တစ်ရံရောအခါက ရွာတစ်ရွာ၌ သူငယ်ချင်းနှစ်ဦးရှိ၏။ တစ်ဦးမှာ တောင်သူလယ်သမားဖြစ်၍ တစ်ဦးမှာကား သဘင်သည် ဇာတ်ဆရာဖြစ်သည်။
တစ်နှစ်သော် မိုးလေ၀သမှန်ကန်မှုကြောင့် သီးနှံများ အထူးဖြစ်ထွန်းသည့်အတွက် တောင်သူကြီးသည် သူ၏သားသမီးများကို ရှင်ပြုနားသသည့် အလှူကြီးပေးရန် စီစဉ် စိုင်းပြင်းလေတော့သည်။ သူ၏ သူငယ်ချင်းဖြစ်သူ ဇာတ်ဆရာကိုလည်း သူ၏အလှူ၌ ဇာတ်ကပေးရန် ပြောလေသည်။
တောင်သူကြီးသည် နေ့ကောင်းရက်သား ရွေးချယ်ပြီးနောက် သူ၏အိမ်ရှေ့၌ မဏ္ဍပ်ထိုး၍ သင့်မည်ထင်သောနေရာ၌ ဇာတ်စင်ဆောက်လုပ်လေသည်။
ထို့နောက် သူသည် သူငယ်ချင်းဖြစ်သူ ဇာတ်ဆရာထံသို့ တစ်ဖန်သွားပြီး “သူငယ်ချင်း မဏ္ဍပ်ရော ဇာတ်ခုံပါ အားလုံးပြည့်စုံပြီ၊ ငါ၏အလှူမှာ ဘယ်ဇာတ်ကိုခင်းပြီး ကပြဖို့ ကြံရွယ်ထားပါသလဲ”ဟု မေး၏။
“မယ်ဥ ကျားချီခန်းကို ကပြရန် ဇာတ်သားများနှင့် ပြည့်ပြည့်စုံစုံ တီးလုံးတိုက်ပြီးပါပြီ”ဟု ဇာတ်ဆရာက ဖြေသည်။
“သူငယ်ချင်းရယ်၊ အလှူနှင့် မယ်ဥကျားချီခန်း ဇာတ်ထုပ်ကပြလျှင် တော်မည်မထင်ပါ”ဟု တောင်သူကြီးက ပြော၏။
“ထိုသို့ဆိုလျှင် အလှူပွဲနှင့် ကိုက်ညီဆီလျော်စေရန် ဝေဿန္တရာဇာတ်ကို ခင်းကျင်းကပြပေးပါမည်”ဟု ဇာတ်ဆရာက ကတိပေးလိုက်သည်။
အလှူပွဲနေ့ညသို့ ရောက်လာသောအခါ ဇါတ်ဆရာသည် ရောက်လာသမျှသော သဘင်သည် အပေါင်းတို့အား စုရုံးကြစေပြီး၊ “ယနေ့ည ကပြမည့်ပွဲ၌ ယခင်က စီစဉ်ထားသော မယ်ဥကျားချီခန်းကို မပြတော့ဘဲ အလှူ့ရှင်၏ အလိုကျ ဝေဿန္တရာဇာတ်ကို ပြောင်းလဲကပြကြရမည်”ဟု သတိပေး ပြောကြားလေသည်။
ထိုသို့ စုရုံးကြစဉ် မယ်ဥကျားချီခန်း ဇာတ်ထုပ်တွင် ကျားလုပ်ရမည့်သူကားမရှိပေ။ ထို့ကြောင့် ဇာတ်ထုပ်ပြောင်းလဲကပြမည့် အစီအစဉ်ကို ထိုသူမသိပေ။
ကျားလုပ်ရမည့်သူသည် သန်းခေါင်ကျော်မှသာ သူ၏ အခန်းကျရောက်မည်ဟု သိရှိထားပြီးဖြစ်သောကြောင့် စောစောပိုင်း၌ ရွာရှိ မိတ်သင်္ဂဟအပေါင်းနှင့် ရွာတွင်းလည်ပြီး ထန်းရည်သောက်နေလေသည်။
ဇာတ်ခုံသို့ ပြန်၍ရောက်သောအခါ၌လည်း အချိန်အတန်ငယ် စောနေသေးသောကြောင့် အိပ်ရာသို့ဝင်ပြီး တစ်ရေးအိပ်နေလိုက်၏။
ဇာတ်ဆရာလုပ်သူက မယ်ဥကျားချီခန်း၌ ကျားလုပ်ရမည့်သူများ ဝေဿန္တရာ၌ ဇူဇကာပုဏ္ဏားအဖြစ် က,ပြရန်ကိုလည်း ကြိုတင်၍ ပြောမထားမိပေ။ ဝေဿန္တရာဇာတ်ထုပ်ကလျှင် သူသည် အမြဲပင် ဇူဇကာလုပ်ရသူဖြစ်သည်။
ကပြနေသော ဇာတ်အစဉ်၌ သားတော်နှင့် သမီးတော်တို့အား ပုဏ္ဏားလက်သို့ လှူဒါန်းမည်လုပ်နေသော ဝေဿန္တရာမင်းကြီးအား မိဖုရားက ငိုကြွေးမြည်တမ်းကာ တောင်းပန်နေသော အခန်းသို့ရောက်လာသောအခါ ပုဏ္ဏား ပါမလာသည်ကို သိရသော ဇါတ်ဆရာက ထန်းရည်မူး၍ အိပ်မောကျနေသော ပုဏ္ဏားလုပ်ရမည့်သူထံသို့ အပြေးအလွှားသွားကာ-
“ဟေ့… ထ- ထ၊ မင်းအခန်းရောက်နေပြီ”ဟု နိုးလေသည်။ ပုဏ္ဏားလုပ်ရမည့်သူသည် အိပ်ချင်းမူးတူးနှင့် ကျားရေကိုခြုံ၍ ကျားခေါင်းကိုစွပ်ပြီးလျှင် ထွက်လာသည်။ ထို့နောက် ကျားရေးအတန်ငယ် ပြပြီးလျှင် ငိုယိုကာ တောင်းပန်နေသော မင်းသမီးကို ကိုက်ချီနေလေဟန်နှင့် ပွေ့ပိုက်ကာ ကားလိပ်၏အတွင်းသို့ ၀င်သွားလေတော့သည်။
ပွဲကြည့်ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်လာသောအခါ အလှူဒကာရော ဇာတ်ဆရာတို့ မည်သို့မှ မတတ်နိုင်တော့သဖြင့် ပွဲသိမ်းလိုက်ရလေတော့သတည်း…။
****လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment