ရှေ့ သရောအခါ ပုဂံပြည်တွင် အလွန်တရားစောင့်သော ဓမ္မာအမည်ရှိသော မင်းသည် မင်းပြုလေသည်။ ထိုမင်း သည် တိုင်းသူပြည်သား တို့အား တရားနှင့်အညီ စိုးမိုးအုပ်ချုပ်သောကြောင့် သူ၏ တန်ခိုးအာနူဘော်သည် သိကြားမင်း၏ ဘုံဗိမာန်ကို တုန်လှုပ်စေသည်။ ထိုအခါ သိကြားမင်းက ငါ၏ ဘုံဗိမာန်ကို တုန်လှုပ်စေသော သူကားအဘယ်သူနည်းဟု စုံစမ်းဆင်ခြင်သည်ရှိသော် ပုဂံပြည်၌ ဓမ္မာအမည်ရှိ မင်းကိုမြင်၍ သိကြားမင်းက ကြံစည်သည်မှာ ဤမင်းသည် တိုင်းသူပြည်သားတို့အား တရားနှင့်အညီ အုပ်ချုပ်စိုးမိုးသောကြောင့် လျစ်လျူရှု နေခြင်းငှာ မသင့်ဟု ကြံပြီးလျှင် တရားစီရင်ရာ၌ အလွန်းတရာ တိကျမှန်ကန်စေခြင်းငှာ တရားမှန်ကို ပြသော သံညှပ်တစ်ခု ဆက်သလေသည်။ ထိုသံညှပ်သည် လိမ်လည်လှည့်ဖြား မတရားသောသူများကို ညှပ်ပြ၍ တရား သောသူများကို ဘယ်အခါမှ မညှပ်ဟု ဆို၏။
ထိုအချိန်အခါတွင် တစ်ခုသောအရပ် ဇရပ်ပျက်တစ်ခုပေါ်၌ အဂ္ဂိရတ်အလုပ်ကို ကြိုးစားအားထုတ်နေသော ဘိုးသူတော်တစ်ယောက်၌ ဆွမ်းကွမ်းအတွက် အားထားရသော ဒါယိကာမတစ်ယောက် ရှိလေသည်။ တစ်နေ့သ၌ ထိုဒါယိကာမကြီးသည် ဘိုးသူတော်ကို အလွန်လေးစားယုံကြည်သောကြောင့် မိမိစုဆောင်းထားသော ရွှေတစ်ပိဿာကို ဘိုးသူတော်ထံ၌ အပ်နှံထားလေ၏။
နေ့ရက်ကြာမြင့်သောအခါ ထိုဒါယိကာမကြီး၏ သားသမီးတို့က ဒါယိကာမကြီးထံ အမွေတောင်းကြ၏။ ထိုအခါ ဒါယိကာမကြီးက ဘိုးသူတော်ထံသို့ သွားပြီးလျှင် “ဦးသူတော် ကျွန်မအပ်နှံထားသော ရွှေတစ်ပိဿာကိုပေးပါ။ သားသမီးတို့အား အမွေခွဲဝေပေးလိုပါသည်“ဟု တောင်းလေ၏။ ထိုအခါ ဘိုးသူတော်က “သင် ငါ့ထံမအပ်ပါဘူး၊ သင့်ရွှေတစ်ပိဿာကို ငါမယူရပါဘူး”ဟု ငြင်းဆိုလေရာ ဒါယိကာမကြီးက မကျေနပ်၍ တရားရုံးတော်၌ တရားစွဲဆိုလေသည်။ ထိုအခါ ရုံးမင်းက စစ်ဆေးရန် ရက်ကို ချိန်းဆိုလေ၏။ ချိန်းဆိုသည့်နေ့သို့ ရောက်သောအခါ ဘိုးသူတော်သည် မိမိယူထားသော ရွှေတစ်ပိဿာကို အတောင့်ပြုလုပ်လျက် အမြဲကိုင်စွဲသားလာနေသော တောင်ဝှေးအတွင်းတွင် လုံခြုံစွာထည့်ပြီး တရားရုံးတော်သို့ သွားလေ၏။
တရားရုံးတော်သို့ရောက်၍ စစ်ဆေးရန်အချိန်သို့ ရောက်သောအခါ ရုံးမင်းက တရားမှန်မမှန်ကို စစ်ဆေးလို၍ ရှေးဦးစွာ ဒါယိကာမကြီးကို သံညှပ်ထဲသို့ ၀င်စေလေ၏။ ဒါယိကာမကြီးသည် တရားသောကြောင့် သံညှပ်က မညှပ်ဘဲရှိလေ၏။ ဘိုးသူတော်အလှည့်သို့ ရောက်သောအခါ ရုံးမင်းက “ဘိုးသူတော်ဝင်ပါ”ဟု ဆိုရာ ဘိုးသူတော်က ဥာဏ်များပြီး ဒါယိကာမကြီးထံသို့ သွားပြီးလျှင် “ခက်တာပဲ သီလသမာဓိနှင့် ဘိုးသူတော် လုပ်နေတာ ခုမှပဲ သင်ကတရားစွဲလို့ ပရိသတ်အလယ်မှာ ငါအရှက်ကွဲရတယ်၊ ဤလိုလုပ်လိုက်တာ မကောင်းပါဘူး ဒါယိကာမကြီးရယ်”ဟု ပြောဆို၍ “ရော့ တောင်ဝှေးယူထား ငါဝင်လိုက်မယ်”ဆိုပြီး ရွှေပါသော တောင်ဝှေးကိုပေးခဲ့ပြီး သံညှပ်ထဲသို့ ၀င်သွားရာ သံညှပ်ကလည်း ပိုင်ရှင်အား ရွှေကိုပေးခဲ့ပြီးဖြစ်၍ မညှပ်နိုင်တော့ပေ။ ဘိုးသူတော်လည်း သံညှပ်ထဲမှ ထွက်လာပြီး “ဘယ်မှာလဲ ငါယူတာ သံညှပ်တောင် မညှပ်နိုင်တာ မမြင်ဘူးလား၊ ငါ့တောင်ဝှေးကိုပေး”ဟု ဆိုပြီး ရွှေပါသည့် တောင်ဝှေးကို ယူပြီး ထွက်သွားလေ၏။
ဤအကြောင်းကို သိကြားမင်းက သိသောအခါ “ဤအတိုင်းသာ ငါ့သံညှပ်ကို ဆက်လက်ထားခဲ့ပါလျှင် ငါသိကြားမင်း နာမည်ပျက်ရချည်ရဲ့”ဟု ဆိုပြီး သံညှပ်ကို ကွယ်ပစ်လိုက်လေသည်။
ထိုအခါမှစ၍ “ဘိုးသူတော် အကြံတတ်၍ ပုဂံသံညှပ် ကွယ်ရသည်”ဟူသော စကားပုံ ဖြစ်လာလေသတည်း။
** လူထု-ဦးလှ **
(မြန်မာ့ကျေးလက်ပုံပြင်များ)

No comments:
Post a Comment