ရှေးရှေးက ရွာတစ်ရွာတွင် နားထိုင်းသူ လေးဦးရှိ၏။ တစ်ဦးသည် ထန်းတက်သမား၊ တစ်ဦးသည် ဆိတ် ကျောင်းသမား၊ တစ်ဦးသည် ဆားရောင်းသူဖြစ်ပြီး ကျန်တစ်ဦးမှာ သူကြီးဖြစ်လေသည်။
တစ်နေ့တွင် ဆိတ်ကျောင်းသော နားထိုင်းသူသည် သူ့ဆိတ်အုပ်ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ထန်းတောတစ်တောသို့ ရောက်သွားလေသည်။ အနီးအနား မေးစရာလူရှာသောအခါ ထန်းပင်ထက်၌ ထန်းတက်နေသော သူ့လိုနားထိုင်းသည့် လူတစ်ယောက်ကို တွေ့ရလေ၏။ ဆိတ်ကျောင်းသမားက ထန်းပင်ပေါ် မော့ကြည့်၍…..
“အိုဗျ ထန်းပင်ပေါ်က မိတ်ဆွေ၊ ကျုပ်ဆိတ်အုပ်ပျောက်နေလို့ ဒီဘက်သွားတာများ မတွေ့ဘူးလား”ဟု မေး၏။ ထိုအခါ ထန်းပင်ပေါ်ကလူက….
”ဟိုရှေ့ရောက်လျှင် ကျုပ်ယောက္ခမ ထန်းတောချည်းပဲဗျ” ဟု ရှေ့သို့ လက်ညှိုးထိုးပြပြီး ပြန်ပြောလိုက်သည်။
“အေးဗျာ ကျုပ်ဆိတ်အုပ် ပြန်တွေ့လျှင် ဆိတ်ကျိုးကလေး တစ်ကောင်တော့ ခင်ဗျားကို ပေးပါမယ်”ဟု ပြောကာ ထန်းသမားလက်ညှိုးညွှန်ရာဘက်သို့ သွားကာ လိုက်ရှာလေ၏။
ကံအားလျော်စွာ ဆိတ်အုပ်ကို ပြန်တွေ့ရသဖြင့် ၀မ်းသာအားရ ထန်းသမားထံ ပြန်လာပြီး ဆိတ်ကျိုးကလေး တစ်ကောင်ကို ထန်းသမားတက်နေသည့် အပင်ခြေရင်း၌ ချည်ပေးလိုက်သည်။ ဤတွင် အပင်ပေါ်မှလူက….
ဟေ့လူ ခင်ဗျားဆိတ် ကျုပ်မခိုးဘူးဗျ၊ ကျုပ်ကို အမှုပတ်အောင် မလုပ်နဲ့” ဟု အော်ပြောလေ၏။
“အစကတည်းက ကျုပ်က ဆိတ်ကျိုးကလေးပေးမယ်လို့ပြောတာ ဆိတ်ကောင်းပေးမယ်လို့မှ မဆိုပဲဗျ” ဟု ဆိတ်ကျောင်းသူက ပြန်ပြော၏။
“ခင်ဗျား ဒီလို မတရားမလုပ်နဲ့ဗျ၊ ကျုပ်ကို အမှုပတ်အောင်ဥာဏ်ဆင်လို့ ဘာရမလဲ”။
ထန်းသမားလည်း ထန်းပင်ပေါ်မှာ ဆင်းလာပြီး နှစ်ယောက်သား ကိုယ်ထင်ရာစွပ်၍ ငြင်းခုံနေစဉ် ဆားထမ်း၍ လည်ရောင်းသော လူတစ်ယောက်ရောက်လာလေ၏။ ငြင်းခုံနေကြသူ နှစ်ယောက်ကလည်း ဘေးလူရောက်သည်ဆိုလျှင်ပင် အကျိုးအကြောင်း ပြောပြကြလေ၏။
“ဒီလူက သူ့ဆိတ်ကို ကျုပ်ခိုးတယ်ဖြစ်အောင် ကျုပ်အပင်ခြေရင်းမှာ သူ့ဆိတ်ကို လာချည်တယ်ဗျ”။
“ကျုပ်က နဂိုကတည်းက ဆိတ်အကျိုးကလေးတစ်ကောင် ပေးမယ်ပြောတာ သူက ဆိတ်အကောင်းပေးရမယ် လုပ်နေတယ်ဗျ”။
ထိုအခါ ဆားများထမ်းလာသူက “ကဲ ခင်ဗျားတို့ ဘာပဲပြောပြော ကျုပ် ဆားရှုံးနေတယ်၊ တစ်ယောက်တစ်ဆုပ်ပဲ ပေးနိုင်မယ်” ဟု ပြောပြီး ဆားတစ်ဆုပ်စီ ပေးလေ၏။
ဤတွင် ငြင်းခုံမှုတွင် တစ်ယောက်တိုးလာပြီး ပို၍ ရှုပ်လာလေတော့သည်။ သို့နှင့် နောက်ဆုံးတွင် သုံးယောက်သား မရှင်းနိုင်ကြတော့ဘဲ သူကြီးဆီ လာခဲ့ကြလေ၏။ ၄င်းတို့ ရောက်သောအချိန်တွင် သူကြီးသည် သူ့မိန်းမနှင့် စိတ်ဆိုးနေလေသည်။ အငြင်းပွားနေသူ သုံးယောက်လည်း သူကြီးဆီရောက်လျှင် ရောက်ချင်း ၄င်းတို့၏ ပြဿနာကို ရှင်းပေးရန် ပြောကြလေတော့သည်။
“သူကြီးမင်း သူ့ဆိတ်ကို ကျုပ်မခိုးရဘဲ ခိုးတယ်ဖြစ်အောင် သူက ကျုပ်ထန်းပင်ရင်းမှာ ဆိတ်တစ်ကောင် လာချည်ပါတယ်”
“မဟုတ်ဘူး သူကြီးမင်း မဟုတ်ဘူး၊ ကျုပ်က အစကတည်းက ဆိတ်ကျိုးကလေး ပေးပါ့မယ်လို့ ပြောထားတာပါ”
“ကျုပ်ကလည်း ရှုံးနေတော့ ဘယ်များများ ပေးနိုင်ပါ့မလဲ၊ တစ်ဆုပ်စီသာပေးပါ့မယ်”။
ဤတွင် စိတ်ဆိုးနေသော သူကြီးက “ခင်ဗျားတို့ ဘာပဲ ပြောပြော ကျုပ်တော့ ဒီမိန်းမကို ကွာမှပဲဖြစ်မယ်”ဟု ပြောလိုက်လေသတည်း။
***လူထု-ဦးလှ***
(မြန်မာ့ကျေးလက်ပုံပြင်များ)

No comments:
Post a Comment