ရှေးရှေးတုန်းက မြို့နှင့် မနီးမဝေးသော ရွာတစ်ရွာတွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော သူကြွယ်ကြီးလင်မယား ရှိလေသည်။ သူတို့တွင် နွားအကောင်ရေ ငါးရာလောက် ရှိလေသည်။ ထိုနွားများကို ကျောင်းသော ကျွန်မကလေး ၁ ယောက်ရှိ၏။ ထိုကျွန်မကလေးက အလွန်ရိုးသား လိမ္မာလှ၏။ သူသည်ဘုရား၊တရား၊သံ ဃာဟူသော ရတနာသုံးပါးကို အလွန်ယုံကြည်သူလည်းဖြစ်၏။
တစ်နေ့သော အဖိတ်နေ့တွင် သီလဆောက်တည်လိုသော စိတ်က ပြင်းပြလှသဖြင့် သူကြွယ်မကြီးဆီ သွားပြီးလျှင်
`အဒေါ်ရယ် ကျမ နက်ဖြန်ခါ သီလဆောက်တည်လိုပါတယ်။ ခွင့်ပြုပါ´ဟု ခွင့်တောင်းလေသည်။ သူကြွယ်မကြီးကလည်း `ကောင်းပြီ၊ ညည်းဒီနေ့ နွားစာလုံလောက်အောင်ရှာပြီး နက်ဖြန်ခါကျတော့ သွားပြီးသီလစောင့်တာပေါ့´ဟု ပြောလိုက်၏။ ကျွန်မကလေးလည်း ၀မ်းသာအားရဖြစ်ကာ နွားစာမြက်များကို ရှာလေသည်။
နောက်တစ်နေ့နံနက်သို့ ရောက်သောအခါ ရွာထဲကလူများသည် ဥပုသ်စောင့်သွားကြသည်။ သူလည်း နောက်မှာလိုက်သွားပြီးလျှင် ကျောင်းရောက်သောအခါ လူအပေါင်းတို့နှင့် သီလကို ဆောက်တည်လေသည်။ သူသည် ဥပုသ်ကို တစ်ခါမှ မဆောက်တည်ဖူးသောကြောင့် သီလပေးသည်ကို လိုက်၍မဆိုတတ်သဖြင့် သီလမရချေ။ နောက်ဆုံး လူအများပြီးမှသာ ဘုန်းတော်ကြီးထံသို့ သွား၍ `တပည့်တော်မ သီလဆောက်တည်လိုပါသည်ဘုရား´ဟု လျှောက်သောအခါ ဘုန်းတော်ကြီးလည်း `ဟဲ့ ဘယ်နှပါးသီလ ဆောက်တည်မတုန်း´ဟု မေး၏။ ကျွန်မကလေးလည်း အရင်လူတွေလည်း ငါးပါးသီလ ဆောက်တည်သည်မှတ်ပြီး။ `ငါးပါးသီလ ဆောက်တည်မှာပါဘုရား´ဟု လျှောက်လိုက်သည်။ သို့နှင့် ဘုန်းကြီးက ငါးပါးသီလ လိုက်ဆိုစေလေသည်။ ပြီးသောအခါ အရင်လူများကြားထဲ သွားနေလေသည်။ သူအများက `ဟဲ့ နင်ဘယ်နှပါးသီလ ဆောက်တည်သလဲ´ဟု မေးသောအခါ ရိုးသားစွာနှင့် `ကျမ ငါးပါးသီလ ဆောက်တည်ပါတယ်´ဟု ပြောလျှင် `ဟဲ့ နင်ငါတို့နှင့် မနေနဲ့၊ သွား ငါတို့က ရှစ်ပါးသီလ နင်က ငါးပါးသီလ သွားငါတို့နား လာမနေနဲ့´ဟု နှင်လွှတ်လိုက်ကြ၏။ နောက်တစ်စုထံ သွားသောအခါ၌လည်း ဤသို့ပင် ဆို၍ နှင်လိုက်ကြ၏။ သို့နှင့် စိတ်ပျက်ပျက်နှင့် အိမ်ပြန်လာပြီး သူကြွယ်မကြီးအား အကြောင်းစုံပြောသောအခါ သူကြွယ်မကြီးက `ဟဲ့ ဒီလိုဆိုရင်ညည်း ကျောင်းအရှေ့ဘက်က ညောင်ပင်ကြီးအောက်သွားပြီး ပုတီးစိတ်ပေါ့အေ´ဟု ပြော၏။
ကျွန်မကလေးက `ကျမ စိပ်ပုတီးမစိပ်တတ်ဘူး´ဟု ပြောရာ သူကြွယ်မကြီးက `ညည်းနှယ်အေ စိပ်ပုတီးစိပ်တာများ အဆန်းလုပ်လို့ အနိစ္စ၊ အနိစ္စ လို့ ဆိုစိပ်တာပေါ့´လို့ ပြောပြီး `ကဲ- ကဲ ထမင်းထုပ်ပြီး သွားပေတော့၊ ကျောင်းက နာရီမောင်းထိုးတော့ ထမင်းထုပ်ဖြေပြီး ဘုရားဆွမ်းတော်တင်ပြီး စားပေါ့´ဟု မှာ၏။
သို့နှင့် ကျွန်မကလေးသည် ထမင်းထုပ်ကို ကပျာကရာထုပ်ပြီး ညောင်ပင်ဆီသို့ ထွက်ခဲ့၏။ ညောင်ပင်ကြီးအောက် ရောက်သောအခါ သူကြွယ်မကြီးမှာသည့်အတိုင်း `အနိစ္စ- အနိစ္စ´နှင့် စိပ်ပုတီးစိပ်နေလေသည်။ မွန်းတည့်သောအခါ ကျောင်းက နာရီမောင်းထိုးသဖြင့် ကျွန်မကလေးလည်း ထမင်းထုပ်ကို ဖြေ၍ ဘုရားဆွမ်းတော်တင်ပြီး စား၏။ ထိုအခါ ညောင်ပင်စောင့်နတ်လည်း မနေသာတော့ဘဲ ကျွန်မကလေးရှာရာသို့ သူအိုယောင်ဆောင်၍ ဒယိုင်ဒယိုင်နှင့် လာလေသည်။ ထိုသို့ ဒယိုင်ဒယိုင်နှင့် လာသော သူအိုကြီးကို မြင်သောအခါ စိတ်ထားကောင်းသော ကျွန်မကလေးက `ဘကြီး ဘကြီး´ဟု ခေါ်ကာ ထမင်းများကို ကျွေးလေသည်။
ထိုသူအိုကြီး မကုန်မှသာ မိမိစား၏။ သို့နှင့် သူအိုကြီးသည် အင်အားပြည့်လာပြီး ထွက်သွားရာ၊ ကျွန်မကလေးနှင့် အနီးမဝေးသို့ရောက်သောအခါ ပျောက်ကွယ်သွားလေသည်။ ကျွန်မကလေးလည်း ထမင်းကိုစားပြီး စိပ်ပုတီးစိပ်နေစဉ် ဘီလူးတစ်ကောင် ရောက်လာပြီး `လူနဲ့ရတယ်။ ရှာခွင့်ပြုပါ´ဟု ပြော၏။ ညောင်ပင်စောင့်နတ်က `ဟယ် ငါ့ညောင်ပင်အောက် ဘယ်က လူရှိရမှာလဲ´ဟု ပြောသောအခါ ဘီလူးလည်း ညောင်ပင်နှင့် သုံးလံကွာက ကြည့်လေရာ ကျွန်မကလေးကို မြင်လျှင် ငါ့အစာဟုဆိုကာ ကျွန်မကလေးရှိရာသို့ ပြေးအလာ ကျွန်မကလေး၏ အနိစ္စတန်ခိုးကြောင့် ဘီလူးရင်ဘတ်တွင် မီးကဲ့သို့ ပူပြင်းလာသဖြင့် ဘီလူးလည်း ထွက်ပြေးလေသည်။
ထိုအခြင်းအရာကို မြင်သော် ညောင်ပင်စောင့်နတ်လည်း အားရနှစ်ခြိုက်စွာနှင့် ညနေမိုးအချုပ် နေ၀င်ရီသရောတွင် ကိုယ်ထင်ပြကာ ကျွန်မကလေးအား ရွှေအိုးနှင့် ငွေအိုးနှစ်လုံးပေးပြီး ပျောက်ကွယ်သွားလေသည်။
ကျွန်မကလေးသည် ၀မ်းမြောက်ဝမ်းသာ အိမ်သို့ပြန်ခဲ့ပြီး အကျိုးအကြောင်းကို သူကြွယ်မကြီးအား ပြောပြသောအခါ သူကြွယ်မကြီးလည်း ၀မ်းမြောက်ဝမ်းသာပင် ကျွန်မကလေးကို သမီးအဖြစ်ဖြင့် မိမိနှင့် အတူနေစေ၏။
ထိုသတင်းကို ကြားသောရွာသူရွာသားတို့သည် `ဒီကောင်မကလေးက ငါးပါးသီလနဲ့ ဒီလောက်ရရင် တို့ရှစ်ပါးသီလဆို ဒီထက်ပိုရမှာပေါ့´ဟု အချင်းချင်း ပြောကြ၏။
သို့နှင့် ရက်အတန်ကြာသော် အဖိတ်နေ့သို့ ရောက်လာသဖြင့် တစ်ဦးနှင့်တစ်ဦး ပြောကြ၏။ `နက်ဖြန်ခါကတော့ ညီးအိမ်က ကြက်သားဟင်းချက်ပေါ့၊ ငါ့အိမ်က ၀က်သားဟင်းချက်တာပေါ့´ဟု ပြော၏။ သို့နှင့် နောက်တစ်နေ့သို့ ရောက်လာတော့၏။ ရွာသူရွာသားများလည်း တစ်ဦးနှင့် တစ်ဦး ညောင်ပင်ဆီသို့ အလျင်ရောက်ရန် နံနက်စောစော ကျောင်းသို့သွား၍ ဥပုသ်စောင့်ကြ၏။ ဥပုသ်ယူပြီး ဘုန်းတော်ကြီးကိုပင် ကောင်းစွာဦးမချနိုင်ကြဘဲ ညောင်ပင်ကြီးအောက်သို့ သွားကြလေသည်။
ထိုသို့ ရောက်သောအခါ ထမင်းထုပ်များကို ဖြေ၍ ဘုရားကိုဆွမ်းတော်မတင်ဘဲ ညောင်ပင်စောင့်နတ်ကို တင်ကြ၏။ `အရှင်နတ်မင်း အရှင်ကြိုက်တတ်တဲ့ ကြက်သား၊ ၀က်သား၊ ငှက်သား အသားမျိုးစုံဖြင့်တင်ပါ၏။ စားတော်မူပါ´ဟု ဆိုကာတင်ကြ၏။ တင်ပြီးလျှင် စိပ်ပုတီးမစိပ်ဘဲ ဘယ်သူ့သမီးနှင့် ဘယ်သူ့သားက ဘယ်လို၊ ဘယ်သူက ဘယ်လို့နှင့် အတင်းများ ပြောကြ၏။
ထိုအခါ ညောင်ပင်စောင့်နတ်မင်းက `ဟယ် ငါ့သစ်ပင်အောက် ဘယ်လိုဟာတွေ ရောက်နေပါလိမ့်´ဟု ညည်းညူလေသည်။ ထိုအချိန်တွင် ဘီလူးရောက်လာ၍ `အသင်နတ်မင်း အသင့်အပင်အောက်က လူနံ့ရတယ် ရှာခွင်ပြုပါ´ဟု တောင်းပြန်လေ၏။ နတ်မင်းလည်း ဆိတ်ဆိတ်နေလေ၏။
ထိုအခါ ဘီလူးလည်း ညောင်ပင်နှင့် သုံးလံကွာကနေ၍ ကြည့်ပြန်ရာ လူအုပ်ကြီးကို မြင်၏။ ထိုအခါ ဘီလူးက သူတော်စင် ဟုတ်မဟုတ် သိရအောင် ကြောင်ယောင်ဆောင်၍ လူအုပ်ထဲသို့ ၀င်သွားသော် လူတစ်ယောက်က `ဟ… ကြောင်ကလေးပါလားဟေ့၊ တို့အိမ်မှာ ကြွက်တွေပေါတာနဲ့ အတော်ပဲ´ဟု ပြော၏။ နောက်တစ်ယောက်က `ငါတို့အိမ်မှာ အလွန်ကြွက်ပေါတယ်။ ညဆိုအိပ်ကိုမအိပ်ရဘူး´ စသည်ဖြင့် ပြောနေကြတော့၏။
ကြောင်ကလေးလည်း အတင်းခုန်ထွက်ပြေးကာ ကြောင်အသွင်က ဘီလူးအသွင်ပြောင်းပြီး ဘီလူးပြည်ပြန်၍ ဘီလူးအပေါင်းတို့ ခေါ်လာကာ ညောင်ပင်အောက်သို့လာပြီး လူများကို စားလေတော့သတည်း။
***လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment