လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာကာလက စစ်ကိုင်းမြို့နယ် တောရွာတစ်ရွာမှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် ပစ္စည်းလေးပါး ဒါယကာတစ်ဦး မြို့တစ်မြို့သို့ ခရီးထွက်ရန် ခရီးသွားလှေများဆိုက်ရာ ဆိပ်ကမ်းတစ်ခုသို့ ရောက်လာကြလေ၏။
ထိုအခါတွင် ချီပါရွာမှ ရွာသားတစ်ဦးသည်လည်း ထိုဆိပ်ကမ်းသို့ပ်င် ရောက်ရှိလာလေသည်။ ၄င်းချီပါသားသည် ဘုန်းတော်ကြီးနှင့် ၄င်း၏ ဒကာကို တွေ့သောအခါ `အဘယ်အရပ်သို့ ခရီးထွက်ကြပါမည်လဲ အကြည်တော်´ဟု ဘုန်းတော်ကြီး၏ ဒကာအားမေးလေ၏။ ဘုန်းတော်ကြီး၏ ဒကာကလည်း `လှေဖြင့် ခရီးသွားကြမည့် ခရီးသည်များ ဖြစ်ပါသည်´ဟု ပြောလေ၏။
ထိုအခါ ချီပါသားကလည်း မိမိလည်း လှေဖြင့် ခရီးသွားမည့်သူ ဖြစ်သဖြင့် အတူတကွ သွားလိုကြောင်း ပြောဆိုလေ၏။
ထိုသို့ အသိမိတ်ဆွေဖြစ်ကြပြီး ဒကာသည် ဘုန်းတော်ကြီးအား မိမိတို့လှေနှင့် ခရီးကြုံ၍ ဒကာတစ်ဦး အတူလိုက်လိုကြောင်း လျှောက်ထားလေ၏။ ထိုအခါ ဘုန်းတော်ကြီးက `အဲဒီဒကာက ဘယ်ရွာကတုန်း ဒကာကြီးရဲ့´ဟု မေးလေ၏။ `မှန်လှပါ ချီပါရွာကပါဘုရား´ဟု လျှောက်လေသော် `ချီပါရွာဆိုရင် စကားအရာမှာ အလွန်ကတ်တတ်တယ်လို့ ကြားဖူးတယ်။ အတူခရီးသွားလို့ ဖြစ်ပါ့မလား ဒကာကြီး´ဟု မေး၏။
`မှန်လှပါ ထိုဒကာကား ချီပါရွာကဟုဆိုသော်လည်း အလွန်မှ ရိုးသားပုံရ၍ စကားလည်း အလွန်မှနည်းပြီး အေးအေးဆေးဆေး နေတတ်သူနှင့် တူပါသည်။ ထို့ကြောင့် အတူလိုက်ခွင့်ပြုသင့်သည် ထင်ပါသည် ဘုရား´ဟု ဘုန်းတော်ကြီး၏ ဒကာက လှည့်ပတ်လျှောက်ထားသဖြင့် ဘုန်းတော်ကြီးက လိုက်ခွင့်ပြုလိုက်လေသည်။
ဘုန်းကြီးနှင့် ဒကာနှစ်ဦးတို့သည် ခရီးအတူ ထွက်လာကြပြီးနောက် ခရီးအတော်ဝေးသို့ ရောက်ကြသောအခါ ချောက်ကမ်းပါးများ ရေစားထားသည်ကို တွေ့မြင်ကြ၏။ ဘုန်းတော်ကြီးက အမှတ်မထင် `အင်း သံစောင်းထက် ရေစောင်းထက်ဆိုတာ တယ်မှန်ပါကလား´ဟု ညည်းမိလေ၏။
အချိန်ကလည်း ဆွမ်းစားချိန်နှင့် အလွန်နီးကပ်လာသဖြင့် မကြာမီပင် ဆိပ်ကမ်းတစ်နေရာတွင် ဆိုက်ကပ်ရပ်နားကြပြီး ဆွမ်းအချိန်မီ ချက်ပြုတ်ရန်အတွက် ဘုန်းတော်ကြီးက ချီပါရွာသားအား ထင်းအရှာခိုင်းလေရာ ချီပါသားသည် ရေဆိပ်တွင် ထင်းလုံးတစ်လုံးကို ဘုန်းတော်ကြီးမြင်လောက်သည့်နေရာသို့ မရွှေ့ပြီး ရေနှင့် ထင်းတုံးကို ပက်လေ၏။
ဘုန်းတော်ကြီးက `ဟဲ့ ဒကာကြီးရဲ့ မီးမွှေးရအောင် ထင်းခြောက်ရှာပါဆို ထင်းတုံးကို ရေနဲ့ပက်တော့ ဘယ်ကလာ မီးမွှေးလို့ ရဦးမှာလဲ´ဟု ဆိုလေ၏။
ထိုအခါ ချီပါသားက `မှန်လှပါ အရှင်ဘုရား သံစောင်းထက် ရေစောင်းထက် ဆိုလို့ပါဘုရား´ဟု ပြန်လည်လျှောက်လေတော့သည်။
ဘုန်းတော်ကြီးသည် မိမိ၏ ဒကာကြီးကိုခေါ်ကာ `ကဲ… ဒကာကြီး အစကမပြောလား၊ ချီပါသား ကတ်ပါတယ်လို့ ပြောရက်နဲ့´ဟု ဆိုမြည်အော်ငေါက်လေသည်။
ဘုန်းကြီး၏ ဒကာကြီးမှာလည်း ချီပါရွာသားထံသွားကာ ဤကဲ့သို့ စကားကတ်များ မပြောရန်ပြောပြီး ကူညီချက်ပြုတ်ကာ ဘုန်းတော်ကြီးအား ဆွမ်းကပ်လေသည်။
ဘုန်းတော်ကြီးလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် သရက်သီးမှည့်တစ်စိတ်ကို စားရင်း `အသီးများဟာ မှည့်ရင် တယ်ချိုတာပဲ´ဟု ပြောလေသည်။
ထိုစကားကို လှေဝမ်းအတွင်း မီးဖိုအနီး ထိုင်နေသော ချီပါသား ကြားလေလျှင် နီရဲမှည့်နေသော ငရုတ်သီးတစ်တောင့်ကို ယူကာ ဘုန်းတော်ကြီး မြင်လောက်သော နေရာသို့သွားပြီး ငရုတ်သီးကို ထောင်၍ ပြလေသည်။ ဘုန်းတော်ကြီးသည် ချီပါသား၏ ကတ်တတ်တတ် အပြုအမူကို မြင်လေလျှင် စိတ်ထွက်လာသဖြင့် ချီပါသားကို ခြေဖြင့် ထကန်လိုက်လေသည်ဟူ၏။
***လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment