ပခန်းသားတစ်ယောက်သည် ရွှေဘိုနယ်သို့ ကုန်ရောင်းကုန်ဝယ် လာရင်း ချီပါရွာအနီးသို့ လှည်းတစ်စီးဖြင့် ရောက်ခဲ့လေသည်။
သူသည် ဧည့်သည်ဖြစ်သောကြောင့် ချီပါရွာနယ်မြေ၏ အခြေအနေကို မသိရှာပေ။ သို့ဖြစ်ရာ ချီပါသားကြဲထားသော အပင်ကလေးများမပေါက်သေးသည့် ကောက်ညှင်းစပါး ပျိုးခင်းထဲသို့ လှည်းဖြတ်ပြီး မောင်းမိလေသည်။
ချီပါသားသည် သူ၏ စပါးပျိုးခင်းထဲသို့ လှည်းဖြတ်၍ မောင်းလာသောသူအား ဒေါသထွက်လှသဖြင့် ပြစ်တင် ပြောဆိုလေသည်။
“မိုက်ပါပေ့ လှည်းသမားရယ်၊ ဒါ ကောက်ညှင်းစပါး ကြဲထားတဲ့ ပျိုးခင်းဗျ၊ ဒီကောက်ညှင်းစပါးမျိုးကို ကျုပ်အဘိုး သီဟိုက တမင်တကာ ယူလာခဲ့ရတာ၊ ခုတော့ဖြင့် ခင်ဗျားလှည်းဖြတ်မောင်းလို့ ပျက်ပြီကောဗျ”ဟု မြည်တွန်တောက်တီးလေသည်။ လှည်းမှာ တစ်ဘက် လယ်ကန်သင်းသို့ပင် ရောက်လုနီးချေပြီ။ ထိုအခါ ပခန်းသားက “ကျုပ် မသိလို့ပါ မိတ်ဆွေရယ်၊ ဒီနေရာက မမောင်းရဘူးဆိုရင် ပြန်လှည့်ပြီး မောင်းပါ့မယ်”ဟု တောင်းပန်ပြီး ပျိုးခင်းထဲတွင် လှည်းတစ်ခါပြန်လှည့်ပြီး မောင်းမည်လုပ်ရာ မောင်းပြန်ပါက ပို၍သာ ပျက်စီးတော့မည် ဖြစ်သောကြောင့် ချီပါသားမှာ မသက်မသာဖြင့်…
“ခုမှတော့ ရှေ့သာ ဆက်မောင်းပါတော့လေ၊ ကန်သင်းရိုးရောက်မှပဲ ခေတ္တလောက် နားချင်နားပါတော့”ဟု မချိပြုံးပြုံးကာ ပြောလိုက်ရရှာလေသည်။
လယ်ကန်းသင်းရိုးသို့ရောက်သော် ပခန်းသားက “ခင်ဗျား ကောက်ညှင်းမျိုးက ဘယ်လောက်များ စေးလို့လဲ”ဟု မေးလိုက်ရာ၊ ချီပါသားက “ဒီကောက်ညှင်းစပါးမျိုးက ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းကို လှည်းပေါ်မှာထားခိုက် ကျီးတစ်ကောင်က ထိုးသုတ်တော့ ကောင်းညှင်းစေးနှင့်ကပ်ပြီး လှည်းကြီးတစ်စီးလုံး ကျီးနှုတ်သီးမှာ ကပ်ပါသွားတယ်ဗျ” ဟု ပြောလိုက်လေသည်။
ထိုအခါ ပခန်းသားက ပြုံးတဲ့ပြီး “ဒီစပါးမျိုးလောက်ကို သီဟိုက ယူခဲ့ရတယ်ဆိုတာ ကျုပ်ဖြင့် အံ့သြတာပါဘဲ၊ ဒီလောက် အစေးရှိရုံနဲ့တော့ ကျုပ်တို့ဆီမှာ ကောက်ညှင်းလို့ မခေါ်သေးဘူး။ ကောက်ဖျင်းစပါးလို့သာ ခေါ်ကြတယ်။ ကျုပ်တို့ဆီက ကောက်ညှင်းစပါးမျိုးဟာ ကောက်ညှင်းစပါးကြဲထားတဲ့ ပျိုးခင်းထဲကို