မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ…. တွေ့ရာနေရာမှာ ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးသိ၏။ မင်းကြီးမှစ၍ မည်သူမျှ သူတို့နှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။
မေတ္တာအကျိုးပြ သောတာပတ္ထိရ….တစ်နေ့တွင် မြတ်စွာဘုရားသည် မိုးသောက်အခါ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို ကြည့်တော်မူလျှင် ထိုစစ်သူကြီး နှစ်ယောက်ကို မြင်တော်မူ၍ ဆွမ်းခံချိန်တွင် ကိုယ်တော်တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီး စစ်သူကြီးတစ်ယောက်၏ အိမ်ရှေ့တွင်ရပ်တော်မူ၏။ စစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ပင့်လေ၏။ မြတ်စွာဘုရားသည် စစ်သူကြီးအား မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကို ပြတော်မူသော အဆုံးတွင် သောတာပတ္တဖိုလ်၌ တည်လေ၏။
ဝန်ချတောင်းပန်ကျေအေးရန်….
မြတ်စွာဘုရားသည် သောတာပန်တည်ပြီးသော စစ်သူကြီးအား သပိတ်ကိုထမ်းစေလျက် အခြားစစ်သူကြီး အိမ်ရှေ့တွင် ရပ်ပြန်၏။ ထိုစစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်ပြန်၏။ မြတ်စွာဘုရားသည် ရှေ့နည်းအတူ ဟောကြားတော်မူပြန်လျှင် ထိုအမတ်လည်း သောတာပန် တည်ပြန်၏။
စစ်သူကြီးနှစ်ယောက်လည်း အပြန်အလှန် ၀န်ချတောင်းပန်ကြ၏။
ထိုအကြောင်းနှင့်စပ်၍ မြတ်စွာဘုရားက ရှေးအခါကလည်း သင့်မြတ်စေရန် ဆောင်ရွက် ပေးခဲ့ဖူးပြီးဟု မိန်တော်မူကာ အတိတ်ဇာတ်ကို ဆောင်တော်မူသည်။
အတိတ်ဇာတ်….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည်ရသေ့ဖြစ်၍ မြစ်ကမ်းတွင် နေရ၏။ ဗာရာဏသီမြို့တွင် ပွဲတော်ကြီး ကျင်းပ၏။ နတ်၊ နဂါး၊ ဂဠုန်တို့ပါ လူယောင်ဖန်ဆင်း၍ လာကြ၏။ ထိုပွဲတွင် နဂါးသည် ဂဠုန်၏ ပုခုံးပေါ်တွင် အမှတ်တမဲ့ လက်တင်လျက်ကြည့်၏။ ဂဠုန်က နဂါးမှန်းသိလေ၏။ နဂါးကလည်း ဂဠုန်မှန်းသိသောအခါ မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။
ဘုရားလောင်းရသေ့ ကယ်တင်ခြင်း…..
ထိုအချိန်၌ ဘုရားလောင်းရသေ့သည် မြစ်ဆိပ်တွင် ရေချိုးဆင်းနေ၏။ နဂါးသည် ပတ္တမြားလုံးသဏ္ဍာန် ဖန်ဆင်းကာ သင်္ကန်းကြားတွင် ၀င်နေ၏။ ဂဠုန်သည် သင်္ကန်းကို ရိုသေ၍ မဖမ်းသေးဘဲ ရသေ့အား….
`ရှင်ရသေ့၊ နဂါးသည် ပတ္တပြားလုံးဟန်ဆောင်ကာ သင်္ကန်းအတွင်း၌ ၀င်နေပါသည်။ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ မြတ်သော အဆင်းတော်ကို ရိုသေခြင်းကြောင့် နဂါးကို ဆာလောင်လျက် မစားဝံ့ပါ။ သင်္ကန်းတော်ကို ယူပါလော့၊ နဂါးကိုစားပါမည်´ဟု လျှောက်ထား၏။
ရသေ့သည် ရေ၌နေလျက်ပင် ဂဠုန်မင်းအား……….
`အို-ဂဠုန်မင်း သင်သည် မြတ်သောရသေ့ရဟန်းကို ပူဇော်ခြင်းကြောင့် နဂါးကိုစားလိုလျက် မစားသော သင်သည်။ ဗြဟ္မမင်း စောင့်ရှောက်္က အသက်ရှည်ပါစေ၊ သင့်အတွက် နတ်သုဒ္ဓါ- ရနိုင်ပါစေဟု မေတ္တာပို့ ဆုပေးကာ ရေထမြှ တက်၍ ဂဠုန်နှင့် နဂါးနှစ်ဦးစလုံးကို ကျောင်းတော်သို့ခေါ်ကာ မေတ္တာဘာဝနာအကျိုးကို ဟောကြားသဖြင့် ဂဠုန်နှင့် နဂါးတို့သည် ညီညွတ် ချစ်ခင်သွားကြလေသည်။
ဇာတ်ပေါင်းသော်….
နဂါးနှင့် ဂဠုန်သည် - စစ်သူကြီးနှစ်ယောက်၊
ရသေ့သည် - ငါဘုရားဖြစ်လာ၏ဟုဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** ရန်သူကို အေးမြစေသော မေတ္တာ *** (ဇာ၊ ၁၅၄- ဥရဂဇာတ်) ပစ္စုပ္ပန်ဝတ္ထု

No comments:
Post a Comment