသားမျိုးနွယ် အသက်ဆက်ဖို့ နောက်ဆုံး အခွင့်အလမ်းလေး ဖြစ်မယ်ဆိုရင်တော့ (အားလုံးသေ လိုက်ခြင်းဟာ) မှန်ကန်ပါတယ်လို့ မျက်စိမှတ် ငြင်းနိုင်တော့မယ် မထင်ဘူး။ ယောက်ျားလေးတွေချည်းပဲ အသက်ရှင်တော့ရော ဘယ်လို လူသားမျိုးနွယ် အသက်ဆက်မလဲလို့ ထပ်မေးရင် ခုနက ရေထဲကန်ချထားတဲ့အထဲက ခပ်တောင့်တောင့် အမျိုးသမီးတစ်ယောက် နှစ်ယောက်လောက် ပြန်ဆယ်ပြီး အခု ငြင်းနေတဲ့သူကိုယ်တိုင် သူရဲကောင်းဆန်ဆန် ရေထဲခုန်ဆင်းလိုက်ပါ လို့ပဲ ဖြေရတော့မယ် :P ။<
/span>

Read More...

Saturday, March 3, 2012

ဘ၀ထဲက သူငယ်ချင်းများ .


လောကကြီးထဲ သူစိမ်းနှစ်ဦး တစ်ဦးဦးက လက်ကို အရင်ဆန့်ထုတ်ပြီး နှုတ်ဆက်ရင်းနဲ့ပဲ ကျွန်တော်တို့တစ်တွေဟာ
တစ်ဦးနဲ့တစ်ဦး သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရတာမို့ လူတိုင်းရဲ့
ဘ၀မှာ သူငယ်ချင်း အပေါင်းအသင်း ဆိုတာ အင်မတန်မှ လိုအပ်လှပါတယ် ။ အမှန်တော့ သူငယ်ချင်းဆိုတာ ကိုယ်ရဲ့
ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့ ကိုယ်ရဲ့ အရင်းနှီးဆုံး အချစ်ခင်ဆုံး သူစိမ်း
တစ်ယောက်ပါပဲ။ အနောက်တိုင်း စာရေးဆရာတစ်ဦးအဆိုကတော့ ချစ်သူမဟုတ်တဲ့ လူနှစ်ယောက် တစ်ဦးနဲ့တစ်ဦး
စိတ်တစ်ခုတည်းနဲ့ ဆက်သွယ်နေထိုင် ခင်မင်နေကြတာ သူငယ်ချင်းဖြစ်တယ်လို့ ဆိုပါတယ် ။
လောကုတ္တရာသဘောအရ မွေးလာတော့လည်း တစ်ယောက်တည်း၊ သေဆုံးတော့လည်း တစ်ယောက်ထဲ ဆိုတာ မှန်ပေမယ့် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကာလများမှာ လူသားတိုင်းဟာ တစ်ဦးတစ်ယောက်တည်းနေလို့ မရနိုင်တဲ့
အတွက် သိတတ်စအရွယ်ကတည်းက သူငယ်ချင်းဆိုတာ ရှိကြစမြဲပါ ။

ပညာရှာတဲ့အရွယ် ကျောင်းသွားဖော်ကျတော့ ကျောင်းသွားဖော်သူငယ်ချင်း ၊ စီးပွားဥစ္စာရှာရင်း လုပ်ငန်းခွင်ထဲမှာ
ခင်ကြပြန်တော့ လုပ်ဖော်ကိုင်ဖက် ၊ စီးပွားဖက်။ နောက်ဆုံး ဘ၀ရဲ့နေ၀င်ခါနီး အချိန်မှာ တရားရှာရင်း တွေ့တဲ့အခါ
ဓမ္မ မိတ်ဆွေဆိုပြီး အမည်နာမတွေသာ ပြောင်းလဲ သွားကြပေမယ့် အားလုံးဟာ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပဲ ရှိကြတာပါ ။

ကိုယ့်မိဘအရိပ်အာဝသအောက်မှာ အေးချမ်းစွာနေကြသူများ ၊ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ့်မိသားစုနဲ့ နေထိုင်ကြတဲ့သူများ
အဖို့ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ တန်ဖိုးဟာ ဘာမှ မပြောပလောက်ပေမယ့် ကျွန်တော်တို့လို ရေခြားမြေခြားမှာ
လာရောက် လုပ်ကိုင်သူများအဖို့ သူငယ်ချင်းကောင်းတစ်ဦး ကိုယ့်ဘေးနား ရှိနေခြင်းဟာ ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ ။
လောကကြီးမှာ ကံကောင်းတဲ့သူတွေအတွက် ချစ်ခင်ရင်းနှီးတဲ့သူငယ်ချင်းက ကိုယ့်အနားမှာ ရှိနေတတ်ကြပေမယ့်
ကံမကောင်းကြတဲ့သူများအဖို့ သူတို့ရဲ့ သူငယ်ချင်းတွေက ရေခြားမြေခြား မိုင်ပေါင်းများစွာ ဝေးကွာနေတတ်ကြပါတယ် ။
ဝေးကွာနေသည် ဖြစ်စေ၊ နီးကပ်နေသည် ဖြစ်စေ “သူငယ်ချင်း” ဆိုတာက ဘ၀ရဲ့ အကောင်းဆုံး ဘုရားပေးတဲ့ လက်ဆောင်ပါပဲ။

စစ်မှန်တဲ့ သူငယ်ချင်းများက ကျွန်တော့်အတွက်တော့ ကောင်းကင်ပေါ်က လမင်းကြီးလိုပါပဲ ။ လမင်းကြီးဟာ ကမ္ဘာမြေနဲ့ အဝေးဆုံး
တစ်နေရာမှာ ရှိနေပေမယ့် သူ တတ်စွမ်းသမျှ အလင်းရောင် တွေကို ကမ္ဘာမြေဆီအရောက် ညတိုင်းနီးနီး ပို့ပေးမြဲ ပို့ပေးနေ သလို မှောင်မိုက်တဲ့ညတွေနဲ့ တူတဲ့ ဘ၀ရဲ့အဆင်မပြေမှုနေ့ရက်များမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းများကလည်း ကျွန်တော်ရဲ့ ဘ၀လမ်းတလျှောက် သတ္တိနဲ့ ခွန်အားတွေရှိစေဖို့ ဘယ်လောက်ဝေးနေပါစေ အဝေးဆုံးတစ်နေရာကနေ တတ်နိုင်သလောက် နည်းလမ်းအသွယ်သွယ်သုံးပြီး အားပေးကူညီ အဖော်ပြုနေပါတယ် ။

ကျွန်တော့်ဘ၀ တစ်သက်တာ သူငယ်ချင်းပေါင်း မြောက်များစွာ ရရှိခဲ့ဖူးပါတယ် ။ မိတ်ဆွေကောင်းလို့ ခေါ်လို့ရတဲ့သူတွေ
ရှိသလို မိတ်ဆွေကောင်း မဟုတ်တဲ့သူ များစွာနဲ့လည်း ကြုံခဲ့ရဖူးပါတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်းပါပဲလေ။
တစ်ချို့ကတော့ ဒေါသတွေ အလိုဆန္ဒတွေများပြီး နွေနေလိုပဲ အနီးနားမှာ ရှိတဲ့သူများကို ပူလောင်စေတယ် ။ တစ်ချို့ကတော့
မိုးရေစက်လို လူတကာကို လန်းဆန်းစိုပြေစေပြီး တစ်ချို့ကျတော့ ဆောင်းလိုပဲ အေးချမ်းခြင်းတွေကို သယ်ဆောင်လာ
တတ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေများရင် ကိုယ်သွားတဲ့လမ်းကြောင်းဟာ ဖြောင့်တန်းတယ်လို့ လူကြီးတွေ ပြောစကား
ကြားခဲ့ဖူးပါတယ် ။ လောကမှာရှိတဲ့လူတိုင်း ပြီးပြည့်စုံတဲ့တာမျိုးမရှိတဲ့အတွက် တစ်ယောက်အခက်အခဲကို တစ်ယောက်က
ဖေးမလက်တွဲလို့ တစ်ယောက်ရဲ့ ခံစားမှုတွေကို အခြားတစ်ယောက်က မျှဝေခံစားရင်း ဘ၀လမ်းမကြီးထဲ ဆိုးတိုင်ပင်
ကောင်းတိုင်ပင် လျှောက်ကြရမှာပါ ။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် လူတစ်ယောက် အောင်မြင်ဖို့ရာ အတွက် ဗလငါးတန် ပြည့်စုံဖို့လိုတယ်လို့ ဆိုကြပါတယ် ။ အဲဒီထဲမှာ မိတ္တဗလ ဆိုတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ
ပြားခြင်းဆိုတာ တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ် ။

သူငယ်ချင်းကောင်းတစ်ယောက်ရှိရင် အရာတော်တော်များများ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ် ။ လူတစ်ယောက်မှာ
သူငယ်ချင်းများစွာ ရှိနေတာ အားကျစရာ မဟုတ်ပါဘူး ။ ပြဿနာများစွာ ဖြေရှင်းနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်
အဲဒီလူတစ်ယောက်ဘေးမှာ ရှိတာပဲ အားကျစရာပါ ။ စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဟာ မိုးပျံပူဖောင်းတစ်လုံးနဲ့ တူပါတယ် ။
သူ့ကို လက်လွှတ် ဆုံးရှုံးလိုက်မိရင်တော့ ကောင်းကင်ပေါ် လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်း တစ်လုံးလို တစ်သက်လုံး ဘယ်တော့မှ ပြန်ရဖို့ မဖြစ်နိုင်တော့ပါဘူး ။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ဓလေ့အရ မိဘတွေကို ချစ်ကြောက်ရိုသေရတဲ့အတွက် ကိုယ်ရင်ဖွင့်ချင်တာမှန်သမျှ ၊
ကိုယ်ခံစားရတာ မှန်သမျှ အားလုံး မိဘတွေကို ပြောပြလို့မရပါဘူး ။ ရင်ဖွင့်ချင်တာတွေ ၊ အကြံဥာဏ်ယူချင်တာတွေ ၊
ခံစားချက်တွေ မျှဝေချင်နေတာတွေ မှန်သမျှ သူငယ်ချင်းများနဲ့သာ တိုင်ပင်လေ့ရှိတဲ့အတွက် သူငယ်ချင်းဆိုတာ ကျွန်တော်
တို့ဘ၀မှာ သိတတ်စ အရွယ်ကတည်းက တစ်စတစ်စ အရေးပါလာရပါတော့တယ် ။ တစ်ခါတစ်လေ မိဘဆုံးမတာထက်
သူငယ်ချင်း နားချတာက ပိုထိရောက်တတ်ပါတယ် ။ မိဘလမ်းညွှန်တာထက် သူငယ်ချင်း အကြံဥာဏ်က အခရာကျပါတယ်။

စစ်မှန်တဲ့ သူငယ်ချင်းများက တစ်ဦးနဲ့တစ်ဦး တိုင်ပင်စရာ၊ အကြံဥာဏ်တွေ လိုအပ်တဲ့အခါဆို အတိုင်ပင်ခံရှေ့နေတစ်ဦးလို ၊
ငွေကြေးတစ်စုံတစ်ရာ လိုအပ်တဲ့အခါ အသေးစားငွေချေးဘဏ်လေးတစ်ခုလို ၊ တစ်ယောက်နဲ့တစ်ယောက် သင်ယူစရာ တစ်ခုခုရှိတဲ့အခါ ဆရာတစ်ဦးလို ၊ တစ်ဦးဦး နေထိုင်မကောင်းဖြစ်တဲ့အခါ သမားတော် တစ်ဦးလိုလည်း အားကိုးလို့ရပါတယ် ။


သာမန်သူငယ်ချင်းက သင်ငိုတာကို မမြင်ဖူးဘူး။ အစစ်အမှန်သူငယ်ချင်းကတော့ သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန်သူငယ်ချင်းက သူ့အနားမှာ သင်အမြဲရှိနေစေချင်တယ် ။ အစစ်အမှန် သူငယ်ချင်းက သင့်အနားမှာ သူအမြဲရှိအောင်
နေပေးတယ် ။

သာမန်သူငယ်ချင်းက သင့်ရဲ့ပါတီကို အကောင်းဆုံး ၀ိုင်ပုလင်းယူလာပြီး တခမ်းတနား ဂုဏ်ပြုတယ် ။
အစစ်အမှန် သူငယ်ချင်းကတော့ သင့်အတွက် ဘာလက်ဆောင်မှ မပါဘဲ ပါတီအစမှအဆုံး လုပ်အားနဲ့ကူညီတယ် ။

သာမန်သူငယ်ချင်းက သင်ဖျားနာရင် အကောင်းဆုံး ပန်းစည်းတစ်ခုနဲ့ အဖိုးတန်တဲ့လက်ဆောင်ခြင်းလေး ပို့ပေးတယ်။
အစစ်အမှန် သူငယ်ချင်းကတော့ ဘာလက်ဆောင်မှမပါပဲ သင်ပြန်လည်ကျန်းမာလာသည်ထိ ကိုယ်ဖိရင်ဖိ ပြုစုပေးတယ် ။


သာမန်သူငယ်ချင်းက သင်အောင်မြင်နေချိန်မှာ သင့်ရဲ့အောင်မြင်မှုတွေကို အဖိုးတန်ကဒ် လှလှလေးနဲ့ ချီးကျူးတယ် ။
အစစ်အမှန် သူငယ်ချင်းက သင်ရှုံးနိမ့်ကျဆုံးနေချိန်တွေမှာ သင့်ဘေးကနေ စိတ်ဓာတ်ခွန်အားတွေ ဖြည့်ပေးတယ် ။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို နားထောင်မယ် ။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာ
ကို ကူညီ ဖြေရှင်းပေးမယ် ။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ် ။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုချိန် ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ် ။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်ကို လာလည်ရင် ဧည့်သည်လိုနေမယ် ။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲသေတ္တာကို သူကိုယ်တိုင် ဖွင့်ရမှ ကျေနပ်မယ် ။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆ ဖြစ်ရင် သူငယ်ချင်း အဖြစ်ကနေရပ်စဲမယ် ။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆ မဖြစ်ဖူးရင် သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ် ။


အမေရိကန်စာရေးဆရာ Todd Parr က "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေအားလုံး
ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့" လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rath ကတော့ လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
(၃) စိတ်တူကိုယ်တူ သူငယ်ချင်း
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
(၅) အားပေးဖော် သူငယ်ချင်း
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
(၇) လမ်းပြသူ သူငယ်ချင်း
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း စတာတွေပါ ။

အသက်အရွယ်တွေရလာလို့ အိမ်ထောင်တာဝန်တွေ ၊ သားသမီး ဗာဟီရတွေနဲ့ အဆက်အသွယ်တွေ နည်းသွားသည့်တိုင်အောင်
ခင်မင်ရင်းနှီးမှုတွေက ယုတ်လျော့မသွားပါဘူး။ အသက်တွေ တဖြည်းဖြည်း ရလာလို့ အနေဝေးပြီး အဆက်အသွယ်တွေ
ကျဲသွားခဲ့ပေမယ့် သူငယ်ချင်း အချင်းချင်း ပြန်ဆုံကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ၀မ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက်ရင်း ၊
အခြားသူငယ်ချင်းများအကြောင်း မေးမြန်းစုံစမ်းရတာလည်း အရသာတစ်မျိုးပါပဲ ။

တရုတ်ရိုးရာ ဆိုရိုးစကားတစ်ခု အရ

>> တစ်မိနစ်အတွင်း သင် လူတစ်ယောက်ကို သိသွားနိုင်ပါတယ် ။
>> တစ်နာရီအတွင်း ထိုသူနှင့် သင် ခင်မင်သွားနိုင်ပါတယ် ။
>> တစ်ရက်အတွင်း ထိုသူနှင့် သင်တို့ အကောင်းဆုံး သူငယ်ချင်း ဖြစ်သွားနိုင်ပါတယ် ။
>> အကောင်းဆုံး သူငယ်ချင်းသည် တစ်သက်လုံးအတွက်ဖြစ်စေပြီး တစ်သက်လုံးလည်း အချိန်တိုင်း
မဟုတ်တောင် တိုက်ဆိုင်မှု ရှိတိုင်း အမှတ်ရနေတတ်ပါတယ် ။


သူငယ်ချင်းနဲ့ ပတ်သက်တဲ့ မှတ်သားစရာ ပုံပြင်လေးတစ်ပုဒ် ရှိပါသေးတယ် ။ တစ်ခါတုံးက သူငယ်ချင်းနှစ်ဦး ခရီးအတူတူ
ထွက်ကြရင်းနဲ့ ကန္တာရ တစ်နေရာ အရောက်မှာတော့ တစ်ဦးနဲ့တစ်ဦး စကားများပြီး အချင်းချင်း ထိုးကြကြိတ်ကြပါတော့တယ်။
အဲဒီအခါ အထိုးခံရသူက စကားတစ်ခွန်းမျှ မပြောဘဲ သဲပေါ်မှာ “ယနေ့ ကျွန်တော့်သူငယ်ချင်းကျွန်တော်ကို ထိုးသည်”
လို့ ရေးမှတ်ထားလိုက်ပါတယ် ။ ဒီလိုနဲ့ပဲနှစ်ဦးသား မတည့်အတူနေ ဆိုသလို အတူ ခရီးရှေ့ဆက်ကြပြီး တောအုပ်တစ်ခု
အရောက် မြစ်တစ်စင်းဘေးမှာ အနားယူရန် ဆုံးဖြတ်လိုက်ကြကာ မြစ်ထဲသို့ နှစ်ဦးအတူ ရေဆင်းချိုးပါတယ် ။ အဲဒီမှာပဲ
အထိုးခံရသူက ရေနစ်ပါတော့တယ် ။ ဒါနဲ့ပဲ ထိုးလိုက်တဲ့ သူငယ်ချင်းက ကယ်ဆယ်ခဲ့ရပါတယ် ။ ရေနစ်တဲ့သူငယ်ချင်း
သတိပြန်လည်လာတဲ့အခါ “ယနေ့ ကျွန်တော့် သူငယ်ချင်း ကျွန်တော့်ကို ကယ်တင်ခဲ့သည်” ဟု ကျေုာက်တုံးတစ်တုံးပေါ်မှာ ထပ်ရေးထွင်း ပြန်ပါတယ် ။

ရေထဲက ကယ်ခဲ့တဲ့ သူငယ်ချင်းက နားမလည်တာနဲ့ ဘာကြောင့် သူထိုးတုန်းက သဲပေါ်မှာ ရေးပြီး သူကယ်တာကိုတော့
ကျောက်တုံး ပေါ်ထွင်းရတဲ့အကြောင်း မေးတဲ့အခါ အထိုးခံရတဲ့ သူက သူငယ်ချင်းက ကိုယ့်အပေါ် မကောင်းခဲ့တာတွေကို
ရေနှင့် အလွယ်တကူ လွှင့်ပါ ပျက်စီးနိုင်သော သဲပေါ်တွင် ရေးခဲ့ကာ သူ့ကို ကူညီခဲ့တဲ့အကြောင်းကိုတော့ အလွယ်တကူ
မပျက်စီးနိုင်သော ကျောက်တုံးပေါ်တွင် ထွင်းခဲ့ကြောင်း ပြန်ဖြေခဲ့ပါတယ် ။ ဒါနဲ့ပဲ သူတို့နှစ်ဦး အရင်ကထက် ပိုချစ် ပိုခင်
သွားပြီး အိမ်ထောင်တွေကျ ၊ သားသမီးမြေးမြစ်တွေ ရသည်ထိ သက်ဆုံးတိုင် အခင်မင် မပျက် နေသွားပါတော့တယ်။
သဘောကတော့ လောကကြီးထဲမှာ တစ်ခါမျှ ရန်မဖြစ်ဘူး ၊ ကတောက်ကဆ မဖြစ်ဘူးတဲ့ သူငယ်ချင်းဆိုတာ မရှိဘူးလို့
ဒီပုံပြင်လေးက ပြောပြနေတာပါပဲ ။

ချစ်သူနဲ့ သူငယ်ချင်းကြား သံယောဇဉ်ချင်း (၁၅၀၀) နဲ့ (၅၂၈) ကွာခြားပေမယ့်

ချစ်သူက လူတစ်ယောက်ကို မျက်ရည်ကျစေနိုင်ပြီး သူငယ်ချင်းကောင်းတစ်ယောက်ကတော့ အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးမယ့်သူ ဖြစ်ပါတယ် ။

ချစ်သူက ကိုယ့်ရဲ့ဘ၀ကို ပိုင်ဆိုင်ပြီး သူငယ်ချင်းကောင်းတစ်ယောက်က ကိုယ့်ရဲ့စိတ်ကို စိုးမိုးထားပါတယ် ။

ချစ်သူနှစ်ယောက်ကြားမှာ အချစ်ကြီးရင် အမျက်ကြီးတတ်တာမို့ တစ်ယောက်ယောက် အပြစ်လုပ်မိတဲ့အခါ မျက်ကန်းတစ်ဦး
လို ဘာမှ မြင်နိုင်စွမ်းမရှိပဲနဲ့ မျှော်လင့်မထားတာတွေ ဖြစ်တတ်ကြပေမယ့် သူငယ်ချင်း နှစ်ယောက်ကြားမှာတော့ တစ်ဦးက
အပြစ်လုပ်တိုင်း ကျန်တစ်ယောက်က မျက်လုံးတစ်ဖက် မှိတ်ပေးထားနိုင်စွမ်း ရှိပါတယ် ။

ချစ်သူတစ်ယောက်က ကိုယ်ကိုယ်တိုင် နေ့စဉ် တယုတယ စိုက်ပျိုးခဲ့ရတဲ့ ဥယျာဉ်ထဲက တန်ဖိုးအရှိဆုံး ပန်းတစ်ပွင့်ဆိုရင် သူငယ်ချင်းကောင်းတစ်ယောက်ကတော့ ခြံအပြင်က ပေါင်းသင်ရေလောင်းဖို့ မလိုတဲ့ အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်ပဲ
ဖြစ်ပါတယ် ။


သူငယ်ချင်းတစ်ဦးနဲ့တစ်ဦးအကြား စံသတ်မှတ်ချက် ရှိစရာမလိုသလို ကျွန်တော် နားလည်ထားတဲ့ သူငယ်ချင်း
ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေက

တစ်ယောက်ယောက် အဆင်မပြေမှု တွေရှိစဉ်မှာ ဘေးနားမှာ ရဲဘော်ရဲဘက်တစ်ဦးလို မားမားမတ်မတ် ရပ်တည်နေနိုင်သူ
တစ်ယောက်ယောက် ခံစားချက်တွေကို ထပ်တူနီးပါး မျှဝေခံစား နားလည်ပေးနိုင်သူ
တစ်ဦးရဲ့ အားနည်းချက် ၊ ဆိုးသွမ်းမှုတွေကို အပြစ်မယူပဲ ခွင့်လွှတ် သည်းခံနားလည်ပေးသူ
တစ်ဦးရဲ့ မှားယွင်းမှုတွေကို အမုန်းခံကာ လမ်းပြပေးသူ
တစ်ဦးအပေါ်တစ်ဦး ရိုးရှင်းစွာနဲ့ ဆိုးတူ ကောင်းတူ အနစ်နာခံ ပေါင်းသင်းသူ များလို့ ထင်မြင်မိပါတယ် ။

လောကမှာ လွတ်လပ်တဲ့ လူတစ်ယောက်အတွက် အပျော်အရွှင်ဆုံးဘ၀ဆိုတာ ကိုယ့်ရဲ့မိဘတွေက ကိုယ့်အပေါ် သူငယ်ချင်းတစ်ယောက်လို နားလည်ခံစားပေးနိုင်ပြီး ကိုယ့်ရဲ့ သူငယ်ချင်းတွေက ကိုယ့်ရဲ့မိဘနှစ်ပါးလို အားကိုးနိုင်တဲ့
အခါမျိုးပဲ ဖြစ်ပါတယ် ။

ဖတ်ခဲ့ဖူတဲ့ စာတစ်ပိုဒ်ထဲမှာ သူငယ်ချင်းတစ်ယောက်ဆီက သင်မျှော်လင့်ထားသောအရာများကို အဲဒီသူငယ်ချင်းကိုပဲ အဲဒီ
အရာတွေကို ပြန်ပေးလိုက်ပါလို့ ဆိုပါတယ် ။ လောကရဲ့ တစ်ခုလိုချင် တစ်ခုပေးရရိုးထုံစံအရ ကိုယ့်မှာ သူငယ်ချင်းကောင်း
တွေ ရရှိနိုင်ဖို့ မိမိကိုယ်တိုင်လည်း တတ်နိုင်သမျှ လူတိုင်းအပေါ် ကောင်းအောင်နေမှ ဖြစ်မှာပါ ။ သူ ကိုယ့်အပေါ်ကောင်းသည်
ဖြစ်စေ ၊ ဆိုးနေသည်ပဲ ဖြစ်ပါစေ ။ ကိုယ့်ဘက်က စတင်ပြီး တတ်နိုင်သမျှ အကောင်းဆုံး အလျှော့ပေးသည်းခံ ဆက်ဆံနေရင် တစ်နေ့တော့ မေတ္တာရောင်ပြန် ဟတ်လာပြီး သူငယ်ချင်းကောင်းတွေ ရလာမှာ မလွဲပါဘူး ။
သူငယ်ချင်းတိုင်း သူငယ်ချင်းအားလုံးအတွက် သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ကြပါစေ ။

-နိုင်းနိုင်းစနေမှဘာသာပြန်သည်-

**ကိုတင့်**

Read More...

Tuesday, February 28, 2012

အချိန်ကို မစောင့်ပါနဲ့


အချိန်ကို မစောင့်ပါနဲ့...... စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်း
စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်း မရပါဘူး.. အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။

(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး သင်ကိုယ်တိုင်အရောက်သွားပေးကြည့်... အဖေက ပါးစပ်တောင်မပိတ်နိုင်ဘဲ ပြုံးပျော်နေတာကို သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်... အမေရဲ့မျက်နှာလုံးထဲ ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့ ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။

"အိမ်ကို မကြာခဏပြန်ပါ"
ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့) မခက်ခဲစေခဲ့ပါဘူး။


(၂) မိဘမေတ္တာကို တန်ဖိုးထားပါ

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။


တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။
သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။
သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။
သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။
အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။


(၃) မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...

"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။ သူတို့က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာက လူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။

မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့ "မေမေ... ခြေထောက်ဆေးရအောင်!"လို့ သူပြောတယ်။

ဒီကြော်ငြာက ဒီကနေ့အထိ လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒီကြော်ငြာကိုကြည့်ပြီး လူတွေမျက်ရည်ကျခဲ့ကြတယ်။ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ "သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?"လို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်။

စိတ်ပညာမှာ အနက်တစ်ခုဖွင့်ဆိုခဲ့ပါတယ်။ ယခုခေတ်လူတွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူတစ်မျိုးရှိတယ်။ အဲဒီအပြုအမူက "ချစ်ခြင်းမပါတဲ့ အပြုအမူ" ဖြစ်တယ်။ ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနှီးဆုံးလူတွေဆီကနေ ကိုယ်ရလိုချင်တဲ့အရာကို အဓမ္မရယူတာဖြစ်တယ်။ ချစ်ခြင်းကို ဘန်းပြပြီး ကိုယ့်ရည်ရွယ်ချက် ပြီးမြောက်စေတာဖြစ်တယ်။

ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက "ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်"တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေးဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။

မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?
မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?
မိဘတို့ရဲ့ အိမ်ခန်းကို သင်လှဲကျင်းပေးပေးခဲ့ဖူးသလား?
ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်တို့ ခံစားခဲ့မိဖူးလား?
တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်းတွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?

မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့....


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20091220/83915.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

--
Be Happy,
**From--Moe Moe**.

Read More...

Wednesday, February 15, 2012

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ

(တုံးအတဲ့မိန်းမ)

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

(ထက်မြက်တဲ့မိန်းမ)

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

--
Be Happy,
**From-Moe Moe**.

Read More...

I Love you


Wilbur Faissနဲ့ Theresaတို့ဟာ အမေရိကန်က အသက်အရှည်ဆုံး၊ အိမ်ထောင်သက်အရှည်ဆုံး ဇနီးမောင်နှံအဖြစ် အမေရိကန် "Worldwide Marriage Encounter" က အသိအမှတ်ပြုခဲ့ပါတယ်။ Wilbur က အသက် (၁ဝဝ)ရှိပြီး Theresa က အသက်(၉၆)နှစ်ဖြစ်ပါတယ်။ သူတို့ရဲ့အိမ်ထောင်သက်က (၇၈)နှစ်ရှိပါပြီ။

သူတို့နှစ်ယောက်ဟာ ၁၉၂၆ခုနှစ် ကပွဲတစ်ခုမှာတွေ့ဆုံပြီး မြင်မြင်ချင်းချစ်ခဲ့ကြသူတွေဖြစ်တယ်။ ၁၉၃၃ခုနှစ်မှာ သူတို့လက်ထက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကို အတူဖြတ်သန်းခဲ့သလို အမေရိကန်ရုရှား သွေးအေးစစ်ပွဲနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့အချစ်တွေ ခိုင်မြဲခဲ့ကြတယ်။

ဒီကနေ့မှာတော့ သူတို့ဇနီးမောင်နှံမှာ သမီးနှစ်ယောက်၊ မြေး ၅ယောက်နဲ့ မြစ် ၇ယောက်ရှိနေပါပြီ။ အိမ်ထောင်သက်အရှည်ဆုံးအဖြစ် အသိအမှတ်ပြုခံရတော့ သူတို့အံ့သြမိကြသတဲ့။ အိမ်ထောင်သက်ရှည်ရတဲ့ လျှို့ဝှက်ချက်ကိုမေးတော့ အဓိက,က "အချစ်"ကြောင့်လို့ဆိုပါတယ်။ Wilburက ဇနီးရဲ့အတွေးစိတ်ကူးတွေကို မေးပြီး ဇနီးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ သူအမြဲစဉ်းစားကြောင်း ပြောပါတယ်။ အသက်(၉၆)နှစ်ရှိပြီဖြစ်တဲ့ ဇနီးကို နေ့တိုင်း "I Love you"လို့ သူပြောခဲ့ပါတယ်လို့ ဆိုပါတယ်။

"အခုခေတ်မှာ လူတော်တော်များများရဲ့ အိမ်ထောင်ရေးက မမြဲတာများတယ်။ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းလို့မရ၊ နားလည်မှုမရရင် ကွာရှင်းမယ်ဆိုတာချည်းပဲ။ ဒါကိုတော့ ကျွန်မတို့ နားမလည်နိုင်ပါဘူး" လို့ Teresaကပြောပါတယ်။

"Wilburတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့(၇၈)နှစ်မှာ အချင်းချင်း ကတိသစ္စာဆိုခဲ့ကြတယ်။ အဲဒီကတိသစ္စာကို အခုချိန်ထိ လက်ကိုင်ထားနိုင်ခဲ့တယ်"လို့ Worldwide Marriage Encounter အဖွဲ့ကပြောခဲ့ပါတယ်။

http://www.ksdk.com/news/local/story.aspx?storyid=300501

**နိုင်းနိုင်းစနေ**


--
Be Happy,
**From-Moe Moe**.

Read More...

Sunday, February 12, 2012

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း


တကယ်လို့ "အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း"ရှိခဲ့မယ်ဆိုရင် သင်လိုက်နာနိုင်မလား?

လိုက်နာနိုင်မယ်လို့ ထင်ပါတယ်... ဘယ်သူမဆို တည်မြဲတဲ့ မပြောင်းလဲအချစ်ကို လိုချင်ကြတာပဲ မဟုတ်လား! အမေရိကန်ပညာရှင် Catherine Johnsonက လေ့လာဆန်းစစ်မှုတွေလုပ်ပြီး "အိမ်ထောင်ရေးအချစ် တည်မြဲတဲ့ ပုံသေနည်း"ကို ရေးသားခဲ့ပါတယ်။

Catherineက အိမ်ထောင်စုံတွဲ (၁ဝဝ)တွဲကို တွေ့ဆုံပြီးဆန်းစစ်မှု ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ထောင်စုံတွဲရဲ့ အိမ်ထောင်သက်က အနည်းဆုံး(၇)နှစ်နဲ့ အများဆုံး(၅၅)နှစ်ရှိသူတွေ ဖြစ်ကြတယ်။ အောက်ကအချက်တွေကတော့ လင်မယားအချစ်တည်မြဲရေးမှာ နှစ်ဦးစလုံးရှိအပ်တဲ့နည်းတွေဖြစ်တယ်။

**ချစ်ခင်ရင်းနှီးပုံသေနည်း**

ကျွန်မတွေ့ဆုံခဲ့တဲ့ လင်မယားအတွဲတစ်ရာထဲမှာ အများစုက အချင်းချင်းသိပြီးတဲ့နောက်မှာ ချက်ချင်း ချစ်ခင်ရင်းနှီးသွားကြသူတွေဖြစ်တယ်။ တားဆီးလို့မရနိုင်တဲ့ ခံစားချက်မျိုးနဲ့ခံစားရပြီး အတူတကွ ဘဝကိုအတူမျှဝေဖို့ သူတို့မျှော်လင့်ကြသတဲ့။

ဒီလို ချစ်ခင်ရင်းနှီးတဲ့ ပုံသေနည်းမှာ ညီညွတ်တဲ့၊ အလေးထားတဲ့ ခင်မင်ရင်းနှီးမှုတွေပါတယ်။ ဒါဟာ တူညီတဲ့ပြင်းပြမှုအပေါ် အခြေခံသလို အချင်းချင်းမတူညီမှုအပေါ်မှာလည်း အခြေခံတယ်။ စိတ်ဝင်စားစရာ ရှုထောင့်တစ်ခုကို အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက အခုလို ပြောပြခဲ့တယ်။ "ပျော်ရွှင်တဲ့အိမ်ထောင်ရေးက ဆန့်ကျင်ဖက်အကျင့်စရိုက်ရှိတဲ့ လူနှစ်ယောက်ကနေ ညီညွှတ်တဲ့အနေအထားမှာ ဖြစ်လာတာဖြစ်တယ်"လို့ တင်ပြခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားက အကောင်းမြင် ပျော်ပျော်နေတတ်သူဖြစ်ပြီး သူက အဆိုးမြင်စိတ်တွေများသူဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီတဲ့ကိုးကွယ်မှုဘာသာရှိတယ်။ လူမျိုးတူတယ်။ သူက သူ့အမျိုးသားရဲ့စိတ်ဓာတ်ကို စွဲလမ်းတယ်၊ သူ့အမျိုးသားက သူ့ရဲ့သိမ်မွေ့ပျော့ညံ့တာကို ချစ်တယ်။ သူတို့ရဲ့အိမ်ထောင်ရေးက လူတွေပြောနေကြတဲ့ ကိုယ်အခြမ်းကို ရှာတွေ့သွားတာပဲဖြစ်တယ်။

**မျှဝေပုံသေနည်း**

တစ်ယောက်က မနက်စာပြင်ဆင်နေချိန် ကျန်တစ်ယောက်က ခွေးထွက်ကျောင်းမယ်။ မနက်စာစားပြီးနောက် မနက်ပိုင်းသတင်းစာကို နှစ်ယောက်အတူဖတ်မယ်။ အိမ်ထောင်ရေးတည်မြဲတဲ့ လင်မယားလိုလိုတိုင်းက ဒီအတိုင်းပဲဖြစ်တယ်။ ဒီလိုပုံစံက ဘာပျော်ရွှင်စရာမှ မဖြစ်စေနိုင်ဘူးဆိုပေမယ့် ဒါဟာ အိမ်ထောင်ရေးထဲ အချင်းချင်းယုံကြည်မှုနဲ့ တာဝန်ယူမှုကို ထည့်ပေးပါတယ်။

**ခွင့်လွှတ်ပုံသေနည်း**

အချစ်တည်မြဲတဲ့ လင်မယားတွေက ရန်ဖြစ်ခဲပါတယ်။ သူတို့ကြားမှာ စိတ်ဆိုးစရာနဲ့ ကြုံတွေ့ခဲ့သည့်တိုင် မှန်ကန်တဲ့ဖြေရှင်းနည်းနဲ့ သူတို့ဖြေရှင်းတတ်တယ်။ သူတို့မှာ မတူတဲ့ ဖြေရှင်းတဲ့နည်း ကိုယ်စီရှိကြမှာပေါ့။ အဓိက,က အချင်းချင်း ဖေးမအားပေးတာမျိုးက ပိုကောင်းတဲ့အကျိုးရလဒ်ကို ဖြစ်ထွန်းစေပါတယ်။

**အာဟာရဖြည့်ပုံသေနည်း**

အိမ်ထောက်ဖက် အချင်းချင်းကြားမှာ ကိုယ့်အာရုံကို တစ်ဖက်လူရဲ့ကောင်းကွက်ပေါ်မှာပဲ စုပုံကျရောက်စေတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးက စိုပြေမှာဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်နှစ်ဦးစလုံး အကောင်းမြင်တတ်သူ (postive thinker)တွေ ဖြစ်ရမယ်လို့ မဆိုပါဘူး။ သူတို့ဟာ ဝမ်းနည်းကြေကွဲတတ်သူ၊ အလောကြီးတတ်သူ၊ စိုးရိမ်ပူပန်စိတ်များသူလည်း ဖြစ်နိုင်ပါတယ်။ ရင့်ကျက်တဲ့အိမ်ထောင်ရေးအချစ်က "ငါတို့မှာ ချွတ်ယွင်းချက်တွေရှိတယ်ဆိုတဲ့ အမှန်တရားကို ငါတို့လက်ခံနိုင်ရမယ်"ဆိုတဲ့ အနက်ကိုဆောင်ပါတယ်။


**ပြောင်းလဲပုံသေနည်း**

ပျော်ရွှင်တဲ့ အိမ်ထောင်သည်လင်မယားတိုင်းက ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်ဆိုတာကို သိနားလည်ကြတယ်။ အိမ်ထောင်ကျပြီး ဘဝကပိုကောင်းလာတယ်လို့ သူတို့ပြောကြတယ်။ သူတို့ရဲ့အိမ်ထောက်ဖက်တွေကလည်း ဒါကိုသဘောတူလက်ခံတယ်။

ပျော်ရွှင်ချမ်းမြေ့တဲ့ လင်မယားတွေဟာ အိမ်ထောင်ရေးကပ်ဆိုးကို ကြုံခဲ့ရဖူးသတဲ့။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးက ကံကောင်းပြီး ဆက်ရှင်သန်ခဲ့ပြီး တစ်နေ့တခြား ပျော်ရွှင်လာခဲ့တယ်လို့ဆိုတယ်။ ဒါဟာလည်း အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ချွတ်ယွင်းချက်ကို သူတို့ပြောင်းလဲသင့်တယ်ဆိုတာကို သိကြလို့ဖြစ်တယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုက လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုကောင်းမွန်အောင် ပြောင်းလဲဖို့ အထောက်အကူဖြစ်စေပါတယ်။

**နားလည်ပုံသေနည်း**

လင်မယားအများစုက အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်ထိန်းရုံနဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်မှုပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုကြတယ်။ ဒါပေမယ့် အိမ်ထောင်ရေးကိုတော့ တည်မြဲစေတာ အမှန်ပါပဲ။ လင်မယားကြားမှာ သစ္စာစောင့်ထိန်းခြင်းက အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်အပေါ်လိုအပ်တဲ့ သင့်လိုအပ်ချက်ကို ကိုက်ညီစေသလို သူနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သင်ပြောဆိုဆက်ဆံစေနိုင်တယ်။ သူ့ခံစားချက်အမှန်ကို ဖွင့်ပြောစေနိုင်သလို သူ့အပေါ် သင်နားလည်မှုရှိတယ်ဆိုတာကို သူခံစားသိမြင်နိုင်မှာဖြစ်တယ်။

**တန်းတူညီမျှပုံသေနည်း**

ပျော်ရွှင်တဲ့လင်မယားရဲ့ တန်းတူညီမျှနည်းကို ငွေကြေးထိန်းသိမ်းရေးမှာ ထင်ထင်ရှားရှားမြင်သာစေပါတယ်။ ပျော်ရွှင်တဲ့လင်မယားတိုင်းက “မိသားစုဝင်ငွေဟာ အတူတကွခံစားဖို့ဖြစ်တယ်။ သူဟာလည်းမဟုတ်သလို ငါ့ဟာလည်းမဟုတ်ပါဘူး။ ငွေကြေးခွဲဝေရေးအပေါ် သူတို့ဘယ်တော့မှ ငြင်းခုန်ရန်ဖြစ်တာမျိုးမရှိဘူး”လို့ တွေဝေစိတ်မရှိ သူတို့ပြောပါတယ်။

**သူငယ်ချင်းပုံသေနည်း**

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ဒီ“သူငယ်ချင်း”တွေကြားမှာ ဇနီးဖြစ်သူက သူစိတ်ကူးအိပ်မက်ကို သူလွတ်လွတ်လပ်လပ် လိုက်လံရှာဖွေ ဖမ်းဆုပ်နိုင်ပါတယ်။ သူ့ဆုံးဖြတ်ချက်၊ သူ့စိတ်ကူးအိပ်မက်ကို လင်ယောက်ျားနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူအပေါ်ထားတဲ့ လင်ယောက်ျားရဲ့ အချစ်နဲ့လေးစားမှုက အကြွင်းမဲ့ဆိုတာကို သူသိတယ်။ လင်ယောက်ျားကလည်း ဒီအတိုင်းပဲ နားလည်ထားတယ်လို့ဆိုပါတယ်။

**နိုင်းနိုင်းစနေ ဘာသာပြန်သည်။**

--
Be Happy,
**From-Moe Moe**.

Read More...

Sunday, January 15, 2012

ထက်မြက်သူနဲ့ ညံ့ဖျင်းသူ


ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။

ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။

ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူမှန်းသိတော့တယ်)

မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

*Don't worry. Be Happy ,*
**From-Moe Moe**.

Read More...

Wednesday, January 11, 2012

ချီးမွမ်းခြင်းဆိုတဲ့ ပဲ့တင်သံ



ချီးမွမ်းခြင်းက တော်သင့်ရုံလူတစ်ယောက်ကို သူရဲကောင်းဖြစ်စေနိုင်သလို၊ မျက်နှာကြောတင်းသူကို အပြုံးတွေ ပွင့်လန်းစေနိုင်တယ်။ တခြားသူကို ဟန်မဆောင်ဘဲ ချီးမွမ်း၊ ချီးကျူးတတ်တာဟာ ဘဝကို ပိုလှပကောင်းမွန်စေပါတယ်။

လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ဂုဏ်ယူခြင်းတွေရှိတယ်။ လူတစ်ယောက်ကို ရိုးရိုးသားသား ချီးမွမ်းတာ၊ ထောက်ခံတာဟာ သူ့တန်ဖိုးကို အကောင်းဆုံးအသိအမှတ်ပြုတာ၊ တန်ဖိုးထားတာပဲဖြစ်တယ်။ ဟန်မဆောင်တဲ့ကျေးဇူး၊ ဟန်မဆောင်တဲ့စိတ်ကောင်းစေတနာနဲ့ ချီးကျုးခြင်းတွေက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို သူစိမ်းဆန်ခြင်း၊ ကွာဟချက်တွေကိုလည်း ပပျောက်စေနိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးသမားတစ်ဦးရှိတယ်။ သူဟာ လူတွေအလျစ်လျူရှုခံရဆုံး၊ အထင်သေးခံရဆုံးသူဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတစ်ဦးဟာ ညတစ်ညမှာ ကုမ္ပဏီမီးခံသေတ္တာ အလုယှက်ခံရချိန်မှာ သူခိုးဓမြနဲ့ သတ်ပုတ်ခဲ့သူဖြစ်တယ်။ အဖြစ်အပျက်ပြီးနောက် ဂုဏ်ပြုပွဲမှာ လူတွေက သူ့ကိုအကြောင်းရင်းမေးတော့ သူ့အဖြေက လူတွေထင်မှတ်မထားတဲ့အဖြေ ဖြစ်နေခဲ့တယ်။ ကုမ္ပဏီ အထွေထွေမန်နေဂျာက သူ့အနားကဖြတ်သွားတိုင်း "မင်းလှဲကျင်းတာ အရမ်းသန့်ရှင်းတယ်" လို့ သူ့ကိုအမြဲ ချီးမွမ်းခဲ့လို့ပါတဲ့။ ဒီလို သာမန်တဲ့စကားတစ်ခွန်းက သန့်ရှင်းရေးအလုပ်သမားကို ခံစားစေခဲ့ပြီး ကိုယ့်အသက်ကိုတောင်မမူဘဲ ကုမ္ပဏီကိုပေးဆပ်ချင်ခဲ့တယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Mary. Kayက "လောကမှာ ငွေကြေးထက်၊ ဘဝထက် လူတွေပိုလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ အဲဒီနှစ်ခုက အသိအမှတ်ပြုခံရခြင်းနဲ့ ချီးမွမ်းခြင်းပါပဲ" လို့ ပြောခဲ့တယ်။

ချီးမွမ်းရုံနဲ့ဖြစ်ပါ့မလား! ချီးမွမ်းမယ့်အစား ငွေကြေးဆုလာဘ်တွေပေးတာကမှ ပိုကောင်းဦးမယ်လို့ လူတွေ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ သူတို့မသိတာက ချီးမွမ်းခြင်းဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ စိတ်ဓာတ်အတွက် အကောင်းဆုံးဆုဆိုတာပါပဲ။ အသိအမှတ်ပြုခံရခြင်း၊ ချီးမွမ်းခြင်းကြောင့် ရလာတဲ့ပြည့်ဝခြင်းက ငွေကြေးကြောင့်ရလာတဲ့ ပျော်ရွှင်ခြင်းထက် ပိုသာလွန်နေပါတယ်။


အားပေးချီးကျူးလုပ်တာကို မနှစ်သက်ဘူး၊ မနှစ်မြို့တဲ့ ဆရာတစ်ဦးရှိတယ်။ တစ်ခါက အဲဒီဆရာဟာ လေ့ကျင့်ရေးသင်တန်းတစ်ခုတက်ပြီး တစ်ပတ်အကြာမှာ အရေးပါတဲ့စာတမ်းတိုတစ်ခု တင်ရတယ်။ အဲဒီစာတမ်းတိုကို သူအကောင်းဆုံးရေးခဲ့တယ်။ ဒါကို သူ့အထက်ဆရာက သူ့ကိုအသိအမှတ်ပြုချင်၊ ချီးကျူးချင်တာနဲ့ ပုံဆွဲစာရွက်ဝါတစ်ရွက်ကို ကတ်တစ်ကတ်အဖြစ်ခေါက်ပြီး စာရွက်ပေါ်မှာ "အရမ်းကောင်းတယ်!"ဆိုတဲ့ အားပေးစကားတစ်ခွန်း ရေးလိုက်တယ်။ လူချင်းတွေ့တော့ ဆရာက သူ့ကိုချီးမွမ်းစကားပြောပြီး ရေးထားတဲ့ကတ်ကို ပေးလိုက်တယ်။ ကတ်ကိုရတော့ သူတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နေရာမှာတင် တခဏရပ်ပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကနေ လှည့်ထွက်သွားခဲ့တယ်။ သူ့အဖြစ်ကြောင့် သူ့အထက် ဆရာက နားမလည်ဖြစ်ပြီး "ငါ အမှားလုပ်မိသွားသလား"လို့ တွေးလိုက်မိတယ်။ စိတ်ထဲ မတင်မကျဖြစ်မိတဲ့ဆရာဟာ တပည့်နောက်ကိုလိုက်ကြည့်တော့ တပည့်ဟာ သူပေးတဲ့ကတ်ကိုကိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လူတွေကို လိုက်ကြွားဝါနေတာကို တွေ့လိုက်တယ်။ ဒီအဖြစ်က ဒီမှာတင် တစ်ခန်းရပ်မသွားပါဘူး။ နောက်ပိုင်းမှာ ကတ်ရခဲ့ဆရာဟာ ဒီနည်းကို သူ့အထက်ဆရာထက် ပိုအသုံးပြုခဲ့ပါတယ်။ သူကိုယ်တိုင် လုပ်ထားတဲ့ကတ်တွေကို အသုံးပြုပြီး လူတွေကို သူချီးမွမ်းတတ်ခဲ့၊ အသိအမှတ်ပြုတတ်ခဲ့တယ်။

လူတွေကို အကောင်းမြင်စိတ်နဲ့ ချီးမွမ်းတတ်တဲ့ စိတ်ပညာရှင်တစ်ဦးဟာ စာတိုက်တစ်တိုက်ဆီ ရောက်ခဲ့တယ်။ စာတစ်စောင်ပို့ဖို့ သူတန်းစီစောင့်နေတုန်း ကောင်တာက စိတ်ရှုပ်၊ စိတ်နောက်နေတဲ့စာရေးမကို သူ အမှတ်မထင် သတိထားလိုက်မိတယ်။ စိတ်ပညာရှင်ဟာ ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ ဒီစာရေးမ ပျော်လာအောင် သူစမ်းသပ်ကြည့်ဖို့ဖြစ်တယ်။

"သူ့ကို ပျော်အောင်လုပ်ချင်ရင်၊ ငါ့ကို ထင်မြင်ချက်ကောင်းပေးစေချင်ရင် နားထောင်လို့ကောင်းတဲ့စကားနဲ့ သူ့ကိုချီးမွမ်းရမယ်" လို့ သူတွေးလိုက်တယ်။ ပြီးတော့ "သူ့ကိုယ်ပေါ်မှာ ငါချီးမွမ်းရလောက်တဲ့အရာ ဘာရှိသလဲ! ငါ ဟန်မဆောင်ဘဲ တကယ်ချီးမွမ်းချင်တဲ့အရာ ဘာရှိသလဲ?" လို့ မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ စာရေးမကို သူအကဲခတ်တယ်။ နောက်ဆုံးမှာ ချီးမွမ်းစရာကို သူရှာတွေ့လိုက်ပါတယ်။

သူပို့မယ့်စာကို စာရေးမလှမ်းယူပြီး အလေးချိန်ချိန်နေတုန်းမှာ စိတ်ပညာရှင်က ရိုးသားတဲ့စကားတစ်ခွန်းနဲ့ စပြောပါတယ်။

"ခင်ဗျားလို ဖြောင့်စင်းပြီး လှပကောင်းမွန်တဲ့ဆံပင်ရှိနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်မျှော်လင့်မိပါတယ်"

စိတ်ပညာရှင်ရဲ့စကားကိုကြားတော့ စာရေးမက မျက်လုံးတစ်ချက်ပင့်ကြည့်တယ်။ သူ့မျက်လုံးမှာ အံ့သြမှုတွေနဲ့ ပြည့်နေတယ်။ တဆက်တည်း သူတစ်ချက်ပြုံးလိုက်ပြီး " ဟား... ကျွန်မရဲ့ဒီဆံပင်တွေ အရင်ကနဲ့စာရင် ပိုဆိုးသွားတယ်" လို့ ခပ်လျှိုလျှိုပြောတယ်။ စိတ်ပညာရှင်ရဲ့စကားကြောင့် သူ့စိတ်ခံစားမှု ပိုကောင်းသွားပါတယ်။ စိတ်လိုလက်ရ တအောင့်ကြာလောက် သူတို့ စကားစမြည်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ပညာရှင်ပြန်ခါနီးမှာတောင် စာရေးမက "တကယ်တော့ ကျွန်မရဲ့ ဒီဆံပင်နက်နက်တွေကို လူတော်တော်များများ အားကျကြတယ်" လို့ ထပ်ပြောလိုက်ပါသေးတယ်။

လူတစ်ယောက်မှာ ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုရာထူးဂုဏ်ပဲရှိရှိ ချီးမွမ်းခြင်းတွေ လိုကိုလိုအပ်ပါတယ်။ သိပ်အရယ်အပြုံးမရှိတဲ့ ကိုယ့်အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို ရိုးသားတဲ့ချီးမွမ်းစကား သင်ဆိုနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ ချီးမွမ်းစကားက သူ့စိတ်ကို ပြုံးရယ်စေမှာ အမှန်ပါ။

သူတစ်ပါးကိုချီးမွမ်းဖို့ သင့်ဖက်က ဘာမှ များများစားစား ပေးဆပ်စရာမလိုပါဘူး။ သင်လုပ်ရမှာက အချင်းချင်းပြောဆိုဆက်ဆံချိန်မှာ ဂရုတစိုက်ရှိဖို့နဲ့ သူ့ရဲ့အားသာချက်ကိုတွေ့တဲ့အခါ ချီးမွမ်းစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ တခြားသူရဲ့ကောင်းကွက်၊ အားသာချက်ကို သတိပြုမိချိန်မှာ သင့်ကိုယ်သင်လည်း သင့်ဘဝရဲ့ တောက်ပရောင်ခြည်ကို စသတိပြုမိပါလိမ့်မယ်။

ချီးမွမ်းခြင်းမှာ ပဲ့တင်သံရှိပါတယ်။ သင့်ရဲ့ချီးမွမ်းစကားတွေ သင့်ကိုပဲ့တင်ထပ်ပါလိမ့်မယ်...


မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110702/191046.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

**From-Noor

Read More...

လောကမှာ သင့်ကိုအချစ်ဆုံးသူ


ဒီလောကမှာ ဒီလိုလူတစ်ယောက်ရှိတယ်။ သင်ငယ်စဉ်အခါမှာ သင့်ကို "လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်ထွက်လာတတ်တယ်" လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာစိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။

ဒါပေမဲ့ သင့်ကို မလိမ်ညာရဘူးလို့ သင်ပြတဲ့သူက အလိမ်ညာတတ်ဆုံးလူ ဖြစ်နေတယ်ဆိုတာကို နောက်တော့ သင်တဖြေးဖြေး သတိထားလာခဲ့မိတယ်။

သင်အကြိုက်ဆုံး အစားအစာဟာ သူ မကြိုက်ဆုံးအစားအစာဖြစ်တယ်။ ဥပမာ- ကြက်သားစားတဲ့အခါ ကြက်ပေါင်၊ ကြက်တောင်ပံ၊ ကြက်ရင်အုံတွေကို သူ မကြိုက်ဘူးလို့ အမြဲပြောတယ်။ ဒါတွေက သင်အကြိုက်ဆုံးဖြစ်နေတတ်တယ်။ ကြက်ပေါင်၊ ကြက်ရင်အုံတွေကို သင်စားနေရင်းက ဒီလောက်မွှေး၊ ဒီလောက်စားကောင်းတဲ့အရာကို မကြိုက်တဲ့သူလည်းရှိတယ်လို့ သင်တွေးနေမိတယ်။ ဒါပေမဲ့ တစ်နေ့မှာ မီးဖိုချောင်ထဲက သင့်စားကြွင်းစားကျန် ကြက်ပေါင်တွေကို စားနေတဲ့သူ့ကို သင်တွေ့ခဲ့မိတယ်။

အဲဒီနေ့က အိမ်ခန်းတွေထဲ ပြေးလွှားရင်း သင်လေတံခွန်လွှတ်တမ်း ကစားနေတယ်။ အဲဒီအချိန် တံခါးဘောင်မှာ သူမှီပြီး တစ်နေရာရာကို ကြည့်နေတယ်။ သင်ပြေးလွှားရင်း ပွင့်နေတဲ့တံခါးရွက်ကို တိုက်မိတယ်။ တံခါးအပိတ်မှာ သူ့လက်ချောင်းကို ညှပ်လိုက်မိတယ်။ သူ့ရဲ့ အားခနဲအော်သံကြားတော့ သင်လန့်ပြီးငိုတယ်။ တခြားလက်တစ်ဖက်နဲ့ ညှပ်မိတဲ့လက်ကို သူဆုပ်ကိုင်ရင်း သူဘာမှမဖြစ်ဘူး၊ မနာဘူးလို့ သင့်ကိုပြောတယ်။ သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်က သင့်ကိုအငိုတိတ်စေခဲ့တယ်။ နောက်ရက်တွေမှာ သူ့လက်ချောင်းဖုယောင်နေတာကို သင်တွေ့ခဲ့မိတယ်။


အဲဒီနောက် သင်တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ သင်အဆောင်နေရတော့မယ်။ သူ့ကို သင်မခွဲချင်ဘူး။ သူကတော့ပြောတယ်.... "အဆောင်နေမယ့်အရွယ်ရောက်ပြီ...ကောင်းလိုက်တာ.. နားညီးသက်သာသွားပြီ၊ အိမ်ရှင်းသွားပြီ" လို့ သူပြောတယ်။ ဒါကို သင်စိတ်ကောက်ပြီး အိမ်ကိုနှစ်ပတ်လောက် မပြန်ခဲ့ဘူး။ နောက်မှ အိမ်နီးချင်းတွေကနေ သင်သိရတာက သင်အိမ်မပြန်တဲ့ရက်တွေ သင့်ကိုသူလွမ်းမျှော်ပြီး မျက်ရည်ကျနေခဲ့တယ်ဆိုတာပါပဲ။

နောက်တော့ သင် တက္ကသိုလ်ရောက်တော့ ကောင်မလေးတစ်ယောက်ကို သင်ချစ်မိတယ်။ ကောင်မလေးအတွက် သင့်အသုံးစရိတ်တွေထဲကနေ အမြဲလက်ဆောင်ဝယ်ပေးတယ်။ ဒါနဲ့ သူ့ဆီကို သင်စာအုပ်ဝယ်ဖို့ ငွေလိုကြောင်း စာပို့တယ်။ စာအုပ်ဝယ်ဖို့ဆိုရင် သူအားပေးတယ်.. သင်လိုတဲ့ပိုက်ဆံကို သူချက်ချင်း ပို့ပေးတယ်။ အလုပ်လုပ်ရတာ သူဘယ်လောက်ပဲဆင်းရဲပင်ပန်းပါစေ... သူ မမောပါဘူးတဲ့။ နွေကျောင်းပိတ်လို့ သင်အိမ်ပြန်တော့ သူ့ကိုအလုပ်ရုံမှာ သင်သွားရှာခဲ့တယ်။ အလုပ်ရုံနဲ့အိမ်က အဝေးကြီး.. ခါးကုန်းကုန်းပြီး အင်စိုက်အားစိုက် အလုပ်လုပ်နေတဲ့ သူ့ကို သင်တွေ့ခဲ့တယ်။

သင်ကျောင်းပြီးတော့ အလုပ်ဝင်ပြီ... အလုပ်အတွက်၊ ဘဝအတွက် သင်နေ့မအား၊ ညမအားခဲ့ဘူး။ တာဝန်နဲ့ နေရပ်ကိုသင်ဖြတ်ရပေမယ့် အိမ်ကိုဝင်ဖို့ သင်မအားခဲ့ဘူး။ ကြာကြာတစ်ခါတော့ သင့်ကို သူဖုန်းဆက်တတ်တယ်။ ဘာအရေးကိစ္စမှ မရှိပါဘူး.. သင့်အသံကိုပဲ သူနားထောင်ချင်လို့၊ နေကောင်းကျန်းမာဖို့၊ အိမ်မှာအရာအားလုံးကောင်းတယ်၊ စိတ်မပူဖို့ သူပြောတယ်။ ဒါကို သင်စိတ်ချလက်ချ ယုံတယ်။ တစ်နှစ်ပတ်လုံး အိမ်မပြန်ခဲ့ဘူး။ နောက်တစ်နှစ်အိမ်ပြန်တော့ အိမ်နီးချင်းတွေက "သူလဲကျလို့ ခြေကျိုး၊ လက်ကျိုးဖြစ်သွားတာတောင် မင်းအိမ်ပြန်လာကြည့်ဖော် မရဘူးနော်" လို့ အပြစ်ဆိုတယ်။

အခုချိန်မှာတော့ သူနဲ့အတူ သင်ရှိနေတယ်။ သူ့ခေါင်းပေါ်ကဆံဖြူတွေကို သင်ကြည့်ရင်း သစ်သားရုပ်Pinocchioရဲ့ ပုံပြင်ကို သင်ပြောပြချင်နေခဲ့တယ်။ သင်ငယ်ငယ်တုန်းက သူပြောပြခဲ့ဖူးသလို... မလိမ်ညာရဘူး၊ လိမ်ညာတဲ့လူ နှာခေါင်းရှည်တတ်တယ်ဆိုတဲ့ ပုံပြင်ကိုပေါ့။

ဒါပေမယ့် အခုချိန်မှာ သင်လည်း လိမ်ညာတတ်ခဲ့တယ်။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပြီး ကပ်ထားတဲ့ဈေးနှုန်းစာရွက်ကို သင်ခွာခဲ့တယ်။ ပြီးတော့ ဒါဈေးချတာ.. ဈေးပေါတယ်လို့ သူ့ကို သင်ညာတယ်။ ဒါမှ သူ စိတ်မဆိုးမှာဖြစ်တယ်။ အလုပ်မှာ စိတ်ဖိအား၊ အလုပ်ဖိအားတွေကို သင်ခံရတယ်။ ဒါပေမယ့် သူနဲ့စကားပြောတဲ့အခါတိုင်း ကျေနပ်တဲ့အသံနဲ့ အလုပ်မှာကောင်းကြောင်း၊ စိတ်ချချနေဖို့ သူ့ကို သင်ပြောတယ်။

သင့်ကိုယ်သင် လိမ်ညာတတ်သူဖြစ်အောင်လုပ်မယ်လို့ သင်ဆုံးဖြတ်တယ်။ သူပြုံးရယ်ဖို့အတွက်၊ လောကမှာ အလိမ်ညာတတ်ဆုံး------ မိခင် အတွက်ပေါ့။


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/20111115/207067.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


**Moe Moe**.

Read More...

Saturday, January 7, 2012

ဘာကြောင့် ဒေါသထွက်နေကြရတာလဲ ?



တခါတုန်းက ပေါ့ မီးရထားကြီးတစ်စင်းဟာ ထွက်လုဆဲဆဲ နဲ့ အချက်ပေးသံတွေ နဲ့ဆူညံလို့ ဘူတာရုံကြီး ဟာလည်း သက်ဝင်လှုပ်ရှားလို့နေတယ် ။ အဲဒီအချိန်မှာ လူကြီးလူကောင်းဆန်ဆန် ၀တ်စားထားတဲ့ အဘိုးအို တစ်ဦးဟာ ရထားထွက်တော့မှာကြောင့် ခပ်သုတ်သုတ်လေး ရထားပေါ်တက်ဖို့ ပြင်လိုက်တယ် ။ ဒါပေမယ့် သူ့နောက် ကနေ တစုံတဦးက လှမ်းဆွဲထားလိုက်တာကြောင့် သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့ပိုက်ဆံ အိတ်ကို ကိုင်ပြီး အကီင်္ျကိုလှမ်းဆွဲထားတဲ့ ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းလူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ် ။

ဒါနဲ့ အဘိုးအိုက လူငယ်ကိုမေးလိုက်တယ် ။

“ ဘာလို့အနောက်ကနေ အကျီင်္ကိုဆွဲတာလည်းကွဲ့ ဒါနဲ့လက်ထဲက ပိုက်ဆံအိတ် က ငါ့ဟာမဟုတ်လား မင်းက ခါးပိုက်နှိုက်လား ”

“ မဟုတ်ရပါဘူး အဘိုးရယ် ကျွန်တော် အဘိုးပိုက် ဆံအိတ်ကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာပါ အဘိုးက ရထားပေါ် တက်တော့မှာမို့ အင်္ကျီကိုလှမ်းဆွဲလိုက်တာပါ ”

အဲဒီလို အဘိုးအိုနဲ့ လူငယ် နှစ်ယောက် စကားပြောနေတာကို ဘေးနားက လူအုပ်ကြီးက နားစွန်နားဖျား ကြား သွားပြီး လူအုပ်ထဲကတစ်ယောက်က လှမ်းပြောတယ် ။

“ ဟေ့ ခါးပိုက်နှိုက်တဲ့ကွ ခါးပိုက်နှိုက်တဲ့ ချကွာ ၀ိုင်းဆော်ကွာ ကြာတယ် ချ ချ ”

အဲဒီလိုနဲ့ လူအုပ်ကြီးကလည်း ဆူညံ့လာပြီး လူငယ်လေးကို ၀ိုင်းပြီး ရိုက်နှက်ကြဖို့ ဒေါသတကြီး ၀ိုင်းအုံလာ ကြလေ ရဲ့ ။ ဒါနဲ့ အဘိုးအိုက လူတွေကို ပြောလိုက်တယ် ။

“ နေကြ ပါဦးကွယ် ဘာလို့ ခင်ဗျားတို့က ဒေါသထွက်နေကြတာလဲဟင် ”

“ ဟာ အဘိုးရဲ့ သူက ခါးပိုက်နှိုက်လေ လူတွေကို လိုက်ဒုက္ခပေးလိမ့်မယ် ကြာပါတယ် ချကွာ ၀ိုင်းဆော်ကွာ အဘိုး လည်း ဒီလူ့ကို ကျွန်တော်တို့နဲ့အပ်ခဲ့ပါ ”

အဲဒီလိုလည်းပြောရော ခပ်နွမ်းနွမ်းလူငယ်လေးက ကြောက်လန့်သွားပြီး

“ အဘိုးရယ် ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ပါဘူးဗျာ တကယ်ပါ အဘိုးကျွန်တော့်ကို မထားခဲ့ပါနဲ့နော် ”

လို့ တောင်းပန်ပါတယ် ။ ဒီတော့အဘိုးအိုက လူငယ်ကို ဂရုဏာသက်စွာ ကြည့်ပြီး အောက် ပါအတိုင်းပြော လိုက်ပါတယ် ။


“ ဒီမှာ ကလေးရဲ့ ဒီလူတွေကို မင်းသိလား ဒီလူတွေက တို့တိုင်းပြည်ထဲမှာနေတဲ့လူတွေပဲ သူတို့ မျက်နှာ ကိုကြည့်လိုက်စမ်း အရမ်းကို ဒေါသထွက်နေကြတယ်တွေ့လား ဒီလူအုပ်ကြီးက တကယ်တော့ မင်းကို ဒေါသ ထွက်နေကြတာမဟုတ်ပါဘူး ။ တချို့ မိန်းမနဲ့ အဆင်မပြေလို့ မြိုသိပ်ထားကြရတယ် တချို့က အထက် လူကြီးရဲ့ ဆူပူကြိမ်းမောင်းတာခံရလို့ မြိုသိပ်ထားကြရတယ် တချို့ကစီးပွားရေး အခြေအနေမကောင်းလို့ ကြိတ် မှိတ်နေ ကြရတယ် တချို့က တော့ သူတို့သားသမီးတွေက သူတို့စကား နားမထောင်လို့ တချို့ကတော့ အိမ်နီးနား ချင်းတွေ ချမ်းသာနေတာကို မနာလိုဖြစ်နေကြလို့ တချို့ ကတော့ ဘောလုံးပွဲလောင်းတာ ရှုံးသွားလို့ ဒီလိုနဲ့ သူတို့ဟာ ကြိတ်မှိတ်မြိုသိပ်တာတွေများနေကြတယ် အဲဒီမြိုသိပ်တာတွေ ကိုမင်းအပေါ် မှာ လောင်း သွန် ချပြီး ဒေါသတွေပေါက်ကွဲနေကြတာပဲ ငါ သာမင်းကို မကာကွယ်ပေးဘူးဆိုရင်တော့ သူတို့ဟာ မင်းရဲ့ ဦးခေါင်း ခွံကို ရိုက်ခွဲမှာ အမှန်ပါပဲ ”

ကဲ ကျွန်တော်တို့ ဒီနေရာလေးမှာ တချက်လောက်တွေးကြည့်ကြရအောင် ။ ခက်ခဲကြမ်းတမ်းပါတယ်ဆိုတဲ့ ဘ၀ဆိုတဲ့ အရာကို ကျွန်တော်တို့တွေဖြတ်သန်းပြီး မြိုသိပ်တာတွေများနေကြတယ် ။ ကျွန်တော်တို့ ဟာ အမြဲပဲ ကိုယ်အဆင်မပြေတာတွေကို တပါးသူအပေါ် သွန်ချပစ်ဖို့ လောင်းချပစ်ဖို့ ပေါက်ကွဲ ပစ်ကြဖို့ ၀န် မလေး တတ်ကြဘူး ။ ကျွန်တော်တို့ စိတ်နှလုံးသားတွေဟာ တကယ်ပဲ သန့်စင်ကြပါရဲ့လား ။ မပြူမူအပ်တဲ့ အရာတွေ ဟာ စဉ်းစား ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကသာ ကုစားပေးနိုင်ကြပါလိမ့်မယ် ။ ယခုကစလို့ ကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကို တခြားသူတွေအပေါ် ပုံချဖို့မကြိုးစားပဲ ကိုယ့်ဘာသာ ကိုယ် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ကိုယ်ပဲ ဖြေရှင်းဖို့ ကြိုးစားကြပါစို့လား ။ တခုခုဆို အများသဘောအတိုင်းဆိုတဲ့အရိုးစွဲ အယူဝါဒကို စွန့်လွှတ်လို့ မှားသည်မှန်သည်ကို တိတိကျကျ ဝေဖန်ပိုင်းဖြတ်ရင်း စိတ်နှလုံးသားတွေ သန့်စင်စွာ နေကြပါစို့ ။



**သက်တန့်ချို**
7/1/2012

*Don't worry. Be Happy ,*
**From-Moe Moe**.

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)