ဖြတ်ပြီးလှည်းမောင်းရင် ကောက်ညှင်းစေးနဲ့ ကပ်ပြီး လှည်းနောက်ကို လယ်ကွက်ကြီးတစ်ခုလုံး ပါလာတော့တာပဲ”ဟု ပြန်ပြောလိုက်လေသည်။ တစ်ဖန် ချီပါသားက “ခင်ဗျား ကောက်ညှင်းဆန်တွေကို ကျုပ်တို့အိမ်မှာရှိတဲ့ ရေတွင်းထဲက ရေနဲ့ဆေးပြီး ပေါင်းလိုက်ရ သိပ်ကောင်းပေါ့ဗျာ”ဟု ပြောပြန်သော် ပခန်းသားက “ခင်ဗျာ့ရေတွင်းက ဘယ်လောက်များ နက်လို့လဲ”ဟု မေးပြန်သည်။
ချီပါသားက “အို- ရေတွင်း နက်လိုက်ပုံတော့ မပြောပါနဲ့တော့ နေမွန်းတည့်တုန်းမှာ ကြည့်နိုင်မှ ရေကိုမြင်ရတယ်လေ”ဟု ဖြေလိုက်ပြန်တော့ရာ-
ပခန်းသားက “ကျုပ်တို့ရွာက ရေတွင်းလောက် မနက်သေးပါဘူးဗျာ၊ ကျုပ်တို့ရွာက ရေတွင်းထဲကို ကျုပ်အဘိုးဥရဲ့ ကွမ်းအစ်ကလေး ကျသွားပါတယ်။ အဖိုး အောက်ပြည်အောက်ရွာမှာ သုံးနှစ်ကျော်ကျော် အလုပ်လုပ်ပြီး ပြန်အလာ ရေတွင်းနားအရောက်မှာ ကွမ်းအစ်ကလေးကို သတိရတာနဲ့ ငုံ့ပြီးကြည့်တော့ ရေတွင်းထဲမှာ ကွမ်းအစ်ကလေးဟာ တရိပ်ရိပ်ကျနေတာ မြင်နေရသေးတယ်”ဟု ပြောပြရုံမျှသာမကသေးဘဲ ပခန်းသားသည် စားကျက်ထဲ၌ အစာစားနေသော ကျွဲများကို ကြည့်ပြီး “ခင်ဗျားတို့ ဆီကကျွဲတွေများ သိပ်ငယ်တာပဲကိုးနော်။ ကျုပ်တို့ဆီကကျွဲများ ဒီဘက်ဦးချိုဖျားနဲ့ ဟိုဘက်ဦးချိုဖျား ကျီး ၅-ညအိပ်ပျံမှ ရောက်ဗျို့”ဟု ဆင့်ကာဆင့်ကာ စကားအနိုင်ယူနေသည်ကို ချီပါသားသည် မခံမရပ်နိုင်ဖြစ်လာလေ၏။
ထို့ကြောင့် ချီပါသားက “ခင်ဗျားပြောဆဲ့ ကျွဲကြီး သတ်ပြီးတော့် ကျုပ်တို့အိမ်က ဘူးသီးနဲ့ရောပြီး ဟင်းချက်လိုက်ရ သိပ်ချိုပေါ့ဗျာ”ဟု ပြန်ပြောလိုက်လေသည်။
“ခင်ဗျားအိမ်က ဘူးသီးက ဘယ်လောက်များ ကြီးလို့လဲ”ဟု ပခန်းသားက ချီပါသားအား မေးလိုက်သည်တွင် ချီပါသားသည် ပြုံးစစ မျက်နှာထားနှင့်-
“မိတ်ဆွေပြောမည့်ဘူးသီးထက် နည်းနည်းကလေးပဲ ပိုပြီးကြီးပါတယ်ဗျာ”ဟု ဖြေလိုက်လေသည်။ ထိုအခါမှ တစ်ဦးနှင့်တစ်ဦး နေရပ်များကို မေးမိကြရာ ကျုပ် ပခန်းသားပါ ကျုပ်က ချီပါသားဟု သိကြရပြီး မိတ်ဆွေဖြစ်သွားကြလေ၏။
(ယခုခေတ် ချီပါသားနှင့် ပခန်းသားမဟုတ်ပါ ဟိုရှေးရှေးခေတ်က ဖြစ်ပါသည်)
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment